|
ရရှိထားသောဒဏ်ရာ သေချာစွာ ပျောက်ကင်းသက်သာခြင်းမရှိသေးပဲ
ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူနေသည့်
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ (HRDP) အဖွဲ့ဝင် ကိုမြင့်လှိုင်
ယနေ့နေ့လည်က ဆေးရုံမှ ပြန်လည်ဆင်းလာခဲ့သည်။
အာဏာပိုင် ရဲနှင့် ကြံ့ဖွံ့အဖွဲ့များ၏ ယခုလ (၁၈)ရက်နေ့က
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာအနီး
အကြမ်းဖက်ရိုက်နှက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများဖြင့် (HRDP)
အဖွဲ့ဝင်နှစ်ဦး ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။
(HRDP)
အဖွဲ့ဝင် ကိုမောင်မောင်လေးမှာ ယမန်နေ့က ပြန်လည်ဆင်းလာပြီးနောက် ယနေ့
ကိုမြင့်လှိုင်မှာ ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး
ဦးနှောက်နှင့်အာရုံကြောဌာန၏ ဆရာဝန် ခွင်ြ့ပု ချက်ဖြင့်
ပြန်လည်ဆင်းခဲ့ရသော်လည်း ၄င်းဒဏ်ရာများ သေချာစွာ
ပျောက်ကင်းခြင်းမရှိသေး ကြောင်း ဆိုသည်
“နေ့လည်
၁၂ နာရီလောက်က ဆင်းလာတာ။ အခုဆင်းလာတာ ဆရာဝန်ကြီးခွင့်ပြုချက်နဲ့ပေါ့
ဗျာ၊ ကျနော့်အနေနဲ့ကတော့ ခေါင်းမူးနေသေးတော့ မဆင်းချင်သေးဘူး။
ဆေးရုံတက်ခဲ့တဲ့ ကာလမှာ ကုသမှု တအား အားနည်းပါတယ်။ ကျောကုန်းမှာရထားတဲ့
ဒဏ်ရာအတွက် ဆေးထည့်ဖို့ ဘယ်ဆေးဝယ်ပြီးတော့ ထည့်ရမယ်ဆိုတာတောင်
မပြောတော့ဘူး” ဟု ကိုမြင့်လှိုင်က ဆိုသည်။
နောက်ဆုံးတွင် တာဝန်ကျဆရာဝန်ငယ်များက မနေနိုင်ပဲ ဆေးဝယ်လိမ်းဖို့
ဆေးညွှန်းပေးခဲ့ပြီး ဆရာဝန်ကြီး၏ ညွှန်ကြားချက်ကြောင့်
ဆင်းရန်လာပြောသည့်အတွက် ဆေးရုံမှဆင်းခဲ့ခြင်း ဖြစ်ပြီး
ဆေးရုံကြီးသို့ရောက်ပြီး နောက်ရက်မှစ၍
သေချာစွာဆေးကုသမှုမရှိတော့ကြောင်း၊ ဆေးရုံတွင် ဆက်လက်မထားလိုသည့်
အခြေအနေများကြောင့် ၄င်းအနေဖြင့် အိမ်တွင် အနားယူကာ ဆေးကုသမှု
ဆက်လက်ပြုလုပ်မည်ဟုဆိုသည်။
ကိုမြင့်လှိုင်၏ ကျန်းမာရေးအခြေအနေမှာ ခေါင်းတွင်ထိထားသည့် ဒဏ်ရာကြောင့်
မူးဝေနေစဲ ဖြစ်ပြီး လေးဂွများနှင့် ၀ိုင်းဝန်းပစ်ခတ်ခဲ့သည့်အတွက် ကျော
ဘယ်ညာတွင် အောင့်နေစဲဖြစ်ကာ အသက်ရှုရာတွင် ရင်ဘတ်
အနည်းငယ်အောင့်နေသေးသည်။
ဆေးရုံတက်ကုသနေခဲ့ပြီး ယခုရက်ပိုင်းအတွင်းက အာဏာပိုင်များအနေဖြင့်
သက်ဆိုင်ရာ ဆေးရုံတာဝန်ရှိသူများအား ၄င်းတို့နှစ်ဦးကို
ဆေးရုံမှဆင်းခွင့်ပြုရန် ဖိအားပေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
“ကျနော်ထင်တာကတော့ ဖိအားပေးမှု ရှိလိမ့်မယ်လို့ ထင်တယ်။ (၁၈)ရက်နေ့က
