|
လပိုင်းအတွင်း နှစ်ဖက်အကြားတင်းမာလာသည့် အခြေအနေများ
ဖြစ်ပေါ်ခဲ့ပြီးနောက် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော
ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)အကြား တိုက်ပွဲများ ပြင်းထန်စွာ
ဖြစ်ပွားနေသည်။
မြ၀တီမြို့မြောက်ဘက် (KNU)တပ်မဟာ (၇) နယ်မြေအတွင်းသို့ (DKBA)
တပ်ရင်းများ ဧပြီလ (၇)ရက်နေ့က ၀င်ရောက်လာခဲ့ပြီးနောက်ပိုင်း
တိုက်ပွဲများ ယမန်နေ့ မွန်းလွဲပိုင်းတွင် စတင်ကာ ယခုအချိန်အထိ
ဖြစ်ပွားနေခြင်းဖြစ်သည်။
ဧပြီလ
(၂)ရက်နေ့က (DKBA)ဌာနချုပ်မှ ထုတ်ပြန်ကြေညာချက်တစောင်တွင် ဖေဖော်ဝါရီလ
ကုန်နှင့် မတ်လအတွင်း (KNU)အနေဖြင့် ၄င်းတို့အား စစ်ရေးအရ
ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် နယ်မြေလုံခြုံရေးနှင့်
ကာကွယ်ရေးအတွက် (KNU)တပ်မဟာ (၆) နယ်မြေသို့ ထိုးစစ်ဆင်မည်ဟု
ဖော်ပြထားသည်။
(KNU)နယ်မြေအတွင်းသို့ ၀င်ရောက်လာခဲ့သည့် တပ်ဖွဲ့များတွင် (DKBA)
မြိုင်ကြီးငူမှ တပ်ဖွဲ့နှင့် တပ်ရင်း (၉၀၇) (၉၀၆) ၊ (၉၀၁) ၊ (၉၉၉)
တပ်ရင်းတို့ ပါဝင်ပြီး စစ်အစိုးရဘက်မှ စစ်ဆင်ရေး ကွတ်ကဲမှုဌာနချုပ်
စကခ(၁၂) မှ တပ်ရင်း (၂) ရင်း ပါဝင်သည်။
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကျအဆုံးသတင်းများကို
မသိရသေးသော်လည်း ကေအင်န်ယူမှ အရာရှိတဦးကျဆုံးကြောင်း (KNU) မှ
ယမန်နေ့က အတည်ပြုပြောကြားခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံထုတ်
နေးရှင်းသတင်းစာက အဆိုပါတိုက်ပွဲများအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ
(၃၀)ကျော် သေဆုံးသည်ဟု ဖော်ပြသည်။
“ကျနော်တို့ဘက် တပ်မှူးတယောက်ကျတယ်၊ နောက် ဒဏ်ရာ သုံးလေးငါးယောက်၊
အဲ့ဒီ လောက်ပဲ။ သူတို့ပြောသလောက် မကျဘူး။ ဒါပေမဲ့ ဟိုဘက်က တက်တိုက်တဲ့
လူတွေကတော့ ကျတာ များလိမ့်မယ်။ အဓိကတော့ ရန်သူတပ်နဲ့
ဒီကေဘီအေတပ်တွေပေါ့။ နအဖတပ်က များပြီး ဒီကေဘီအေက နည်းပါတယ်”ဟု (KNU)
အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန် က ပြောသည်။
(DKBA) သည်
၁၉၉၄ ခုနှစ်တွင် (KNU) မှ ခွဲထွက်ခဲ့ကာ စစ်အစိုးရနှင့်
ပူးပေါင်းသွားခဲ့သည်။ ယခုဖြစ်ရပ်မှာ ၁၉၉၅ ခုနှစ်နောက်ပိုင်း
နှစ်ဖက်အကြား ပြင်းထန်သည့် တိုက်ခိုက်မှုများ ပြန်လည်
စတင်လာခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် ကရင်အမျိုးသားများ
အချင်းချင်းကြား နှစ်ဖက် ထိခိုက်နစ်နာမှုများအတွက်
စိတ်မကောင်းဖြစ်ရသည်ဟု လေ့လာသူအချို့က ဆိုသည်။
“တိုက်ပွဲကို ရပ်ထားဖို့အတွက်ကတော့ ကျနော်တို့ဘက်ကတော့
သူတို့ရဲ့ထိုးစစ်တွေကို တိုက်ဖျက်ပစ်ရမှာပေါ့။
ကရင်အမျိုးသားအချင်းချင်းလို့ ပြောလို့မရဘူးထင်တယ်။ ဒီကိစ္စက
ဒီကေဘီအေချည်းပဲမကဘူး။ ရန်သူနဲ့ ဒီကေဘီအေနဲ့ ပေါင်းပြီး ကျနော်တို့ကို
လာတိုက်တာ၊ ကရင်အမျိုးသားအချင်းချင်း ဆိုပြီးတော့
ရိုးရိုးတော့မဟုတ်ဘူး”ဟု ဖဒိုမန်းရှာက ဆိုသည်။
စစ်အစိုးရအနေဖြင့် ယခုလက်ရှိတွင် (KNU)ကို စစ်ရေးအရ
ဖိအားပေးနေခြင်းဖြစ်ပြီး ၄င်းတို့ လက်အောက်ရှိ ဒီကေဘီအေတပ်များကို
အသုံးချကာ ဒီကေဘီအေ တပ်အင်အားမှာ ရာဂဏန်း သာ ဖြစ်ပြီး
စစ်အစိုးရတပ်အင်အား ထောင်နှင့်ချီသဖြင့် နောက်ကွယ်မှ တပ်အင်အား
အလုံးအရင်းဖြင့် ပါဝင်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ |