Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အကြမ်းဖက်ရာဇ၀တ်မှုတွင်ပါဝင်သူများကို တရားစွဲမည်ဟု
(HRDP) သဘောထားထုတ်ပြန်

 

ဗထူး။ ဧပြီ ၂၁၊ ၂၀၀၇

 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူနှစ်ဦးအား ပြင်းထန်စွာ ရိုက်နှက်ခဲ့သည့် ရာဇ၀တ်မှုတွင် ပါဝင်ပတ်သက်သူများကို ဥပဒေအတိုင်း တရားစွဲဆိုသွားမည်ဟု လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများ (HRDP)အဖွဲ့က သဘောထားထုတ်ပြန်လိုက်သည်။  

ပြီးခဲ့သည့် (၁၈)ရက်နေ့က ဟင်္သာတမြို့နယ်၊ အုပ်ပုံကျေးရွာအနီး ဖြစ်ပွားခဲ့သည့် လူစုလူဝေးဖြင့် အကြမ်းဖက်ရိုက်နှက်ခဲ့သည့် ဖြစ်ရပ်သည် အာဏာပိုင်များအနေဖြင့် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည်ဟု (HRDP)က ဆိုသည်။ 

“ကျွန်ုပ်တို့ တာဝန်ဖြစ်သော မြန်မာနိုင်ငံရှိ ပြည်သူများ လူ့အခွင့်အရေး အသိတရားများ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဥပဒေမဲ့ ရိုက်နှက်ခြင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်သည်”ဟု အဆိုပါကြေညာချက်က ဆိုသည်။ 

ဧရာဝတီတိုင်းအတွင်း လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် (HRDP) မှ ဦးမြင့်အေး၊ ကိုမောင်မောင်လေး၊ ကိုမြင့်လှိုင်၊ ကိုတင်မောင်ဦး၊ ကိုရင်ကြည်တို့ငါးဦးသည် ဟင်္သာတမြို့နယ်၊ အုပ်ပုံကျေးရွာမှ တလုတ်ထော်ကျေးရွာသို့ လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်ရန် သွားရောက်စဉ် အာဏာပိုင်များက လူစုလူဝေးဖြင့် အုပ်ပုံကျေးရွာအထွက်တွင် ယခုလ (၁၈)နေ့၊ နေ့လည် ၁၂ နာရီ ၄၅ မိနစ်က အကြမ်းဖက် ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။  

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ကိုမောင်မောင်လေးနှင့် ကိုမြင့်လှိုင်တို့နှစ်ဦးသည် ယခုအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ထိခိုက်ထားသည့် ဒဏ်ရာများကြောင့် စကားအနည်းငယ်သာ ပြောဆိုနိုင်သည်။ 

“ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဦးညွန့်ဦးက စကားပြောစက် ကိုင်ထားတယ်။ သူကိုယ်တိုင် ‘ဓါတ်ပုံရိုက်ပြီး လိုက်ဟေ့လိုက်ဟေ့ ရိုက်ဟေ့’လို့ကို အော်တာ၊ ပုန်းနေတဲ့ လူတရာလောက်က အမေးအမြန်းမရှိဘဲကို ၀င်ရိုက်တာ၊ အဲ့ဒီမှာ ဆိုင်ကယ်မှောက်တော့ ကျနော်တို့နှစ်ယောက်လုံး ညာဘက်လယ်ကွင်းထဲကို ဆင်းပြေးတာ၊ နောက်က တုတ်တွေ၊ လေးဂွတွေနဲ့ ထပ်ရိုက်တော့ ကိုမြင့်လှိုင်က အဲ့ဒီနေရာမှာတင် လဲသွားတာ၊ ကျနော်လည်း မလှုပ်နိုင်တော့ဘူး၊ ‘တော်ပြီဟေ့ တော်ပြီ သေလောက်ပြီ၊ ပြန်ဆုတ်မယ်’လို့ အော်တာကို ကြားရတယ်”ဟု ကိုမောင်မောင်လေးက ဆိုသည်။ 

ပြန်ဆုတ်မည်ဟု အမိန့်ပေးနေစဉ် တလုတ်ထော်ကျေးရွာ ရဲစခန်းမှ အရပ်ဝတ် ၀တ်ထားသည့် ဒုရဲအုပ် သန်းထိုက်နှင့် ရဲငါးဦးရောက်လာပြီး မကိုင်နဲ့ဟု အမိန့်ပေးစဉ် လဲနေရာမှပြန်ထကာ ဘယ်သူတွေလည်းဟု မေးခဲ့ရာ တလုတ်ထော်ရဲစခန်းမှဟု ပြောသွားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။  

