|
အ၀ါရောင် နေကြာရိုင်းပွင့်များအပေါ်က
အိမ်လွမ်းဝေဒနာ
တူမောင်ညို
(နိုဝင်ဘာ ၂၀၀၇)
ပဉ္စမအကြိမ်မြောက် မြန်မာမီဒီယာကွန်ဖရင့်သို့
သွားကြရမည့်ခရီးစဉ်။
မနှစ်ကနှင့် မတူ။
ယခုနှစ်ခရီးစဉ်သည်
ပျော်ပျော်ရွှင်ရွှင်၊ အေးအေးချမ်းချမ်း၊ မြူနှင်းတို့ဝေသော နိုဝင်ဘာလ
(၁၂) ရက်နေ့၊ နံနက်ခင်း။
သွားရမည့်
ခရီးစဉ်လမ်းကြောင်းမှာ မနှစ်ကသွားခဲ့သော လမ်းကြောင်းအတိုင်းပင်
ဖြစ်သည်။ သို့သော်လည်း ခရီးသွားရသည်မှာ မနှစ်ကလို မှောင်မှောင်မဲမဲ၊
ထိပ်ထိပ်ပြာပြာ၊ ဆူဆူဆောင့်ဆောင့်၊ မကြည်မလင် မဟုတ်။
သို့အတွက်
မနှစ်ကနှင့်မတူ၊ ပျော်ပျော်ရွှင်ရွှင်၊ ရင်းရင်းနှီးနှီး၊ နှင်းမှုန်ဝေေ၀။
ယခုနှစ်တွင်
သွားရေးလာရေးကို စီစဉ်ရာ၌ မနှစ်ကလို အုံလိုက်ကျင်းလိုက်၊ အစု
အပြုံလိုက် မဟုတ်တော့ချေ။ အစုလိုက် အသုတ်လိုက် ခွဲ၍
စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်သည်။ သို့အတွက် အသွားအပြန်ခရီးစဉ်
ချောမွေ့အဆင်ပြေလာခြင်းဖြစ်မည်ဟု ထင်ပါသည်။ စီစဉ်သူ များကို
ကျေးဇူးတင်ရမည်။ မနှစ်က အတွေ့အကြုံပေါ်က ယူခဲ့သည့် သင်ခန်းစာ။
ခရီးသွားခြောက်ယောက်။
တေးစီးရီးခေါင်းစဉ်
မဟုတ်ပါ။ ကျွန်တော်တို့သွားရမည့် အသုတ်တွင် စုစုပေါင်း ၆ ယောက်သာ
ပါဝင်၍ဖြစ်ပါသည်။ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၅ ယောက်။ ကျွန်တော်က
လွဲလျှင် ကျန် ၅ ယောက်သည် သူ့သက်ဆိုင်ရာနယ်ပယ်တွင်
ပိုင်နိုင်ကျွမ်းကျင်သူများ၊ လက်တွေ့ လုပ်ဆောင်နေကြသူများ၊
အတွေ့အကြုံရှိသူများ ဖြစ်သည်။ ကဗျာဆရာမ၊ အယ်ဒီတာ၊ အယ်ဒီတာအဖွဲ့ဝင်၊
သတင်းထောက်များ ဖြစ်ကြသည်။ သို့ဖြင့် စိန်ကောင်းကျောက်ကောင်း
ရောင်းသူများအကြားတွင် ကျွန်တော်သည် ဘာမျှမဟုတ်။ သို့သော်လည်း အားလုံးက
နွေးနွေး ထွေးထွေး၊ ရင်းရင်းနှီးနှီး။ အခြားသူများ၏
ခရီးစဉ်အတွေ့အကြုံနှင့် ခံစားမှုသည် မည်သို့ရှိမည် မပြောတတ်သော်လည်း
ကျွန်တော်တို့ သွားကြရသည့် ခရီးစဉ်ကမူ အတန်းပိုင်ဆရာမ၏
ကြီးကြပ်ဦးဆောင်မှုအောက်တွင် သွားရသော လေ့လာရေးခရီးစဉ်တစ်ခုနှင့်
