|
နွေရာသီတွင်
စပါးနှင့်အခြားသီးနှံများစိုက်ပျိုးရေးအတွက် စစ်အစိုးရ၏
မြစ်ရေတင်စီမံကိန်းတွင် လယ်မြေများမဆုံးရှုံးစေရန် ဧရာဝတီတိုင်း၊
ဟင်္သာတမြို့နယ်အတွင်းရှိ လယ်သမားများက သက်ဆိုင်ရာသို့
ငွေကြေးအမြောက်အများ ပေးနေရသည်။
မြစ်ရေတင်စီမံကိန်းတွင် မိမိပိုင်လယ်မြေများ မဆုံးရှုံးရန်အတွက်
လယ်သမားများက မြို့နယ် ဆည်မြောင်းဦးစီးဌာန မြစ်ရေတင်စီမံကိန်းမှ
အာဏာပိုင်များကို လာဘ်ငွေပေးဆောင်နေရခြင်း ဖြစ်သည်။
မိမိလယ်မြေမဆုံးရှုံးရေးအတွက် အာဏာပိုင်များအား
ငွေပေးလုပ်ဆောင်သောကြောင့် အချို့ လယ်သမားများမှာ
လယ်ယာမြေများဆုံးရှုံးခြင်း၊ ရေနှစ်မြုတ်ခြင်း အပါအ၀င် အဆိုပါမြစ်ရေတင်
စီမံကိန်းအတွက် လယ်မြေအမြောက်အများ ဟင်္သာတမြို့နယ်၊
တလုတ်ထော်ကျေးရွာအုပ်စုတွင် သိမ်းဆည်းခံခဲ့ရသည်။
“မြောင်းတူးတဲ့အခါကျတော့ ငွေပေးတဲ့လူကိုရှောင်တယ်၊ ငွေမပေးနိုင်တဲ့
လယ်တွေစုပြီး တူးတော့တာပဲ၊ ကိုယ့်လယ်နဲ့နီးတာလည်းရှိတယ်၊
ဝေးတာလည်းရှိမယ်၊ ရေလိုတဲ့နေရာ ရေမရောက်ဘူး၊ မလိုတဲ့နေရာ
ရေနစ်မယ်၊ အဲ့တော့လိုတဲ့နေရာကို ရေရောက်အောင် ပေသုံးရာ လေးရာတူးရတာ၊
ကိုယ့်လယ်မထိအောင်ဆို လေးသောင်းလောက်ပေးနေရတယ်။ မြောင်းတူးမဲ့ နေရာက
လယ်ကတော့ဆုံးတော့တာပဲ”ဟု ဒေသခံတဦးက ဆိုသည်။
အဆိုပါ
မြစ်ရေတင်ဆည်မြောင်းများ တူးဖော်ရာတွင် ငွေပေးနိုင်သူလယ်သမားများ၏
လယ်ယာ မြေများကို ရှောင်ကွင်းတူးခဲ့သည့်အတွက် အနိမ့်ပိုင်းလယ်များ
ရေနစ်မြုတ်ခဲ့ပြီး အမြင့်လယ်များ မှာ ရေမရရှိသဖြင့် စိုက်ပျိုး၍
မရနိုင်လောက်အောင်ဖြစ်ခဲ့ပြီး လယ်သမားများက မြို့နယ်
ဆည်မြောင်းဦးစီးဌာန၊ ဦးစီးမှူးအား ငွေပေးရသည်ဟု ၄င်းက
ဆက်လက်ပြောဆိုသည်။
တူးမြောင်းမဖောက်လုပ်မှီ သက်ဆိုင်ရာဦးစီးဌာနက လယ်သမားများအား
လက်မှတ်ထိုးခိုင်းကာ မြစ်ရေတင်ပေးမည့်အတွက် တဧကလျှင်
ကျပ်ကိုးထောင်နှုန်းကောက်ခံကာ စီမံကိန်း စတင် ဆောင်ရွက်ခဲ့ခြင်းကို
လယ်သမားအများစုက ထွက်ရှိမည့်သီးနှံအကျိုးအမြတ်ကို တွက်ချက်
ပေးဆောင်ခဲ့ကြသည်။
“ကျနော့်ကိုတောင်းတော့ ကျနော်က ပဲစိုက်မယ်။ ပဲက တဧကလောက် အောင်တာနဲ့ကို
ပေးရတဲ့ ငွေကျေတယ်။ အားလုံးက စိုက်မယ်ဆိုပြီးပေးတာပေါ့။ တကယ်က
ရေမရောက်တဲ့နေရာက လယ်တွေအတွက်လည်း ကောက်တာပဲ။ လယ်သမားက
ကိုယ့်လယ်ရေမတင်ရင် စိုက်မရဘူး။ တကယ်လဲလုပ်ရော လယ်တွေရေမရောက်တော့
ပေးရတဲ့ငွေလည်းဆုံး၊ သီးနှံကလည်းဆုံးနဲ့၊ လယ်တွေ
ရေနစ်တဲ့လူလည်းနစ်ပေါ့ဗျာ”ဟု ပဲစိုက်သည့် လယ်သမားတဦးက ဆိုသည်။
စစ်အစိုးရအနေဖြင့် စီမံကိန်းများချမှတ်၍ ရာသီအလိုက်
လယ်ယာမြေလုပ်ငန်းများအား တိုးမြှင့် လုပ်ဆောင်ခြင်းများနှင့်
အောင်မြင်မှုများကို သတင်းစာများတွင် စာရင်းဇယားအရ ဖော်ပြနေ သော်လည်း
လယ်သမားများအပေါ်ဖိနှိပ်မှု၊ လယ်ယာမြေများအား ဥပဒေမဲ့သိမ်းဆည်းမှုများကို
နေရာအနှံ့ ပြုလုပ်လျှက်ရှိသည်။
“သူတို့က
အမြဲတန်းလယ်သမားဆို အနိုင်ကျင့်တာ၊ မာန်မယ်၊ မဲမယ်၊ ချယ်လှယ်မယ်၊
ကျနော်တို့ က ဒါကိုခံစားဖြတ်သန်းနေတာဆိုတော့ သွားမတိုင်ရဲဘူး ၊
တိုင်လည်းအလားကားပဲ၊ တိုင်တဲ့လူ ပြဿနာရှာတာခံရမယ်။
ဒီလိုအကျင့်ပါခဲ့တော့ ဘာမှမတတ်နိုင်ဘူး၊ ထိုင်ကြည့်နေရတယ်၊
သွားလည်းမပြောဝံ့ဘူးဗျာ”ဟု လယ် (၆)ဧကအသိမ်းခံရသူ လယ်သမားတဦးက ဆိုသည်။
|