Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူထုဆန္ဒဖော်ထုတ်သူများကို ဆူပူသူများအဖြစ် စစ်အစိုးရစွပ်စွဲ

 

ဗထူး။ ဧပြီ ၂၃၊ ၂၀၀၇

 

ပြီးခဲ့သည့်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဈေးရှေ့တွင် လူထုဆန္ဒဖော်ထုတ်ပြသ သူများကို ဆူပူသူများဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် စစ်အစိုးရက စွပ်စွဲ လိုက်သည်။

ကုန်ဈေးနှုန်းကျဆင်းရေး၊ လျှပ်စစ်မီးမှန်မှန်ရရှိရေး၊ အလုပ်လက်မဲ့ပပျောက်ရေး၊ အမျိုးကောင်း သမီးများမပျက်စီးရေး၊ လွတ်လပ်စွာကုန်သွယ်ခွင့်ရရှိရေးတို့အတွက် မြန်မာပြည်ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ(MDC)မှ ကိုထင်ကျော်တို့သည် ယမန်နေ့က ပိုစတာများကိုင်ဆောင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ကိုထင်ကျော်ဦးစီးသည့် အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ(၉)ဦးအား အရပ်ဝတ်ဖြင့် ရဲအထူး သတင်းတပ်ဖွဲ့(SB)နှင့် စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့(စရဖ)အဖွဲ့ဝင်များက မကြာခင် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

စစ်အစိုးရသတင်းစာကမူ ကိုထင်ကျော်နှင့်အဖွဲ့များ ငမိုးရိပ်ရပ်ကွက်သို့ ရောက်ရှိစဉ် ဆူပူမှုကို မလိုလားသည့် ပြည်သူများက ၄င်းတို့အား ၀ိုင်းဝန်ထိမ်းသိမ်းလိုက်ပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့ သည်ဟု ဖော်ပြခဲ့သည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေပုံချိတ်ပြီး ဘာမှမအော်ပဲ မတ်တပ်ရပ်နေကြတာ၊ နောက်တော့ လူသုံးယောက်လာပြီး ကိုထင်ကျော်တို့နှစ်ယောက်ကို ရွှေရည်ဝင်းမှတ်တိုင်နားက ထိပ်တန်း ဆန်ဆိုင်ထဲကို အတင်းဆွဲခေါ်သွားတာ၊ ဆိုင်ထဲရောက်တော့ ပုံကိုဆုတ်ဖြဲလိုက်ပြီး ‘မင်းတို့ ဘာတွေလဲ၊ အကြမ်းဖက်သမားတွေလား၊ သောင်းကျန်းသူတွေလား၊ သောင်းကျန်းတာလား’လို့ ပြောပြီး ပြန်လွှတ်ပေးလိုက်တယ်”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။

ထို့နောက် ကိုထင်ကျော်တို့လူစုသည်  စံပြဈေးဘက်သို့ ဆက်လျှောက်၍ ပိုစတာတွင် ဆော့ပင် များဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကြွေးကြော်ကာ ပြည်သူ့အရေးတို့အရေးဟု အော်ဟစ်နေစဉ် စွပ်ကျယ်၊ ဘောင်းဘီအရှည်ဝတ်ထားသူတဦးက ကိုထင်ကျော်နားကပ်ကာ အတင်းဝင် ချုပ်နှောင်၍ ကားပေါ်သို့ ထိုးကျိတ်ကာ တင်ဆောင်သွားပြီး အခြားသူများကိုလည်း ကားပေါ် တင်သွားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။  

စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများနှင့် မိမိဆန္ဒဖော်ထုတ်သူများ၊ အခြားလှုပ်ရှားသူများကို အစဉ်တစိုက် ဆူပူအကြမ်းဖက်သူများဟု ဆိုကာ စွပ်စွဲပြောဆို၍ ဖမ်းဆီးမှု၊ ၄င်းတို့ဖွဲ့စည်း ထားသည့်  အသင်းအပင်းများဖြင့် အကြမ်းဖက်ရိုက်နှက်မှုများကို ပြုလုပ်လျှက်ရှိရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကိုလည်း ယနေ့သတင်းစာက တိုက်ခိုက်ရေးသားခဲ့သည်။ 

ယခုလ ၁၈ ရက်နေ့က ရဲနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များက ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် အုပ်ပုံကျေးရွာအနီး ရိုက်နှက်ခဲ့၍ ပြင်းထန်းစွာဒဏ်ရာရရှိခဲ့သည့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ (HRDP)အဖွဲ့ကိုလည်း ၀င်ရောက် နှောင့်ယှက်သွေးထိုးလှုံ့ဆော်မှုကို မလိုလား သည့်  အုတ်ပုံကျေးရွာသားများက ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ ကျေးရွာမှမောင်းထုတ်ခဲ့သည် ဟု ဖော်ပြခဲ့သည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ (HRDP)ကမူ ယခုလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အာဏာပိုင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုတွင် ဟင်္သာတမြို့နယ်(မယက)ဥက္ကဌနှင့် မြို့နယ်ရဲ တပ်ဖွဲ့အရာရှိများ၊ ရဲသတင်းအထူးတပ်ဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်(ကြံ့ဖွံ့) အတွင်းရေးမှူး ဦးညွှန့်ဦး နှင့်တလုပ်ထော်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ယခုလ(၂၀) ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု ဖော်ပြခဲ့သည်။

ယမန်နေ့က ဖမ်းဆီးခံခဲ့ရသည့် လူထုဆန္ဒဖော်ထုတ်ခဲ့သည့် ကိုထင်ကျော်တို့(၉) ဦးတွင် လေးဦး မှာ ရဲသတင်းအထူးတပ်ဖွဲ့စခန်း(အောင်သပြေ)တွင် ရောက်ရှိနေပြီး (စရဖ)အဖွဲ့မှ ဖမ်းဆီး ခဲ့သည့် ကိုထင်ကျော်အပါအ၀င် (၅)ဦးမှာ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မသိရ သေးပေ။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org