|
ဒီနေ့ ဧပြီလ (၁၂)ရက်နေ့။
ဆရာဇော်ဂျီရဲ့
နှစ်တစ်ရာပြည့်မွေးနေ့။
ဒီနေ့မနက် RFA အသံမှာ ကျနော်
ကြားလိုက်ရတယ်။ ပြည်တွင်းမှာ ဆရာဇော်ဂျီ အမှတ်တရနေ့ လုပ်နေကြတယ်တဲ့။
နောက်သိပ်မကြာခင်မှာ ဂျပန်က စာချစ်သူ၊ ကဗျာချစ်သူ ညီအစ်ကိုများကလည်း
ဂျပန်မှာလုပ်ကြမယ်တဲ့။
အလားတူပဲ
ထိုင်း-မြန်မာနယ်စပ်မှာရှိကြတဲ့ ဆရာစာ၊ ဆရာအတွေးတွေကို ချစ်ခင်
တန်ဖိုးထားကြသူတွေက ဒီပွဲကို တခမ်းတနား ကျင်းပနေကြတယ်။ ဆရာဇော်ဂျီကို
အမှတ်တရ ကျနော်တို့ အောက်မေ့တသ သတိရနေကြတယ်။ ကျနော်တို့ လွမ်းဆွတ်စွာ
ဂုဏ်ပြုနေကြတယ်။
အောက်မေ့တသ
ဂုဏ်ပြုစရာကောင်းတဲ့၊ မှတ်တမ်းတင်စရာကောင်းတဲ့ ဆရာတစ်ပါး ကို
နှစ်တရာပြည့်သောအခါမှာ ကျနော်တို့က အခုလို အောက်မေ့တသ ဂုဏ်ပြုကြတာ၊
မှတ်တမ်းတင်ကြတာ အလွန်မင်္ဂလာရှိတဲ့ ကိစ္စပါ။
လွန်ခဲ့သော နှစ်တစ်ရာ
(သို့မဟုတ်) နှစ်ရှစ်ဆယ်လောက်က Generation အသစ်၊ အသစ်ကို
ရှာဖွေတွေ့ရှိသူ၊ သူနဲ့...
ကနေ့ ၂၀၀၇၊ ၂၁ ရာစုရဲ့အသစ်ကို
ရှာဖွေနေသူများ၊ အဲဒီနှစ်မျိုးကို ပေါင်းကူး မိတ်ဆက်ပေးတဲ့ ပွဲတွေ။
အဲ့ဒီပွဲတွေကို ကျင်းပပြုလုပ်ကြတဲ့ ရည်ရွယ်ချက်တွေကိုက သိပ်ကို
ဂုဏ်ယူစရာ လှပနေကြပါတယ်။
ကျနော်က ဆရာဇော်ဂျီကို “ဇော်ဂျီမောင် ငါအစစ်ပါပဲ”လို့
ခေါင်းစဉ်ပေးပြီး ဂုဏ်ပြု စကားဆိုချင်တယ်။ အဲတော့ ဘာကြောင့်
ဇော်ဂျီမောင် ငါအစစ်ပါပဲလို့ ကျနော့်စိတ်ထဲမှာ စဉ်းစား မိသလဲဆိုတော့
အဲဒါ ကျနော် ပြောပြချင်ပါတယ်။
သေသေချာချာ
ပြန်ကြည့်လိုက်မယ်ဆိုရင် ဇော်ဂျီဆိုတာ ဖန်ဆင်းရှင်၊ အရာရာကို
ဖန်းဆင်းနိုင်သူ။ ဆရာဇော်ဂျီဟာ အဲဒီလို ဖန်ဆင်းရှင် တကယ်ဖြစ်ခဲ့ပါသလား။
အဲဒါကို ကျနော်တို့ လေ့လာကြည့်ကြရအောင်ပါ။
ကျနော့်အမြင်
ကဗျာဆရာဆိုတာကိုက အတော်ခမ်းနားနေပြီ။ အဲဒီထဲမှာမှ ဆရာဇော်ဂျီ လို
စေတနာအပြည့်ပါသော ကဗျာဆရာမျိုးဆိုတော့ အတိုင်းမသိ ခမ်းနားသွားပြီ။
ကနေ့ခေတ်မဂ္ဂဇင်းတွေထဲမှာ....
ဆန်းသစ်တယ်၊ ကနေ့ခေတ်နဲ့ ဟာမိုနီဖြစ်တယ် (သို့မဟုတ်) ဟာမိုနီဖြစ်ဖို့
ကြိုးစားအားထုတ်နေကြတယ်ဆိုတဲ့ ကဗျာတွေကို ညီငယ် ညီမငယ် တွေ
တွေ့ကြရမှာပါ။ စိုင်းဝေမြင့်၊ မိုးဝေ၊ ၀င်းမောင်၊ တိုးနှောင်မိုး၊
မိုဃ်းဇော်၊ မင်းထက်မောင် စသည်....
