Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

 

လွန်ခဲ့တဲ့ (၁၃)နှစ်ကအကြောင်း ခေါင်းထဲမှာပေါ်လာတယ်။ အတိအကျပြောရရင် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်၊ နံနက် (၀၆း၃၀) အင်းစိန်ဗဟိုအကျဉ်းထောင် ဆေးရုံ ပေါ်မှာ သူသေဆုံးသွားခဲ့တယ်။ သူသေသွားပြီးဖြစ်ကြောင်းကို အကျဉ်းထောင် အာဏာပိုင်တွေ က သူ့မိသားစုဆီကို အကြာင်းကြားခဲ့တဲ့ စာရွက်ကို ကြည့်ရင် သူသေသွားခဲ့တာ ဒီဖေဖော်ဝါရီလ (၁၆)ရက်ဆို (၁၃)နှစ်ပြည်ခဲ့ပြီဆိုတဲ့အတွေးများ ကျွန်တော့်ခေါင်းထဲ ၀င်လာပါတော့တယ်။ တိုက်ဆိုင်နေတာက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၈)နှစ်၊ ၁၉၆၉ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်၊ ညသန်း ခေါင်ကျော် ရန်ကုန်မြို့နဲ့ မိုင် ၃၀၀ ကျော်ဝေးတဲ့ ကိုးကိုးကျွန်းကို ပြည်တော်ညွန့်သင်္ဘောပေါ် အတင်းအဓမ္မ တင်ခေါ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက တယောက်။ ပိန်ပါးသွက်လက်ပြီး ကျွန်းမြေပေါ်ကို အားမာန်အပြည့်နဲ့ တက်ခဲ့သူ၊ အကျဉ်းထောင်အာဏာပိုင်တွေက ပို့ပေးလိုက်တဲ့ ဒီစာရွက်လေးကပဲ သူသေဆုံးသွားပြီးဖြစ်ကြောင်း သက်သေခံခဲ့တာလား။

            တကယ်တော့ သူမသေခဲ့ပါဘူး၊ သူဟာ ဂျပန်တော်လှန်ရေးအကြောင်းလဲ ပြောနိုင်ပါ သေးတယ်၊ ဂျပန်တော်လှန်းရေးကာလအတွင်း သူ့အသက်(၁၄)နှစ်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ ဒေးဒရဲမြစ်ရိုးတလျှောက် လှေငယ်လေးတစင်းနဲ့ တော်လှန်ရေး ‘ဆက်သား’လဲ လုပ်ခဲ့ဖူးတယ်။ နောက်ထပ် သူ့မှာ ပြောစရာတွေက ကျန်ပါသေးတယ်။ လွတ်လပ်ရေးခေတ်ဦး ပြည်တွင်းစစ် ကာလ ကျောင်းသားလှုပ်ရှားမှုသမိုင်းအကြောင်းတွေ၊ သူ့ရဲဘော်ကျောင်းသားတွေနဲ့အတူ ကျောင်းသားအခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့အကြောင်း ပြောပြနေ တဲ့ သူ့ပုံရိပ်များဟာ  ဟိုး လွန်ခဲ့တဲ့ (၁၉၅၃-၅၄)ခုနှစ်က  ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ခေါင်းဆောင်ကောင်း၊ ထင်ရှားတဲ့ ဗကသအမှုဆောင်၊ သူတို့ခေတ်ရဲ့ ခွပ်ဒေါင်းပျိုတဦး။

            ကိုအောင်ဆန်းတို့ခေတ်က သမဂ္ဂခေါင်းဆောင်တွေဟာ ကျောင်းသားခေါင်းဆောင် ဘဝကနေ နိုင်ငံရေးလုပ်ဖို့ တို့ဗမာအစည်းအရုံးဝင်တယ်။ နယ်ချဲ့ကိုလဲ တိုက်ခဲ့ကြတယ်။ ဖက်ဆစ်ဂျပန်ကိုလဲ တိုက်ခဲ့တယ်။ သူက “ပြည်သူ့တိုးတက်ရေးပါတီ”ကို ထူထောင်သူတွေထဲမှာ ပါခဲ့တယ်။ သူ့မှာ ကြီးမားတဲ့စေတနာနဲ့ ပြင်းပြတဲ့ဆန္ဒ ရှိနေခဲ့တယ်။ အဲဒါဘာလဲ။ ကျွန်တော် သိခဲ့ရတယ်။ လွတ်လပ်ရေးရပြီး မကြာခင် လွတ်လပ်ရေးတိုက်ပွဲ တိုက်ဖော်တိုက်ဖက်တွေ စိတ်ဝမ်းကွဲပြီး တိုက်ကြခိုက်ကြလို့ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တယ်။ ဒီပြည်တွင်းစစ်ကြီးကို အပြီးသတ် ရပ်စေချင်တယ်။ အချင်းချင်း ငြိမ်းချမ်းရေးတွေ ခေါ်စေချင်တယ်။

