|
အဝေးက ပေစာတစောင်
ဖေဖော်ဝါရီ
၂၃၊ ၂၀၀၈ ခုနှစ်
ကိုဟိုဒင်းရေ-
ကျနော်တို့ဗမာနိုင်ငံသားတွေ အစွမ်းပြရမယ့်အချိန်
ရောက်လာပြန်ပါပေါ့လားဗျာ။
မျက်စိလည်မသွားနဲ့အုံးနော် မိတ်ဆွေကြီး။ ကျနော်ဆိုလိုတာက
နအဖကျင်းပတော့မယ့် လူထု ဆန္ဒခံယူပွဲကြီးကို ပြောတာ။ ဘာတဲ့၊ မေလထဲမှာ
ကျင်းပမယ်ဆို မဟုတ်လား။ နအဖတို့များ လုပ်ချလိုက်တာ၊
ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဆိုတာကို ကြေညာတောင် မကြေညာရသေးဘူး။
အတည်ပြုဖို့ အစီအစဉ်ကြေညာနေပြီ။ ကလေးမမွေးခင်ကတည်းက သူ့အတွက်
ပုခက်တင်ပွဲ
ဖိတ်စာကမ်းနေတာနဲ့ မတူဘူးလား။ တနည်းပြောရရင်
ဗမာပြည်သားတွေဟာ သတို့သား မျက်နှာတောင် မမြင်ရပဲ အပေးစားခံရမယ့်သဘောဗျ။
နောက်ပြီး ဖွဲ့စည်းပုံမှ အတည်မပြုရသေး ဘူး။ အဲဒီအထဲက ပြဋ္ဌာန်းတဲ့အတိုင်း
ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ်မှတ်နေပြီ။ ငါဘုရင်- ခုတင်ကိုဘယ်နှစ်ပတ်
ပတ်-ပတ်၊ ပတ်လို့ရတယ်ဆိုပြီး လုပ်နေကြတာတွေပဲ။ သူတို့နဲ့
အကျိုးအကြောင်းပြောလို့ မဖြစ်ပါဘူး။
ဒီတပွဲမှာ
နအဖဟာ ဘယ့်ကလောက် အပိုင်တွက်ထားသလဲဆိုရင် လူထုကို နှစ်လပဲအချိန်ပေး
ပြီး အပြတ်လုပ်ဖို့ ပြင်ထားရုံမက နောက်ခြေလှမ်းအတွက်တောင် စီမံကိန်းကို
ကြေညာလိုက် သေးတယ်။ သူတို့ဖက်က ဘာတွေ၊ ဘယ်လိုပြင်ဆင်ထားတယ်တော့
မပြောနိုင်ဘူး။ လုပ်ပုံတွေ ကတော့ ပုံမှန်မဟုတ်တာအမှန်ပဲဗျ။ ဒီနေ့လို
လူတကာက သူတို့ကို မုန်းတီးမှန်းသိရက်နဲ့ အခုလိုကြေငြာလိုက်တော့
လူထုအပေါ် အထင်သေးလှချည့်လားလို့ တွေးရတော့မှာပေါ့ဗျာ။
တကယ်က
ဒီစစ်ဗိုလ်ချုပ်တွေဟာ ဗမာပြည်က ပြည်သူတွေရဲ့သဘောထားကို မသိတာမဟုတ်
ပါဘူး၊ သိတယ်။ ဒါပေမဲ့ သူတို့လက်ထဲမှာ ဘာဝှက်ဖဲရှိတာကို ကျနော်တို့က
မသိဘူး။ ဒီလို အခြေအနေမှာ သူတို့ဖက်ကတင်လာတဲ့ ကိစ္စဟာ တိုင်းပြည်ရဲ့
အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်ကိစ္စ ဖြစ်နေတယ်။ ကျနော်တို့
သားစဉ်မြေးဆက်တွေပါ စစ်သံဖနောင့် အောက်မှာ ပြားပြားဝပ်နေရမယ့်
ကိစ္စဖြစ်တယ်။ အရင်ကတော့ သူတို့စစ်တပ်ထဲမှာ အောက်ခြေ တပ်သားတွေက
အထက်အရာရှိတွေကို ဘာမှ လှန်မပြောနိုင်ဘဲ ပြားပြားဝပ်နေရတယ်ဆိုတာ မျိုး
