|
ဂျပန်သံအမတ်ကြီး(အငြိမ်းစား) Mr. Yoichi YAMAGUCHI သို့
ပြန်ကြားချက်
ရိုးမမောင်
(၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)
ရေနစ်နေသော (နအဖ)စစ်အစိုးရအတွက်တော့
ဂျပန်သံအမတ်ကြီး( အငြိမ်းစား) Mr. Yoichi YAMAGUCHI ၏ ဆောင်းပါးက
ကောက်ရိုးတစ်မျှင်ပါ။
ဒါကြောင့်ပဲ နေ့စဉ်ထုတ်သတင်းစာမှာ ဘာသာပြန်ဖေါ်ပြလိုက်တာပါ။ ဒီအချိန်မှာ
(နအဖ)စစ်အစိုးရ လိုက်ရှာနေတာက သူတို့ဘက်က‘ပင်း’ ပြီး
သာသာထိုးထိုးရေးမယ့်သူ လိုက်ရှာနေရလို့ပါ။ ပြည်တွင်းမှာကတော့ ဒါမျိုးက
ရှာစရာမလိုပါဘူး။ လိုရာသုံးပါ၊ လိုသလောက် သုံးပါ။
“သင်ဆိုးလျှင်ကျွန်ုပ်မဆိုးပါ” ဆိုပြီး ကိုယ့်ဘာသာ ထိုးအပ်နေသူတွေက
အများသား မဟုတ်လား။ ဒီလိုနဲ့ ရဲဘော်တင်ရွှေ၊ ငါးမင်းဆွေ၊ လှသိန်းဌေး၊
ကျော်မင်းလူ (ရွှေပြည်သာ)၊ ဦးဆွေ(ဗဟန်း)၊ ချမ်းမြအေး စသဖြင့်
နေ့စဉ်ထုတ်သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင်တွေ ဖြစ်လာကြတာပါ။
ရုပ်မြင်သံကြားမှာလည်း ‘ဟုတ်ပါတယ် အကိုရာ -- မှန်တာပေါ့ ညီရယ်’ ဆိုတဲ့
အသံတွေ ကြားလာရခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ၃ နှစ် (၁၉၉၅ - ၁၉၉၇ အထိ)
တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ သံအမတ်ကြီး) Mr. Yoichi YAMAGUCHI ဟာ
သံအမတ်ကြီးဘ၀ကနေ အနားယူပြီးတဲ့နောက် မြန်မာနိုင်ငံကို နှစ်စဉ်နီးပါး
သွားရောက်လည်ပတ်ခဲ့သူဖြစ်ပါတယ် လို့လည်း ဆိုပါတယ်။
မြန်မာပြည်မှာ သံအမတ်ကြီးအတွက် ဘာတွေကများ ဆွဲဆောင်ထားပါလိမ့်။
ပုဂံနေညိုချိန် ဆည်းဆာအလှကို ခံစားဖို့သက်သက်ပဲလား။
တငြိမ့်ငြိမ့် ရစ်ခွေစီးဆင်းနေတဲ့ မြစ်မင်းဧရာတီရဲ့အလှကို ကြည့်ပြီး
ဘီယာစုပ်ဖို့ပဲလား။
ဒါမှမဟုတ် အခြားသော တပ်မက်စွဲလန်းစရာတစ်ခုခုကြောင့်များလား။
ဇိမ်ခံစရာတွေဆိုတာ မြန်မာပြည်ထက် ဂျပန်ပြည်က ပိုပြီးပေါမှာပါ။
ဂေရှာမယ်တို့၊ ဆောင်ကြာမြိုင်တို့ ဆိုတာတွေဟာ
ဖက်ဆစ်ဂျပန်စစ်တပ်ကြီးနဲ့အတူ ကျနော်တို့တိုင်းပြည်ထဲ ရောက်လာခဲ့တဲ့
စကားလုံးနဲ့ ဖြစ်ရပ်တွေပါ။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ အာရှပြည်သူတွေ
(ကိုးရီး ယား၊ တရုတ်၊ မြန်မာ) က သိပ်နာကျည်းကြတဲ့ စကားလုံးတွေပါ။
ဒါတွေနောက်ကွယ်မှာ အရှက်တကွဲအကျိုးနည်း၊ နာကျင်ကြေကွဲစရာ ဖြစ်ရပ်တွေ၊
ဇာတ်လမ်းတွေ ရှိနေတယ်မဟုတ် လား။