            ဒါဟာ ကျောင်းသားခေါင်းဆောင်ဟောင်းတယောက်၊ နိုင်ငံရေးသမားတယောက် အနေနဲ့ သူ့မှာရှိတဲ့ တိုင်းပြည်ပေါ်ထားတဲ့ စေတနာ။ ဒါကြောင်မို့ (၆) ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြ ပွဲမှာ တက်ကြွတဲ့ ခေါင်းဆောင်တဦးအနေနဲ့ ဦးဆောင်ခဲ့ဖူးတယ်။

            သူ မသေသေးဘူး။ သူ့မှာ ပြောစရာတွေကျန်သေးတယ်။ ၁၉၆၂ မတ် (၂)ရက်၊ ဗိုလ် နေ၀င်းက စစ်တပ်နဲ့ အာဏာသိမ်းမှုကို သူ့ရဲ့ “ပြည်သူတိုးတက်ရေးပါတီ”နဲ့ ကရင်အမျိုးသား အဖွဲ့ချုပ်၊ မွန်အမျိုးသားအဖွဲ့ချုပ်၊ လူငယ်တပ်ဦး(ဗမာနိုင်ငံ)၊ လူငယ်များသမဂ္ဂ(ဗမာနိုင်ငံ)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တို့က ဒီအာဏာသိမ်းမှုကို ကန့်ကွက်ခဲ့တယ်။ ၁၉၆၅ ဖေဖော်ဝါရီ (၁၅)ရက်နေ့မှာ ကိုးကိုးကျွန်းပေါ်ကို ကျွန်းကျ အကျဉ်းသားအဖြစ်နဲ့ ခြေချခဲ့သူ။ ယခုလည်း၂၄ နှစ်အကြာမှာ ၁၉၉၃ ဖေဖော်ဝါရီ (၁၆)ရက်နေ့ ။

ကျွန်းဖျက်သိမ်းရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူ့ရဲဘော်တွေရဲ့ ဂုဏ်ရောင်ပြောင်တဲ့ သမိုင်းကို ပြောပြနိုင်ပါသေးတယ်။ ကိုးကိုးကျွန်းမြေပုံကို ထောက်လို့ -

ဒါ .. ရဲဘော် သိန်းကြည်

ဒါ .. ရဲဘော် အုံးမောင်

ဒါ .. ရဲဘော် ချစ်ဆွေ

ဒါ .. ရဲဘော် ထွန်းမြင့်

ဒါ .. ရဲဘော် စိန်ချင်း

ဒါ .. ရဲဘော် မောင်မောင်စိုး

ဒါ .. ရဲဘော် လေးမောင်

ဒါ .. ရဲဘော် ထွန်းဝင်း .....

“၈”မြှောင့် ကျောက်တိုင်အောက်က သူတို့ရဲ့ အုတ်ဂူလေးတွေအကြောင်း။ ဗိုလ်နေ၀င်းရဲ့ ဖြားယောင်းသွေးဆောင်မှုအောက် သူ မရောက်ခဲ့ပါဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အမြင့်ဆုံး နိုင်ငံ့ဂုဏ်ရည်ဆုကိုလဲ ငြင်းပယ်ခဲ့သူ။ မဆလခေတ်တလျှောက် ရိုးသားစွာ ဈေးရောင်းစားပြီး ဘ၀ကိုရပ်တည်ခဲ့တဲ့ သူ့အကြောင်း သူ ပြောပြနိုင်ပါသေးတယ်။

            “၈၈”အရေးတော်ပုံအကြောင်းလဲ သူပြောပြနိုင်ပါသေးတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအတွက် လှုံ့ဆော်ပေးခဲ့နိုင်ပါသေးတယ်။ သူချစ်တဲ့ ရဲဘော်တွေနဲ့ သူချစ်တဲ့ သူ့ ပြည်သူ့တိုးတက်ရေးပါတီကို သူ ပြန်လည်ထူထောင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး တရားတွေကို အထက်ဗမာပြည် စည်းရုံးရေးခရီးစဉ်မှာ သူ ပြောခဲ့သေးတယ်။ သူ့ရဲ့ သမိုင်းတင် ခဲ့တဲ့ မိန့်ခွန်းတွေဟာ စစ်အာဏာရှင်ရဲ့အရှိုက် တိုက်ရိုက်ထိမှန်စေခဲ့တယ်။ ၁၉၈၉၊ သူ အဖမ်းမခံ ရခင် ပြောခဲ့တဲ့ သူ့မိန့်ခွန်းတွေ အခုထိ ကြားယောင်နေမိတယ်။ သူ့ရဲ့မိန်ခွန်းထဲက -                 