တူပါသေးတော့ သည်။ အတန်းပိုင်ဆရာမ ဒေါ်ခိုင်မာကျော်ဇော၏
အုပ်ထိန်းမှုအောက်တွင် ကျွန်တော်တို့ ၅ ယောက်သည် ပီဘိ
ကျောင်းသားကလေးများသဖွယ် စည်းကမ်းသေ၀ပ်စွာ လိုက်ပါသွားခဲ့ကြပါ သည်။
မသောက်မစား၊ မူးတော့မူးပါသည်။ သို့သော် ကားမူးခြင်းသာဖြစ်ပါသည်။
အကွေ့အကောက်၊ အတက်အဆင်းများတွင် ပို၍ မူးပါသည်။
တဖြည်းဖြည်းနှင့်
ခရီးစဉ်သည် နေ၏အလင်းရောင်အောက်တွင် တောက်ပရွှန်းလက်လာ ပါသည်။
ပတ်ဝန်းကျင် ရှုခင်းသစ်များကို ကြည့်ရှုခံစားခွင့်ရသည်။ ယင်းသည်
ခရီးသွားရခြင်း၏ ကျေးဇူးတစ်ရပ်ပင်။ ရှုခင်းသစ်များက
အတွေးစိတ်ကူးသစ်များကို သယ်ဆောင်လာတတ်သည် မဟုတ်ပါလော။ ထို့အပြင်
တခရီးထဲသွားသူအချင်းချင်း အပြန်အလှန် စာနာနားလည်မှု၊ ရင်းနှီး ခင်မင်မှု
ပိုမိုရလာနိုင်ပါသေးသည်။
ကျွန်တော်တို့
ခရီးစဉ်သည် တောင်နှင့် တောကို ဖြတ်သန်းသွားနေသည့် ခရီးစဉ်။ ကားသည်
လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြှားတစင်းနှယ်။ မြို့များ၊
မြို့ငယ်ကလေးများ၊ ကျေးရွာစုကလေးများသည် ကျွန်တော်တို့ခရီးစဉ်
ဝါကျရှည်ကြီးပေါ်က ပုဒ်ဖြတ်ကလေးများပင် ဖြစ်သည်။ တစ်မြို့ပြီး တစ်မြို့၊
တစ်ရွာပြီး တစ်ရွာ။ တစ်တောင်ပြီး တစ်တောင်။ အနိမ့်အမြင့်၊ အကွေ့အကောက်၊
အတက်အဆင်း၊ ဖြောင့်တန်းနေသော လမ်းမကျယ်ကြီးများ။
သိုဖြင့်
အချိန်ပေးနိုင်မှု၊ ကားဆရာ၏ အားတက်သရော စေတနာ၊ ကျွန်တော်တို့အားလုံး ၏
တူညီဆန္ဒများ ပေါင်းစည်းမှုအဖြစ် ဦးတည်သွားရမည့်ခရီးလမ်းကြောင်းပေါ်မှာ
ဖဲ့ဆင်းကာ နေကြာပန်းရိုင်းများ ပွင့်ဝေနေသော တောင်ကျောကြီးပေါ်သို့
ကားခေါင်းဦးတည်ခဲ့ပါတော့သည်။
တောင်တွေ
ညိုညိုပြာပြာ၊ တချို့က အပြာရင့်၊ တချို့က အပြာနု၊ တချို့က မှိုင်းမှိုင်း
စိမ်းစိမ်း၊ တချို့က မြူမှုန်မှုန်ထဲမှာ အလွှာလိုက် အထပ်လိုက်။ အ၀ါနှင့်
အစိမ်း။ တောင်ကျော တစ်ခုလုံး အ၀ါရောင် နေကြာရိုင်းပွင့်များက
အပြိုင်အဆိုင် ဖူးပွင့်နေသည်။
အ၀ါရောင်
ပန်းပင်လယ်ကြီး။
