Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

“ကိုသြဘာအလွမ်း”
(ကွယ်လွန်သူ ကိုစိုးဝင်းညို သို့)
 

တူမောင်ညို
(၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

'ကိုသြဘာအလွမ်း' 

ဒီလိုပဲ ခေါင်းစဉ်တပ်ရပါတော့မည်။           

သွားတဲ့လူက ဘာကိုမျှ ငဲ့ကွက်ထောက်ထားမနေဘဲ စိမ်းစိမ်းကားကား ကျောခိုင်း ထွက်ခွာသွားတဲ့အခါ ကျန်ရစ်သူတို့မှာ အလွမ်းနှင့် မျက်ရည်ကို ထွေးပွေ့ထားရုံသာ။           

မည်မျှကြာမြင့်အောင် လွမ်းကြမည်ကိုကား တပ်အပ်သေချာ ကျနော်မသိနိုင်ပါ။ ထိုအခါ “…… ကြာရင်မေ့” ဆိုတဲ့ စကားတစ်ရပ်ကို နာကျင်စွာ သတိရမိပါသည်။ လူမှုရေး ဆန်ဆန်၊ ၀တ္တရားဆန်ဆန် လွမ်းဆွတ်သတိရနေတာထက် ဘယ်လောက် ပိုမိုနိုင်ကြမည် နည်း။           

လွမ်းဆွတ်သတိရခြင်းသည် ၀တ်ကျေတန်းကျေ ဖော်ပြကြရသည့် လူမှုဆက်ဆံရေး အသွင်သဏ္ဍာန်တစ်ရပ် ဖြစ်ပါသလား။ ဒါမှမဟုတ် နှလုံးသားမှ ယိုစိမ့်စီးဆင်းလာသော တကယ့် ခံစားမှုတရပ်လား။           

ယခုအချိန်တွင် ကျနော်အတွက်တော့ ကိုသြဘာကို လွမ်းတရုံသာ တတ်နိုင်ပါတော့ မည်။ ကိုသြဘာကား လူ့လောကြီးမှ အပြီးအပိုင် ထွက်ခွါသွားခဲ့ပါပြီ။ ဖြူဖွေးသော ဒီဇင်ဘာ နှင်းပွင့်ကလေးများပင် သူ့အုတ်ဂူထက်တွင် ထူထပ်စွာ ကျနေခဲ့ပြီလားမသိပါ။           

ကိုသြဘာ မဆုံးခင်ကပင် ကိုသြဘာ၏အခြေအနေကို ကျနော် သိနေရသည်။ ကိုသြဘာ ဆေးရုံတင်ထားရပြီ၊ အသက်ရှူစက် တပ်ထားရပြီ၊ အခုထိ သတိမရသေးဘူး။ အသည်း အလုပ်မလုပ်တော့ဘူး။ အစာအိမ်ထဲမှာ သွေးယိုနေတာ မရပ်သေးဘူး။ သူ့နှမ ငြိမ်းငြိမ်း နော်ဝေရောက်လာပြီ စတဲ့ စတဲ့ သတင်းများကို ကျနော် ကြားသိနေခဲ့ရပါသည်။ ယင်းဖြစ်ရပ်များသည် ကိုသြဘာ၏ နောက်ဆုံးခရီးအတွက် ကနဦး ပြင်ဆင်မှုများပင် ဖြစ်ပါ သည်။           

များမကြာမီ ကိုသြဘာ၏ နောက်ဆုံးသတင်းစကားကို ကြားရတော့မည်ဟု အားလုံးက အလိုလိုပင် သဘောပေါက်နေကြပြီးလည်း ဖြစ်ပါသည်။ မျှော်လင့်ချက် မဲ့ခဲ့ပြီပေါ့ ... ကိုသြဘာ။          

ကိုသြဘာ၏နောက်ဆုံးသတင်းကို ရေဒီယိုကတဆင့် ကျနော်ကြားခဲ့ရသည်။ မျှော်လင့် ထားပြီးသား သတင်းမို့ တုန်လှုပ်ခြင်းတော့ မဖြစ်ခဲ့မိပါ။ 

ကိုသြဘာသည် ၁၉၈၈ မှ ယခု နောက်ဆုံးအချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေး၊ ဒီမိုကရေစီရေး ဘက်တွင် ရပ်တည်သွားခဲ့သည်။ ယင်းသည်ပင် ကိုသြဘာ၏သမိုင်း၊ ကိုသြဘာ၏ဘ၀ ဖြစ်ပါည်။           

ပထမတော့ ကိုသြဘာသည် မာနယ်ပလော လွတ်မြောက်နယ်မြေမှ တော်လှန်ရေး သမား၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး။ ထို့နောက် အပြောင်းအလဲ၏ရေစီးများ၊ လှိုင်းလေ များ၊ အပြောင်းအလဲများက ကျနော်တို့ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးသော သံလွင်၊ သောင်ရင်း မြစ်ရေတွေလိုပင် ထာဝစဉ် စီးဆင်းနေမည်သာ။           

ထိုသို့ တသွင်သွင်စီးဆင်းနေသော အပြောင်းအလဲမြစ်ရေများတွင် ကိုသြဘာတို့ ကျနော်တို့ အတူကူးခတ်ဖြတ်သန်းခဲ့ကြသည်။ သို့ဖြင့် ကျနော်နှင့် ကိုသြဘာတို့ ဝေးသွားကြ သည်။ တခါတရံ ဖြတ်သွားဖြတ်လာ ဆုံဖြစ်ကြသေးသည်။ နောက်တော့ ကမ္ဘာတစ်ခြမ်းစီ ဝေးသွားကြသည်။           

နောက်တော့ သူသည် ရေဒီယိုသတင်းသမားတစ်ယောက် ဖြစ်လာသည်။ ရေခဲသော၊ နှင်းမှုန်ဖွေးဖြူသော၊ သန်းကောင်ယံနေထွက်သော ဗိုက်ကင်းတို့၏ ဇာတိရပ်မြေ နော်ဝေမှ သူ၏ ပြာအက်အက် ရှတတအသံဖြင့် သတင်းဖတ်သည့်အသံကို ကြားလာရသည်။ နောက် ကြာတော့ ‘အသက်ရှည်ရာ အနာမဲ့ကြောင်း’ ၏တွင် ကိုသြဘာအမည်ဖြင့် သူ့အသံကို အပတ်စဉ် ကြားလာ ရတော့သည်။           

ထိုအစီအစဉ်တွင် သူက ကိုသြဘာအဖြစ် ကျန်းမာရေးရာ သုတအဖြာဖြာကို မေးမြန်း သူ၊ သိလိုသူ။ သူသည် ထိုအစီအစဉ်၌ သူ၏ နဂိုအသံဖြစ်သည့် ပြာအက်အက် ရှတတအသံကို ချွဲပြစ်ပြစ်လုပ်၍ ပြောထားသဖြင့် ကျနော် ပြုံးမိသေးသည်။ သဏ္ဍာန်လုပ် သရုပ်တူရမည် ဟူသော စကားရှိသည်။ ထို့ကြောင့်ပဲထင်သည်။ သူလဲ ကိုသြဘာနှင့်တူရန် အသံလုပ်၍ သရုပ် တူခဲ့ရသည်လား မသိ။ နောင်တွင် သူ့ကို ကိုသြဘာအဖြစ် သဘောကျသွားခဲ့သည်။ သူနှင့် အသံ လွှင့်ဘက် ဆရာမ (DR ဒေါ်ခင်စောဝင်း)၏ အဖြေကလည်း သဘာဝကျလှသည်။ အပေးအယူ ရှိလှသည်။ အံဝင်ခွင်ကျ ရှိလှပါသည်။           

ထိုသို့ ခွင်ကျလှသည့် အသံလွှင့်ချက်များရှိပါသည်။  ‘ဖိုးချစ်ပုံ ဖွားချစ်ပုံ’၊  ‘ကိုအောင်ဒင် မရွှေပွင့်’ စသဖြင့် ဖြစ်ပါသည်။ ကျနော့်နှစ်သက်မှုနှင့် ကျနော့်အကြိုက်ကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။ လူနှစ်ဦးတည်း အသံဖြင့် သရုပ်ဖော်ကြရသည်မှာ မလွယ်ကူပါ။ ဘေးကနေ ကောင်း၊ မကောင်း ဝေဖန်ရသည်မှာ လွယ်ကူပါသည်။ ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်ကြည့်လျှင် မလွယ်ကူကြောင်း ကောင်းကောင်းသိနိုင်ပါသည်။ သူတို့၏ အသံဖြင့် သရုပ် ဖော်ချက်များသည် ပိုင်နိုင်သရုပ်ပေါ်လှပါသည်။ အသက်ဝင်၍ သဘာဝကျနေပါသည်။ 

မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော “ဟုတ်တာပေါ့ ကိုရာ…. မှန်တာပေါ့ ညီရာ” ဆိုတဲ့ အစီအစဉ်ကဲ့သို့ အသက်မဲ့ပြီး စက်ရုပ်ဆန်သော လှုပ်ရှားမှုမျိုး မဟုတ်၊ မြန်မာ့ရုပ်သံမှ ပုဂ္ဂိုလ်နှစ်ဦး၏ လှုပ်ရှားမှုသည် ၀န်ထမ်းဆန်လွန်းလှသည်။ စိတ်ပါလက်ပါ မရှိချေ။ တာဝန်အရ ရရှိလာမည့် လစာရိက္ခာအတွက် လုပ်ဆောင်နေကြရခြင်းမျိုး ဖြစ်သည်။ သို့အတွက် ကျွန်း ကုလားထိုင်တွင် အမြိုင့်သားထိုင်၍ ကိုယ်ဖတ်ရမည့် စာပိုဒ်ကို အလှည့်ကျ မမှားမယွင်းအောင် သတိထား ဖတ်နေကြရခြင်းဖြစ်သည်။ ခံစားချက်မပါ။ စိတ်လှုပ်ရှားမှုမပါ။ သို့အတွက် အသက် ကင်းမဲ့၍ ခြောက်သွေ့နေသည်။ သဘာဝမကျ။ သို့အတွက် စိတ်ပျက်စရာကောင်းလှသည်။ ကျနော် မကြိုက်ပါ။           

ထိုသို့ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ချက်နှင့် အထက်တွင်ဖော်ပြခဲ့သည့် ‘ဖိုးချစ်ပုံ ဖွားချစ်ပုံ’၊ ‘ကိုအောင်ဒင် မရွှေပွင့်’၊ ကိုသြဘာတို့ အသံလွှင့်မှုများနှင့် အခြားနားကြီး ခြားနားလှ ပါသည်။ ကိုအောင်ဒင်တို့၊ မရွှေပွင့်တို့၊ ကိုသြဘာတို့၊ ဖိုးချစ်ပုံ ဖွားချစ်ပုံတို့သည် အသက်ဝင် လွန်းလှသည်။ ပြင်ပတွင် ပြောဆိုနေကြသလိုပင် စိတ်ပါလက်ပါ။ စိတ်အေးလက်အေး ရှိလှပါ သည်။ ယင်းသို့ဖြစ်ရသည်မှာ ကိုအောင်ဒင်၊ မရွှေပွင့်၊ ကိုသြဘာ၊ ဖိုးချစ်ပုံ၊ ဖွားချစ်ပုံ အဖြစ် သရုပ်ဆောင်(အသံဖြင့်)ကြသူများ၏ နောက်ခံကားဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ချစ်မြတ်နိုးမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဘက်က ရပ်ခံမှုများ၊ သက်ဝင်ယုံကြည်မှုများကြောင့် ဟုပင် ကျနော် ထင်မြင်ယူဆမိပါသည်။           

ကျနော်၏ အဆိုပါ ထင်မြင်ယူဆချက်မှာ ညှိနှိုင်းအဆိုပြုလုပ်ခြင်းသာ ဖြစ်ပါသည်။ 

ထိုအသံလွှင့်ချက်များတွင် ဖိုးချစ်ပုံ ဖွားချစ်ပုံတို့ ဇာတ်လမ်းသည် အသက်ပါဆုံး ဖြစ်ပါ သည်။ ‘မိချစ်ပုံတို့ကတော့ လုပ်ချလိုက်ပြန်ပြီ’ ဆိုပြီး တဟားဟားနှင့် ရယ်ကာ အဆုံးသတ်လိုက် သော ဖိုးချစ်ပုံ၏ အသံကို ကြားယောင်နေဆဲ ဖြစ်ပါသည်။           

ယနေ့လို လမ်းပြမြေပုံ ‘အဆင့် ၄’ (ပြည်သူ့ဆန္ဒခံယူပွဲ) အတွက် စည်းရုံးပြင်ဆင်ကြရာ တွင် ထိုသို့ အသက်ပါလှသော အသံလွှင့်ဇာတ်လမ်းများ၏ တန်ဖိုးကို ကျနော် စဉ်းစားတွက်ချက် နေမိပါသည်။ ထိုသို့သော သရုပ်ဆောင်များနှင့် သင့်တော်သော အသံလွှင့်ဇာတ်လမ်းများ ထုတ်လွှင့်နိုင်လျှင် ကောင်းလေစွဟုလည်း ဆန္ဒဖြစ်ပေါ်ပါသည်။ ဒါတွေထားပါတော့။ 