ဒီလိုမှမဟုတ်ရင် မြန်မာပြည်မှာရင်းနှီးမြှုပ်နှံထားတဲ့ သံအမတ်ကြီး
ကိုယ်ပိုင် ပုဂ္ဂလိက အကျိုးစီးပွား ဘာတွေများရှိနေပါလဲ။
သံအမတ်ဆိုသူတချို့၊ ပညာရှင်ဆိုသူအချို့ကတော့ (န၀တ-နအဖ)စစ်အစိုးရ
စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး စီးပွားရေးအခွင့်အလမ်းတွေ ရရှိရေး၊
ပင်လယ်ငါးဖမ်းခွင့်၊ ကျောက်မျက်ရတနာဝယ်ယူရေး၊ သတ္တူတူးဖေါ်ခွင့် ရရှိရေး၊
သစ်ထုတ်ခွင့်၊ ဇိမ်ခံဟိုတယ်ကြီး တွေ ဖွင့်လှစ်ဖွင့်ရရှိရေး စသဖြင့်
အကျိုးစီးပွား မျှော်ကိုးချက် ကိုယ်စီရှိနေကြပါတယ်။ မစ္စတာ ရာဇာလီတောင်
ဒီလိုကိစ္စမျိုးတွေနဲ့ မလွတ်ကင်းခဲ့ပါဘူး။ အီးပတ်စပို့စ်ကိစ္စနဲ့
ပတ်သက်ပြီး အနံ့ တွေ ထွက်လာခဲ့ဖူးတာပဲ။ ဒါ့အပြင် မာရီယမ်ဆီးဂူးလ်၊
ရောဘတ်တေလာ၊ ဒဲရက်သွန်ကင် တို့ဟာ (န၀တ- နအဖ)စစ်အစိုးရနဲ့
အလွမ်းသင့်ကြသူတွေ၊ ပုလင်းတူဗူးဆို့တွေပါ။
သံအမတ်ကြီးက
ဗြိတိသျှနဲ့ အမေရိကန် မုန်းတီးရေး၊ ခရစ်ယာန်ဘာသာမုန်းတီးရေး၊ တရုတ်၊
ကုလား ဆန့်ကျင်ရေးတွေကို သာသာထိုးထိုး ရေးထားပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း
ဖက်ဆစ်ဂျပန်တွေရဲ့ သုံးနှစ်သုံးမိုး လူမဆန်စွာ
ရက်စက်ရမ်းကားခဲ့တာတွေကိုတော့ တလုံး တပါဒမျှ ဖေါ်ပြမထားပါဘူး။
ဘာကြောင့်ပါလဲ။ ထိုအချိန်က မြန်မာပြည်ကိုချီတက်ခဲ့တဲ့ ဖက်ဆစ်
တပ်မတော်ကြီးမှာ ပါဝင်ခဲ့ဖူးတဲ့ စစ်ဗိုလ်တစ်ဦးဦးနဲ့ သံအမတ်ကြီးက
သွေးသားနီးစပ် နေပါ သလား။
‘ချွေးတပ်ဆွဲတယ်၊ ချွေးတပ်စခန်း၊ သံဖြူဇရပ်၊ သေမင်းတမန်မီးရထားလမ်း၊
တစ်သွေး တစ်သံတစ်မိန့်၊ အဓိပတိ၊ ကင်ပေတိုင်၊ ပါးရိုက်တယ်၊
ရေနွေးလောင်းပြီး လက်သည်းခွံချွတ် တယ်၊ ထုတ်တန်းမှာ ဇောက်ထိုးဆွဲပြီး
နှိပ်စက်တယ်၊ ကိုယ့်ကျင်းကိုယ်တူးပြီး ခေါင်းဖြတ်သတ် ဖြတ်တယ်၊
မုဒိန်းကျင့်တယ်’ ဆိုတာတွေဟာ ကျနော်တို့ သင်ခဲ့ရတဲ့၊ ဖတ်ခဲ့ရတဲ့
သမိုင်းစာမျက် နှာတွေထဲက နာကျည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်မှန်တွေဖြစ်ပါတယ်။
လက်ပံတန်း ဦးဘတင်၊ စစ်ကိုင်းက သခင်သိန်းတန်တို့နဲ့ အခြားသော
ဖက်ဆစ်တော်လှန်ရေးသမားများ ပြည်သူများဟာ ဖက်ဆစ်ဂျပန်တွေ
သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေပါ။ သူတို့ကို ကျနော်တို့
နောက်မျိုးဆက်တွေက အမြဲတမ်း သတိရအလေးပြုနေကြရတာပါ။ သူတို့
စွန့်လွှတ်စွန့်စားခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါ။
