|
အဝေးကပေးစာတစောင်
၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်။
ကိုဟိုဒင်းရေ-
နှင်းလေးတမှုံမှုံ၊ လေအေးလေးတသုန်သုန်နဲ့
ချမ်းလို့များတုန်ပြီဆိုမှဖြင့်
ကျနော်လည်း
စာဆိုတော်နေ့တွေအကြောင်း ရေးမယ်လို့ စဉ်းစားလိုက်တာနဲ့ ကဗျာ လိုလို၊
ကပြောင် လိုလိုတွေ ခေါင်းထဲက ခုန်ထွက်လာတာဗျို့။
စာအကြောင်းပေအကြောင်းကို လွတ်လွတ်လပ်လပ် ပြော၊ လွတ်လွတ်လပ်လပ်
နားထောင်ဆွေးနွေးဆိုတဲ့ အစဉ်အလာလေး တောင်မှ အခုတော့ ဒီနိုင်ငံမှာ
သမိုင်းလိုလို၊ အိပ်မက်လိုလို ဖြစ်သွားပြီဆိုတာကို ပြန်တွေးကြည့် ရင်
လွမ်းသလိုလို၊ နာကျည်းသလိုလို ဖြစ်နေမိတယ်ဗျာ။
ဗမာပြည်မှာတုန်းက ကိုယ်က
စာရေးဆရာမဟုတ်ပေမဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းတွေနဲ့ စာပေဟောပြောတွေကို
သွားနားထောင်ခဲ့၊ စာရေးဆရာတွေ နယ်လှည့်ဟော ပြောရာတွေကို
လိုက်ပါခဲ့ဖူးတော့ စာဆိုတော်နေ့ရဲ့ နက်နဲသိမ်မွေ့မှု၊ ကြည်နူးစရာတွေကို
ကောင်းကောင်းသဘောပေါက်ပြီး သံယောဇဉ်တွယ်မိနေတာပေါ့ဗျာ။
ပြန်စဉ်းစားလိုက်တော့ သမိုင်းကလည်း ကြာခဲ့ပြီကိုး။
ဒုတိယကမ္ဘာစစ်၊ ဂျပန်ခေတ်၊
ဖက်ဆစ်ခေတ် တကယ့်အမှောင်ခေတ်ထဲမှာမှ ကျနော် တို့နိုင်ငံက
စာရေးဆရာအသင်းဆိုတာ ပေါ်လာတာပါ။ ၁၉၄၄ ခုနှစ်ထဲမှာ ဆရာကြီးပီမိုးနင်း
ကွယ်လွန်တော့ သူ့ဈာပနမှာ စာရေးဆရာကြီးများဟာ
စာရေးဆရာအသင်းတခုတော့ရှိမှလို့ သဘောပေါက်ပြောဆိုမိကြပြီး
နောက်တနေ့ကျတော့ ဆယ်သန်းသတင်းစာတိုက်မှာ ဂျာနယ်ကျော် ဦးချစ်မောင်၊
(ဦး)သင်္ခါ၊ (ဦ)ပဂျီငို၊ ဒီးဒုတ်ဦးဘချို၊ (ဆရာ)မဟာဆွေ၊
(ဆရာ)မြို့မဟိန် စသူတို့ တွေ့ဆုံးဆွေးနွေးပြီး ဖွဲ့လိုက်ကြတယ်လို့
ဖတ်ဖူး၊ မှတ်သားဖူးတယ်ဗျ။ ဥက္ကဌက ဦးချစ်မောင်၊ ဒုဥက္ကဌ မဟာဆွေ၊
အတွင်းရေးမှူးက သင်္ခါ စသဖြင့် တာဝန်ယူကြတယ် တဲ့။ တဆက်ထဲမှာ
နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း တရက်နေ့မှာ စာဆိုတော်နေ့အခမ်းအနား တွေ
ကျင်းပကဖို့လည်း အဲဒီစာရေးဆရာအသင်းကနေ ဆုံးဖြတ်လိုက်ကြတယ်ဆိုပဲ။
ဖက်ဆစ်ဂျပန့်လှံစွပ်အောက်မှာ ဒီနေ့ကိုသတ်မှတ်၊ ဖော်ထုတ်၊
ကျင်းပတယ်ဆိုတော့ ဒီစာရေးဆရာတွေဟာ မျက်စိကန်းတစ္ဆေမကြောက်
လုပ်ကြတာလားလို့ မေးစရာရှိပါလိမ့်မယ်။ မဟုတ်ပါဘူး၊ အဲဒီတုန်းက
ဂျပန်ဖက်ဆစ်က ဗမာပြည်ကို လွတ်လပ်ရေးပေးတယ်လို့ လုပ်ထား တာ၊ ဒီအခါမှာ
အစိုးရအဆောက်အုံထဲမှာ ကိုယ့်လူတွေရှိနေတယ်ဆိုတဲ့ အချက်တွေကို အခွင့်
