|
ဥရောပသမဂ္ဂ(EU)က
မြန်မာပြည်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တိုးတက်ခြင်းမရှိ
သောကြောင့် မြန်မာစစ်အစိုးရအား စီးပွားရေးပိတ်ဆို့မှု
တစ်နှစ်ထပ်တိုးလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
တရားဝင်အရပ်သားအစိုးရထံ အသွင်ကူးပြောင်းပြီး
နိုင်ငံရေးပြုပြင်ပြောင်းလဲ တိုးတက်ခြင်း မရှိသောကြောင့်
စီးပွားရေးပိတ်ဆို့မှု တစ်နှစ်ထပ်တိုးလိုက်ကြောင်း လူဇင်ဘတ်မြို့တွင်
ကျင်းပ သည့် နိုင်ငံ(၂၇)နိုင်ငံပါဝင်သော (EU)နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးတွင် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂကြေညာချက်တွင် ပြည်တွင်းလူ့အခွင့်အရေး အဖွဲ့အစည်းများနှင့်
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများအား စစ်အစိုးရမှ
ဟန်တားနေမှုများနှင့် လူ့အခွင့်အရေး အကြမ်းဖက်ချိုးဖောက်မှုများကို
ပြင်းထန်စွာ ဆက်လက်လုပ်နေသည်ဟု ဖေါ်ပြထားသည်။
စစ်အစိုးရသည် တရားဝင်အရပ်သားအုပ်ချုပ်မှုများဆီသို့ ပြောင်းလဲရန်
လုပ်ဆောင်ချက်များ နည်းပါးသေးသည့်အတွက် မြန်မာပြည်အပေါ်
ဖိအားပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်
နိုင်ငံရေးပါတီများအား ပြန်လည်တည်ထောင်ခွင့်နှင့်
တိုင်းရင်းသားလူမျိုးစုများပါဝင်သော တွေ့ဆုံဆွေးနွေးရေးတို့
လုပ်ဆောင်ရန် တိုက်တွန်း လိုက်သည်။
စစ်ဆင်ရေးဒေသများတွင် အရပ်သားများအား ဖိနှိပ်မှုများရပ်တန့်ရန်နှင့်
စစ်အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးအား လွှတ်ပေးရန်
(EU)က ထပ်မံတောင်းဆို လိုက်သည်။
ထို့အပြင်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက်
အာဆီယံနိုင်ငံများမှ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့်
ငြိမ်းချမ်းးစွာ နိုင်ငံရေးပြုပြင် ပြောင်းလဲရန်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ လုပ်ဆောင်ချက်များအား
ထောက်ခံကြောင်း ဖေါ်ပြခဲ့သည်။
မြန်မာပြည်တွင် ရောဂါသုံးမျိုးတိုက်ဖျက်ရေးအပါအ၀င်
လူသားခြင်းစာနာထောက်ထားမှု အထောက်အကူများ ပြုလုပ်နေသည့်
နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အဖွဲ့အစည်းကော်မရှင်များ၏ လုပ်ဆောင်နေမှုကို
ထောက်ခံလိုက်ပြီး စစ်အစိုးရနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်(ILO)
အကြား အဓမ္မလုပ်အားပေး ခိုင်းစေမှုများနှင့်ပတ်သက်၍ သဘောတူညီထားသည့်
လုပ်ငန်းစဉ် အဆင့်ဆင့်ကို တိုးချဲ့ဆောင်ရွက်ရန်
အဆိုပါ(EU)ထိပ်သီးဆွေးနွေးပွဲက အခိုင်အမာပြောဆို ခဲ့သည်။
(EU)အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တနှစ်တကြိမ်
စီးပွားရေးပိတ်ဆို့မှုများ သက်တမ်းကို တိုးမြှင့်ဆောင်ရွက်ရာတွင်
နိုင်ငံရေးအရ ရှင်းလင်းမြင်သာသည့် ပြောင်းလဲမှုများကို အကဲဖြတ်၍
ဆောင်ရွက်လျှက်ရှိရာ လက်နက်ရောင်းဝယ်မှုအပါအ၀င်
စီးပွားရေး၊ကုန်သွယ်ရေးပိတ်ပင်မှုနှင့် စစ်အစိုးရ
အုပ်ချုပ်ရေးအဖွဲ့ဝင်များအား (EU)နိုင်ငံများသို့
ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းများ ပါဝင်သည်။ |