အာရှသာတူညီမျှကောင်းစားရေးဆိုတာကို နေ၀န်းနီအလံနဲ့ ဓါးလွတ်ကိုင် ဖက်ဆစ်
တွေရဲ့ ကြမ်းကြုတ်ရက်စက်မှုကို ပြည်သူတွေက တပေါင်းထဲ
နားလည်သိမြင်ခဲ့ကြပါပြီ။ ခင်ဗျားဟာ လက်ရှိစစ်အစိုးရကို
လက်ခံအသိအမှတ်ပြုနိုင်သလို ကျနော်တို့ ဖက်ဆစ်တော်လှန် ရေး သူရဲကောင်း
ဗိုလ်မှူးဗထူးကိုရော အသိအမှတ်ပြုနိုင်ပါ့မလား။
ခင်ဗျားက ၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းပြီး (မဆလ)ပါတီ
ထောင်ပြီး အုပ်စိုးခဲ့တာကို ‘အင်္ဂလိပ်ကိုလိုနီခေတ်နဲ့ မထူးခြားသော
အမှောင်ခေတ်ကို ရောက်ရှိခဲ့ပါတယ်’ လို့ ဆိုထားပါတယ်။ ဘာဖြစ်လို့
သုံးနှစ်သုံးမိုး ဖက်ဆစ်ဂျပန်အမှောင်ခေတ်နဲ့ မနှိုင်းယှဉ်ရတာလဲ။ အဲဒါဟာ
အထက်မှာ ကျနော်မေးခဲ့ရတဲ့ မေးခွန်း (ထိုအချိန်က မြန်မာပြည်ကို
ချီတက်ခဲ့တဲ့ ဖက်ဆစ်တပ်မတော်ကြီးမှာ ပါဝင်ခဲ့ဖူးတဲ့
စစ်ဗိုလ်တစ်ဦးဦးနဲ့ သံအမတ်ကြီးက သွေးသားနီးစပ် နေပါသလား) ရဲ့ သံသယနဲ့
သဲလွန်စပါပဲ။
တကယ်တော့ ဗိုလ်ချုပ်နေ၀င်းနဲ့ (မဆလ)အုပ်စိုးခဲ့တဲ့ ၂၆ နှစ်ကာလမှာ
ပြည်သူတွေ၊ ပြည်သူ့အုံကြွမှုတွေကို ရေကြည်အိုင်၊ အင်းစိန်၊
ကိုကိုးကျွန်း အစရှိတဲ့ အကျဉ်းစခန်းတွေမှာ ဖက်ဆစ်တွေလိုပဲ
ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်ခဲ့တာပါ။ ၁၉၆၂ အာဏာသိမ်းပြီးတဲ့နောက်
ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုချခဲ့ပြီး
ကျောင်းသားတွေကို သတ်ဖြတ် ခဲ့တာ၊ (၁၉၇၄- ၁၉၇၆-၁၉၈၈)အရေးအခင်းတွေမှာ
ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာ
(မဆလ)စစ်အစိုးရပဲဖြစ်ပါတယ်။ အဲဒီအချိန်က အဲဒီလို ရက်စက်ရမ်းကားခဲ့တဲ့
(မဆလ)စစ်အစိုးရကို အဓိက ကျောထောက်နောက်ခံပေးပြီး အကူအညီ မျိုးစုံ
ပေးခဲ့တာ သံအမတ်ကြီးတို့ရဲ့ နိပွန်ဂျပန်နိုင်ငံတော်ကြီး
ဖြစ်တယ်ဆိုတာကို ဘာဖြစ်လို့ မဖေါ်ပြတာပါလဲ။
အဆင်းရဲဆုံးနိုင်ငံ (LDC) အဖြစ် လျှောက်ထားဖို့ အကြံပေးခဲ့တာလဲ
သံအမတ်ကြီးတို့ ဂျပန်အစိုးရကိုယ်တိုင်ပဲလို့ ကြားသိရဖူးပါတယ်။ ဒါကိုရော
ဘယ်လိုဖြေရှင်းလိုပါသလဲ။ ဒါတွေကို ဘာလို့ ထိန်ချန်ထားရတာပါလဲ။
“စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်၊ မိုးပေါ်ထောင်ဖောက်တာ မပါဘူး” လို့
ကြုံးဝါးခဲ့တာပါ။ ဒီပဲယင်းမှာ သတ်ဖြတ်ခဲ့တာ၊ ယခုနောက်ဆုံး
သံဃာတော်များဦးစီးတဲ့ လူထု လှုပ်ရှားမှုကြီး ရက်ရက်စက်စက်
