|
ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီဂိတ်ကို မြန်မာစစ်အစိုးရက
ယနေ့မနက်တွင် ပြန်လည် ဖွင့်လှစ်ပေးလိုက်သည်။
မတ်လ
(၂၇)ရက်နေ့က ပိတ်ထားခဲ့သည့် အဆိုပါတံတားကို မြန်မာဘက်က ထိုင်းဘက်သို့
အသိပေးခြင်းမပြုဘဲ ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။
ကန်ချနဘူရီခရိုင်၊ ဆန်ခရဘူရီမြို့အနီးရှိ နှစ်နိုင်ငံနယ်ခြားဂိတ်မှ
ရဲအရာရှိနှစ်ဦးကို (DKBA) က ဖမ်းဆီးခဲ့ပြီးနောက်
နှစ်နိုင်ငံအကြား
တင်းမာမှုဖြစ်ကာ နယ်စပ်ဂိတ်များကို ပိတ်ခဲ့ခြင်းဖြစ်သည်။
“မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားဂိတ် မြန်မာဘက်ခြမ်းက
ဘာကြောင့်ပိတ်တယ်ဆိုတာ ကျနော်မသိရဘူး။ ဒါပေမယ့် ဒီလို
နယ်စပ်ဂိတ်ပိတ်တဲ့ပြဿနာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ အခုတော့
တံတားဂိတ်ပြန်ဖွင့်လိုက်တဲ့အတွက် နှစ်နိုင်ငံညီအစ်ကိုတွေ
ပုံမှန်အတိုင်း သွားသွား လာလာနဲ့ နှစ်ဘက်ကုန်စည်တွေလည်း
သွားနေကြပါပြီ”ဟု မဲဆောက်မြို့ပိုင် မစ္စတာ စူချက်စ် စုဝါနာခရက်တ်က
ဆိုသည်။
မြ၀တီ-မဲဆောက်ဂိတ် ပိတ်လိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုတန်ဖိုး
တရက်လျှင် ဘတ်ငွေ သန်း (၃၀) နစ်နာသည့်အတွက် (၈)ရက်ကြာအတွက် သန်းပေါင်း
(၂၅၀)ဖိုး နစ်နာခဲ့ရသည်။ ယနေ့ ပြန်လည်ဖွင့်လိုက်သည့်အတွက်
တံတားမပိတ်ခင်လက တလအတွက်
ဘတ်ငွေ သန်းပေါင်း (၉၀၀)တန်ဖိုးရှိ ကုန်စည်များ ထိုင်းဘက်မှ မြန်မာဘက်သို့
ပို့ဆောင်နိုင်ခဲ့သည်။
တရက်လျှင်
မြန်မာဘက်မှ လူ(၁,၀၀၀) နီးပါးက ထိုင်းနိုင်ငံသို့ မနက်မှ ညနေအထိ အသွား
အပြန် အလုပ်လုပ်ရန် လာရောက်သဖြင့် ယခုကဲ့သို့
တံတားပြန်ဖွင့်လိုက်သည့်အတွက် အဆင်ပြေကြောင်း အလုပ်သမားတဦးက ဆိုသည်။
“ဂိတ်ပိတ်တုန်းက ခိုးလမ်းက ကျပ်ငွေ (၁,၀၀၀) ပေးရတယ်။
တံတားကဖြတ်တော့လည်း ကျပ်ငွေ (၁,၀၀၀) ပဲ။ ဒါပေမဲ့ တရားဝင်ဂိတ်က လက်မှတ်က
ညနေ (၆) နာရီထိရတော့ အဖမ်း အဆီးအတွက်လည်း စိတ်ချရတာပေါ့”ဟု
ဈေးသည်တဦးက ဆိုသည်။
မဲဆောက်-မြ၀တီဂိတ် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း
ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ယခုအထိ မြန်မာဘက်မှ ပိတ်ထားဆဲဖြစ်သည်။ |