Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

သမိုင်းမှာ ထိပ်တိုက်တွေ့အောင် ဘယ်သူကလုပ်တာလဲ

ရဲဘော်ဖိုးသံချောင်း

ဒီကနေ့ နအဖ အကြောက်ဆုံးသော အချက်တချက်မှာ အတိုက်အခံတွေဘက်က ထိပ်တိုက်တွေ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်လျောရမယ့် အချက်တွေထဲမှာ “ထိပ်တိုက်တွေ့ရေးကို စွန့်လွှတ်ပါမယ်” ဆိုတာကို အသေအချာ ထည့်ထားတာဖြစ်ပါတယ်။

            ထိပ်တိုက်တွေ့တယ်ဆိုတာ ဘာလဲ။ အားနည်းတဲ့လူနဲ့ အားကြီးတဲ့လူလို့ရှိတာမှာ အား နည်းတဲ့လူက ပုခုံးချင်းလိုက်တိုက်နေတယ်ရယ်လို့ ရှိပါသလား။ ဗမာပြည်သမိုင်းမှာရော အုပ်စိုး ခံ၊ အဖိနှိပ်ခံ လူတန်းစားက ဖိနှိပ်သူ၊ အုပ်စိုးသူတွေကို ပုခုံးချင်းလိုက်တိုက်တယ်လို့ ရှိခဲ့ပါ သလား။ လမ်းပေါ်မှာ ဆန္ဒပြတာဟာ ခြေဆုံးခေါင်းဆုံး ခေတ်မှီလက်နက်တွေ တပ်ထားတဲ့ ရှစ်ခေါဘဏီတပ်ကြီးကို နားရွက်တံတွေးဆွတ်တယ်လို့ ဆိုနိုင်ပါသလား။ ဟုတ်တယ်လို့ပြော တာဟာ အုပ်စိုးသူ၊ ဖိနှိပ်သူဘက်က ဖိနှိပ်ချင်၊ ဖြိုခွဲချင်လို့ နှံပြီစုတ်ကို အမြောက်နဲ့ပစ်ချင်လို့ ဆင်ခြေပေးတာသာ ဖြစ်ပါတယ်။

            တကယ်က ဗမာနိုင်ငံရဲ့ လွတ်လပ်ရေး ဒီဘက်သမိုင်းမှာ အုပ်စိုးသူဘက်ကချည်း စပြီး သေနတ်ဖောက်ခဲ့တာပါ။ ပြန်ပြောပါမယ်၊ သေနတ်စဖောက်ခဲ့တာပါ။ ဆိုလိုတာ စစ်တပ်ရဲ့ အခန်း ပါခဲ့တာပါ။

            ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတယ်ဆိုတာနဲ့၊ တနည်း- အာဏာရတယ် ဆိုတာနဲ့ တန်းပြီး အာဏာပြတာ၊ ထိပ်တိုက်တွေ့ပြတာဟာ မတ်လ (၁၂) ရက်နေ့မှာ ဆိုရှယ်လစ်ပါတီက လူတွေလုပ်ခဲ့တဲ့ သတင်းစာတိုက်တွေကို ဖျက်ဆီးတဲ့ ကိစ္စပါပဲ။ ဒါဟာ ဒီမိုကရေစီကို ငါတို့ ထင်သလို အဓိပ္ပါယ်ဖွင့်မယ်၊ ရှုံ့ချည်၊ နှပ်ချည်လုပ်မယ်လို့ ကြေငြာတာဖြစ်သလို အမြီးရှိတဲ့ အကောင်တွေ အားလုံးရိပ်မိကြဆိုပြီး တပြည်လုံးကို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ ဆိုရှယ် လစ်ပါတီက ဘာလို့ အဲဒီလိုလုပ်ရဲတာလဲ။ ၀န်ကြီးချုပ်ဦးနုကိုတောင် ဘေးချိတ်ပြီး လုပ်ရဲတာရဲ့ အဓိကအကြောင်းက သူတို့ဟာ စစ်တပ်နောက်ခံရှိနေတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားလို့ ဖြစ်ပါတယ်။

            အလားတူပဲ လွတ်လပ်ပြီး (၃)လမှ မပြည့်မှီ တပြည်လုံးရှိ ကွန်မြူနစ်တွေကို အလစ် အငိုက်ယူပြီး ဖမ်းဆီးနှိပ်ကွပ်တယ်ဆိုတာဟာလည်း အုပ်စိုးသူတွေဘက်က စပြီး ထိပ်တိုက်ချ တာ ဖြစ်ပါတယ်။ ဖဆပလအစိုးရဟာ ဘာဖြစ်လို့ ကွန်မြူနစ်တွေကို ဒီလိုနှိပ်ကွပ်တယ်ဆိုတာကို ဘယ်တုန်းကမှ ရေရေရာရာ၊ တိတိကျကျ တရားဝင် မပြောခဲ့ပါဘူး။ တခါတလေများ သူတို့ ဘာမှမလုပ်မိသလိုလိုတောင် လုပ်နေပါတယ်။

            လွတ်လပ်ရေး ဒီဘက်မှာ အနှစ်(၄၀)တောင်မရှိတဲ့ သမိုင်းအတွင်း သုံးကြိမ်တောင်  ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုတွေကို ပြန်ကြည့်ပါ။ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲဟာ သန့်ရှင်းဖဆပလ ဦးနုက ပါလီမန်ထဲမှာ တည်မြဲဆိုရှယ်လစ်အုပ်စုကို ပမညတ - သူတို့အခေါ် မြေပေါ်ကွန်မြူနစ် ထောက်ခံမှုနဲ့ အနိုင်ရလိုက်တဲ့အတွက် ဆိုရှယ်လစ်ပါတီက စစ်ဗိုလ်တွေဖြစ်တဲ့ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့က အာဏာသိမ်းတာ ဖြစ်ပါတယ်။ ဒါဟာ ပါလီမန်ဒီမို ကရေစီကို စစ်တပ်ကအင်အားသုံးပြီး ဗြောင် မထေမဲ့မြင်ပြူတာ၊ ဗြောင် စိမ်ခေါ်တာ၊ ဗြောင် ထိပ်တိုက်တွေ့တာပါပဲ။ အဲဒီတုန်းက အင်အားသုံးတဲ့သဘောပါတာ ဘာမှပြန်မလုပ်တဲ့ နိုင်ငံရေး သမားတွေ၊ ကျောင်းသားတွေကို ထောင်တွေထဲ ထည့်၊ ကိုကိုးကျွန်း ပို့၊ စစ်တပ်တွင်းသုံး ထောက်လှမ်းရေးအဖွဲ့အစည်းကို အရပ်ဘက်သုံးဖို့ တိုးချဲ့၊ နောက်ပြီး ထောက်လှမ်းရေးစခန်း တွေမှာ နှိပ်စက်၊ ဒါတွေဟာ ဘယ်သူ့ဘက်က ထိပ်တိုက်တွေ့ခဲ့တာတွေလဲ။

            ပြည်တွင်းစစ်တလျှောက်လုံးမှာ တဘက်က ငြိမ်းချမ်းရေးကို ကြွေးကြော်တင်ပြနေပြီး ပြည်သူတွေကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို တကျော်ကျော် တောင်းဆိုနေချိန်မှာ အပြုတ် တိုက်ရေးကိုသာ ဖိအော်ရင်း ထိုးစစ်ကြီးတွေဆင်နေတာကရော ထိပ်တိုက်တွေ့တာပဲမဟုတ်ဘူး လား။

            ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲကိုလည်း ပြန်စဉ်းစားကြည့်ပါ။ ဗိုလ်နေ၀င်းနဲ့စစ်တပ်ဟာ သူတို့ကြီးမှူးကျင်းပပေးခဲ့တဲ့ ၁၉၆၀-ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ပထစ အစိုးရရဲ့လက်ထဲက ပြန်အာဏာသိမ်းခဲ့တာမဟုတ်လား။ ဒါဟာ သူတို့လိုလားတဲ့ ဖဆပလတွေ အနိုင်မရလို့ သိမ်းတာမှန်း လူတိုင်းသိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် န၀တ -နအဖ ဘယ်လိုသဘောထားတယ်ဆိုတာနဲ့ နှိုင်းယှဉ်မကြည့်သင့်ဘူးလား။ (၉၀)ခုနှစ်  ရွေးကောက်ပွဲမှာ(တစည)သာ အနိုင်ရခဲ့ရင် ဒီနေ့အခါမှာ နအဖဆိုတာ တည်ရှိမှာမဟုတ်ပါဘူး။ အဲဒီတုန်းက ဗိုလ်နေ၀င်းတို့ လက်ညှိုးထိုးပြခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှု ဆိုတာဟာ လည်း တရားဥပဒေဘောင်ထဲမှာ ဒီမိုကရေစီနည်းကျစွာ ကျင်းပတဲ့ အစည်းအဝေးသာ ဖြစ်ပါ တယ်။ စစ်အုပ်စုက သူတို့ အာဏာသိမ်းချင်တာနဲ့ ဒါကို အကြောင်းပြတာဖြစ်ပါတယ်။ တိုင်းရင်း သား ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေဟာ အဲဒီတုန်းက အစိုးရကို ထိပ်တိုက်တွေ့ဖို့ စကား တခွန်းမှ မပြောပါဘူး။ ဗိုလ်နေ၀င်းကသာ ဓားဓားချင်း၊ လှံလှံချင်း ကြိမ်းတာပါ။

            ၁၉၈၈ ခုနှစ်တုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ပါ။ ကျောင်းသားတွေ၊ ပြည်သူ တွေကို ဒီလို အလုပ်ပျက်အကိုင်ပျက်ခံပြီး လမ်းပေါ်တက်စေခဲ့တာဟာ ဘယ်သူလဲ။ ကိုဖုန်းမော် ကိုသာ သေနတ်နဲ့မပစ်ခဲ့ရင် ဒီလိုဖြစ်မတဲ့လား။ တံတားဖြူမှာသာ ကျောင်းသူကျောင်းသားတွေ ကို မသတ်ခဲ့ရင် သာမန် အိမ်ထောင်သည်ကအစ လမ်းပေါ်ကို တက်လာကြပါ့မလား။ သေနတ်နဲ့ ပစ်သူက ထိပ်တိုက်တွေ့ဖို့ ဖန်တီးတာလား၊ ကြွေးကြော်သံဟစ်တဲ့ လက်နက်မဲ့တွေက ထိပ်တိုက် တွေ့တာလား။

            အခုနောက်ဆုံး အရေးအခင်းမှာရော လမ်းပေါ်မှာ ပရိတ်ရွတ်တဲ့လူတွေက အခြေအနေ တင်းမာအောင် ဖန်တီးတာလား။ သံဃာတော်နဲ့ လူထုတွေကို ရက်ရက်စက်စက် သတ်ဖြတ်၊ ရိုက်နှက်၊ အလောင်းဖျောက်တဲ့ လူတွေက တင်းမာအောင် ဖန်တီးတာလား။

            ဒါကြောင့်မို့ ဗမာပြည်ရဲ့ လွတ်လပ်ရေးနောက်ပိုင်း သမိုင်းမှာ ထိပ်တိုက်တွေ့တယ် ဆိုတာဟာ အာဏာရတဲ့လူတွေကချည်း ဖန်တီးတာ၊ လီဆယ်တာ၊ ဆင်ခြေပေးတာ ဖြစ်ပါ တယ်။ ဒီချုပ်ကို မသေမရှင် ရပ်တည်ခွင့်ပေးထားပြီး သူ့ခေါင်းဆောင်တွေရော ပါတီဝင်တွေ ကိုပါ ဖမ်းဆီးထား၊ အကျယ်ချုပ် ချုပ်ထားတာဟာ ဒီချုပ်အပေါ်မှာ ပျော့ပျောင်းတဲ့ ပေါ်လစီ ထားတာလို့ အဓိပ္ပါယ်ရပါသလား။ အချုပ်ခံထားရတဲ့ လူကို ချုပ်ထားတဲ့လူက ထိပ်တိုက်မတွေ့နဲ့၊ ပျော့ပျောင်းရမယ်လို့ ပြောနေတာလောက် ရယ်စရာကောင်းတာ ဘယ်မှာမှမရှိပါဘူး။

            တကယ်က ဗိုလ်သန်းရွှေ အခုလို ဆွေးနွေးတော့မလိုလို ပြောလာရတာဟာ သံဃာ တော်များနဲ့ လူထုတိုက်ပွဲကြီးကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုခဲ့တဲ့ ဒီအုံကြွမှု ကြီးမှာ တလှမ်းဆုတ်ပေးရာမှာ သူတို့ဂုဏ်သိက္ခာကို ထိန်းဖို့နဲ့ ကုလသမဂ္ဂအပါအ၀င် အားလုံး ကို လိမ်လည်အချိန်ဆွဲဖို့ ကြံစည်တာသာ ဖြစ်ပါတယ်။ ဘောလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ဘက်မှာ ရောက်နေပြီလို့ ပြောပြီး သူတို့လုပ်နေတဲ့ အချိန်ဆွဲလုပ်ငန်းကို ဆက်လုပ်မှာသာ ဖြစ်ပါတယ်။

            နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ဘက်ကသာ အာမခံလိုက်ရင် အရင်က ဒါတွေလုပ်နေတယ်လို့ ၀န်ခံလိုက်သလိုဖြစ်ပြီး နောင်မှာ ပြဿနာဖြစ်တိုင်း ဒါကို လက်ညှိုးထိုး အနိုင်ကျင့်တာ ခံရမှာပါ။

            လူထုက ထိပ်တိုက်ပြန်မတွေ့သေးဘဲ ရှောင်နေတာဟာ သူတို့ကို ကြောက်သွားလို့ လို့ ဗိုလ်သန်းရွှေတို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ လူထုက သူတို့မှာ ပြင်ဆင်မှုပြည့်စုံတဲ့အခါကျရင် ထိပ်တိုက်လည်း တိုးရဲကြောင်း၊ နောက်ကနေလည်း လိုက်ချရဲကြောင်း ပြသပါလိမ့်မယ်။ 

◊ ◊ ◊ ◊ ◊

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org