သို့သော် ဆရာဇော်ဂျီရဲ့ကဗျာတွေတော့ ကနေ့မှာ မတွေ့သလောက်ရှားလာတယ်။ အခု
ဗမာပြည်ရဲ့ ယဉ်ကျေးမှု၊ ကာလတွေ၊ ကနေ့ မဂ္ဂဇင်းတွေက Target ထားတဲ့
စာဖတ်ပရိသတ် တွေအရ ဆရာဇော်ဂျီရဲ့ကဗျာတွေ အတွေ့နည်းလာတယ်။
တခြားအကြောင်းတွေလည်း ရှိနိုင်ပါတယ်။ ထားတော့။
ဒီနေ့မှာ
ဆရာဇော်ဂျီရဲ့ကြေးသွန်းရုပ်တုဖွင့်ပွဲကိုလည်း ကျင်းပကြလိမ့်မယ်။ ကျနော်
သိသလောက်ဆိုရင် ကြေးသွန်းခံရသော ပုဂ္ဂိုလ်များအနေနဲ့ မန္တလေး
မီးရထားစာကြည့်သင်းဝန်း ထဲမှာ ဆရာကြီးရွှေဥဒေါင်းကြေးသွန်းရုပ် ရှိတယ်။
မန္တလေး ပန်တျာကျောင်းဝန်းထဲမှာ အဘ ဦးစိန်ဗေဒါရဲ့ ကြေးသွန်းရုပ်ရှိတယ်။
အခု ဖျာပုံမှာ ဆရာကြီး ဇော်ဂျီရဲ့ ကြေးသွန်းရုပ် ရှိမယ်။
ကြေးသွန်းခံရတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးသမားတွေ၊
နိုင်ငံရေးခေါင်းဆောင်တွေ မဟုတ်ကြပါ ဘူး။ ကဗျာဆရာတွေနဲ့
အနုပညာဖန်တီးသူတွေဖြစ်တယ်။ ကြေးသွန်းဂုဏ်ပြုလောက်အောင်
တန်းဖိုးကြီးလို့ ကြေးသွန်းဂုဏ်ပြုကြတာဖြစ်တယ်။ တခုတ်တရ
ပြုထိုက်လောက်အောင် တန်ဖိုး ကြီးတဲ့အတွက် အမှတ်တရ ပြုကြတာဖြစ်ပါတယ်။
မကြာခင်မှာပဲ ဗိုလ်စိန်လွင်ရဲ့ နှစ်တစ်ရာ ပြည့်တော့မယ်။ ဗိုလ်နေ၀င်း
နှစ်တစ်ရပြည့်တော့မယ်။ သူတို့ရဲ့ နှစ်တစ်ရာပြည့်ပွဲကို တခုတ်တရ
ဘယ်သူကများ လုပ်ပေးကြမှာလဲ။ ကျနော် စဉ်းစားကြည့်တယ်။ ဘယ်သူလုပ်မလဲ။
တန်ဖိုး မကြီးတဲ့သူကို တန်ဖိုးကြီးတယ်လို့ ဇွတ်လုပ်လို့မရဘူး။ ဒီမှာ
ဆရာတင်မိုးရဲ့ ကဗျာတစ်ပုဒ်ကို ကျနော်အမှတ်ရတယ်။
“နူနာကို
သူဇာလုပ်သော်လည်း သိကြသူ လူအများရယ်က ကိုင်း
ဘယ့်နှယ်ရှိစရယ်လို့ ၀ိုင်း၍ရယ်၏” တဲ့။
‘သိကြသူ
လူအပေါင်းရယ်က ၀ိုင်း၍ရယ်၏’ တဲ့။ ဆရာက ဒီလိုဆိုပါတယ်။
အနာကြီး ရောဂါစွဲပြီး မျက်နှာတစ်ပြင်လုံး ပျက်စီးနေတဲ့သူကို မိတ်ကပ်တွေ၊
ပေါင်ဒါတွေဖြည့်ပြီး၊ သူဇာ တမျှ ချောမောလှပသူအဖြစ် ဘယ်လိုပဲ ဟန်ဆောင်ထားထား နေဒဏ်၊ လေဒဏ်၊ ရေဒဏ်တွေ ခံလိုက်ရတဲ့အခါ အဲဒီပေါင်ဒါတွေ
ကွာကျသွားပြီး နူနာဝဲစွဲဖြစ်နေတဲ့ မူလရုပ်ပေါ်သွားမှာပဲလို့
အတွင်းသိတွေက နောကျေအောင် သိနေကြတယ်ဆိုတာကို ဖွဲ့ဆိုထားတာပါ။ ဒါကြောင့်မို့လို့ တန်ဖိုးမကြီးတဲ့သူတွေကို ဘယ်လိုပါဝါတွေ ဘယ်လိုအာဏာတွေနဲ့ပဲ
တန်ဖိုးကြီးလေဟန် လုပ်ထားလုပ်ထား ဆရာတင်မိုးပြောသလို သူတို့ရဲ့
ဟန်ဆောင်မှုတွေဟာ ရေစိမ်မခံပါဘူး။
အခု ကျနော်တို့
ဆရာဇော်ဂျီရဲ့ နှစ်တစ်ရာပြည့်ပွဲကို လုပ်ကြတာဟာ တန်ဖိုးကြီးသူကို