သို့ဖြင့် ကိုသြဘာသည် အသံလွှင့်သတင်းသမားဖြစ်ခဲ့သည်။ ‘တိုင်းကျော်’ အမည်ဖြင့် လည်း ဝေဖန်သုံးသပ်ချက်တွေ အသံလွှင့်သွားခဲ့သည်။ အခြားသူများတော့ မပြောတတ်ပါ။ ကိုသြဘာသည် နိုင်ငံရေးသမား၊ နိုင်ငံရေးနယ်ပယ်မှ အသံလွှင့်သတင်းသမားနယ်ပယ်သို့ ရောက်သွားသူ ဖြစ်ပါသည်။ သူ့တွင် နိုင်ငံရေးစိတ်ဝိဉာဉ် ရှိနေသည်၊ သူ၏တင်ပြချက်များတွင် နိုင်ငံရေးဝိညာဉ် ပါရှိနေသည်။ သို့အတွက် သူ့တင်ပြချက်များသည် အသက်ဝင်နေခြင်း၊ ခံစားမှု ပါနေခြင်းဖြစ်မည်ဟု ထင်ပါသည်။           

ပျစ်ပျစ်နှစ်နှစ် သုံးနှုန်းသွားသော စကားလုံးတချို့မှအပ သူ့တင်ပြချက်များကို ကျနော် နှစ်သက်မိပါသည်။ သူသည် ပိဿလေးနဲ့ နံဘေးပြစ်ဆိုသလို စကားလုံး ပျစ်ပျစ်နှစ်နှစ် သုံးရ သည်ကို နှစ်ခြိုက်ဟန် တူပါသည်။ သူက စကားပြောရာတွင်ပင် သူနှင့်ရင်းနှီးသူ၊ သူနဲ့ တရပ် တည်းသား ငယ်ပေါင်းကြီးဖော်များနှင့်ဆိုလျှင် အဆဲကလေးနှင့် စတတ်ပါသည်။ ယင်းသည် နစ်နာစေလိုသည့်သဘော ဟုတ်ဟန်မတူပါ။ သူ၏ ရင်းနှီးမှုကို ဖော်ပြသည့် သူ၏ ကိုယ်ပိုင်ဟန် ပင် ဖြစ်ပါလိမ့်မည်။ ယင်းသို့သော အမူအကျင့်နှင့် ဟန်သည် ပြင်ရခဲ ဖျောက်ရခဲ အကျင့် ဖြစ်ပါ လိမ့်မည်။ မရင်းနှီးကြသောသူများ၊ တစိမ်းတရံဆန်များကတော့ အစတွင် တမျိုးထင်ကြလိမ့် မည်။ ကြာလျှင် သူတို့လည်း ကိုသြဘာကို နားလည်သွားကြပါလိမ့်မည်။           

သူ နော်ဝေရောက်ပြီးမှ ကျနော်နှင့် တခါသာ ပြန်ဆုံဖြစ်ပါသည်။ ထိုသို့ ပြန်လည်ဆုံ တွေ့မှုသည် ယခုအခါ ကျနော်နဲ့ သူ၏ နောက်ဆုံးတွေ့ခဲ့ကြသည့် ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါပြီ။ ထိုသို့ဆုံကြစဉ်က ယင်းသို့ပြန်လည်ဆုံတွေ့မှုကို သူရော ကျနော်ပါ နောက်ဆုံးအကြိမ် ဖြစ်လိမ့် မည်ဟု မတွေးခဲ့ မထင်ခဲ့ကြပါ။ ယခုတော့ နောက်ဆုံးပြန်လည်ဆုံတွေ့ခြင်း ဖြစ်သွားခဲ့ပြီ။

ထိုစဉ်က သူ့သဏ္ဌာန်သည် နေလောင်ခံထားရသည့် ခရမ်းညိုသီးတစ်လုံးကဲ့သို့ မဲပြာဖျော့တော့နေပါသည်။ အသံကတော့ နဂိုအသံပင်။ သို့သော်လည်း မောလှိုက်သံ စွက်နေ ခဲ့ပြီ။ သောက်လိုက်ရသည့်ဆေးကလည်း မနည်းမနောပင်။           

