|
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးလုပ်ငန်းများဆောင်ရွက်နေသည့်
လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများကို အာဏာပိုင်များက
ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။
ဧရာဝတီတိုင်းအတွင်း လူ့အခွင့်အရေးကိစ္စများ ဆောင်ရွက်နေသည့် ဦးမြင့်အေး
ခေါင်းဆောင် သော (HRDP) အဖွဲ့ဝင်များကို မြို့နယ်ကြံ့ဖွံ့နှင့်
စွမ်းအားရှင်အဖွဲ့များက ယမန်နေ့ ညနေက တုတ်၊ လေးဂွများကိုင်ဆောင်ကာ
ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုပ်ပုံကျေးရွာမှ
တလုတ်ထော်ကျေးရွာသို့အထွက် နေ့လည် ၁၂ နာရီခွဲတွင် တုတ်နှင့်
လေးဂွများကိုင်ဆောင်ထားသည့် အင်အား (၅၀)ခန့်ရှိ ကြံ့ဖွံ့နှင့်
စွမ်းအားရှင်အဖွဲ့များက ကိုမောင်မောင်လေးနှင့်
ကိုမြင့်နိုင်တို့နှစ်ဦးအား စတင်ရိုက်နှက်ခဲ့ကြ သည်။
“အုတ်ပုံရွာအထွက် ဘုန်းကြီးကျောင်းနားမှာ စရိုက်တာ၊ နှစ်ယောက်လုံး
နေရာမှာတင် မေ့လဲ သွားတာ၊ သံဃာတော်တွေစီးလာတဲ့ကားက
သူတို့နှစ်ယောက်ကိုမြင်လို့ ကားပေါ်တင်လာတာ၊ တလုတ်ထော်ရဲစခန်းမှာ
ဆေးစာယူပြီး ဟင်္သာတဆေးရုံကို ပို့ပေးတာ”ဟု လူ့အခွင့်အရေး
ကာကွယ်မြှင့်တင်သူတဦးက ဆိုသည်။
အဆိုပါလူအုပ်ကြီးက ကျန်နေသည့် ကိုတင်မောင်ဦးနှင့်
ကိုရင်ကြည်တို့နှစ်ဦးကို ရိုက်နှက်ရန် ထပ်မံစောင့်ဆိုင်းနေသည်ကိုသိ၍
၎င်းတို့နှစ်ဦးက အုတ်ပုံရွာသို့ ပြန်လှည့်သွားသည်ဟု ၄င်းက ဆိုသည်။
“နေ့လည် ၂
နာရီခွဲလောက်ကျတော့ ရွာထဲမှာ မိုက်နဲ့ လိုက်အော်တယ်။
ကညင်ငူကျေးရွာအုပ်စု ရယကဥက္ကဌအမိန့်အရဆိုပြီး ညနေ ၆ နာရီထိ ဘယ်သူမှ
အိမ်အပြင်မထွက်ရဘူးလို့ အမိန့် ထုတ်တာ၊ မိုက်နဲ့ကို လိုက်အော်တာ”ဟု
အုတ်ပုံရွာသားတဦးက ဆိုသည်။
ယခုတိုက်ခိုက်မှုတွင် ဟင်္သာတမြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး ဦးညွန့်ဦးက
အမိန့်ပေးဦးဆောင် ခဲ့ခြင်းဖြစ်ပြီး (HRDP)အဖွဲ့ဝင်များကို
ရိုက်နှက်နေစဉ်တွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များလည်း
ရိုက်နှက်သူများနှင့်အတူ ရှိနေခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။
ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ကိုမောင်မောင်လေးနှင့်
ကိုမြင့်နိုင်တို့နှစ်ဦးသည် ဟင်္သာတဆေးရုံမှ ရန်ကုန်ဆေးရုံကြီး
အရေးပေါ်ဌာနသို့ ည (၁၀)နာရီတွင် ရောက်ရှိခဲ့ပြီး ဓါတ်မှန်ရိုက်စစ်ဆေးမှု
များ ပြုလုပ်ခဲ့သည်။
ဆရာဝန်ဆေးစစ်ချက်အရ ဦးနှောက်နှင့် အာရုံကြော ထိခိုက်မှုမရှိသည့်အတွက်
စိုးရိမ်စရာမရှိဟု သိရပြီး ထိုနေ့ညဘက်တွင် ၈၈ မျိုးဆက်ကျောင်းသား
ကိုမြအေးတို့လည်း ဒဏ်ရာရရှိသူ လူနာ များကို လာရောက်ကြည့်ရှုခဲ့သည်။
ယခုဖြစ်ပွားမှုနှင့်ပတ်သက်၍ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က
အမှုဖွင့်တိုင်ကြား သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
“ဒီပွဲက
အားလုံးကိုအသေသတ်ဖို့ ကြိုတင်ပြင်ဆင်ထားပုံရတယ်။ မသေရင်တောင်မှ
နောက်နောင် လူထုကြားထဲဆင်းပြီး လူ့အခွင့်အရေးလုပ်ငန်းတွေ မလုပ်ရဲအောင်
လုပ်တဲ့ သဘောပဲ၊ ဒီအမှုကို တရားစွဲမယ်၊ ရှေ့နေနဲ့ တိုင်ပင်မယ်”ဟု
လူ့အခွင့်အရေးကာကွယ်မြှင့်တင် သူ ဦးမြင့်အေးက ဆိုသည်။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင်
စတင်ထူထောင်ခဲ့ပြီး မြန်မာ နိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ
ကုလသမဂ္ဂ၏ ပြဌာန်းချက်များကို နားလည်သိရှိရန် ပြည်သူများအတွင်း
လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်
အဖွဲ့ဖြစ်သည်။ |