ထိုက်တန်စွာ တန်ဖိုးပေးကြတာ ဖြစ်တယ်။
၁၉၃၆ ရဲ့
သပိတ်အကြိုကာလကို ကျနော်အမှတ်ရမိတယ်။
ဆရာညိုမြရဲ့
“ခွေးသရမ်းကြီးလွတ်နေပြီ” ဆိုတဲ့ဆောင်းပါး အိုးဝေမဂ္ဂဇင်းမှာ ပါလာ တယ်။
ဒီဆောင်းပါးကို ဘယ်သူရေးတာလဲလို့ ပါချုပ်က အဲဒီတုန်းကတော့
ကျောင်းအုပ်ချုပ်ရေး အရာရှိ၊ သူက မေးလို့ အယ်ဒီတာ ကိုအောင်ဆန်းက
မပြောတော့ ကိုအောင်ဆန်းကို ကျောင်း ထုတ်မယ်လုပ်တော့ ဒုတိယကျောင်းသားသပိတ် ဖြစ်လာတယ်။ ဆိုတော့
အဲဒီကျောင်းသား သပိတ် ဖြစ်တဲ့အချိန်မှာ အခု လူထုဒေါ်အမာလို့ခေါ်တဲ့
ဒီလိုအရွယ်မျိုးဖြစ်သွားတဲ့ လူထု ဒေါ်အမာက ကျောင်းသူ၊ အဲဒီသပိတ်ထဲမှာ
ဝင်ပြီးတိုက်တာ၊ တိုက်ရင်းနဲ့ သပိတ်စခန်းကို ရွှေတိဂုံကုန်းတော်ပေါ်မှာ
ဖွင့်ထားတယ်။ ဖွင့်ထားတဲ့ သပိတ်စခန်းတွေထဲမှာ သပိတ်ကို ဆက်တိုက်ဖို့
အစည်းအဝေးတွေ လုပ်၊ ပြင်ဆင်နေဆဲမှာ ဆရာကြီးနှစ်ယောက် ရောက်လာ တယ်။
တစ်ယောက်က ဆရာဇော်ဂျီဖြစ်တယ်၊ တစ်ယောက်က ဆရာမင်းသုဝဏ် ဖြစ်တယ်။
ဒီဆရာတွေက သပိတ်မှောက်ကျောင်းသူတွေရဲ့ အော်တိုစာတွေမှာ
အမှတ်တရစာတွေ ရေးပေး ကြတယ်။ ဆရာနှစ်ပါးရေးတဲ့ စာတွေကို ကျနော်
ဒီမှာဖတ်ပြပါမယ်။
ဆရာမင်းသုဝဏ်က
---
“အမာသည် အပျော့မဟုတ်၊ အဖြူသည်
အမဲမဟုတ်၊ အဖြောင့်သည်
အကောက်မဟုတ်၊ အမာကို မပျော့စေနဲ့၊ အဖြူကို မမဲစေနဲ့၊ အဖြောင့်ကို မကောက်စေနဲ့” တဲ့။
အရေးအသားက တော်တော်ကို
ရိုးတယ်။ ဒါပေမယ့် စဉ်းစားကြည့်လေ နက်နဲလေ ဖြစ်ပါတယ်။ ‘ကျောင်းသူ အမာ’
ကို ‘လူထု အမာ’ ဖြစ်အောင် ဒီစာကြောင်းတွေက ထုဆစ်ပေး လိုက်သလား၊ ကျနော်
ဒီလိုအောက်မေ့တယ်။
နောက် ဆရာဇော်ဂျီ
ဘာရေးသလဲဆိုတော့ ----
“ပြဒါးရှင် ပေးချင်ငဲ့ ခုအရေး၊ ဇော်ဂျီမောင် ငါမစစ်လို့ စိတ်ညစ်တယ်လေး”
လေးကြောင်းပဲ။
ပြဒါးရှင် ပေးချင်ငဲ့ခုအရေး ဇော်ဂျီမောင် ငါမစစ်လို့ စိတ်ညစ်တယ် လေး
ဒီလိုရေးပါတယ်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေကို ရရှိဖို့ ကျနော်တို့
ကိုလိုနီကျွန် ဖြစ်နေတဲ့အခိုက်မှာ ကျောင်းသားသမဂ္ဂက ကမကထပြုပြီးတော့
ဒီသပိတ်နဲ့တိုက်ကြတယ်။ သပိတ်မှောက်ကျောင်းသားတွေရဲ့ ဒုက္ခကို
ဆရာဇော်ဂျီက ကယ်ထုတ်ချင်ပုံရတယ်။ ဇော်ဂျီ ဆိုတာ အစောက ‘လတာ’ကို
မသိသလို၊ မသိတဲ့သူများဆိုရင် ဇော်ဂျီဆိုတာ ဖန်ဆင်းရှင်ပေါ့။ ကဗျာဆရာ
ဇော်ဂျီမဟုတ်ပဲနဲ့ တကယ့် တန်ခိုးရှင်ဇော်ဂျီသာ ဖြစ်ခဲ့လို့ရှိရင်