ရှိခဲ့တယ်။ အခုတော့ တနိုင်ငံလုံး၊ တိုင်းရင်းသားလူမျိုးအားလုံး
ဆွေစဉ်မျိုးဆက် စစ်ဗိုလ်တွေ ကို ပြန်မလှန်ဘဲ ပြားပြားဝပ်နေရမယ့်
အနေအထားဖြစ်တယ်။
ဒါကြောင့်
ပြည်သူလူထုနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေအဖို့ ပြောရရင် ဒီတပွဲဟာ
အသဲချင်းပေါက်ရမယ့် ပွဲပဲဗျ။ ဒီပွဲမှာ တချက်တွေဝေရင် တသက်
ဝေလေလေလုပ်နေရမှာ။ နောက်ပြီး နောင်လာနောက်သားတွေကလည်း ကျနော်တို့တတွေ
ဒီအခွင့်အရေးရခဲ့ရက်သားနဲ့ သူတို့ကိုပါ စစ်အုပ်စုရဲ့ကျေးကျွန်အဖြစ်
ထားခဲ့ရကောင်းလားလို့ အပြစ်တင်ကြမှာ။ ကျနော်တို့ တတွေ သူတို့ကို
ကောင်းမွေပေးချင်တယ်ဆိုရင် ဒီကိစ္စကိုပါ ဖြေရှင်းပေးခဲ့နိုင်သင့်တယ်ဗျ။
တကယ်တော့ဗျာ၊ ကျနော်တို့ပြည်သူတွေဟာ မဲထည့်တယ်ဆိုတာနဲ့ပတ်သက်လို့
အတွေ့အကြုံ လည်းရှိ၊ သတ္တိလည်းရှိ၊ တီထွင်မှုလည်း ရှိကြပါတယ်။ အရေးကြီးတာ
သူတို့ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုတခု ရှင်းရှင်းလင်းလင်း
ပေးဖို့ပဲဗျ။ ကျန်တာကို သူတို့ဖာသာသူတို့ လုပ်တတ် တယ်လို့ ကျနော်
ယုံကြည်တယ်။
ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ အင်မတန်အရေးပါပြီး ထူးခြားတဲ့ ၁၉၆၀
ခုနှစ်နဲ့ ၁၉၉၀ ခုနှစ် တုန်းက ရွေးကောက်ပွဲတွေကိုပဲ
ပြန်စဉ်းစားလိုက်ပါဗျာ။ ဒီနှစ်ပွဲစလုံးဟာ စစ်အာဏာရှင်စနစ်နဲ့
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကျနော်တို့ပြည်သူလူထုတွေ
ပြတ်ပြတ်သားသား ဖော်ပြခဲ့တဲ့ အောင်ပွဲခံ ရွေးကောက်ပွဲတွေ မဟုတ်ဘူးလား။
တကယ်ဆိုရင် ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာကိုပဲ ပြည်သူတွေဟာ
သူတို့အစွမ်းကို စပြခဲ့ပြီလို့ ပြောနိုင်ပါတယ်။ အဲဒီတုန်းက ဖဆပလ၊
စစ်တပ်နဲ့ ပြူစောထီးတွေကနေ အမျိုးမျိုးညစ်ပတ်၊ သတ်ဖြတ်တဲ့ အကြားကပဲ
အတိုက်အခံတွေကို အင်တိုက်အားတိုက် မဲပေးခဲ့ကြသဗျ၊
အမတ်အရေအတွက်အနေနဲ့တော့ ဖဆပလက အများကြီးသာတာပေါ့ဗျာ။ ဒါပေမဲ့
စုစုပေါင်းရတဲ့ မဲအရေအတွက်ကျတော့ ဖဆပလက ၁၇ သိန်းကျော်၊ အတိုက်အခံတွေက
၁၅ သိန်းကျော်ရခဲ့ကြတယ်ဗျ။ အမတ်အရေ အတွက်မှာ ပမညတဆိုတဲ့ အဓိက
အတိုက်အခံပါတီက ၄၆ နေရာပဲရတော့ ၁၄၄ နေရာရခဲ့တဲ့ ဖဆပလခေါင်းဆောင်တွေက
