|
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာတွင် အာဏာပိုင်များနှင့်
ကြံ့ဖွံ့အဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူခဲ့ရသူ လူ့အခွင့်အရေး
ကာကွယ်မြှင့်တင်သူများ(HRDP)အဖွဲ့ဝင်တဦး ယနေ့နေ့လည်ပိုင်းက
ဒဏ်ရာသက်သာလာ၍ ဆေးရုံမှ ပြန်လည်ဆင်းလာပြီ ဖြစ်သည်။
(HRDP)အဖွဲ့မှ
ကိုမောင်မောင်လေးသည် အာဏာပိုင်များ၏ အကြမ်းဖက်ရိုက်နှက်ခဲ့သည့်
ဒဏ်ရာဖြင့် ယခုလ(၁၈)ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊
ဦးနှောက်နှင့်အာရုံကြောဌာန တွင် တပတ်ကြာ ဆေးကုသမှုခံယူခဲ့ခြင်း
ဖြစ်သည်။
“ကျနော်
(၁)နာရီ (၁၅)မိနစ်မှာ ဆေးရုံက ထွက်လာပါတယ်။ ရောဂါအခြေအနေကတော့
ကျနော့်ခါးကတော့ အတည့်ကြီးပေါ့နော်။ မကုန်းနိုင်သေးဘူး။
တခြားထိခိုက်ပွန်းပဲ့တာကတော့ နည်းနည်းပါးပါး ကျက်သွားပါပြီ။
ဆရာဝန်ကြီးရဲ့ခွင့်ပြုချက်နဲ့ပါ”ဟု ယနေ့ဆေးရုံမှ ဆင်းလာသူ
ကိုမောင်မောင်လေးက ဆိုသည်။
အချို့သတင်းများအရ ဆေးရုံတက်ရောက်ကုသနေသည့်
(HRDP)အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုမောင်မောင်လေးနှင့်
ကိုမြင့်လှိုင်တို့နှစ်ဦးသည် ရောဂါသေချာစွာ မပျောက်ကင်းသေးပဲ
အာဏာပိုင်အချို့၏ဖိအားကြောင့် လွန်ခဲ့သည့်ရက်များအတွင်း
ဆေးရုံမှဆင်းရန် သတင်းများ ထွက်ပေါ်နေခဲ့သည်။
“အဲဒါတော့
ကျနော်သဘောမပေါက်ဘူးခင်ဗျ။ လောလောဆယ်တော့လေ၊ ဦးနှောက်နဲ့အာရုံ ကြော
ဆရာဝန်ဆုံးဖြတ်ချက်နဲ့ပဲပေါ့နော်။ ကျန်တာဆေးမှတ်တမ်း၊ ဘာညာအရ ဆေးဆက်
စားပါပေါ့။ ဒီကြားထဲမှာ မူးတာဘာညာရှိရင် ဆေးရုံချက်ချင်းလာဖို့၊
(၁၄)ရက်ပြည့်လို့ရှိရင် ဆက်ဆက် ဆေးရုံပြန်လာဖို့မှာတယ်လေ။
ကိုမြင့်လှိုင်တော့ မဆင်းရသေးဘူး၊ ဘယ်တော့ ဆင်းရမယ်ဆိုတာလည်းမသိဘူး”ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
(HRDP)အဖွဲ့ဝင်များဖြစ်ကြသည့်
ဦးမြင့်အေး၊ ကိုမောင်မောင်လေး၊ ကိုမြင့်လှိုင်၊ ကိုတင်မောင်ဦး နှင့်
ကိုရင်ကြည်တို့ငါးဦးကို ယခုလ (၁၈)ရက်နေ့က ဧရာဝတီတိုင်း၊
ဟင်္သာတမြို့နယ်၊ အုတ်ပုံရွာ အနီးတွင် မြို့နယ်(မယက)ဥက္ကဌ၊
မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူးဦးညွှန့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်
တလုပ်ထော်ရဲစခန်းမှ အာဏာပိုင်များဦးဆောင်ကာ လူစုလူဝေးဖြင့် တုတ်၊
လေးဂွများနှင့် အကြမ်းဖက် ရိုက်နှက်ခဲ့ကြသည်။
အဆိုပါနေ့က
ကျန်သုံးဦးမှာ လွတ်မြောက်သွားခဲ့ပြီး ကိုမောင်မောင်လေးနှင့်
ကိုမြင့်လှိုင်တို့ နှစ်ဦးမှာ ဦးခေါင်းနှင့်ခါးတို့တွင်
ပြင်းထန်သောဒဏ်ရာများရရှိခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက် ၍ (HRDP)အဖွဲ့က
အကြမ်းဖက်မှုတွင်ပါဝင်သော အာဏာပိုင်များအား တရားစွဲရန် တလုပ်ထော်
ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ယမန်နေ့ထုတ်
စစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာတွင် (HRDP)အဖွဲ့ကို ဆူပူအောင် သွေးထိုး
လုပ်ဆောင်သူများအဖြစ် စွပ်စွဲလိုက်ပြီး အုတ်ပုံကျေးရွာသားများက
မကျေနပ်၍ ၀ိုင်းဝန်း ရိုက်နှက်ကာ ကျေးရွာမှ
မောင်းထုတ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
“ဒါကတော့
လုံးဝမှားယွင်းတယ်ဗျာ၊ လုံးဝမဟုတ်တဲ့ကိစ္စပါခင်ဗျ။ ဒါကတော့
ကျနော်တို့လုပ်နေ တာက ရှင်းတယ်လေ။ ကျနော်တို့ လူ့အခွင့်အရေးလုပ်နေတဲ့
ရည်ရွယ်ချက်တွေကိုက ငြိမ်းချမ်း ရေးကို ဦးတည်ပြီးတော့လုပ်နေတာကိုး။
အခုဖော်ပြထားတာတွေက ကျနော်တို့နဲ့ လုံးဝဆန့်ကျင် ဘက်ပဲ။
မှားယွင်းစွာဖော်ပြတဲ့ ကိစ္စလို့ပဲလို့ ကျနော်တို့က မြင်တယ်”ဟု
ကိုမောင်မောင်လေးက ပြောသည်။
(HRDP)အနေဖြင့်
ယခင်ကတည်းက ဥပဒေဘောင်အတွင်းက လှုပ်ရှားနေခြင်းသာဖြစ်ပြီး ယခု
အဖြစ်အပျက်တွင်လည်း ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်သွားရန်ရှိပြီး
၎င်းအနေဖြင့် ဥပဒေကိစ္စရပ်များကို နားမလည်သော်လည်း ဥပဒေအရ
ရင်ဆိုင်ခွင့်ရလျှင် ရင်ဆိုင်သွားမည်ဟု ကိုမောင်မောင်လေးက
ဆက်လက်ပြောဆိုသည်။ |