ငြိမ့်ကနဲ
လေအဝေ့တွင် အ၀ါရောင်လှိုင်းလုံးများ တလိမ့်လိမ့် လှုပ်ခတ်သွားတော့သည်။
ဟိုး အဝေးတွင် စိမ်းစိမ်းညို့ညို့ ထင်းရူးပင်များက ခပ်ထူထူ
အနားသပ်ပေးထားသည်။
ထိုသို့
သူတပါးနိုင်ငံများက သဘာဝအလှရှုခင်းများ၊ ညီညွတ်စည်းလုံးမှု၊ ငြိမ်းချမ်း
သာယာမှု၊ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို တွေ့ကြုံရတိုင်း၊
တွေ့မြင်ကြားသိရသည့် အခါတိုင်း၊ ကြည်နူးပီတိ ဖြစ်ရသည်။ ပြီးတော့
ကျွန်တော်တို့တိုင်းပြည်ကို သတိရ လွမ်းဆွတ်ပါ သည်။
ကျွန်တော်တို့နိုင်ငံသည်လည်း ကမ္ဘာပေါ်က အခြားသောနိုင်ငံများနည်းတူ
သာယာလှပ သော ပထ၀ီဒေသ အပိုင်းအခြားတစ်ခု ဖြစ်ပါသည်။
ကျွန်တော်တို့တိုင်းပြည်၏ ကောင်းကင်ကြီး သည်လည်း အခြားတိုင်းပြည်များက
ကောင်းကင်ပြင်များနည်းတူ အပြာနုရောင် ကောင်းကင်ပင် ဖြစ်သည်။ တောတောင်
မြစ်ချောင်းများ၏ သဘာဝအလှများကို စုပေါင်းနေထိုင်ကြသော လူမျိုး များ၏
ပွင့်လင်းသော ဖော်ရွေမှု၊ ထက်သန်နွေးထွေးသော စေတနာများဖြင့်
ထွေးပွေ့လိုက်သော အခါ ကျွန်တော်တို့တိုင်းပြည်သည် ခမ်းနားလှပသော
အပျိုစင်တိုင်းပြည်။
ကချင်ရေခဲတောင်တန်းများ၊ မြစ်ဆုံ မေခ မလိခ၊ တငြိမ့်ငြိမ့် စီးဆင်းနေသော
စိမ်းမြ မြစ်ဧရာ၊ အပြာရောင် အင်းလေးကန်သာ၊ မြူဝတ်ရုံထဲက
အိနြေ္ဒကြီးမားသော ရှမ်းရိုးမ၊ ဗျိုင်းတောင်အသွေး ထုံးရောင်ဖွေးသော
စေတီများနှင့် လွမ်းဖွယ် မင်းဝံ၊ ရိုမန်တစ် ဦးပိန်တံတား၊
တောင်သမန်လေညင်း၊ တူးပို့တေးသံ၊ မြရည်စိုလူးသော ပိတောက်ရွှေဝါနှင့်
ဝေးသော အတိတ်မှ သူ …။
ကျွန်တော်တို့
တိုင်းပြည်သည် ပင်ကိုယ်အလှ၊ ကိုယ်ပိုင်အလှရှိသော တိုင်းပြည်တစ်ခု
ဖြစ်ပါသည်။ ပြည်သူများက ချစ်ခင်နှစ်လိုဖွယ် ဖော်ရွေပြူငှာသူများ
ဖြစ်သည်။
ကျွန်တော်တို့တိုင်းပြည်တွင် အရုပ်ဆိုး အကျည်းတန်နေသော အရာဟူ၍ (နအဖ)
စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်အုပ်စိုးနေမှုပင် ဖြစ်ပါသည်။
အကျည်းတန်အရုပ်ဆိုးလှသော စစ်အာဏာရှင်စနစ်ကြောင့် ကျွန်တော်တို့
