|
ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်
ရိုးမမောင် (၂၀၀၇ ခုနှစ်၊ ဇွန်လ
၁၈ ရက်)
ဒေါ်အောင်ဆန်းစုကြည်ကို (နအဖ)စစ်အစိုးရက ပုဂ္ဂိုလ်ရေးအရ
ထိပ်လန့်ကြောက်ရွံ့ နေခြင်းသက်သက်ကြောင့် ယခုလို ထိန်းသိမ်းထားခြင်း
လုံးဝမဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ထိန်းသိမ်းထားရသူ၊ လွှတ်မပေးဝံ့သူတွေ
ယခုအချိန် အထိ (နအဖ)စစ်အစိုးရ၏ အကျဉ်းထောင်များထဲတွင်
အများအပြားရှိနေပါသည်။
ဦးတင်ဦး၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဦးဝင်းတင်၊
ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာ မေ၀င်းမြင့် စသဖြင့် အများအပြားရှိနေပါသည်။
လူပုဂ္ဂိုလ်တစ်ဦးချင်းအရ (နအဖ)စစ်အစိုးရ စစ်ဗိုလ်ချုပ်ကြီးများသည်
မည်သူ့ကိုမျှ မကြောက်ဟု ထင်ပါသည်။ ကြိတ်ပြီး တိတ်တဆိတ်ကြောက်နေတာတွေ
ရှိနေရင်တော့ ကျွန်တော်လည်း မပြောတတ်တော့ပါ။
သူတို့ ယခုကဲ့သို့ နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းထားရခြင်း၊
လွှတ်မပေးဝံ့ခြင်းမှာ အောက်ပါအကြောင်း (၂)ချက်ကြောင့်သာဖြစ်မည်ဟု
ယူဆပါသည်။
- ဖမ်းဆီးထိန်းသိမ်းခံထားရသူတစ်ဦးချင်း၏ နိုင်ငံရေးအရ၊ ယုံကြည်ချက်အရ၊
ရပ်တည်ချက်အရ၊ ကိုယ့်ကျင့်သိက္ခာအရ မြင့်မားကြံ့ခိုင်မှု။
- ဖမ်းဆီးထိန်းသိမ်းထားသူများအပေါ် ပြည်သူလူထု၏ ကြည်ညိုလေးစားထောက်ခံမှု
တို့ကြောင့်သာ ဖြစ်ပါသည်။
(နအဖ)စစ်အစိုးရသည် အဆိုပါ အချက် (၂)ချက်ကို ထိတ်လန့်ကြောက်ရွံ့ပါသည်။
ထိုသို့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသော်လည်း၊ ထိန်းသိမ်းမှုသက်တမ်း
အကြိမ်ကြိမ်တိုးနေသော်လည်း ထိုသူများ၏ နိုင်ငံရေး၊ ယုံကြည်ချက်၊
ရပ်တည်ချက်၊ ကိုယ်ကျင့် သိက္ခာတို့သည် (နအဖ)စစ်အစိုးရ မျှော်လင့်သလို
ပြောင်းလဲ၍မသွား။ ပို၍ပို၍သာ ပြတ်သား ကြံ့ခိုင်လာခဲ့သည်။
ထိုပုဂ္ဂိုလ်များလွတ်မြောက်ရေးသည် ပြည်သူများ၏ ဆန္ဒဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်း ထားသူများကို ပြည်သူများက
အမြန်ဆုံးလွတ်မြောက်စေလိုသည်။
ထိုပုဂ္ဂိုလ်များ လွတ်မြောက်လာသည့်အခါတိုင်း ပြည်သူလူထုသည်
လန်းဆန်းနိုးထ အားပြည့်လာလေ့ရှိသည်။ ယင်းကို (နအဖ)စစ်အစိုးရ
အထိတ်လန့်ဆုံး၊ အကြောက်ရွံ့ဆုံးပင် ဖြစ်သည်။
လူထု၏ လိုအပ်ချက်၊ စိတ်ဆန္ဒနှင့် ထိုပုဂ္ဂိုလ်များ၏
နိုင်ငံရေးသဘောထားနှင့် ရပ်တည် ချက်များသည် ငါးနှင့်ရေပမာ
တစ်သားတည်းရှိသည်။ ခွဲခြား၍မရပါ။ ယင်းကို ခွဲခြားပစ်နိုင်ရန်
(နအဖ)စစ်အစိုးရက ကြိုးပမ်းနေခြင်းဖြစ်သည်။
ယင်းသို့တည်ရှိနေမှုကို (နအဖ)စစ်အစိုးရ ထိတ်လန့်ကြောက်ရွံ့နေသဖြင့်
ယခုကဲ့သို့ နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းထားရခြင်းဖြစ်ပါသည်။
ဥပမာတစ်ခုထုတ်ပြလိုက်လျှင် ရှင်းလင်းလိမ့်မည်ဟု ထင်ပါသည်။
တစ်ချိန်က တန်ခိုးသြဇာရှိလှပါသည်ဆိုသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို
ကြက်ကလေး ငှက်ကလေးသဖွယ် ဖယ်ရှားပစ်ခဲ့သည်မဟုတ်ပါလော။
(ထလရ)တပ်ဖွဲ့ကြီးကိုလည်း အမိန့် ကြေညာချက်ထုတ်၍
ဖျက်သိမ်းပစ်ခဲ့သည်မဟုတ်ပါလား။ (ထလရ)ထိပ်တန်းအရာရှိများကို လည်း
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်မဟုတ်ပါလား။
အဘယ်ကြောင့် ဤသို့ လက်ရဲဇက်ရဲလုပ်ဝံ့ကြပါသနည်း။ ထိုသူများတွင်
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ အထက်တွင် တင်ပြထားခဲ့သော
အချက် (၂)ချက်မရှိ၍သာ ဖြစ်သည်။
သို့ဖြင့် (နအဖ)စစ်ဗိုလ်ချုပ်များသည် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို
ရာထူးမှ ချနိုင်ခဲ့သည်။ ယခု ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သတိရမည့်သူမရှိ။
တမ်းတကြေကွဲနေမည့်သူမရှိ။ ရှိသည်ဟု ဆိုလျှင် မပြောပလောက်သော
မိသားစုအသိုင်းအ၀ိုင်းနှင့် တပည့်တပမ်းတချို့သာဖြစ်မည်။ သူတို့လည်း
ကျယ်ကျယ်လောင်လောင် တမ်းတကြေကွဲဝံ့လိမ့်မည်မဟုတ်။
တကယ့်သြဇာအာဏာဆိုသည်မှာ ပြည်သူလူထု၏ အညွတ်အနူးထောက်ခံမှုရှိမှသာ
အစွမ်းထက်ပါသည်။ တာရှည်ခံပါသည်။ ထာဝစဉ်ထွန်းပနိုင်ပါသည်။ ထိုကဲ့သို့
ပြည်သူလူထုက အညွတ်အနူး ထောက်ခံမှုရှိသော သူများကို (နအဖ)စစ်အစိုးရသည်
လက်ရဲဇက်ရဲ မပြုလုပ်ရဲပါ။ မပြုလုပ်ဝံ့ပါ။
သို့အတွက် အရင်းစစ်လိုက်လျှင် (နအဖ)စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို
ပုဂ္ဂိုလ်ရေးအရ ထိန်းချုပ်ထားခြင်းမဟုတ်သည်မှာ ထင်ရှားလှပါသည်။
ထုထည်ကြီးမားလှသော လူထုအင်အားကို ကြောက်ရွံ့နေ၍သာ ယခုကဲ့သို့
ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုကို အဆက် ဖြတ်ထားရခြင်းဖြစ်ပါသည်။
လွှတ်မပေးဝံ့ဘဲ အကြိမ်ကြိမ် သက်တမ်းတိုးနေရခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးနှင့် ပုဂ္ဂလိကဘ၀ကို အရှက်ကင်းမဲ့စွာ
တစ်ဖက်သတ် စွပ်စွဲပုတ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။
မြန်မာပြည်သူပြည်သားများသည် ပုဂ္ဂိုလ်နှင့် တရားကို
ခွဲခြားသိမြင်နိုင်စွမ်းရှိပါသည်။ တရားနှင့်ပုဂ္ဂိုလ် တစ်ထပ်တည်းကျပါက
ထိုပုဂ္ဂိုလ်ကို ပြည်သူလူထုက ကြည်ညိုလေးစား တန်ဖိုးထားမည်သာဖြစ်သည်။
စာနာထောက်ခံနေမည်သာဖြစ်သည်။
ယင်းသို့သော အခြေအနေများအောက်တွင် (နအဖ)စစ်အစိုးရသည် မည်သည့်ခေတ်
ကာလတွင်မျှ မရှိခဲ့ဖူးသော ဖမ်းဆီးထိန်းသိမ်းမှုများ၊
ထိန်းသိမ်းမှုသက်တမ်း အကြိမ်ကြိမ် တိုးမြှင့်ခြင်းများကို
ပြုလုပ်နေရခြင်းဖြစ်ပါသည်။
သို့သော်လည်း ဖက်ဆစ်များကဲ့သို့ ကောက်ကျစ်ယုတ်မာစွာဖြင့်
လုပ်ကြံသတ်ဖြတ်မှု များ မိုက်မိုက်ကန်းကန်း လုပ်နိုင်သည်ဆိုသည့်ဘက်ကို
ကျွန်တော်တို့ပြည်သူများ နဲနဲမျှ သတိလစ်ဟင်း၍မဖြစ်ပါ။
x x x x x |