Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(KNU) သတင်းစာရှင်းလင်းပွဲပြုလုပ်၊ ကရင်ကရင်ချင်းတိုက်နေတာမဟုတ်
နအဖ ထိုးစစ်ဆင်ခြင်းသာဖြစ်သည်ဟုဆို

 

ကောင်းမြတ်ကျော်။ ဧပြီ ၁၂၊ ၂၀၀၇

 

 

ယနေ့နံက် ၉ နာရီခန့်က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကရင့်အမျိုးသားအစည်းအရုံး (KNU) က သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ကာ ယခုဖြစ်ပွားနေသော တပ်မဟာ (၇) အတွင်း တိုက်ပွဲ များသည် ကရင်အမျိုးသားအချင်းချင်း တိုက်ခိုက်နေခြင်းမဟုတ်ဘဲ နအဖက ထိုးစစ်ဆင်နေခြင်း သာဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယခုလ ဒုတိယပတ်တွင် စတင်ဖြစ်ပွားနေသော တိုက်ပွဲများအား သတင်းမီဒီယာများနှင့် လေ့လာ သူအချို့တို့က ပြောဆိုနေသလို (KNU)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) တို့အကြား ဖြစ်ပွားနေခြင်းမဟုတ်ဘဲ စစ်အစိုးရတပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများကို သိရှိအောင် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

“စစ်ဆင်ရေးအနေနဲ့ဆိုလို့ရှိရင် နအဖကနေပြီးတော့ ကျနော်တို့ (KNU) ကို စစ်ဆင်လာလို့ ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ ဒီပြဿနာဟာ မှေးမှိန်နေတယ်၊  ကရင်အချင်းချင်း ချနေတယ် ဆိုတဲ့ Message ဟာ တအားပြန့်သွားတော့ တကယ့်အနှစ်သာရက ဒါမဟုတ်ဘူးဆိုတဲ့ Message ကို လူထုတွေကို ပေးချင်လို့ သတင်းထုတ်ပြန်ကြေညာချက်တခုကို လုပ်လိုက်တာ ဖြစ်တယ်”ဟု (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာက ပြောသည်။

ယခုတိုက်ပွဲများဖြစ်ပွားနေသည့် အဆိုပါဒေသသို့ စစ်အစိုးရတပ်ဘက်မှ စစ်ဆင်ရေးကွတ်ကဲမှု ဌာနချုပ် စကခ (၁၂) မှ နည်းဗျူဟာ ၂ ခုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာ (၁) ခု ပါဝင်သော အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေခြင်းပြီး (DKBA) အင်အား အနည်းငယ်သာ ပါဝင်သည်။

တပ်မဟာ (၇) သို့ အလုံးအရင်းဖြင့် နအဖက ထိုးစစ်ဆင်နေခြင်းသည် ယခုနှစ် ဖေဖော်ဝါရီလက တပ်မဟာမှူးဟောင်း ဗိုလ်ချုပ်ထိန်မောင် နအဖနှင့် ပူးပေါင်းသွားခဲ့စဉ် အင်အား (၇၀) အနက် (၄၀) ကျော်မှာ မိခင် (KNU) သို့ ပြန်လာခြင်းနှင့် ၂၀၀၆ ခုနှစ်အတွင်းက ကွယ်လွန်သူ ဗိုလ်ချုပ် ကြီး စောဘိုမြအား ရန်ကုန်သို့ ဆေးဝါးကုသမှုခံယူရန် အကြောင်းပြချက်ဖြင့် နိုင်ငံရေးအရ လုပ်ကြံမှု အစီအစဉ်များ ပျက်စီးခဲ့ကာ  စစ်အစိုးရအတွက် အကြီးအကျယ် မျက်နာပျက်ခဲ့ရသည့် အတွက်ဖြစ်ကြောင်း ဖဒိုမန်းရှာက ဆိုသည်။

သူသွားတဲ့အချိန်တုန်းက တပ်မဟာ (၇) က တပ်ရင်း ၆ ရင်းက သူလုပ်ခဲ့တဲ့ သစ္စာဖောက် လုပ်ရပ်ကို  ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာဖြစ်တယ်။ ဗဟိုဌာနချုပ်က တပ်ရင်း ၃ ရင်း လည်း အလားတူ ဆန့်ကျင်ခဲ့တာဖြစ်တယ်။ ဒါကို နအဖက တော်တော်လေးကို (KNU) ကို အခဲမကျေဘူး။ တပ်မဟာ (၇) ကို တော့်တော့်ကို အခဲမကျေဘူး။ အဲဒီအပေါ်မှာ တပ်မဟာ (၇)ကို အလုံးအရင်းနဲ့ စစ်ဆင်လာတာ” ဟု ဖဒိုမန်းရှာက ဆိုသည်။

ယနေ့ထုတ်ပြန်ကြေညာချက်တွင် ကရင့်နိုင်ငံရေးကံကြမ္မာ ကရင်ဖန်တီးခွင့်ရရှိသည်အထိ (KNU) အနေဖြင့် သစ္စာရှိရှိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ကရင်အမျိုးသားစည်းလုံးညီညွတ်မှုကို ဖြိုခွဲခြင်းများ၊ ဒူးထောက်အညံ့ခံမှုမှန်သမျှတို့ကို ဆန့်ကျင်သွားပြီး ကရင်ကို ကရင်နှင့်ပြန်တိုက် သည့် ရန်သူ၏ ဖောက်ပြန်သည့် နည်းပရိယာယ်ကို ဆန့်ကျင်ကြရန် နှိုးဆော်ထားသည်။

(KNU) အနေဖြင့် တပ်စခန်းလေးခုကို လက်လွှတ်လိုက်ခြင်းမှာ အဆိုပါတပ်စခန်းများသည် သေနင်္ဂဗျူဟာအရ အချက်အခြာနေရာများမဟုတ်ဘဲ ယာယီတပ်စခန်းများသာဖြစ်သည့်အတွက် တပ်မဟာ (၇) ကျသွားပြီဆိုသည်မှာ မဟုတ်ကြောင်း ဖဒိုမန်းရှာက ဆိုသည်။

စစ်အစိုးရက ကရင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်၊ သထုံခရိုင်များတွင် နအဖတပ် စကခ (၅)၊ စကခ (၉)၊ တပ်မ (၈၈)နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းအင်အားအလုံးအရင်းနှင့် စစ်ဆင်နေပြီး တောင်သာမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် ဝေါ ကားလမ်းများတလျှောက် မြေလှန်စံနစ် ကျင့်သုံးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာပေါင် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးကာ ဒုက္ခသည် သောင်းနှင့်ချီ ထိုင်း-မြန်မာနယ်စပ်တွင် ခိုလှုံနေခဲ့ရသည်။

နအဖအနေဖြင့် တွေ့ဆုံဖြေရှင်းရန် တချိန်လုံးငြင်းဆန်၍ ယခုကဲ့သို့ အပြုတ်တိုက်ရေး ပေါ်လစီဖြင့် (KNU)အား ဆိုးဝါးစွာ စစ်ဆင်လာခြင်းသည် မှန်ကန်သော လုပ်ရပ်မဟုတ်သဖြင့် (KNU)က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို တရားမျှတစွာ ဆွေးနွေးဖြေရှင်းရန် အလေးအနက်တောင်းဆိုကြောင်း ယနေ့ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org