တိုင်းပြည်နှင့် ပြည်သူများ၏ အလှကျက်သရေ ဂုဏ်သိက္ခာသည်
အခိုက်အတန့်အားဖြင့် မှေးမှိန်နေရခြင်းဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို
အပြီးတိုင် ဖယ်ရှားပစ်နိုင်သော တစ်နေ့တွင် ကျွန်တော်တို့ချစ်လှသော
တိုင်းပြည်သည် လငပုတ် ဖမ်းရာမှ လွတ်မြောက်လာသော လ၀န်းငွေစန္ဒာပမာ
ရွှန်းရွှန်းမြမြ လှပသာယာလာမည်မှာ အသေအချာပင် ဖြစ်ပါသည်။
သို့ဖြင့်
အ၀ါရောင်နေကြာရိုင်းပွင့်ကလေးများသည် ကျွန်တော်၏ ငုတ်ရှိုးနေသော
အိမ်လွမ်းဝေဒနာကို နိုးထသည်းသန်လာစေခဲ့ပါသည်။
အိမ်လွမ်းဝေဒနာ
ဆိုသည်ကလည်း ပြောရအခက်သား။ ငှက်ဖျားရောဂါကဲ့သို့ အသည်း ထဲတွင် အခြေတည်၍
ပေါက်ကွဲတတ်သော ရောဂါနှင့် အသွင်တူနေမလား မသိပါ။
တစ်ခါတရံ
သီချင်းကလေးတစ်ပိုဒ်၊ မြေသင်းရနံ့ကလေး တငွေ့တရှိုက်၊ လှိုက်ဖိုယိမ်းနွဲ့
နေသော အုန်းလက်စိမ်းမြပေါ်က ငွေလရောင်ညများတွင် ရင်ထဲ၌ နင့်ခနဲ
ပေါ်လာတတ်သော ခံစားမှုဝေဒနာတစ်မျိုး ဖြစ်ပါသည်။
ယခု
ကျွန်တော်ခံစားနေရသော အိမ်လွမ်းဝေဒနာမှာ `တိတ်တဆိတ်ရောက်လာသော
ခိုင်ထူး၏ အိမ်ပြန်ချင်သောအလွမ်း´မျိုး မဟုတ်ပါ။ ထို့အတူ `နောင်တဖြင့်
ဆွဲငင်ရှိုက်မောနေ သော ထူးအိမ်သင်၏ အမေ့အိမ်ကိုပြန်ချင်သော အလွမ်း´
တေးသံမျိုးလည်း မဟုတ်ပါ။
ရုရှားစာရေးဆရာကြီး
အီလျာအာရင်ဘတ် ပြောသလို ပါရီက သစ်ကြားသီးကို စားရင်း
ရုရှားပြည်ကြီးကိုလွမ်းသည့် အလွမ်းမျိုးနှင့် ဆင်တူပါလိမ့်မည်ဟု
ထင်ပါသည်။
ကျွန်တော်သည်လည်း
မဲဆောက်က ကွေ့တီယိုကို စားရင်း မန္တလေးနန်းကြီးမုန့်တီကို လွမ်းနေသူသာ
ဖြစ်ပါသည်။
တစ်ခါတရံ
အိမ်လွမ်းဝေဒနာသည် ပြိုမလိုမိုးနှယ် အုံ့ညို့မှိုင်းသွားတတ်သလို၊ တစ်ခါ
တရံတွင်လည်း လှော်သစ်သော ရွှေရောင်နေခြည်တွင် အားမာန်သစ်နှင့်
ခွန်အားသစ်ကိုလည်း ပေးစွမ်းနိုင်သည်ဟု ကျွန်တော်ထင်ပါသည်။
အိမ်လွမ်းဝေဒနာသည်
မျက်ရည်နှင့် ရယ်သံတို့ကို အချိုးကျ ရောစပ်ထားမှုပင် ဖြစ်မည် လား
မပြောတတ်ပါ။ နာကျင်မှုများကို ကြည်နူးစွာ အမှတ်ရနေခြင်းမျိုးလား၊