ကနေ့ကျောင်းသား တွေ တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေ
အကုန်ပြည့်သွားအောင်၊ ကနေ့ကျောင်းသားတွေ လိုချင်နေတဲ့ လွတ်လပ်မှုတွေနဲ့
ဒီမိုကရေစီတွေ အကုန်ပြည့်သွားအောင်၊ ကျောင်းသား အခွင့်အရေးတွေ
အကုန်ပြည့်သွားအောင် ပေးလိုက်စမ်းချင်တယ်တဲ့။
ဒီလို
လေးကြောင်းနဲ့ပြောပြသွားတာ၊ ဇော်ဂျီအစစ် ဖြစ်ချင်စမ်းတော့တယ်။
ဒီလိုဖြစ် မှာပေါ့။ ဆရာဇော်ဂျီကဗျာ ဒီလိုဖြစ်မှာပါ။ အဲဒီဥစ္စာကို အမေမာဟာ
ဆရာဇော်ဂျီဆုံးသွားပြီဆိုတဲ့ နေ့မှာ သူရဲ့ note book တွေထဲမှာ
ပြန်ရှာတော့ ကျောင်းသူဘ၀က ရေးထားတဲ့ အော်တိုစာအုပ် ကလေး တွေ့လာ၊
စာရွက်ကလေးတွေ ပိုးတွေ ကိုက်လို့၊ အဲဒါကိုကြည့်ပြီးတော့ ရင်ထဲမှာ
တလှပ်လှပ်ခံစားရတယ်။ ခံစားရပြီးတော့မှ သူက အစောက ဆရာဇော်ဂျီရဲ့
ပါရမီဖြည့်ဖက် ဒေါ်စောရင်ဆီကို စာရေးပြီးတော့ ပြတဲ့စာတမ်းမှာ
ဒီလိုဖော်ပြထားတာပါ။
ကျောင်းသူအမာရဲ့ note book
ထဲမှာတွေ့တဲ့ ဒီကဗျာတွေကို ဆရာကြီးနှစ်ပါးက ရေး ပေးတယ်။ ဒီလောက်
စေတနာတွေနဲ့ အတွေးအခေါ်တွေ ဦးစီးနေသော ကဗျာတွေ၊ စာတွေကို
ဆရာကြီးနှစ်ပါးက လာပြီးတော့ ရေးပေးတယ်ဆိုတော့ ဒီဆရာတွေက တကယ့်ကို
အသက် အရွယ်ရနေတဲ့ ဆရာကြီးတွေဖြစ်နေပြီလား။ ဧရာမလူကြီးတွေ ဖြစ်နေပြီလား။
သို့မဟုတ် ဒီလို အရွယ်မျိုးလား။ ဒီလိုအရွယ်မျိုးကပဲ
ဒီလောက်စဉ်းစားချက်နဲ့ ဒီလို စေတနာစိတ်တွေ ဖြစ်လာ ရလား။
ဒီလိုစဉ်းစားကြည့်တော့ အသက်နဲ့တွက်ကြည့်ရင် ၂၉ နှစ်ပဲ ရှိသေးတယ်။ ၃၆
ခုနှစ်က ဆိုတော့ ၂၉ နှစ်ပေါ့နော်။ အဲဒီကတည်းက ကဗျာတစ်ပုဒ်တိုင်း
တစ်ပုဒ်တိုင်းမှာ ကျနော်တို့ကို စေတနာ အပြည့်ပေးတဲ့ စာတွေရေးခဲ့ပါတယ်။
မရေမတွက်နိုင်အောင် ရေးခဲ့တယ်။ ဒါကြောင့် လည်း ကနေ့ ကျနော်တို့လိုပဲ
ဆရာ့ကို တန်ဖိုးထားတဲ့ သူတွေရှိတယ်။ မနက်ကတုန်းက ဖျာပုံမှာ
ဆရာအောင်ဝေး ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာဇော်ဂျီကို
သိပ်အားထားတာပဲတဲ့။ မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ရဲ့
အောက်မှာရှိတဲ့ လွတ်လပ်ရေး ကျောက်စာတိုက်က စာသားတွေဟာ ဆရာဇော်ဂျီ ပြုစုတာဖြစ်တယ်လို့ မနက်က ဆရာ အောင်ဝေး ပြောသွားတယ်။
ဆရာဇော်ဂျီရဲ့ နှစ်တရာပြည့်
အခမ်းအနားမှာ ဆရာဇော်ဂျီရဲ့ ကြေးသွန်းရုပ်ကို ဖွင့်လှစ်ကြမယ်၊ ပြီးတော့
ကဗျာတွေရွတ်ကြမယ်။ အဲဒီလို စီစဉ်တာကိုတောင် မေးလား စစ်လား နဲ့
ကြောက်လန့်တကြားတွေ ဖြစ်နေကြတယ်။ လူထုကို စေတနာထားပြီဆိုရင်
