|
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူအချို့နှင့် ပြည်သူအချို့ကို
အာဏာပိုင်များက တရားစွဲဆို
ဗထူး။ ဧပြီ
၂၇၊ ၂၀၀၇
လူအခွင့်အရေးကာကွယ်မြှင့်တင်သူ(HRDP) အဖွဲ့ဝင်များနှင့်
ကျေးရွာသားအချို့ကို အာဏာပိုင် များက တရားစွဲဆိုသဖြင့် တရားရုံးမှ
ဆင့်ခေါ်စာများပေးပို့ခဲ့သည်။
လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်နေသော (HRDP) အဖွဲ့ဝင်များအား ယခုလ
(၁၈) ရက် နေ့က လူစုလူဝေးဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့ပြီးနောက်
ယခုကဲ့သို့ အာဏာပိုင်များက တရားစွဲ ဆိုရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဟင်္သာတမြို့နယ်တရားရုံးမှ ဆင့်ခေါ်စာတွင် တရားလိုအဖြစ်
တိုင်ကြားတရားစွဲသူမှာ ဧရာဝတီ တိုင်း၊ ဟင်္သာတမြို့နယ်၊
ကညင်ငူကျေးရွာအုပ်စု၊ အုပ်ပုံကျေးရွာ ရယကဥက္ကဌဖြစ်ပြီး ပုဒ်မ (၅၀၅) (က)
(ခ) ဖြင့် တရားစွဲကြောင်း ဖော်ပြထားသည်။
“အုတ်ပုံကျေးရွာမှာ (HRDP)က တည်းတဲ့အိမ်တွေက လူတွေပေါ့ဗျာ။ ကျနော်တို့
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေဟာ အိမ်တွေရဲ့ ဖိတ်ကြားချက်အရ
အိမ်တွေမှာပဲ လက်ခံခွင့်ပြုပါတယ်။ လူ့အခွင့်အရေးနဲ့
ပတ်သက်တဲ့ကိစ္စတွေကို သူတို့ကနေပြီး နားထောင်တယ်။ ကျနော်တို့ကိုလည်း
ဆေးရုံရောက်အောင် ပို့ပေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒီလူတွေကြောင့်
ကျနော့်မှာ အသက်ရှင် ရတယ်။ ဒီလူတွေကို သက်သက်မဲ့ တရားစွပ်စွဲတာဗျာ”ဟု
ကိုမြင့်လှိုင်က ဆိုသည်။
ဟင်္သတာမြို့နယ်တရားရုံးမှ ဆင့်ခေါ်ထားသူများမှာ ဦးမြစိန်၊ ဦးလှရှိန်၊
ဦးမြင့်၊ ကိုဝင်း၊ ကိုကျော် လွင်နှင့် ကိုမြင့်လှိုင်တို့
(၆)ဦးဖြစ်ပြီး တရားစွဲဆိုခဲ့သူမှာ အုတ်ပုံကျေးရွာ ရယကဥက္ကဌ ဦးအောင်
သန်းဆိုသူဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ပုဒ်မ(၅၀၅)
(က) (ခ) သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်ဝပ်ပိပြားရေးကို
ထိခိုက်စေသည့် ပြစ်မှု တခုကို ကျူးလွန်ချင်အောင် လူတဦးကိုဖြစ်စေ၊
လူတစုကိုဖြစ်စေ လှုံဆော်ရန်ပြုရန် လုပ်ဆောင် ပါက ထောင်ဒဏ် (၂)နှစ်အထိ
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု
ဖော်ပြထားသည်။
(HRDP)အနေဖြင့် လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်(၃၀)ကို ပြည်သူအများစု
နားလည် စိတ်ဝင်စားလာအောင် ရှင်းပြခြင်းသာဖြစ်ပြီး ယခုတရားစွဲဆိုခံရသည့်
လူအများစုမှာ အိမ်ရှင်များ ကျေးရွာသားများဖြစ်ကာ
လူ့အခွင့်အရေးကိစ္စများနှင့်ပတ်သက်၍ စိတ်ဝင်တစား လေ့လာ နားထောင်သည့်