“ဒီသမဂ္ဂအဆောက်အအုံကို ဥက္ကဋ္ဌကြီး ဖျက်တာမဟုတ်ဘူး။ အောင်ကြီးဖျက်တာပါဆိုရင် ဦးအောင်ကြီးကလဲ သူမဟုတ်ရပါဘူး။ ဦးနေ၀င်းကလဲ သိဟန်မတူပါဘူး။ ကျော်စိုး ဖျက်ခိုင်းတာ ပါဆိုရင် ကျွန်တော် တခုပဲမေးမယ်။ ၁၉၆၃ ခုနှစ်မှာ ငြိမ်းချမ်းရေးခေါ်ခဲ့တယ်။ ငြိမ်းချမ်းရေး ပျက်ပြီးတဲ့ နောက်တညလောက်မှာ ဒီသမဂ္ဂတဲကြီး ဘယ်သူဖျက်တာလဲ။ ဒီအချိန်မှာ တော်လှန် ရေးကောင်စီထဲမှာ အောင်ကြီး မရှိတော့ပါဘူး။ မချမ်းဘော ရောက်နေပါပြီ ။ သမိုင်းအစဉ်အလာ ရှိတဲ့ အုတ်အဆောက်အုံကိုဖျက်မှ သမဂ္ဂ ဖျက်ရာရောက်တာမဟုတ်။ တဲကိုဖျက်တာလဲ ဒါသမဂ္ဂကို ဖျက်တာပဲ”

             ၈၈ ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုလဲ သူက အခုလို ပြောခဲ့ပြန်တယ် “ကျောင်းသား တွေဟာ ဒီခေတ်မှာ ရှေ့တန်းက မားမားမတ်မတ် တိုက်ပွဲဝင်ခဲ့ကြတယ်၊ အနစ်နာခံခဲ့ကြပါတယ်။ ဒါကိုကျွန်တော်တို့ အလေးပြုတယ်၊ ဂုဏ်ယူတယ်။ ဒီရဲဘော်လေးတွေ  အနစ်နာခံခဲ့တဲ့ တိုက်ပွဲ ဟာ ဆုံးခန်းတိုင် မရောက်သေးပေမယ့် အတော်များများ အောင်မြင်ခဲ့တယ်။ ဒါကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုတယ်။ ဒါအတွက် ကျွန်တော်တို့ ဦးညွှတ်တယ်”

x  x  x   x  x  x

            ၁၉၉၂ ဒီဇင်ဘာလရဲ့ နေ့တစ်နေ့၊ ညနေခင်း ထောင်မပိတ်ခင်အချိန်။ ထောင်ဝန်ထမ်း တဦးရဲ့ ‘ပုံစံ’အော်သံကို ကြားလိုက်ရတယ်။ အဲဒီနောက် ရိမ်းဂျားကားတစီး ထောင်ဘူးဝကို ကျော်ပြီး မိန်းဂျေးအရှေ့ အရှိန်မလျှော့ပဲမောင်းလာပြီး ထိုးရပ်သွားခဲ့တယ်။ တိုက်ခန်းတွေ အတွင်း တိုက်ပိတ်အကျဉ်းချခံထားရတဲ့ ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ မျက်လုံး များဟာ မိန်းဂျေးရှေ့က ကားဆီကို ရောက်သွားကြပါတယ်။ ကားပေါ်က ခေါင်းစွပ်နဲ့ လူ တယောက်ကို ဆွဲချနေတာ တွေ့နေရတယ်။ ခေါင်းစွပ် စွပ်ထားရင် နိုင်ငံရေးအကျဉ်းသားဆိုတာ ပြောနိုင်ပါတယ်။ သီးသန့်ထောင်မှာ အဆောင်(၁)၊ အဆောင်(၂)နဲ့ ကျွန်းတိုက်ဟာ နိုင်ငံရေး သမားတွေကိုထားတဲ့ အဆောင်တွေဖြစ်တယ်။ ခေါင်းစွပ်ခံထားရတဲ့ လူကို နိုင်ငံရေးသမားတွေ နေတဲ့ အဆောင်တွေဘက်မခေါ်ပဲ သီးသန့်ထောင်ဆေးရုံဆောင်ဘက်ကို ခေါ်သွားခဲ့တယ်။ အဲဒီလူဟာ ခေါင်းစွပ်ခံထားရလို့ ဘယ်သူဆိုတာမသိနိုင်ပါဘူး။ လူပုံက ချိနဲ့ယိုင်ရွဲ့ပြီး ပိန်လှီ ပါးလျှပ်နေပါတယ်။ နောက်ကားတစ်စီး ထောင်ထဲကို ထပ်ဝင်လာပြန်တယ်။ ဒီကားပေါ်မှာ ဂီလာနရောဂါသည်တွေ၊ အရိုးပေါ် အရေတင်ရုပ်တွေနဲ့ ခေါင်းစွပ်မစွပ်တော့ပဲ ကားပေါ်က ဆင်းလာကြပြီး မြေကြီးပေါ် ‘ပုံစံ’ထိုင်ခိုင်းပါတယ်။ ကားပေါ်ကဆင်းလာတဲ့ လူ (၅၀)ဟာ ရဲဘက်စခန်းပြန် ရောဂါသည် လူမမာရဲဘက်တွေပါ။ ပြီးတော့ သူတို့အားလုံးကိုလည်း သီးသန့် ဆေးရုံဆောင်ကို ပို့လိုက်ပါတယ် ။