ကောင်းယူပြီး အမျိုးသားရေးလှုပ်ရှားမှုတရပ်အနေနဲ့ သတ္တိရှိရှိ
လုပ်ခဲ့တာဖြစ်ပါတယ်။ တဘက် ကလည်း စာရေးဆရာတွေဟာ စုစုစည်းစည်းရှိကြောင်း၊
တနည်း စည်းလုံးညီညွတ်ကြောင်း အားလုံးသိအောင်ဖော်ပြရင်း
အမျိုးသားရေးအလံကို လွှင့်ထူပြတာလည်းဖြစ်ပါတယ်။ သူတို့ ပထမဆုံး
တင်ဆက်ကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်ထဲမှာ ၀ိဇယမင်းသားရဲ့အပေါင်းပါတွေ ရက်စက်
ရိုင်းစိုင်းပုံတွေဟာ ဖက်ဆစ်ဂျပန်တွေ လုပ်နေတာတွေကို
ထင်ဟပ်ပြထားတာဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ
စာဆိုတော်နေ့လှုပ်ရှားမှုတွေဟာ လွတ်လပ်ရေးတိုက်ပွဲကာလမှာ အားလုံးက
အာရုံစိုက်ရတဲ့ ကိစ္စတရပ် ဖြစ်လာတာပေါ့ဗျာ၊ အာရုံစိုက်ကြတဲ့
အဓိကအကြောင်းရင်းကတော့ နိုင်ငံရေးအဓိပ္ပါယ်ကြောင့် အာရုံစိုက်ကြတာပါ၊
စာပေသမားတွေက နှစ်စဉ်တင်တဲ့ ပြဇာတ်တွေ ဟာ
ဘာနိုင်ငံရေးအဓိပ္ပာယ်ပါသလဲလို့ စဉ်းစားကြရတာကိုက
စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
နောက်တော့ ခင်ဗျားလည်း
သိတဲ့အတိုင်းပဲ စာရေးဆရာတွေအကြား ကွဲကြတာ၊ စင်ပြိုင်အသင်းအပင်းတွေ
ထူထောင်ကြတာ၊ စာဆိုတော်နေ့ကို ကိုယ့်ဟာနဲ့ကိုယ် ကျင်းပကြတာ စတာတွေ
တွေ့လာရပါတယ်။ ဒါတွေဟာ ကောင်းတဲ့အချဉ်းအရာတွေလို့ ကျနော့်အနေနဲ့
မဆိုလို ပါဘူးဗျာ။ ဒါပေမဲ့ အခုပြန်စဉ်းစားလိုက်တော့
လွတ်လပ်ပြီးနောက်မှာ ကိုလိုနီဘဝလွတ်မြောက် ရေးအတွက်
တိုက်ပွဲဝင်ကြတုန်းကလို လူ့အလွှာ၊ လူတန်းစားတွေအကြား မတူကွဲပြားကြတာ ဟာ
သဘာဝကျတယ်လို့ ထင်ပါတယ်။ မတူတာကို မတူတဲ့အတိုင်း ရပ်တည်ခွင့်ရကြတာကိုပဲ
ကောင်းတဲ့ကိစ္စလို့ သဘောထားရမှာပါ။ ဒီနေ့ကာလလို နအဖခွင့်ပြုတဲ့
စာပေအဖွဲ့အစည်း တခု တည်း တည်ရှိခွင့်ရနေတာနဲ့စာရင် တော်သေးတာပေါ့။
ဖဆပလအစိုးရဟာ စာရေးဆရာ။ သတင်းစာဆရာတွေကို ဖမ်းတာ၊ ဆီးတာတွေရှိပေမဲ့
မဆလတို့ န၀တ-နအဖတို့ထက်တော့ အပုံကြီးတော်သေးတာ အမှန်ပဲဗျ၊
မဆလခေတ်ကျတော့
ခင်ဗျားလည်းသိတဲ့အတိုင်းပဲလေ၊ စာဆိုတော်နေ့ကျင်းပတာ တွေဟာ လုံးဝ
ပုံသဏ္ဌာန်ပြောင်းသွားတယ်။ ရန်ကုန်မှာက ဘာမှလုပ်ခွင့်မရတော့ဘူး။ သတင်း
စာဆရာ၊ စာရေးဆရာတွေ အသင်းအပင်းပုံစံနဲ့ လှုပ်ရှားတယ်ဆိုတာ ပျောက်သလောက်
ဖြစ် သွားတယ်။ အထူးသဖြင့် ၁၉၆၃ ခုနှစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ထိုးဇာတ်ကြီးကို ဗိုလ်နေ၀င်းက တော်လောက်ပြီလို့
ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် (ဆရာ)ဗန်းမော်တင်အောင်၊ ဆရာ ဒဂုန်တာရာ၊
(ဆရာ)မြသန်းတင့်တို့လိုလူတွေ ထောင်ထဲရောက်ကုန်ကြပြီးတဲ့
နောက်မှာပေါ့ဗျာ၊ မန္တလေးမှာကတော့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရယ်လို့
တည်တည်ကြည်ကြည် ရပ်တည်နိုင်ပြီး စာပေဟောပြောပွဲတွေ၊
စာပေရေးရာလှုပ်ရှားမှုတွေ အတော်လေး ကျင်းပနေနိုင် ခဲ့တာပေါ့၊
ဒီနေရာမှာ စပ်မိလို့
မဆလလက်ထက် ကာလအတော်ကြာအထိ တည်တံ့နေနိုင်ခဲ့တဲ့ မန္တလေးကျုံးနံဘေး
ဓမ္မဗိမာန်က စာပေဟောပြောပွဲတွေအကြောင်း ပြောချင်သေးတယ်။ နှစ်စဉ်
နှစ်တိုင်း ဂရုတစိုက်နဲ့ စေ့စေ့စပ်စပ် စီစဉ်ကျင်းပကြတာ။
ဖတ်တဲ့စာတန်းတွေဆိုတာလည်း တခုမှ ကယော်ကမယ်မဟုတ်ဘူး။ စာတစောင်ပေတဖွဲ့
မှတ်တမ်းတင်ထိုက်တဲ့ ဟာတွေချည့်ပဲ။ သဘာပတိတွေထိုင်တဲ့ နေရာရဲ့နောက်မှာ
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပုံကြီးကို ထောင်လို့။ အထက်မှာတော့
အထက်ဗမာနိုင်ငံစာရေးဆရာအသင်းဆိုတဲ့ စာတန်းကြီးနဲ့။ ထိုင်နေသူတွေက
ဆရာတော်ရွှေကိုင်းသား (ခေါ်) ဦးသောဘိတ၊ ပါမောက္ခဦးချမ်းမြ၊ လူထုဦးလှ၊
ဒေါက်တာ သန်းထွန်းတို့လို ပုဂ္ဂိုလ်တွေ၊ အင်မတန် ကျက်သရေရှိတာပေါ့ဗျာ။
(တခါတခါတော့ ဒေါက်တာ သန်းထွန်းကြီး အိပ်ငိုက်နေတာ တွေ့ရတယ်)
ကျနော်မှတ်မိသလောက်တော့ အမေ လူထု ဒေါ်အမာက နောက်ပိုင်းမှ
သဘာပတိစားပွဲမှာ ထိုင်တာ။ အစောပိုင်းတုန်းကတော့ အောက်က ပရိသတ်ထဲမှာပဲ။
အောက်မှာထိုင်နေတဲ့ ပရိသတ်ထဲမှာ သံဃာတော်တွေအပါအ၀င် ကျနော့် အထင်
နှစ်စဉ် လာနားထောင်သူက ရာခိုင်နှုန်း ၈၀ ထက် မနည်းဘူးဗျ။ ဒီအထဲမှာ
ထောက်လှမ်း ရေးတို့၊ အက်စ်ဘီတို့လည်း ပါသပေါ့ဗျာ။ အထက်မှာပြောခဲ့တဲ့
ဂျပန်ခေတ် ဒီမိုကရေစီနဲ့မကွာလှ တဲ့ မဆလဒီမိုကရေစီအောက်မှာ
ရိုးသားတည်ကြည်မှုဆိုတဲ့ ဂုဏ်နဲ့ ပွတ်သီကပ်သီလေး လှည့်ပတ်ပြီး
လုပ်ကြရတဲ့ ရှားရှားပါးပါး အသင်းပင်းလှုပ်ရှားမှုပေါ့။ ဒါပေမဲ့
ဒီအဖွဲ့အစည်းနဲ့ ဒီလှုပ်ရှားမှုဟာ မဆလခေတ်နှောင်းပိုင်းမှာ
နိဌိတံသွားပါတော့တာပါပဲဗျာ။
အဲဒီခေတ်က အထက်အောက်
ဗမာပြည်မှာ လှည့်လည်ဟောပြောတာတွေအပါအ၀င် စာပေဟောပြောပွဲတွေမှာ လူထုဟာ
စာပေကို စိတ်ဝင်စားတာတင်မက နိုင်ငံရေးငတ်လို့ နိုင်ငံရေးအသံ၊
နိုင်ငံရေးအဓိပ္ပါယ်တွေ ခံစားချင်လို့ လာနားထောင်ကြတာလည်း ဖြစ်တယ်ဗျ။