ပြည်သူများသာဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆိုခြင်းကို
နားမလည်နိုင်ကြောင်း ကိုမြင့်လှိုင်က ဆိုသည်။
“(HRDP) ကို
အကြမ်းဖက်တဲ့နည်းနဲ့ ကျနော်တို့ကို ၀ိုင်းပြီးတော့ နှိပ်ကွပ်တယ်။
နောက်ထပ် လူ့အခွင့်အရေးအကြောင်းတွေကို မပြောနိုင်အောင်
နှိပ်ကွပ်တယ်လို့ ယူဆထားတယ်။ အခု ကျတော့ (HRDP) ကို နှိပ်ကွပ်ရုံတွင်
မဟုတ်တော့ဘူး။ လူ့အခွင့်အရေးအကြောင်းတွေကို စိတ်ဝင်စားတဲ့ ပြည်သူတွေပါ
နှိပ်ကွပ်လာတယ်ဗျ။ ကျနော်တို့ ဘယ်လိုနားလည်ရမှန်း မသိတော့ ဘူးဗျာ။
အဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှု ပိုပြီးတော့ ကြီးမားလာတယ်လို့
ယူဆတယ်” ဟု ကိုမြင့်လှိုင်က ဆိုသည်။
ယခုလ
(၁၈)ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာအနီး မြို့နယ်
(မယက) ရဲနှင့် ကြံ့ဖွံ့အဖွဲ့များက အကြမ်းဖက်ရိုက်နှက်ခဲ့သဖြင့် (HRDP)
အဖွဲ့ဝင်နှစ်ဦး ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့ပြီးနောက်
အဆိုပါအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သော အာဏာပိုင်များအား အရေးယူရန် (HRDP)
အဖွဲ့မှ ဦးမြင့်အေးနှင့် ရှေ့နေဦးအောင်သိန်းတို့မှ တလုတ်ထော်ရဲစခန်း
တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
သို့သော်
ယနေ့အချိန်အထိ အဆိုပါရဲစခန်းနှင့် အာဏာပိုင်များက
ရိုက်နှက်မှုတွင်ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ
မေးမြန်းစုံစမ်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ မပြုလုပ်
သေးသည့်အပြင် ယခုကဲ့သို့ အာဏာပိုင်များက ပြန်လည်တရားစွဲဆိုခြင်း
ထွက်ပေါ်လာခဲ့သည်။
အမှုစွဲဆိုခံရသူ ကိုမြင့်လှိုင်က “ဟင်္သာတမြို့နယ်၊ မြို့နယ်တရားရုံးကို
လာမဲ့ မေလ (၂)ရက်နေ့ ကို မနက် (၁၀)နာရီအရောက်လို့ သတ်မှတ်စာထဲမှာ
ပါတယ်ခင်ဗျ၊ ကျနော်တို့တင်ထားတဲ့ အမှုကို ဒီနေ့အထိ
ဥပဒေလမ်းကြောင်းအရဆိုလို့ရှိရင် ပလပ်ထားတယ်။ ရေးယူဆောင်ရွက်ခြင်း
မရှိဘူး။ မရှိဘဲနဲ့ သူတို့ကနေပြီး ကျနော်တို့ကို နည်းမျိုးစုံနဲ့
ပြန်ပြီးတော့ စွဲတဲ့အမှုကိုတော့ လက်ခံထားတာပေါ့ဗျာ”ဟု ပြောသည်။
မိမိတို့တင်ပြထားသည်များကို အာဏာပိုင်များဘက်မှ
အရေးယူဆောင်ရွက်ခြင်းမရှိသော်လည်း ယခုကိစ္စအတွက် ရှေ့နေများ၏
အကူအညီဖြင့် ဥပဒေလမ်းကြောင်းအတိုင်း ခုခံချေပရန် ပြင်ဆင်နေပြီး
လောလောဆယ်တွင် ဒဏ်ရာမပျောက်ကင်းသေးသော်လည်း တရားရုံး၏
ဆင့်ခေါ်သတ်မှတ်ရက်အရောက် သွားရောက်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆို
သွားခဲ့သည်။ |