ဖိနှိပ်ချေမှုန်းခဲ့တာတွေဟာ ဆရာထက် တပည့် လက်စောင်း ထက်တယ် ဆိုတဲ့
(န၀တ-နအဖ)စစ်အုပ်စုရဲ့ ထင်ရှားတဲ့ ဗီဇစရိုက် ဖေါ်ပြချက်တွေပဲဖြစ်ပါတယ်။
ပြည်သူတွေက (နအဖ)စစ်အုပ်စုရဲ့ အဲဒီလို ဗီဇစရိုက်တွေကို ကြည့်မြင်ပြီး
ဒီကနေ့ (နအဖ)စစ်အုပ်စုဟာ ပြည်တွင်းဖြစ် ဖက်ဆစ်တွေပဲလို့ မှန်မှန်ကန်ကန်
အကဲဖြတ်ကြပါတယ်။ ဘာသာသနာနဲ့ သံဃာတော်များကိုပင်
နင်းချေသတ်ဖြတ်ခဲ့ပြီမဟုတ်ပါလား။
ပြီးတော့ သံအမတ်ကြီးဟာ သံတမန်ကောင်းတဦးပီပီ သုံးသပ်ရေးသားစေချင်တာပါ။
ဆန္ဒပြသူတွေဟာ ယုံကြည်လို့မရသူတွေ၊ အလုပ်လက်မဲ့တွေ၊ (NLD)က
နေ့စားခပေးပြီး စည်းရုံး ထားသူတွေလို့ ပြောတာကတော့ သိပ်
စည်းလွတ်ဝါးလွတ်နိုင်လွန်းလှသဗျာ။ ဒါဟာ ကျနော်တို့ ပြည်သူတွေကို
စော်ကားလိုက်တာပဲဗျာ။ ဒီလိုပြောနိုင်တဲ့ အချက်အလက် သံအမတ်ကြီး ဘယ်က
ရပါသလဲ။
တကယ်တော့ သံအမတ်ကြီးရေးတဲ့အထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားကို
ဒုတ်ဓါးတွေနဲ့ အကြမ်းဖက်ရန်ပြုတယ်ဆိုတာ၊ ကြံ့ဖွံ့နဲ့
စွမ်းအားရှင်ဆိုတဲ့ (နအဖ)စစ်အစိုးရ လက်သပ်မွေးထားတဲ့
လူမိုက်လူရမ်းကားတွေရဲ့ လက်ချက်ဖြစ်ပါတယ်။ အဲဒီလိုလူတွေကို စစ်အစိုးရက
ဖမ်းဆီးပြီး အပြစ်ပေးအရေးယူတယ်လို့ သံအမတ်ကြီး ကြားဖူးပါသလား။
ဒီကနေ့အထိ ဒီပဲယင်းအကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးပေးပါလို့
တောင်းဆိုနေတာကို (နအဖ)စစ်အစိုးရက စုံစမ်းမပေးဝံ့ပါဘူး။
သူတို့တတွေ အဲဒီလို မိုက်ရိုင်းရမ်းကားဝံ့အောင် သွေးထိုးပေးခဲ့သူဟာ
တချိန်က (မီးရထားဝန်ကြီး ဦးဝင်းစိန်)ပဲ ဖြစ်ပါတယ်။ သူဟာ
စစ်ကိုင်းတိုင်းထဲက မြို့နယ် ကြံ့ဖွံ့ အစည်းအဝေးတစ်ခုမှာ
ဒေါ်အောင်ဆန်းစုကြည်ကို သုတ်သင်ပစ်ရမယ်လို့ မြှောက်ပင့်သွေး ထိုးခဲ့သူ
ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မှန်တွေ သံအမတ်ကြီး ဘယ်သိနိုင်ပါ့မလဲ။
ဆင်ခြင်စေချင်တယ်ဗျာ။ တစ်ကိုယ်ရေ အကျိုးစီးပွားမျှော်ကိုးချက်နဲ့
ကျနော်တို့ ပြည်သူတွေကို မစော်ကားစေချင်ပါဘူး။ ကျနော်တို့ပြည်သူတွေဟာ
ဖက်ဆစ်စနစ်နဲ့ ဖက်ဆစ် ဂျပန်တွေအပေါ် ခါးခါးသီးသီး
မုန်းတီးရွံရှာခဲ့ပေမယ့် အဖိနှိပ်ခံ ဂျပန်ပြည်သူတွေအပေါ်မှာတော့
နှစ်နှစ်ကာကာ စာနာတတ်သူတွေဖြစ်ပါတယ်။ တခြား ဝေးဝေးမကြည့်ပါနဲ့။
ဒုတိယကမ္ဘာစစ်ကြီး ပြီးကာနီးမှာ နာဂါစကီးနဲ့ ဟီရိုးရှီးမားမြို့ကြီး
(၂)မြို့အပေါ် အမေရိကန်က အနုမြူဗုံး ကြဲချလိုက် တော့
ကျနော်တို့ပြည်သူတွေဟာ ဂျပန်ပြည်သူတွေအပေါ် စာနာကြင်နာမှုကို
နက်နက်ရှိုင်းရှိုင်း ပြသခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တတိယကမ္ဘာစစ်နဲ့
အနုမြူလက်နက် ဆန့်ကျင်တားဆီးရေး တွေမှာ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့
ဆန္ဒတွေ၊ ထက်သန်တဲ့ သဘောထားတွေ၊ တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှုတွေကို
သံအမတ်ကြီး တာဝန်နဲ့ ကျနော်တို့နိုင်ငံကိုမလာခင်မှာ လေ့လာခဲ့၊
ဖတ်မှတ်ခဲ့ရဖူးမယ်လို့ ယုံကြည်ပါတယ်။
သံအမတ်ကြီးက ‘ဂျပန်လူမျိုး Journalist Mr.Nagai Kenji သေဆုံးခဲ့မှုအတွက်
အလွန် စိတ်ထိခိုက်မိသည်မှာ အမှန်ဖြစ်ပါတယ်’ လို့ ဖေါ်ပြထားပါတယ်။
ကျနော်လည်း စိတ်မကောင်း ပါဘူး။ ဒါပေမယ့် သံအမတ်ကြီးက ဒီဖြစ်ရပ်မှာ
အခြား သေဆုံးရတဲ့ မြန်မာနိုင်ငံသား ပြည်သူ များနဲ့ ဆရာတော်၊
သံဃာတော်များအတွက် ၀မ်းနည်းကြောင်း၊ စိတ်ထိခိုက်မိကြောင်း ဖေါ်ပြ ထားတာ
မတွေ့မိပါဘူး။ ဒီအတွက် ကျနော် ပိုလို့စိတ်မကောင်းဖြစ်ရပါတယ်။
ဂျပန်လူမျိုးမှ ဂျပန် လူမျိုးဆိုတဲ့ စိတ်ဓါတ် သံအမတ်ကြီးရဲ့ ဗီဇစိတ်မှာ
တိတ်တဆိတ် ခပ်နှိပ်စွဲထင်နေပါသလား။ ‘နေမျိုး နေမျိုး’ ဆိုတဲ့
ကြွေးကြော်သံနဲ့ ကျန်လူမျိုးတွေကို နှိမ့်ချ နင်းချေသတ်ဖြတ်ခဲ့တာတွေ၊
ဗိုလ်လုပ်ခဲ့တာတွေကိုတော့ ခါးခါးသီးသီး မုန်းတီးလှသဗျာ။
အခုလည်း ကျနော်တို့ပြည်သူတွေ၊ ကျနော်တို့ ဆရာတော်၊ သံဃာတော်တွေ၊
ကျနော်တို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကျနော်တို့ပြည်သူတွေရဲ့
လှုပ်ရှား ရုန်းကန်မှုတွေကို မကူညီချင်နေပါ၊ မထောက်ခံချင်နေပါ၊
ပုံဖျက်ပန်းဖျက် ပြောတာဆိုတာ ရေးတာသားတာတွေ၊
တိုက်ခိုက်ပုတ်ခတ်တာတွေကိုတော့ တဆိတ်ဆင်ခြင်စေချင်ပါတယ်။
ကျနော်တို့ မြန်မာပြည်သူလူထုဟာ
- ကိုလိုနီနယ်ချဲ့သမားကို ဆန့်ကျင်ခဲ့တဲ့
သမိုင်းအစဉ်အလာ၊
- ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့
သမိုင်းအစဉ်အလာ၊
- ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို
တော်လှန်ခဲ့တဲ့ သမိုင်းအစဉ်အလာတွေ ရှိပါတယ်။
ယခုလည်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်နေတဲ့ လူထု
ဖြစ်ပါတယ်။
ဂျပန်သံအမတ်ကြီး(အငြိမ်းစား) Mr. Yoichi YAMAGUCHI စဉ်းစားဖို့နဲ့
ဆင်ခြင် ဖို့ပါ။
ကျေးဇူးတင်ပါတယ်။
◊ ◊ ◊ ◊ ◊ |