            ကြားထားတဲ့ သတင်းများအရ မနက်ဖြန်ဆို ကုလသမဂ္ဂလူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ ယိုကိုတာ အင်းစိန်ဗဟိုအကျဉ်းထောင်ထဲကို လာရောက်စစ်ဆေးမှာဖြစ်တဲ့အတွက် ထောင်မကြီးဆေးရုံပေါ် တက်နေတဲ့  အသည်းအသန်ဖြစ်နေတဲ့ ရောဂါသည်တွေကို သီးသန့် အကျဉ်းထောင်မှာ လာဝှက်ထားခြင်းဖြစ်တယ်။ မသန်မစွမ်းတော့တဲ့ အကျဉ်းသားတွေကို ထောင်ဆေးရုံကြီးမှာ စစ်ဆေးမှုတွေလုပ်တိုင်း လာရောက်ဝှက်နေကြဖြစ်တယ်။ နောက်နေ့မနက် ကျွန်တော်တို့ရေချိုးဆင်းချိန်မှာ ဆေးရုံဆောင်ဘက်ကြည့်လိုက်တော့ ဂီလာနရောဂါသည်တွေ  ရေချိုးနေကြပြီး ဆေးရုံဆောင်အပေါ်ထပ် စင်္ကြံလမ်းမှာ အလွန်ပိန်းပါးပြီး လှမ်းလျှောက်နေတဲ့ မနေ့က ခေါင်းစွပ် စွပ်ထားသူကို တွေ့လိုက်ရတယ်။ သေချာကြည့်မှ သူဖြစ်နေကြောင်းကို သိလိုက်ရတယ်။ နဂိုက ပိန်သူဖြစ်ပြီး ယခုလို ရောဂါဖြစ်နေချိန်မှာ ပို၍ပင် ပါးလျားနေပါတယ်။ တိုက်ခန်းထဲက ရေချိုးဆင်းလာတဲ့သူတွေကို သူနဲ့ဘဝတူ ရဲဘော်များဆိုတာကို သိရှိဟန်နဲ့ပြုံးပြီး လက်ပြနေတာ တွေ့လိုက်ရတယ်။ ၁၉၈၉ မတ်လ(၁၃) ရက်နေ့၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲ ကိုဖုန်းမော်နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားမှာ သူရဲ့  ပီပြင်ပြတ်သား တဲ့ ဟောပြောသံတွေကို နားထဲ ကြားလိုက်ရသလိုပါပဲ။

