|
သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အန္တရာယ်နှင့် လူနေအိမ်ခြေများ အမြောက်အများ
ဆုံးရှုံး နစ်နာမည့် ရေကာတာစီမံကိန်းအတွက် လူ့အခွင့်အရေးအဖွဲ့များက
ကန့်ကွက်နေသည့်ကြားက နိုင်ငံအရှေ့ဘက်တွင်
‘တာဆန်း’ရေအားလျှပ်စစ်စီမံကိန်းကို စတင်မည်ဖြစ်ကြောင်း စစ်အစိုးရက
ကြေညာခဲ့သည်။
ယမန်နေ့ထုတ်
စစ်အစိုးရပိုင်သတင်းစာမှ မိုင်းတုံအရှေ့ဖက် ကီလိုမီတာ (၅၂.၈)
တွင်ရှိသော
ဝမ်ဆာလကျေးရွာအနီးရှိ ‘တာဆန်း’ရေအားလျှပ်စစ်စီမံကိန်းသည်
(၇,၁၁၀) မက်ဂါဝပ်ရှိပြီး မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊
ရေအားလျှပ်စစ်ထုတ်လုပ်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ MDX အုပ်စု
ကုမ္ပဏီလီမီတက်တို့ ပူးပေါင်းဆောင်ရွက်သည်ဟု ဖေါ်ပြသည်။
(၁၅)နှစ်အတွင်း အပြီးတည်ဆောက်မည့် ၎င်းစီမံကိန်းတွင် ထိုင်းနိုင်ငံမှ
Ratchaburi ကုမ္ပဏီ၊ Chkarnchang ကုမ္ပဏီတို့နှင့် တရုတ်နိုင်ငံမှ
Gezhouba Water and power Group ကုမ္ပဏီတို့မှ အစုရှယ်ယာပါဝင်သည်။
ယင်းရေအားလျှပ်စစ်စီမံကိန်းမှ တနှစ်လျှင် ကီလိုဝပ် နာရီ သန်းပေါင်း
၃၅.၄၄၆ သန်း ထုတ်လုပ်နိုင်မည်ဟု ဖော်ပြသည်။
“တာဆန်း”စီမံကိန်းကို ၂၀၀၆ ခုနှစ်၊ ဧပြီလကတည်းက
မြန်မာ့ရေအားလျှပ်စစ်ဦစီးဌာနနှင့် ထိုင်းနိုင်ငံ MDX Group Co.Ltd
တို့သည် အမေရိကန်ဒေါ်လာ (၆)ဘီလီယံ ဖက်စပ်စာချုပ်
လက်မှတ်ရေးထိုးခဲ့ကြသည်။ ထွက်ရှိသော လျှပ်စစ်စွမ်းအားများကို
ထိုင်းနိုင်ငံသို့ ရောင်းချမည် ဖြစ်ပြီး အချို့
မြန်မာနိုင်ငံဒေသများသို့ အခမဲ့ ပေးဝေမည်ဖြစ်ကြောင်း သတင်းက ဆိုသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများအနက် ဟတ်ကြီးရေကာတာ
တည်ဆောက်မည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ၊
လူ့အခွင့်အရေးအဖွဲ့အစည်း များနှင့် ဒေသခံ ကရင်အမျိုးသားတို့က ထိုင်း-
မြန်မာနယ်စပ်နှင့် နိုင်ငံတကာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်က
ဆန္ဒပြခဲ့ကြသည်။
ယခုတည်ဆောက်မည့် ‘တာဆန်း’ရေကာတာစီမံကိန်းသည် မြန်မာနိုင်ငံ၏
နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုကို ၁၃.၈၄ ဘီလီယံဒေါ်လာထိ
တိုးတက်သွားစေပြီး ၁၉၈၈ နောက်ပိုင်းမှ ၂၀၀၆ ခုနှစ်အထိ ချုပ်ဆိုခဲ့သော
နိုင်းငံခြားရင်းနှီးမြှုပ်နှံမှုစာချုပ်များတွင်
အများဆုံးဖြစ်သည်။
‘တာဆန်း’ရေကာတာစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊
ရှားပါးသတ္တ၀ါများနှင့် လူနေအိမ် များ၊ သံလွင်မြစ်တလျှောက်ရှိ
နှစ်နိုင်ငံနယ်မြေကျေးရွာများ များစွာထိခိုက်မည့်အတွက် ထိုင်းနိုင်ငံ
လူ့အခွင့်အရေးလှုပ်ရှားသူများကလည်း ကန့်ကွက်လျှက်ရှိသည်။ |