ကဗျာဆရာပဲ ဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် စစ်အုပ်စုက အင်မတန်
ကြောက်တယ်။ ဆရာဇော်ဂျီဆိုတာ မြန်မာစာပေရဲ့ ဘဏ္ဍာတိုက်ကြီးအတွင်း
အင်မတန်ကို တန်ဖိုးကြီးကြီး တစ်ဘ၀လုံးနှစ်ပြီး ပေးထားတဲ့သူ၊ ဒီလို
ကဗျာဆရာကြီးတစ်ဦးရဲ့ ရာပြည့်အခမ်းအနားပွဲ ကျင်းပတာမှာတောင်
အကန့်အသတ်နဲ့၊ ဆင်ဆာနဲ့၊ ခင်ဗျားတို့က ဘယ်လိုလုပ်မှာလဲတဲ့၊ ကျနော်တို့
ဆရာဇော်ဂျီ ရေးခဲ့တဲ့၊ ကျောင်းသုံးတောင်ပြဌာန်းခဲ့တဲ့ ကဗျာတွေရွတ်မယ်။
ကဗျာဘယ်နှစ်ပုဒ်ရွတ်မှာလဲလို့ မေးတော့။ ခုနှစ်ပုဒ်ရွတ်မယ်လို့ ဖြေတယ်။
ဘယ်အပုဒ်တွေလဲလို့ ထပ်မေးလာလို့ ကဗျာတွေကို တင်ပေးရတယ်။ ဆရာကြီးကို
တန်ဖိုးထားစိတ်နဲ့သာ သည်းညည်းခံနေရပေမယ့်
တော်တော် စိတ်ဆိုးစရာကောင်းနေပြီ။ ရွေးထားတဲ့ ကဗျာတွေဟာ
ကျောင်းသုံးတောင်မှ ပြဌာန်းပြီးသား ကဗျာတွေပါ။ အဲဒီကဗျာတွေကို
ရွတ်မယ်ဆိုတော့ ရွတ်ခွင့်မပေးနိုင်ဘူးဆိုပြီး ပယ်ပါတယ်။
ခုနှစ်ပုဒ်တင်လိုက်တဲ့အထဲမှာ ကျနော်ထင်တယ် ဆရာဇော်ဂျီဟာ
တကယ့်ကို ဇော်ဂျီအစစ် ဖြစ်သွားပြီလို့ ဆိုရတော့မှာပါ။ ဆိုတော့ ကျနော်
ဆရာဇော်ဂျီရဲ့ ပြည်တွင်းက ရာပြည့်ပွဲမှာ ရွတ်မယ့် ကဗျာ (၇)ပုဒ်အနက်
အပယ်ခံရသော (၄)ပုဒ်အနက် တစ်ပုဒ်ကို ကျနော် ဆရာ့ကို ဂုဏ်ပြုပြီး
ဒီမှာရွတ်ပါမယ်။ ကျောင်းသုံးပြုဌာန်းထားတဲ့ ကဗျာဖြစ်ပါတယ်။
ကြည့်ကြရအောင် နော်။
ကဗျာရဲ့ ခေါင်းစဉ်က
“တို့တိုင်းပြည်” တဲ့။
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာ တို့မြေ
တို့ရွာမြေ၀ယ် စေတီစပါး များလည်းများ၏ များပါလေလဲ တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး တညှိုးညှိုးနဲ့။ ပုထိုးမြင့်မား ကျောင်းကြို
ကျောင်းကြား လှည့်လည်သွားလျက် မစားလေရ ၀မ်းမ၀၍ ဆွမ်းမျှ မတင်နိုင်
ရှိမည်တည်း။
စားတဲ့ ကျနော်တို့ Stable
food က စပါးပါပဲ။ အဲတော့ အဲဒီစကားပါးကို စားရင် ကျနော်တို့ ထွက်သမျှ
ဆန်နဲ့ ကျနော်တို့စားသမျှ ဆန်နဲ့ဆိုရင် တစ်နှစ်မိုးကောင်းလို့
စပါး အောင်ထားရင် (၃)နှစ် မိုးခေါင်ခွင့်ရှိတယ်လို့
တောင်သူများ ပြောဖူးပါတယ်။ အဲဒီလိုမျိုးပါ။ မိုးတွေကောင်း
စပါးတွေကောင်းပြီး အဲဒီလို ချမ်းသာလာတဲ့အချိန်မှာ၊
ကိုယ်ချမ်းသာလာတဲ့ အချိန်မှာ ကုသိုလ်ဒါန အင်မတန်ပြုချင်တဲ့
မြန်မာလူမျိုးတွေဟာ
တောင်ထိပ်တိုင်းမှာ
စေတီ ပေါက်ချင်တဲ့၊ ဘုရားတည် ကျောင်းဆောက်ချင်တဲ့ ကျနော်တို့