ဟားကြတာပေါ့ဗျာ။ ဒါပေမဲ့ ဖဆပလကွဲလို့ အစိုးရပြန်ဖွဲ့ကြတော့ အဲဒီ အမတ်
၄၆ ဦးကပဲ အဆုံးအဖြတ်ပေးခဲ့တာဟာ သမိုင်းရဲ့ လှောင်ပြောင်မှုတခုသဖွယ်
ပြောစမှတ်ဖြစ်ခဲ့တယ်လေ။
နောက်တခါ
ဖဆပလကွဲပြီးတဲ့နောက် စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းပြီး ကျင်းပပေး
တဲ့ ရွေးကောက်ပွဲမှာကျတော့ လူထုဟာ (အဲဒီတုန်းကအသုံးအနှုန်းအတိုင်း
ပြောရရင်) အသဲ ကြားက မဲပြားတွေနဲ့ စစ်အာဏာရှင်စနစ်မလိုလားကြောင်း
ပြတ်ပြတ်သားသား ဖော်ပြလိုက်ကြ တယ်ဗျ။ တကယ်ကျတော့ အဲဒီတုန်းက တည်မြဲနဲ့
သန့်ရှင်းအကြားမှာ မူဝါဒအရ တယ်ပြီး ကွာခြားလှတာမဟုတ်ပါဘူး။
အကျင့်ပျက်ခြစားမှုဆိုတာလည်း ဘယ်ဖက်မှသိပ်ကင်းကြတာ မဟုတ်ပါဘူးဗျာ။
(အဲဒီတုန်းက သူတို့ချင်း ညောင်မြစ်တူးကြတဲ့ စာတွေ၊ သတင်းစာတွေထဲမှာ
ဖတ်ခဲ့ရတာကို ခင်ဗျားလည်း မှတ်မိမှာပေါ့) ဒါပေမဲ့
တည်မြဲ-ဆိုရှယ်လစ်-ဗိုလ်နေ၀င်း စစ်အုပ်စု ဆိုတဲ့ တြိဂံဆက်စပ်မှုဟာ
ရွေးကောက်ပွဲရဲ့အရှုံးအနိုင်ကို ပြဋ္ဌာန်းသွားတယ်လို့ ပြောရမယ် ထင်ပါတယ်၊
အပြတ်အသတ်ပါပဲ။ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်က သေနတ်ထောက် မဲပေးခိုင်း
မှုတွေကြားကပဲ ပထစ(သန့်ရှင်း)က အမတ်နေရာပေါင်း ၁၅၉ နေရာ၊ ဖဆပလ(တည်မြဲ)က
အမတ်နေရာပေါင်း ၄၂ နေရာရခဲ့ကြပြီး ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတုန်းက အဓိက
အတိုက်အခံ အင်အားကြီးဖြစ်ခဲ့တဲ့ ပမညတ ကတော့ တနေရာမှ မရခဲ့ဘူးဗျ။
ကျနော့်တဦးချင်းအနေနဲ့ အခုပြန်စဉ်းစားလိုက်တော့ အဲဒီတုန်းက တကယ်လို့သာ
ဖဆပလ(တည်မြဲ)ဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ ကင်းကင်းရှင်းရှင်းရှိခဲ့ရင်
ဒီလောက် အပြတ်အသတ် ဖြစ်ကောင်းမှဖြစ်မယ်။
တန်းတူလောက်ဖြစ်ကောင်းဖြစ်မယ်လို့ တွေးမိနေတယ်။ သေချာတာက တော့
မဲပေးသူလူထုဟာ မဲအရေအတွက် ပြားမထွက်အောင် စုပြီးပုံအောတန်ရင် အောရမယ်
ဆိုတာကို နားလည်နေတာပဲဗျ။
ပြည်သူလူထုရဲ့ အဲဒီလိုတုန့်ပြန်လိုက်မှုကြောင့် မှတ်လောက်သားလောက်တဲ့
အလှည့်အပြောင်း ကြီးနှစ်ခု ဖြစ်ခဲ့တယ်။ တခုက ဆိုရှယ်လစ်စစ်အုပ်စုနဲ့
ဖဆပလကို လူထုအကြားမှာ ပွင့်ကျသွား စေခဲ့တယ်။ တချိန်က
အရှိန်သြဇာအင်မတန်ကြီးမားလှတဲ့ ဖဆပလ ဆိုတဲ့ နာမည်ဟာ အဲဒီ အချိန်ကစပြီး
ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အမည်းစက်တွေနဲ့ ချောင်ထဲရောက်သွားတော့တာ
ပဲဗျ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကာလမှာ ပြန်ပွဲထုတ်လို့တောင်
မရတော့သလောက်ပဲ မဟုတ် လား။ နောက်တချက်ကတော့ စစ်အုပ်စုထဲမှာ
ကွဲထွက်သွားတာဖြစ်တယ်။ အာဏာကို တနည်းနည်းနဲ့ ပြန်ယူအုံးမယ်လို့
သန္နိဋ္ဌာန်ချထားတဲ့ ဗိုလ်နေ၀င်းဟာ သူ့အနာဂတ်အတွက် အရှည်မျှော်ပြီး
တချိန်က သူ့ကို ဒီနေရာရောက်အောင် ပုခုံးနဲ့ထမ်းတင်ခဲ့ကြတဲ့ ဆိုရှယ်လစ်
ပါတီဝင် စစ်ဗိုလ်တွေကို တပ်ထဲက ထုတ်ပစ်လိုက်တယ်။ ဗိုလ်နေ၀င်းဟာ
သူ့စစ်အုပ်စုအဖို့ အရင်လူ၊ အရင်မူတွေနဲ့ ဆက်သွားလို့မဖြစ်တော့ဘူးလို့
ဆုံးဖြတ်လိုက်ပြီး စစ်အုပ်စုထိပ်ပိုင်းမှာ မျက်နှာသစ်အများအပြားတင်ပြီး
ဆိုရှယ်လစ်စကားတွေနဲ့ စခန်းသွားတော့တာပဲလေ။
အလားတူပဲ
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအကြောင်းတော့ အများသိပြီးလို့မို့ ကျနော်
အကျယ် မရေးတော့ပါဘူး။ ဒီမှာလည်း လူထုကြီးက မဲပေးပစ်လိုက်တာ
စစ်အုပ်စုထဲမှာ ကွဲထွက်သွားပြီး ဗိုလ်နေ၀င်းရဲ့အရှိန်သြဇာတွေ
နေ၀င်သွားတော့တယ် မဟုတ်လားဗျာ။
ဒီတခါ
နအဖရဲ့ ဆန္ဒခံယူပွဲမှာလည်း လူထုဟာ မဲကလေးထည့်ရုံနဲ့ စစ်အစိုးရကို
တုန်ခါသွားစေ နိုင်တယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး
အစွမ်းပြကြရတော့မယ်ထင်တယ် ကိုဟိုဒင်းရေ။ ကမ္ဘာမှာ နိုင်ငံရေးနိုးကြားမှု၊
နိုင်ငံရေးအသိနဲ့ ပတ်သက်လာရင် ကျနော်တို့နိုင်ငံသားတွေဟာ တခြား
ဘယ်နိုင်ငံသားတွေထက်မှာ မနိမ့်ဘူးလို့ ကျနော် မကြာခဏ ပြောလေ့ရှိတယ်ဗျ။
ဒါဟာလည်း ကျနော်တို့နိုင်င်ငံကိုက လွတ်လပ်ရေးရတယ်ဆိုကတည်းက
နိုင်ငံရေးမတည်ငြိမ်မှုနဲ့ နိုင်ငံရေး တိုက်ပွဲတွေ အဆက်မပြတ်
ဆင်နွှဲနေကြရတာနဲ့ တိုက်ရိုက်ဆိုင်တယ်လို့ ထင်တာပဲ။
ဘာပဲဖြစ်ဖြစ်လေ၊ အခုတခါမှာလည်း ကျနော်တို့ပြည်သူတွေဟာ သူတို့ရဲ့
ကြီးမြတ်၊ ဂုဏ်ပြောင် မှုကို ဖော်ပြကြအုံးမယ်လို့ပဲ
ယုံကြည်မျှော်လင့်နေမိတယ် မိတ်ဆွေကြီးရေ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော |