|
နီပေါနိုင်ငံမြို့တော်၊ ခက်မန်ဒူတွင် ယခုလ(၃)၇က်မှ (၄)ရက်နေ့ထိ
မြန်မာနိုင်ငံအလုပ်သမား အရေး ညီလာခံကို ကျင်းပခဲ့ပြီး ကြေညာချက်တစောင်
ထုတ်ပြန်ခဲ့သည်။
နိုင်ငံပေါင်း(၂၀)မှ ကိုယ်စားလှယ်(၇၀)ကျော် တက်ရောက်ခဲ့သည့်
အဆိုပါညီလာခံမှ မြန်မာ နိုင်ငံရှိ အလုပ်သမား အခွင့်အရေးနှင့်
လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ပြစ်တင်ရှုတ်ချ လိုက်ပြီး
ခက်မန်ဒူကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နှစ်ရက်ကြာကျင်းပခဲ့သည့် အလုပ်သမားညီလာခံကို
နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ITUC)က ဦးဆောင်ကျင်းပခဲ့ပြီး
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်နေ ခြင်းကို
အပြည့်အ၀ ထောက်ခံကြောင်း နီပေါနိုင်ငံကွန်ကရက် ဒုဥက္ကဌ
ဆူရှီးလ်ခိုရီလာက ပြောဆိုခဲ့သည်။
ခိုရီလာက
နီပေါနိုင်ငံသည် တကမ္ဘာလုံးရှိ အလုပ်သမားအခွင့်အရေးနှင့်
ဒီမိုကရေစီလှုပ်ရှားမှုများ ကို အမြဲတန်းရပ်တည်ထောက်ခံသွားပြီး
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေး အတွက် လည်း နီပေါအစိုးရအား
မဖြစ်မနေ အရေးတကြီးထောက်ခံရန် တိုက်တွန်းလိုက်သည်။
အဆိုပါညီလာခံသို့ နီပေါနိုင်ငံဝန်ကြီးချုပ် ဂျီရိပရာဆပ်ခိုရီရာလာထံမှ
သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပြီး နိုင်ငံသားတိုင်း
ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရန်နှင့် မြန်မာပြည်သူများ၏
အခွင့်အရေးကို ရပ်တန့်အောင် မည်သူမှမလုပ်ဆောင်စေရဟု ဆိုခဲ့ပြီး
မြန်မာ့ပြည်ဒီမိုကရေစီ ရေးလှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံကြောင်း
ဖော်ပြခဲ့သည်။
အဆိုပါညီလာခံသို့ ပြည်ထောင်စုမြန်မာ့နိုင်ငံ
အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB)မှ (MPUs) ဥက္ကဌ ဦးပီတာလင်းပင်နှင့်
(NCGUB) အနောက်ဘက်ဒေသတာဝန်ခံ ဒေါက်တာတင့်ဆွေတို့ တက်ရောက်ခဲ့ပြီး ၁၉၉၀
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေ၊
နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ
အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့အပြင်
ဒေါက်တာတင့်ဆွေက နီပေါနိုင်ငံ အလုပ်သမားသမဂ္ဂဥက္ကဌ လက်စ်မန်ဘေ့စ်နက်နှင့်
မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုကို အမြင်ချင်းဖလှယ်ကာ
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ဦးတည်
ဆောင်ရွက်ကြမည်ကို ညီလာခံတွင်တင်ပြ ဆွေးနွေးခဲ့သည်။
ညီလာခံအပြီးထုတ်ပြန်သည့် ခက်မန်ဒူကြေညာချက်တွင် (ICUT) ညီလာခံနှင့်
ကမ္ဘာ့အလုပ် သမားများ အဖွဲ့ချုပ်(ILO)တို့က စစ်အစိုးရ၏
အလုပ်သမားများနှင့် ပြည်တွင်းအလုပ်သမား သမဂ္ဂများ၏ အခွင့်အရေးများအား
ချိုးဖောက်နေခြင်းကို ပြစ်တင်ရှုတ်ချခဲ့သည်။
ထို့အပြင်
မြန်မာပြည်ဒီမိုကရေစီ တည်ဆောက်ရေးမတိုင်မီ နိုင်ငံတကာ
စီးပွားရေးလုပ်ငန်း ကုမဏီကြီးများမှ
နိုင်ငံတွင်းရင်းနှီးမြှုတ်နှံမှုများကို ရပ်တန့်ထားကြရန်
တိုက်တွန်းပြီး ဒီမိုကရေစီ တည်ဆောက်ရေး၊ အဓမ္မအလုပ်ခိုင်းစေမှုများ
အမြတ်ပြတ်စေရေးနှင့် နိုင်ငံတွင်းရှိ စီးပွား ကုန်သွယ်မှုနှင့်
ဆက်နွှယ်နေသောကုမ္ပဏီများ၊ ရင်းနှီးမြှုတ်နှံထားသော ကုမဏီလုပ်ငန်းများ
အဆုံးသတ်ရန်အတွက် အလုပ်သမားသမဂ္ဂများမှ စည်းရုံးဆောင်ရွက်ကြရန်
တိုက်တွန်း ထားသည်။
(ILO)၏
အဓမ္မလုပ်အားခိုင်းစေမှုအတွက် စုံစမ်းစစ်ဆေးနေမှုများကို
စစ်အစိုးရအနေဖြင့် လိုက်နာအကောင်အထည်ဖော်ရန်၊
ဥပဒေမဲ့ညင်းပမ်းနှိပ်စက်မှုများရပ်တန့်ရန်၊ စစ်ဆင်ရေး နယ်မြေများတွင်
အမျိုးသမီးများအပေါ်အဓမ္မဖိနှိပ်မှုနှင့်မုဒိန်းကျင့်နေမှုများကိုလည်း
ကြေညာ ချက်တွင်ဖော်ပြထားသည်။
ခက်မန်ဒူကြေညာချက်က ကမ္ဘာ့နိုင်ငံအသီးအသီးမှ အစိုးရများသို့လည်း
ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးနှင့် အခြေခံလူ့အခွင့်အရေးအရေးများကို
စစ်အစိုးရမှ လေးစားလိုက်နာရန် စီးပွားရေး ပိတ်ဆို့မှုအပါအ၀င် နိုင်ငံရေး
သံတမာန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများ
တိုးမြှင့်ဆောင်ရွက်ရန်လည်းတိုက်တွန်းလိုက်သည်။ |