ဗမာပြည်သားတွေဟာ ဘုရား တွေတည် ကျောင်းတွေဆောက်ကြတယ်။
အဲလောက်လုပ်ခဲ့နိုင်တဲ့ ကျနော်တို့တွေဟာ အခုတော့ အဲဒီ စေတီစပါးတွေ၊
စေတီတွေပေါ စပါးတွေပေါ။ စပါးတွေပေါတဲ့အတွက် စေတီတွေပေါ ဖြစ်လာတဲ့
ကျနော်တို့ ဗမာပြည်ဟာ တဖြည်းဖြည်းနဲ့ မွဲမွဲ မွဲမွဲ မွဲမွဲ လာလိုက်တာ။
ဆင်းရဲလာတဲ့ ကာလတွေကြာလာတယ်။ အဲတော့ ယာစကာ မျိုးတွေဖြစ်လာတယ်။ အဲတော့
စောစောက ပြော သလို လတာကို မသိသူများ ယာစကာဆိုတာ Beggar သူတောင်းစားပါ။
ကျနော်တို့ ပြည်သူ တွေဟာ သူတောင်းစားဘ၀ကို တဖြည်းဖြည်း ရောက်လာကြပြီလား။ ဆရာဇော်ဂျီ ဒီလို စဉ်းစား တယ်။ ဆရာဇော်ဂျီစဉ်းစားတာ ၁၉၃၀ လောက်ဆီက၊
ဆရာစံ သူပုန်ထနေတဲ့ အချိန်က။ လူခွန် တွေ၊ ဆားခွန်တွေ၊
ပြူတင်းပေါက်အခွန်တွေကအစ အတင်းတောင်းနေတဲ့ အချိန်မျိုးမှာ။ ပြူ
တင်းပေါက်ခွန်ဆိုတာ တဲမှာ ပြူတင်းပေါက် မရှိဘူး။ အိမ်ကျမှ ပြူတင်းပေါက်ရှိတယ်။ တဲဆိုရင် အခွန်တစ်မျိုး၊ အိမ်ဆိုရင် အခွန်တစ်မျိုးကောက်နေတဲ့
အချိန်မျိုးမှာ အခွန်တွေပေးရလွန်းလို့ လယ်သမားတွေတောင် ဓါးကိုင်ပြီးတော့ တော်လှန်ရေးဆင်နွှဲနေတဲ့ အချိန်မျိုးမှာ ဆရာဇော်ဂျီက ဒီကဗျာကို
ရေးတာပါ။ ဒီအဖြစ်ဆိုးတွေ ပြည်သူတွေ ဖြစ်နေပြီဆိုပြီး ၁၉၃၀ တ၀ိုက်ဆီက
ဖွဲ့ခဲ့တာ။ အဲဒီတုန်းက အဖြစ်နဲ့ ကနေ့ဟာ တူပဲ တူနိုင်လွန်းလှပါတယ်။
ဆက်ပြီးကျနော်တို့ ဖတ်ကြည့်ရအောင်။
ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာ တို့မြေ
တို့ရွာမြေ၀ယ် ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့် သီးနှံချိုပျား များလည်းများ၏ များပါလေလဲ တမွဲမွဲနဲ့ ဆင်းရဲကာသာ ကာလကြာလျှင် မြင်သာမြင်ရ မစားရ၍ တောက ပြိတ္တာဖြစ်မည်တည်း။
ကျနော်တို့ ဗမာပြည်မှာက
သရက်ပင်တွေဆိုတာ ဘယ်သူမှ ရေမလောင်းဘဲ သီးမှ သီး။ စံပယ်ပန်းတွေဆိုတာ
ဘယ်သူမှ မပြုစုပဲ မွှေးမှမွှေး၊ ဒီလိုနိုင်ငံမျိုး။ ဒီလိုလှတဲ့
နိုင်ငံမျိုး။ အဲဒီလိုနိုင်ငံမျိုးမှာ ကျနော်တို့နေကြတာ။ ဒါပေမယ့်
အဲလို နေနေရင်းနဲ့ပဲ ကျနော်တို့ တဖြည်း ဖြည်း မွဲမွဲ မွဲမွဲ မွဲမွဲ
လာတယ်။ ဆင်းရဲ ဆင်းရဲ ဆင်းရဲ လာတယ်။ အိမ်မှာသီးတဲ့ ပိန္နဲသီးလေးကို တောင်
မစားရက်၊ ဈေးကိုသွားပြီးရောင်း၊ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့
ဆန်ကြမ်းလေး ရသလောက် ၀ယ်၊ ၀ယ်ပြီးပြန်လာမှ ဆန်ကြမ်းလေးနဲ့ လမ်းဘေးက
ကန်စွန်းရွက်လေးနဲ့ ကြော်ချက်ပြီး စားကြရတဲ့ ဘ၀မျိုး။ အခုလည်း