သို့တည်းမဟုတ် ကြည်နူးခဲ့ရဖူးသည်များကို နာကျင်စွာ
တမ်းတနေတတ်ခြင်းမျိုးလား ကျွန်တော် မခွဲခြားတတ် တော့ပါ။
အ၀ါရောင်
နေကြာရိုင်းပွင့်ကလေးများသည် နေခြည်ထဲတွင် လှပနေပါသည်။ သို့သော် လည်း
ပျားနှင့် လိပ်ပြာကလေးများကို ကျွန်တော် မတွေ့မမြင်မိခဲ့ပါ။ ထို့အတူပင်
အ၀ါရောင် နေကြာရိုင်းပွင့်ကလေးများ၏ ချိုမြသော မွှေးရနံ့ကိုလည်း
ခံစားရှုရှိုက်ခဲ့ရခြင်း မရှိခဲ့ပါ။
ရနံ့၏
ချိုမြညွတ်နူးသော ဖိတ်ခေါ်ချက်မရှိခဲ့သဖြင့် ပန်းချစ်သူပျားနှင့်
ရောင်စုံလိပ်ပြာ များ အရောက်မလာနိုင်ခဲ့ကြခြင်းပင်လော။ ဆော်သွေးသည့်
ညင်းလေပြေများကပင် ချိုရနံ့၏ သတင်းစကားကို သယ်ဆောင်ရန်
ခေါင်းခါငြင်းဆန်ခဲ့၍ပင်လော။ သို့တည်းမဟုတ် ကျွန်တော် စိုးရိမ်နေမိသလို
နေကြာရိုင်းပွင့်ကလေးများကိုယ်တိုင် ဓါတုဗေဒအဆိပ်သင့်နေကြခြင်း ပင်လော။
ကျွန်တော်မပြောတတ်ပါ။ သေချာသည်ကတော့ နေကြာရိုင်းပွင့်ကလေးများမှာ
လှပသော်လည်း မွှေးမြခြင်းမရှိပါ။
သို့သော်လည်း
ပန်းဟေ၀န်တောင်ကျောကြီးပေါ်သို့ ဆိုင်ကယ်များ၊ ကားငယ်များဖြင့်
ချစ်သူစုံတွဲများ၊ အုပ်စုလိုက် ပျော်ပွဲစားထွက်လာကြသူများ တဖွဲဖွဲ
ရောက်လာနေကြပါသည်။ သွားသူလာသူ၊ ပြန်သူ ပျားပန်းခတ်သည့်နှယ်။ သူတို့၏
အချစ်သည် နေကြာရိုင်းပွင့်ကလေးများ နှင့်အတူ ဖူးပွင့်ပေအုံးတော့မည်။
ချစ်သူတို့၏ ကြည်နူးမှုညင်းလေပြေတွင် နေကြာရိုင်းပွင့် ကလေးများ
ကခုန်မြူးတူးနေကြပေလိမ့်မည်။ ဟေ၀န်ပန်းတောပန်းရုံများအောက်ရှိ လှပသော
ရောင်စုံရွက်ဖျင်တဲ သိုက်မြုံကလေးများထဲမှ ချစ်သူတို့၏ ပူနွေးသော
ချွဲနွဲ့သံသည် ပန်းတောင် တန်းကြီး၏ မရိုးအီနိုင်သော ချိုမြစွဲမက်ဖွယ်
သိင်္ဂါရတေးသံပင် ဖြစ်နေပါလိမ့်မည်။
ထိုနေကြာရိုင်းပန်းပွင့်ကလေး လှပသလို ထိုတောင်တန်းကြီးပေါ်တွင်
မှီတင်းနေထိုင်ကြ သော သူများ၏ ဘ၀များသည်လည်း လှပပါ၏လော။
အ၀ါရောင်ပန်းပင်လယ်ကြီးတွင် အ၀ါရောင်လှိုင်းလုံးများ တငြိမ့်ငြိမ့်
လှုပ်ခတ်လျက်။
ကျွန်တော်
တွေးတောငေးမောနေမိပါသည်။ |