ယခုဖြစ်ပွားသည့် ကိစ္စအတွက် (NLD) ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့မှ  ရှေ့နေ ဦးအောင် သိန်းနှင့် (HRDP)အဖွဲ့မှ ဦးမြင့်အေးတို့နှစ်ဦးက တလုတ်ထော်ရဲစခန်းတွင် သွားရောက် အမှုဖွင့်ရာ အဆိုပါရဲစခန်းမှ အမှုကို လက်ခံဖွင့်လှစ်ခဲ့သည့်အတွက် ဆက်လက်ဆောင်ရွက်ရန် ရှေ့နေများနှင့် တိုင်ပင်နေပြီဟု ဆိုသည်။ 

စစ်အစိုးရအနေဖြင့် နိုင်ငံအနှံ့ နိုင်ငံရေးလှုပ်ရှားသူများကို အကြမ်းဖက်ဖြေရှင်းမှုများကို အစဉ်တစိုက်ပြုလုပ်ခဲ့ရာ ထင်ရှားလှသည့် ဒီပဲယင်းလုပ်ကြံမှုကြီးအပါအ၀င် ရွှေတိဂုံဘုရားတွင် (NLD)ပါတီဝင်များကို လူအင်အား ၃၀၀ ခန့်ဖြင့် ခြိမ်းခြောက်နှောင့်ယှက်မှုနှင့် ရဲနှင့် ကြံ့ဖွံ့ အဖွဲ့ဝင်များ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်များအပေါ် ကာယကံရှင်များက အမှုဖွင့် တိုင်ကြားမှုများရှိခဲ့သော်လည်း စစ်အစိုးရက အရေးယူဆောင်ရွက်ခြင်းများမရှိခဲ့ပေ။ 

“အခုက လူနာနှစ်ယောက်က ပြန်ကောင်းနေပြီလေ၊ မျက်မြင်သက်သေတွေက ဘယ်သူတွေ ပါတယ်ဆိုတာ အခိုင်အမာ ထွက်ဆိုနိုင်တာပဲ၊ အခိုင်အမာ ထွက်ဆိုနိုင်ရဲ့သားနဲ့မှ တရားဥပဒေ အတိုင်း မဖြစ်ဘူးဆိုရင်တော့ သူတို့ တရားဥပဒေကို မျက်ကွယ်ပြုတယ်လို့ ကျနော်တို့ ယူဆရမှာပဲ”ဟု အမည်မဖော်လိုသည့် (HRDP) အဖွဲ့ဝင်တဦးက ဆိုသည်။ 

(HRDP) အနေဖြင့် ဥပဒေလမ်းကြောင်းအတိုင်း အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အစိုးရအနေဖြင့် လျစ်လျူရှုခဲ့ပါက နိုင်ငံတကာနှင့် နိုင်ငံတရားရုံးအထိ ယခုဖြစ်စဉ်အားလုံးကို အသိပေးအကြောင်းကြားကာ တရားစွဲဆိုသွားမည်ဟု ၄င်းကဆက်လက်ပြောဆိုသည်။  

(HRDP) အဖွဲ့ဝင်များသည် နိုင်ငံနှင့်အ၀ှမ်းတွင် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး အသိအမြင်များ တိုးပွားလာစေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း များ ဖြန့်ဝေခြင်း၊ လူ့အခွင့်အရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရ သည့် ပြည်သူများဖက်မှ ရပ်တည်ပေးခြင်းများကို ပြုလုပ်ခဲ့ကာ အဆိုပါအဖွဲ့ကို ၂၀၀၂ ခုနှစ်မှ စတင်ထူထောင်ခဲ့သည်။ 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံရစဉ်ကလည်း လူ့အခွင့်အရေးဖက်မှ ရပ်တည်ကာ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ 

ထို့အပြင် (HRDP)အဖွဲ့ဝင်၊ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ရေသပြာကျေးရွာမှ ကိုဝင်းကိုနှင့် ကိုဖြိုးဇော်လတ်တို့ နှစ်ဦးသည်လည်း ၈၈ မျိုးဆက်ကျောင်းသားများ၏ ပြည်သူလူထု ရင်ဖွင့်လွှာ လှုပ်ရှားမှုတွင် လူထုလက်မှတ်ထိုးစာရွက်များဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက်တွင် ချဲထီမှုဖြင့် လိမ်လည်အမှုဆင်ကာ ထောင်ဒဏ် (၁၇)နှစ်စီ အပြစ်ပေးခံခဲ့ရသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org