တိုက်ဆိုင်လိုက်တာဗျာလို့ ပြောရမလောက်ပါဘဲ။ အခုလည်း အဲဒီအတိုင်းပဲ
ဖြစ်နေတယ်။ အဲဒီတုန်းက ကျနော်တို့ ရေနံမြေမှာ
သခင်ဖိုးလှကြီးတို့ ပြောသလို ပေါ့ “ကျနော်တို့ ကတော့ (၁၀)
ပေပတ်လည် အခန်းကျဉ်းကျဉ်းထဲမှာ ဒီနေရာမှာအိပ်၊ ဒီနေရာ မှာစား၊ ဒီနေရာမှာ
ဧည့်ခံဖြစ်နေရတဲ့အချိန်မှာ သူတို့ကတော့ တိုက်နဲ့တာနဲ့ အစေခံနဲ့
မော်တော် ကားနဲ့ ကျနော်တို့ကို ဖိနှိပ်ချင်တိုင်း ဖိနှိပ်နေတယ်”လို့
ရေနံမြေက အလုပ်သမားခေါင်းဆောင် ကြီးတွေ ပြောသလိုမျိုး။ ကျနော်တို့က
အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ သူတို့က ညတိုင်း နေ့တိုင်း စိန်စီသောညတွေ
ဖြစ်နေကြတယ်။ ကျနော်တို့က ကုန်းကောက်စရာမရှိအောင် မွဲချင်တိုင်း
မွဲနေကြတဲ့အချိန်မှာ သူတို့ကတော့ စိန်စီသောညတွေချည်း ဖြစ်နေတာဟာ
တကယ်ကို ကြေကွဲ စရာပါ။ ကျနော်တို့ ဆက်ရွတ်ကြည့်ရအောင်။
ထလော့မြန်မာ မြန်မာထလော့ အားမပျော့နှင့် မလျှော့လုံ့လ သူကစ၍၊ ငါက အားလုံး လက်ရုံးမြားမြောင်
ဉာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလေ ဆောင်ကြလေလော့ ဤမြေ ဤရွာ ဘယ်သူ့ရွာလဲ ဤယာစပါး ဘယ်သူ့စပါးလဲ
ဆရာက မေးပြီ၊ မေးပြီ။ မမေးပဲ
မနေနိုင်တော့ဘူး။ ‘ဤမြေ ဤရွာ ဘယ်သူ့ရွာလဲ’၊ ‘ဤယာစပါး ဘယ်သူ့စပါးလဲ’။
အရာရာကို စစ်အုပ်စုက စိုးမိုးဗိုလ်ကျနေပြီး တမိုးလုံး ဖြောက်ဆိတ်
လုပ်နေကြတဲ့အတွက် ဒါဟာ မေးစရာဖြစ်သွားပြီ။
အဲဒီအခြေအနေကို
ကျော်လွန်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ လုပ်ကြမှာ လဲ။ ဘယ်သူမဆို ဖြစ်နိုင်တယ်။ သူကစ၍ ငါက အားလုံး ကျနော်တို့အားလုံး ဖြစ်နိုင်တယ်။
ကျနော်တို့အားလုံးဟာ သိမ်ကြီးဈေးနားမှာလို ဒါမှမဟုတ် တခြားနေရာမှာလို
တဖြည်းဖြည်း တစ်ကျစ်ကျစ် တအုန်းအုန်းနဲ့ ချကြဖို့လိုပြီ။ အဲဒီလို ဆရာက ပြောတယ်။ ဘယ်တုန်းက ပြောတာ လဲဆိုတော့ ၁၉၃၀ တုန်းက ပြောတယ်။
အများကြီးတိုက်ဆိုင်ပါတယ်။
မနက်က ဆရာအောင်ဝေးရဲ့
အင်တာဗျူးမှာ ဆရာဇော်ဂျီမှာ ထူးခြားတဲ့ အရည်အချင်း နှစ်မျိုးရှိတယ်တဲ့။
နှစ်မျိုးက ဘာလဲဆိုရင် တစ်ခုက မေတ္တာတရား၊ တစ်ခုက ဉာဏ်ပညာတဲ့။ အဲတော့
မေတ္တာတရားဆိုတာ ဘယ်သူ့အပေါ်မှာလဲဆိုတော့ ပြည်သူတွေအပေါ်မှာ ထားလိမ့် မယ်။
လူထုတွေအပေါ်မှာ ထားလိမ့်မယ်။ ဉာဏ်ပညာက အဲဒီမေတ္တာတရားကို ကျနော်တို့
အကောင်အထည်ဖော်နိုင်အောင် ကိုယ်ပေးတဲ့ မေတ္တာကို သူ့ဆီစူးသွားအောင်၊
ရောက်စေချင်တဲ့ နေရာကို တည့်တည့်ရောက်သွားအောင် လုပ်ဖို့ဆိုရင်
ဉာဏ်ပညာနဲ့ ကျနော်တို့ လုပ်စရာရှိတာ တွေ လုပ်ဖို့လိုတယ်။ ဆရာက
ကျနော်တို့ကို ဒီကဗျာနဲ့ Request လုပ်သွားတယ်။ Encourage လုပ်သွားတယ်။
Empower လုပ်သွားတယ်။ ကျနော်တို့ အားရှိလာအောင် ကျနော်တို့ကို လှုံ့ဆော်စည်းရုံးသွားတယ်။
သူကစ၍ ငါကအားလုံး လက်ရုံးမြားမြောင်
ဉာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလေ၊
ဆောင်ကြလေလော့ ဤမြေ ဤရွာ ဘယ်သူ့ရွာလဲ ဤယာစပါး ဘယ်သူ့စပါးလဲ ထားလော့တာဝန်၊
ပွန်လော့လုပ်ငန်း ဉာဏ်ရှေ့ပန်း၍ တစ်ဝမ်းတစ်စိတ် ညီစေသတည်း။
ဟိုမှာ ဘာတာဝန်ရှိသလဲဆိုတော့
တို့မှာ ဘာတာဝန်မှ မရှိဘူးလား။ လူသား တစ်ယောက်က လူသားတစ်ယောက်ရဲ့
တာဝန်ရှိပါတယ်။ နိုင်ငံသားတစ်ယောက်ဟာ
နိုင်ငံသား တစ်ယောက်ရဲ့တာဝန်ရှိတယ်။ ကမ္ဘာထဲမှာရှိတဲ့လူဟာ ကမ္ဘာ့တာဝန်ရှိတယ်။ အဲဒီတာဝန်တွေ ရှိတယ်။ အဲဒီတာဝန်တွေရှိတယ်လို့
ကိုယ့်ကိုကိုယ် သဘောထားရမယ်။ တာဝန်ကျေပွန်အောင် လုပ်ကြရမယ်။ အားလုံးမှာ
တာဝန်တွေ ထမ်းရွက်ဖို့ရှိပါတယ်။ ဒီတာဝန်တွေကို ဘယ်လိုထမ်း ရွက်ကြမလဲ။
သူက တမျိုးပြော၊ ငါက တပေါက်ဆို၊ ဒီလိုမျိုးတော့ လုပ်လို့ရမယ် မထင်ဘူး။
ကျနော်တို့ရဲ့ စွမ်းပကားတွေကို၊ ကျနော်တို့ရဲ့ အစွမ်းအစတွေကို
အစွမ်းကုန်ထုတ်ပြီး တညီတညွတ်တည်း၊ တစိတ်တ၀မ်းတည်း စုစုစည်းစည်းနဲ့
ဆောင်ရွက်ကြရလိမ့်မယ်လို့ ဆရာက ကျနော်တို့ကို ထောက်ပြခဲ့ပါတယ်။
ဒုတိယကျောင်းသားသပိတ်
အကြိုကာလ တို့ဗမာအစည်းအရုံးကြီးက လူထုကို ဦးဆောင်စည်းရုံးပြီး ကမကထပြုနေတဲ့ ကာလဆီက သြဇာကြီးခဲ့တဲ့ ဆရာ့ကဗျာဟာ ကိုလိုနီ ထက်တောင် ပိုဆိုးတဲ့
ဦးလိုနီလို့တောင် ပြောရမယ့် စစ်ဖိနပ်အောက်က စစ်ကျွန်ဖြစ်နေရတဲ့
ကနေ့ကာလထိ သြဇာကြီးနေတုန်းပဲ။ ဒီနေ့အထိ လူထုကို လှုံ့ဆော်စည်းရုံးနိုင်တုန်းပဲ။
လူတစ်ယောက်ဟာ
အသက်ဘယ်လောက်ရှည်နိုင်မလဲ။ အသက် ၁၂၀ ရှိစေသော်လို့ ဇာတာထဲမှာ ရေးထားကြပေမယ့် အသက် ၁၂၀ ရှည်ခဲပါတယ်။ ဒါပေမယ့် ဇော်ဂျီအစစ်ဖြစ်သွား တဲ့
ဆရာဇော်ဂျီကတော့ ကနေ့အထိ အသက်ရှည်ဆဲပဲ။ နောင်လည်း ကမ္ဘာတည်သ၍
အသက်ရှည်နေပါလိမ့်မယ်။
ဒါကြောင့်မို့လို့
ဆရာဇော်ဂျီဟာ ဆရာဇော်ဂျီက ကိုင်တိုင်ဝန်မခံခဲ့သော်လည်းပဲ
ကျနော်ကတော့ဖြင့်ရင် “ဇော်ဂျီမောင် ငါအစစ်ပါပဲ” လို့ ထိုက်ထိုက်တန်တန်
တန်ဖိုးပေးချင်ပါ တယ်။ ကျနော် အဲဒီလို တန်ဖိုးပေးပါရစေ။
x x x x x
ဇွန်မှိုင်း
၁၂၊
၎၊ ၂၀၀၇ |