ဗမာပြည်စာပေလောကရဲ့ ထူးခြားချက်တခုကိုက တိုင်းပြည်ရဲ့အခြေအနေနဲ့အတူ
နိုင်ငံရေးရဲ့ အခန်းဟာ အင်မတန်မှ အရေးပါနေတာပါပဲ။ ဒါဟာ
ကိုလိုနီခေတ်ကတည်းက သန္ဓေတည်ခဲ့တာ ဆိုရင် မမှားပါဘူးထင်ပါတယ်။
ဒါကြောင့်လည်းပဲ ဒီနိုင်ငံက အာဏာရသူတွေဟာ ကျောင်းသား ဆိုတာ
နိုင်ငံရေးနဲ့ မဆိုင်ဘူး၊ တခြားစီလို့ ပြောလေ့ရှိကြသလို စာပေနဲ့
နိုင်ငံရေးကိုလည်း ခွဲထားရမယ်လို့ ပြောတတ်ကြတာပဲ။ ဒါပေမဲ့
ပြောသာပြောတယ်ဗျာ၊ အဲဒီလိုလုပ်လို့မရမှန်း လည်း သူတို့
ကောင်းကောင်းသိတယ်ဗျ။ အဲတော့ မဆလခေတ်ကစပြီး သူတို့ဟာ တခြား အသင်းတွေကို
ဖျက်သိမ်းခိုင်းပြီး သူတို့သြဇာခံ စာပေလုပ်သားကောင်စီဆိုပြီး
အတင်းဖွဲ့တော့ တာပဲလေ။
ဒီခေတ်ကြီးမှာတော့
နအဖကခွင့်ပြုထားတယ်ဆိုတဲ့ စာရေးဆရာအစည်းအရုံးတို့၊ ထုတ်ဝေသူနဲ့
ပုံနှိပ်သူများအစည်းအရုံးတို့ စတာတွေဟာ အသင်းသားတွေကို နအဖအစိုးရကနေ
ချုပ်ကိုင်လို့ကောင်းအောင် ဖွဲ့ထားတာတွေပဲ ဖြစ်နေတော့တယ်။
အသင်းသားဆိုသူတွေဟာ ခေါ်ရင်လာ၊ ပြောတာနားထောင်၊ ခိုင်းတာလုပ်၊
အလှူခံရင်ထည့် ဒါပဲ လုပ်ရတော့တယ်။ တခြား ရုပ်ရှင်အစည်းအရုံး၊
ပန်းချီအစည်းအရုံး စတာတွေဟာလည်း ပန်းချီဆရာကြီး
(ဒါရိုက်တာ)ကိုဝင်းဖေရဲ့ ကာတွန်းတခုထဲက စကားအတိုင်းဆိုရင်
“ဒီပုတ်ထဲကအခြားပဲ” သာ ဖြစ်ပါတယ်။ ဒီလို စစ်အုပ်စုဒီမိုကရေစီအောက်မှာ
လျှပ်တပြက်မြတ်ခိုင်တို့လို ပန်းပွတ်သည်တွေ ကောင်းစား နေတာ
အံ့သြစရာတော့ မရှိဘူးလို့ ဆိုနိုင်သပေါ့ဗျာ။
ဒါပေမဲ့ ကိုဟိုဒင်းရေ၊
စက်တင်ဘာသံဃာ့အရေးအခင်းနောက်ကျတော့ နအဖဟာ
ကိုယ့်အရိပ်ကိုယ်ပြန်ကြောက်တဲ့ စိတ်ရောဂါ ရမလောက်ဖြစ်နေလို့
သူတို့လက်အောက်မှာ သူတို့ လက်ညှိုးညွှန်တိုင်း လိုက်နာနေတဲ့
မြန်မာ့တိုင်းမ်တို့၊ လျှပ်တပြက်မြတ်ခိုင်တို့လို ဟာတွေကို တောင်
ခေါ်ပြီးသတိပေးတာ၊ ခဏရပ်ဆိုင်းတာတွေ လုပ်လာရတဲ့ အနေအထား ရောက်လာနေ ပြီ။
တကယ်တော့ စာပေအပါအ၀င် မီဒီယာလောကဟာ တိုင်းပြည်တပြည်ရဲ့ ဒီမိုကရေစီပြဒါး
တိုင် ဖြစ်တယ်ဆိုတာ အားလုံးလိုလိုက လက်ခံထားကြပြီးပြီပဲ။
ဗိုလ်သန်းရွှေတို့က အဆက် မပြတ် လက်ထိပ်သံပေးနေတဲ့ ပတ်ဝန်းကျင်မှာ
တန်ဘိုးရှိတဲ့စာပေတွေ ထုတ်လုပ်နေကြသူတွေ ဟာ လေးစားစရာကောင်းလှတယ်လို့
ပြောရုံကလွဲလို့ ကျနော်လည်း ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။
ဘယာဘေး ကွာဝေးကြပါစေ၊
ယာတောကသာဗြော |