              အဲဒီတုန်းက သူဟောခဲ့တယ်၊ “ဒီရေးတော်ပုံကြီးရဲ့ အဆုံးသတ်အောင်ပွဲကိုရဖို့ ကျနော်တို့ တော်တော်လုပ်ရဦးမယ်။ ဒီပွဲမှာ ကျွန်နော် အသက်ပေးရလိမ့်မယ်။ ပေးဖို့လဲ ဆုံးဖြတ် ပြီးပါပြီ” ကိုဘုန်းမော်ရဲ့ နှစ်လည်အခမ်းအနားမှာ သူ့ရဲ့ပုံရိပ်များကို ကျွန်တော်မှတ်မိနေပါတယ်။ အခုလဲ သူကိုတွေ့လိုက်ရခြင်းဟာ သူရဲ့နောက်ဆုံးခရီးလမ်းအတွက် လာနှုတ်ဆက်သွားခြင်း ပါပဲ။ (၃)ရက် (၄)ရက်အတွင်း သူအပါအ၀င် အခြား ရဲဘက်ဂီလာနတွေကို ထောင်မကြီးဆေးရုံ ကို ပြန်ခေါ်သွားခဲ့ပါတယ်။

            ၁၉၉၄ နှစ်ကုန်လောက်ဖြစ်ပါတယ်။ ထောင်မကြီး အဆောင်ဘက်မှ ရာဇာဝတ် အကျဉ်းသား လူဆိုးလူမိုက်တွေကို သီးသန့်ထောင်ကျွန်းတိုက်ထဲ ပြောင်းရွှေ့ခဲ့တယ်။ အဲဒီ အကျဉ်းသားတွေထဲက   အရေးအခင်းမှုတွေပါဝင်ပြီး ဒလရဲစခန်းစီးမှုနဲ့ အကျဉ်းကျသူ ဘဂျမ်း၊ မောင်စိန်၊ လှထွန်းတို့နဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ချိန်မှာ မထင်မှတ်ပဲ ကြားလိုက်ရဲတဲ့စကားကြောင့် ကျွန်တော် ခေါင်းနပန်းကြီးသွားခဲ့တယ်။ ဘဂျမ်းဆိုသူမှာ ထောင်မကြီးဆေးရုံ ရင်ကွဲတိုက်မှာ အလောင်းရင်ခွဲရတဲ့သူဖြစ်ပြီး သူတွေ့ခဲ့တဲ့ အဖြစ်ပျက်တွေထဲက အကျဉ်းသား အမှတ် ၄၂၆၇/စီ ရဲ့အကြောင်း၊ “သူ” သေပြီလို့ ဒေါက်တာစိုးကြည်က မှတ်ချက်ပေးပြီးတဲ့အခါ သူရဲ့ ရုပ် အလောင်းကို ရင်ခွဲတိုက်ကို ပို့လိုက်ပါတယ်။ အလောင်းများကို ရင်ခွဲရတဲ့ ဘဂျမ်းနဲ့အဖွဲ့က အလောင်းကို ရင်ခွဲတဲ့အခါ သူရဲ့အကြောတွေဟာ ရုန်းကန်နေပြီး သူ့နှလုံးဟာ ဖြေးညင်းစွာ လှုပ်နေတုန်းပဲလို့ ပြောပြခဲ့တယ်။ ဒီအကြောင်းကိုသိသွားတဲ့ ဒေါက်တာစိုးကြည်ဟာ ရင်ခွဲ တုန်းကပါခဲ့တဲ့ အကျဉ်းသားတွေကို ရဲဘက်ပို့လိုက်ပြီး အရေးအခင်းမှုဖြစ်လို့ ရဲဘက်ပို့မရတဲ့ ဘဂျမ်းကို ချောမော့ပြီး အဆောင်ပြန်ပို့ခဲ့ပါတယ်။

ဒါဆို သူ့ကို ထောင်ဆရာဝန်က မှားယွင်းခဲ့တာလား။ တမင်သတ်ပစ်ခဲ့တာလား။ ဒါပေမဲ့ သူမသေပါဘူး။ သူ့မှာ ပြောစရာတွေအများကြီး ကျန်ပါသေးတယ်။

အဲဒါ -

သူဟာ ကျောင်းသားခေါင်းဆောင်

            သူဟာ နိုင်ငံရေးသမားတယောက်

            သူဟာ နိုင်ငံရေးအကျဉ်းသားတယောက်။

           သူ မလုပ်ဖူးခဲ့တာ၊ သူ မလုပ်ဝံ့တာ တခုပဲရှိတယ်။ ရန်သူကို ဘယ်တုန်းကမှ အညံ့မခံ ခဲ့ဘူး။ ဒူးမထောက်ခဲ့ဘူး။ ထောင်အာဏာပိုင်တွေ ပို့လိုက်တဲ့ ဒီစာရွက်တရွက်နဲ့တော့ သူ တကယ်သေသွားတယ်ဆိုတာ မခိုင်လုံဘူး။

x x x x x

ထွန်းထွန်း (ဗကသ)

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org