ထိုညက မိကျောင်းမျက်ရည်ဆိုင်တွင် သူက ဧည့်ခံကျွေးမွေးခဲ့သည်။ ထုံးစံအတိုင်း စားကြသောက်ကြသည်။ သူက ဟိုတို့ဒီတို့သာ စားသည်။ ရေကလွဲ၍ ဘာမျှမသောက်၊ ဟိုရောက်သည်ရောက် စကားဖောင်ဖွဲ့ကြသည်။ အတိတ်၏အရိပ်များ၊ ပစ္စုပ္ပန်တွင် ပြောင်းလဲနေ ကြသူများ၊ ပြီးတော့ တခါက မာနယ်ပလော၊ မယ်ဖေါထက ယစ်ရွှေရည်၊ ဒီကနေ့နိုင်ငံရေး၊ ပြည်တွင်းလှုပ်ရှားမှုများ၊ ပြီးတော့ သူ၏ အသံလွှင့်အတွေ့အကြုံများထဲက ရယ်စရာ၊ မောစရာ၊ သောစရာ အကြောင်းအရာများ။ သို့ဖြင့် ထိုညက အတော်ညဥ့်နက်သွားသည်။ နောက်ဆုံး သူ တည်းခိုနေသည့် ဖွန်ထစ်ဟိုတယ်ကိုလိုက်ပို့တော့ မိုးကလေးများပင် ခပ်စိတ်စိတ် ရွာနေခဲ့ပြီ။

            ခပ်စိတ်စိတ်ရွာလာနေသည့် မိုးရေအောက်တွင် ဖွန်ထစ်ဟိုတယ်ထဲသို့ ကိုင်းကိုင်း ကိုင်းကိုင်းနှင့် ဝင်သွားသည့် သူ၏ နောက်ကျောမြင်ကွင်းကို ကျနော် အမှတ်ရနေမိပါသေးသည်။ ယင်းသည် သူ့ကို နောက်ဆုံးမြင်တွေ့ခဲ့ရသည့် မြင်ကွင်းပင်။           

ယင်းနောက် သူ နော်ဝေပြန်ရောက်သွားသည်။ ဖုန်း တစ်ခါနှစ်ခါဆက်လာသည်။ နောက်တော့ အဆက်ပြတ်သွားသည်။ သိမ်မကြာခင် နိုဝင်ဘာလလယ်လောက်တွင် ထင်သည်၊ ကိုမင်းမင်းဦးပြောသဖြင့် သူ၏ နောက်ဆုံးအခြေအနေကို သိရပြန်သည်။           

            သို့ဖြင့် ရေဒီယိုသတင်းသမားတစ်ဦး၏ နောက်ဆုံးခရီးသတင်းကို ရေဒီယိုသတင်းက တဆင့် ကြားသိရပါတော့သည်။           

ဤသည်မှာ ကိုသြဘာနှင့်ပတ်သက်၍ ကျနော်၏ အလွမ်းဖြစ်ပါသည်။ သတင်းကြား ခါစက အလွမ်းသည် လှုပ်ခတ်နေခဲ့သဖြင့် မရေးဖြစ်ပါ။ အနည်မထိုင်သေးသော အလွမ်းကို ရေးပြလို့မဖြစ်နိုင်ဟု ထင်ပါသည်။ ဟိုတစ်စ သည်တစ်စ လှုပ်ခတ်နေသဖြင့် ဆက်စပ်ရခက်နေ ပါသည်။ ဖမ်းဆုပ်ရ ခက်နေပါသည်။ ဝေ့၀ဲဝိုးဝါးနေပါသည်။ သို့ဖြင့် ကျနော်သည် ကျနော်၏ အလွမ်းအနည်ထိုင်ချိန်ကို စောင့်ပြီး အနည်ထိုင်ချိန်တွင် ရေးချလိုက်ခြင်းဖြစ်ပါသည်။           

ကျနော်၏ ကိုသြဘာကိုလွမ်းသော အလွမ်း၌ အတိတ်တချိန်က အတူဖြတ်သန်းခဲ့ဖူး သည့် ပုံရိပ်အချို့၊ အမှတ်ရချက်အချို့၊ ထင်မြင်ချက်အချို့၊ ဝေဖန်အကဲဖြတ်ချက်အချို့တို့ ပါဝင်နေပါလိမ့်မည်။ ထိုအချက်များသည်ပင် ကိုသြဘာကိုလွမ်းသော အလွမ်းများ၏ အခက်အလက်များပင် ဖြစ်ပါသည်။            

ကိုသြဘာသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချစ်မြတ်နိုးသူ၊ ထိုအရေးတော်ပုံအတွက် သူစွမ်းသလောက်၊ သူ့တာဝန်သူ ထမ်းဆောင်သွားခဲ့သူ၊ ယင်းအချက်သည် ကိုသြဘာအလွမ်းတွင် လွမ်းစရာအကောင်းဆုံးအချက်၊ အမှတ်ရစရာ အကောင်းဆုံးအချက်၊ ဂုဏ်ယူစရာအကောင်းဆုံးအချက် ဖြစ်ပါသည်။           

ထိုသို့သောအလွမ်းများဖြင့် ကိုသြဘာကို ကျနော် လွမ်းပါသည်။
                                               
٭٭٭٭٭ 

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org