ဟင်္သာတက နေပြီးတော့ ရန်ကုန်ရောက်တဲ့အခါမှာ ဓါတ်မှန်ရိုက်တာတို့
ပြင်ဆင်မှုတွေ လုပ်တဲ့အခါမှာ လိုက်လိုက်လျောလျောနဲ့ ဆောင်ရွက်ပေးတာတွေ
အများကြီးရှိပါတယ်။ (၁၉)ရက်နေ့ ညနေ လောက်ကျတော့ သိသိသာသာ အကုန်လုံး
လျော့သွားတယ်။ ကျနော်ထင်တာကတော့ ကျနော်ဆေးရုံတက်တဲ့အချိန်နဲ့
အခုလက်ရှိချိန် ကွာခြားမှုရှိခြင်းအားဖြင့် ဖိအားပေးမှုရှိလိမ့်မယ် လို့
ထင်တယ်”ဟု ဆိုသည်။
စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသကဲ့သို့ ရွာသားများက မကျေနပ်၍ (HRDP)
အဖွဲ့ဝင်များ ကို ရိုက်နှက်ခဲ့ခြင်းမဟုတ်ပဲ ၄င်းတို့၏
လူ့အခွင့်အရေးဆိုင်ရာ ပြောကြားချက်များကို ပြည်သူ အများစုက
စိတ်ဝင်တစားဖြင့် အင်အားများများနားထောင်ခဲ့သည့်အတွက် အာဏာပိုင်များက
၎င်းတို့အား အစီစဉ်တကျ ရိုက်နှက်ခဲ့ကြောင်း ကိုမြင့်လှိုင်က ပြောဆိုသည်။
ဟင်္သာတမြို့နယ်၊ ကြံ့ဖွံ့အတွင်းရေးမှူး ဦးညွန့်ဦးကိုယ်တိုင်
စကားပြောစက်ကိုင်ကာ ၄င်း၏ အမည်ကိုခေါ်ကာ အသေရိုက်ရန် လူအုပ်အား
အမိန့်ပေးခဲ့ပြီး ဦးညွန့်ဦးက တုတ်ဖြင့် စတင်ရိုက် နှက်ခဲ့ပြီး
ဆိုင်ကယ်မောင်း၍ ထွက်ပြေးစဉ် တုတ်၊ လေးဂွများ ကိုင်ဆောင်ထားသည့် လူ
(၅၀)ခန့်က အနီးကပ် ရိုက်နှက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“လယ်ထဲကို ထွက်ပြီး ပြေးလိုက်တဲ့အချိန်မှာ သစ်ပင်တပင်အောက်မှာ ကျနော်
လှမ်းမြင်လိုက် တာ စခန်းမှူးအပါအ၀င် နယ်ထိန်းအင်ချပ် သန်းထိုက်ရယ်၊
အမည်မသိတဲ့ လူလေးငါးခြောက် ယောက် တွေ့တယ်။ အားကိုးတကြီးနဲ့ အဲ့ဘက်ကို
ပြေးတော့ ဒုရဲအုပ် သန်းထိုက်ကိုယ်တိုင် ခုလက်ရှိ
ဘယ်ဘက်မှာရခဲ့တဲ့ဒဏ်ရာပဲ၊ လေးဂွ(ကုန်းသီး)နဲ့ ပစ်တာ။
နောက်ကိုပြန်ဆုတ်လို့ လူအုပ်ကြီးက ကျနော့်ကို မှီတဲ့အခါ
ဝိုင်းရိုက်တော့ လဲပြီးတော့အရိုက်ခံရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်”ဟု
ကိုမြင့်လှိုင်က ပြောဆိုသည်။
အဆိုပါလူအုပ်က မြင့်လှိုင်သေပြီဟုဆိုကာ သေချာအောင် ကျောကုန်းပေါ်သို့
လူတယောက်က တက်ခုန်ကြည့်၍ ဘေးကလူများက ဗိုက်နှင့်ခါးကို
ခြေထောက်ဖြင့်ကန်ပြီး လှုပ်ရှားမှုမရှိတော့မှ သေပြီဟုပြောနေစဉ်
ရွာသားများ ထွက်လာချိန် ဟင်္သာတမြို့သို့ ပြန်မည့်
ဘုန်းတော်ကြီးများ စီးလာသည့် ကားကို မြင်၍ ကြံ့ဖွံ့အဖွဲ့များ
ထွက်ပြေးသွားကြောင်း ဆိုသည်။
ကျေးရွာသားများမှာ ၄င်းတို့၏ လူ့အခွင့်အရေးဆောင်ရွက်မှုကို အပြည့်အဝ
ထောက်ခံခဲ့ခြင်းသာ ရှိပြီး ယခုလုပ်ရပ်သည် အာဏာပိုင်များက
လူ့အခွင့်အရေးချိုးဖောက်မှုသာဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ |