|
ကနေ့
(နအဖ)စစ်အစိုးရလုပ်နေတာတွေက လာမယ့်မေလ ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲမှာ
“ထောက်ခံမဲ”တွေ အလုံအလောက် ရရှိဖို့ပဲဖြစ်တယ်။ စာနယ်ဇင်း၊ ရေဒီယိုနှင့်
ရုပ်မြင် သံကြားတွေကနေ ရေးသားထုတ်လွှင့်ပြသနေတာတွေအားလုံးရဲ့
တစ်ခုတည်းသော ဦးတည် ချက်ဟာ ထောက်ခံမဲတွေရရှိဖို့ပဲ ဖြစ်ပါတယ်။
လာမယ့်မေလ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ အလုံအလောက်ရရှိမှသာ
(နအဖ)စစ်အစိုးရ စိတ်ကြိုက် တစ်ဖက်သတ်ချမှတ်ရေးဆွဲထားတဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း(၂၀၀၈)ကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။
ဒီအတွက် သူတို့ မီးကုန်ယမ်းကုန် လှုပ်ရှား ဆောင်ရွက်နေကြတယ်။
ပုံစံမျိုးစုံနဲ့ ညစ်ပတ်ဖို့၊ လှည့်စားဖို့၊ လိမ်လည်ဖို့၊ အကြပ်ကိုင်
ခြိမ်းခြောက်ဖို့ကိုလည်း အဖက်ဖက်က ပြင်ထားတယ်။ လက်တွေ့လည်း
ကျင့်သုံးနေတယ်။
ကျနော်တို့ပြည်သူတွေလုပ်ဖို့က (နအဖ)စစ်အစိုးရ လုပ်နေတာတွေနဲ့
ပြောင်းပြန်လုပ်ရ မှာ ဖြစ်ပါတယ်။
(နအဖ)စစ်အစိုးရက “ထောက်ခံမဲ”တွေရဖို့ လုပ်နေတာဖြစ်တယ်။
ကျနော်တို့ပြည်သူ တွေ လုပ်ရမှာက “မဲရုံသွားပြီး ကန့်ကွက်မဲ” ထည့်ဖို့
ဖြစ်ပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်
ထောက်ခံဆန္ဒမဲပေးမှသာ အတည်ပြုနိုင်မှာဖြစ်တယ်။ ဒီတော့ ကျနော်တို့
ပြည်သူတွေအနေနဲ့ (နအဖ)စစ်အစိုးရ ချပြလာမယ့်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ကို
မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ကန့်ကွက်မဲတွေနဲ့
ဆန့်ကျင်ပယ်ချနိုင်ဖို့လိုတယ်။
ဘာဖြစ်လို့
မဲရုံသွားပြီး ကန့်ကွက်မဲထည့်ဖို့ တိုက်တွန်းရတာလဲ။ လှုံ့ဆော်ရတာလဲ။
တစ်ခွန်းတည်းပြောရရင် စစ်အာဏာရှင်စနစ်ကို
ဆန့်ကျင်ပယ်ချနိုင်ဖို့ပဲဖြစ်ပါတယ်။
(နအဖ)စစ်အစိုးရချပြလာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈)ဆိုတာဟာ
စစ်အာဏာရှင်စနစ် တရားဝင် တည်ရှိစေဖို့နဲ့ စစ်အုပ်စုသားစဉ်မြေးဆက်
အာဏာရယူထားနိုင်ဖို့ ရေးသားထားတာပဲဖြစ်တယ်။ ကျနော်တို့ပြည်သူများဟာ
စစ်အာဏာရှင်စနစ်ကို ပုံစံနှစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး
ဖြစ်ပါတယ်။ အတိတ်သမိုင်းကို အနည်းငယ် လှည့်စောင်းကြည့်ကြပါစို့။
တကယ်တော့
စစ်အုပ်စုဟာ ၁၉၅၈ ခုနှစ်မှာ “အိမ်စောင့်အစိုးရ”ဆိုတဲ့ နာမည်နဲ့
အာဏာရဲ့အရသာကို မြည်းစမ်းခွင့်ရသွားခဲ့တယ်။ ဒီလို ခေတ္တခဏ
မြည်းစမ်းခွင့်ရသွားတာကို အရသာတွေ့သွားတယ်။ ဒီတော့ ဒီလို ခေတ္တခဏ
မြည်းစမ်းခွင့်ရတာလောက်နဲ့ မတင်းတိမ် မရောင့်ရဲနိုင်တော့ဘူး။ ဒီတော့
အာဏာကို ထာဝစဉ်ချုပ်ကိုင်ထားနိုင်ဖို့ လုပ်ရတော့တယ်။ ဒီလိုနဲ့ ၁၉၆၂
မတ်လ (၂) ရက်နေ့မှာ “တော်လှန်ရေးကောင်စီ”အမည်နဲ့ (၁၉၄၇) အခြေခံဥပဒေကို
ဖျက်သိမ်းပြီး တိုင်းပြည်ရဲ့အာဏာအရပ်ရပ်ကို သိမ်းပိုက်ခဲ့တယ်။
ဒီတော့
ကျနော်တို့တိုင်းပြည်ရဲ့သမိုင်းမှာ လွတ်လပ်ရေးခေတ်ရဲ့ ပထမဆုံးသော
အခြေခံဥပဒေ (၁၉၄၇) ကို ဖျက်သိမ်းလိုက်တာ စစ်အုပ်စုပဲ။
တော်လှန်ရေးကောင်စီ အမည်ခံ ထားတဲ့ စစ်အုပ်စုဟာ (၁၉၆၂)ကနေ (၁၉၇၄)အထိ
(၁၂)နှစ်တာကာလအတွင်း ဘာအခြေခံ ဥပဒေမှမရှိဘဲ တိုင်းပြည်ကို
အုပ်စိုးခဲ့တာဖြစ်တယ်။ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့၊ သမိုင်းဝင်
(တကသ)အဆောက်အဦးကို ဖြိုချခဲ့တဲ့ “၇ ရက် ဇူလိုင်”အရေးအခင်းဟာ အဲဒီကာလ
အတွင်းမှာ ဖြစ်ခဲ့တာပါ။ နိုင်ငံရေးပါတီ အသင်းအဖွဲ့တွေကိုလည်း
ဖျက်သိမ်းပစ်ခဲ့တာဖြစ်တယ်။
နောက်တော့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့အမည်နဲ့ တစ်ပါတီအာဏာရှင်စနစ်ကို (၁၉၇၄)
အခြေခံဥပဒေနဲ့ ဖော်ထုတ်အသက်သွင်းလာခဲ့တယ်။ (၁၉၇၄) အခြေခံဥပဒေဟာ
အရင်းစစ်လိုက်ရင် စစ်အာဏာရှင်စနစ်ပဲဖြစ်ပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာ ပြည်တွင်းပြည်ပကို လိမ်ညာလှည့်ဖြားဖို့
တပ်ဆင်ထားတဲ့ မျက်နှာဖုံးတစ်ခုသာ ဖြစ်ပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ မျက်နှာဖုံးတပ်ထားတဲ့
စစ်အာဏာရှင်စနစ်ကို ချုပ်ကိုင်စေစား မောင်းနှင်ခဲ့သူကတော့
ယနေ့စစ်အုပ်စုရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေ၀င်းပဲဖြစ်ပါတယ်။
ဗိုလ်နေဝင်းအလိုကျ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ကာကွယ်ရေးဦးစီးချုပ်တွေ
တက်လုပ်ခဲ့ကြရ တာပဲဖြစ်တယ်။ ဗိုလ်နေ၀င်းအလိုမကျသူမှန်သမျှ
ဖယ်ရှားခံခဲ့ကြရတယ်။ ဒီ (၁၉၇၄) အခြေခံ ဥပဒေရဲ့သက်တမ်းဟာ
(၁၉၈၈)ခုနှစ်အထိ (၁၄)နှစ် ကြာမြင့်ခဲ့ပါတယ်။ ဒီ(၁၄)နှစ်အတွင်းမှာ (၇၄)၊
(၇၅)၊ (၇၆) စတဲ့ အရေးအခင်းတွေ ဖြစ်ပွားခဲ့တယ်။ အဲဒီကာလအတွင်းမှာပဲ
အရှေ့ တောင်အာရှမှာ ချမ်းသာကြွယ်ဝပါတယ်ဆိုတဲ့ ကျနော်တို့နိုင်ငံဟာ
အဆင်းရဲဆုံးနိုင်ငံ(LDC) ဖြစ်သွားရတာပါပဲ။
အဲဒီ
တစ်ပါတီအာဏာရှင်စနစ် (၁၉၇၄) အခြေခံဥပဒေကို စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲ
အတည်ပြုခဲ့တာ ဖြစ်ပါ တယ်။ ထူးခြားချက်က အဲဒီတစ်ပါတီအာဏာရှင်စနစ် (၁၉၇၄)
အခြေခံ ဥပဒေကို ဖျက်သိမ်းပစ်လိုက်သူဟာ ပြည်သူတွေ ပဲဖြစ်ပါတယ်။
(၁၉၈၈)ဒီမိုကရေစီလူထုအရေး တော်ပုံကြီးနဲ့
တိုက်ဖျက်ပစ်လိုက်တာဖြစ်ပါတယ်။ မဆလတစ်ပါတီ အာဏာရှင်စနစ်နဲ့ (၁၉၇၄)
အခြေခံဥပဒေကို ဖျက်သိမ်းနိုင်ခဲ့သော်လည်း စစ်အုပ်စုကို
ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီတော့ စစ်အုပ်စုက (န၀တ)
အမည်နဲ့ တိုင်းပြည်အာဏာ အရပ်ရပ်ကို ချုပ်ကိုင်ထားခဲ့ပါတယ်။ (န၀တ၊ နအဖ)
စစ်အစိုးရ က အခြေခံဥပဒေမရှိပဲ အခုလိုအုပ်စိုးခဲ့တာ (၁၉၈၈)ကနေ ယနေ့
(၂၀၀၈) အထိ နှစ်ပေါင်း (၂၀) ရှိပါပြီ။
(၁၉၉၀)ပြည့်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာ လွှဲပြောင်းမပေးပါဘူး။
သူတို့ချမှတ်ပြဌာန်းထားတဲ့ ဥပဒေတွေ၊ အမိန့်ကြေညာချက်တွေကိုလည်း
ဂရုမစိုက်ပါဘူး။
ယခု
သူတို့စိတ်ကြိုက် အခြေခံဥပဒေတစ်ခုကို ရေးဆွဲထားပါတယ်။ (န၀တ၊ နအဖ)
ထုတ်ပြန်ထားတဲ့ ကြေညာချက်အမှတ် (၁/၉၀)အရပဲကြည့်ကြည့်၊ ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲဥပဒေအရပဲကြည့်ကြည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို
ရေးဆွဲရမယ့် ပုဂ္ဂိုလ် တွေဟာ (၁၉၉၀)ပြည့်ရွေးကောက်ပွဲမှာ
အရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ တာဝန်နဲ့
လုပ်ပိုင်ခွင့်သာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက ဒါနဲ့ ပြောင်းပြန်ပဲ
ပြုလုပ်ခဲ့ ပါတယ်။ သူတို့စိတ်ကြိုက် ဦးတည်ချက်တွေ၊ အခြေခံမူတွေ၊
အသေးစိတ်အခြေခံမူတွေကို တစ်ဖက်သတ် ချမှတ်ခဲ့ကြပြီး
ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ အဲဒီိလိုရေးဆွဲနိုင်ဖို့အတွက် ညီလာခံ ကိုလည်း
(၁၄)နှစ်နီးပါးကြာအောင် ကျင်းပခဲ့တာဖြစ်ပါတယ်။
ယခု
သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေမူကြမ်း (၂၀၀၈)ကို လာမယ့်မေလ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ကျနော်တို့ပြည်သူများရဲ့ တာဝန်က ဒီအခြေခံဥပဒေ မူကြမ်း (၂၀၀၈)ကို
အတည်မပြုနိုင်ဖို့၊ ကန့်ကွက်ပယ်ချနိုင်ဖို့ လုံးပမ်းရမှာဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ခပ်တိမ်တိမ်တွေးပြီး ဒူးထောက်အရှုံးပေးချင်သူတချို့ရဲ့
ပြောစကားတွေနဲ့ေ၀၀ါးနေရမယ့်အချိန် မဟုတ်ပါဘူး။ ဒီအခြေခံဥပဒေမူကြမ်း
(၂၀၀၈) ကို အတည်မပြုနိုင်အောင် ဆန့်ကျင်မဲပေးပြီး ကန့်ကွက်ကြရမှာ
ဖြစ်ပါတယ်။ တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။
ဒီအတွက်
ပြည်သူများဟာ မဲရုံသွားပြီး ကန့်ကွက်မဲပေးဖို့ လိုအပ်ပါတယ်။
မဲရုံကိုသွားရမယ်။ ကန့်ကွက်မဲပေးရမယ်။ ဒီတာဝန်ကို ကျနော်တို့ပြည်သူတွေ
တစ်ဦး ချင်းစီက ရဲရဲဝံ့ဝံ့ ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒီကနေ့
ပြည်သူအားလုံးရဲ့ တစ်ခုတည်းသော တာဝန်နဲ့ ဦးတည်ချက်က မဲရုံသွားပြီး
ကန့်ကွက်မဲပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ လူထုတိုက်ပွဲ ဖြစ်ပါတယ်။
အသံတိတ်ဆင်နွှဲရမယ့် လူထုတိုက်ပွဲလည်း ဖြစ်ပါတယ်။
အတိတ်သမိုင်းမှာ -
စစ်အုပ်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့တယ်။
စစ်အုပ်စုဟာ ဖွဲ့စည်ပုံအခြေခံဥပဒေမရှိဘဲနဲ့လည်း အုပ်စိုးခဲ့တယ်။
စစ်အုပ်စုဟာ
သူတို့စိတ်ကြိုက် တစ်ဖက်သတ်ရေးဆွဲ အတည်ပြုခဲ့တဲ့ မဆလတစ်ပါတီ
အာဏာရှင်စနစ် မျက်နှာဖုံးစွပ်ထားတဲ့ (၁၉၇၄)အခြေခံဥပဒေနဲ့လည်း
အုပ်စိုးခဲ့တယ်။
ယခုလည်း
(နအဖ)စစ်အုပ်စုက သူတို့စိတ်ကြိုက်တစ်ဖက်သတ်ရေးဆွဲထားတဲ့
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်” မျက်နှာဖုံးစွပ်ထားတဲ့
အခြေခံဥပဒေနဲ့ နောက်ထပ် အုပ်စိုးနိုင်ဖို့ ကြိုးပမ်းလာနေတယ်။ ဒါကို
ကျနော်တို့ပြည်သူအားလုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချနိုင်ဖို့
လိုအပ်ပါတယ်။
ဒီအတွက်
လာမယ့် မေလမှာ မဲရုံသွားပြီး ကန့်ကွက်မဲပေးဖို့ လိုအပ်ပါတယ်။
မဲရုံသွားပြီး ကန့်ကွက်မဲပေးကြစို့။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ကန့်ကွက်မဲပေးကြစို့။ |