|
ဘွာမကူတမ်း
ရဲဘော်ဖိုးသံချောင်း
ဒီနေ့ နအဖ ကျူးလွန်နေတဲ့အပြစ်ဟာ
ကမ္ဘာမှာ မော်ကွန်းထိုးရမယ့်၊ မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ရမယ့်
ရက်စက်ယုတ်မာမှုကြီးဖြစ်ပါတယ်။ သာမာန် လူသတ်မှုမဟုတ်ပါဘူး။ ဒါကြောင့်
ဒီသံဃာတော်နဲ့ လူအမြောက်အမြားကို သတ်ဖြတ်မှုမှာ သမိုင်းတရားခံဟာ ဘယ်သူ
ဖြစ်တယ်ဆိုတာကို ရှာဖွေမှတ်တမ်းတင်ဖို့လည်း လိုပါတယ်။ ဒီတခါ
အရေးတော်ပုံ ဘယ်လိုပဲ အဆုံးသတ်သည်ဖြစ်ပါစေ ကျန်ရစ်သူတွေဟာာ ဒီတာဝန်ကြီး
ထမ်းဆောင်ကြရပါမယ်။
မှန်ပါတယ်။ နအဖထဲမှာ
ဒီလိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တခုကို နံပတ်တစ် ဗိုလ်သန်းရွှေ ရဲ့
သဘောတူညီချက်မပါပဲ မချမှတ်နိုင်ပါဘူး။ ဒါပေမဲ့ တခြားတယောက်က အကြံပေး
ဗိုလ်သန်းရွှေက အတည်ပြု ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာက နအဖဟာ
ဒီကိစ္စ ဘယ်သူ့အကြံဉာဏ်၊ ဘယ်သူ့လက်ချက်ဖြစ်တယ်ရယ်လို့ အမှန်အတိုင်း
ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ ဒါဟာ ၁၉၆၂ -ခုနှစ်၊ (၇) ရက်
ဇူလိုင်အရေးအခင်းကစလို့ ကနေ့အထိ စစ်အုပ်စု တလျှောက်လုံး လုပ်ခဲ့တဲ့
အစဉ်အလာ လုပ်ထုံးလုပ်နည်းပါ။
ဗိုလ်နေ၀င်းနဲ့
ဗိုလ်အောင်ကြီးတို့ အပြန်အလှန်ပုံချကြတာကို ဗမာပြည် ပြည်သူတွေ
မမေ့ပါဘူး။ နေပြည်တော်ပြောင်းတဲ့ကိစ္စ၊ ဒီစက်တင်ဘာလူသတ်ပွဲ စတာတွေကို
သူတို့ချင်း ကွဲကြတဲ့အခါ၊ အထူးသဖြင့် အဓိကတရားခံဖြစ်သူ
ကံနိမ့်လာပြီထင်တဲ့အခါမှာ ကျန်တဲ့လူတွေ ထဲက ဖော်တာတွေဖြစ်လာနိုင်ပါတယ်။
နောက်တချက်
သတိထားသင့်တာက စစ်အုပ်စုဟာ သူတို့ရဲ့ ဆက်ခံသူတွေကို ဒီလို
လူသတ်ပွဲတွေထဲမှာ လေ့ကျင့်မွေးမြူ ဆန်ကာတင်စစ်ယူလေ့ရှိတယ်
ဆိုတဲ့အချက်ပါ။ ရှစ်လေး လုံးနဲ့ ဒီပဲယင်း အရေးအခင်းတို့မှာ
လက်စွမ်းပြခဲ့တဲ့ ဗိုလ်စိုးဝင်းကို မှတ်မိကြမယ် ထင်ပါတယ်၊ ဒါဟာ
ထိပ်ပိုင်းမှသာ မကပါဘူး၊ အောက်ခြေတပ်သားအထိ အဲဒီလိုရာထူးတွေ၊
အခွင့်အရေး တွေ ပြပြီး လူလွန်မသားတွေသာ ကျူးလွန်တဲ့ ပြစ်မှုတွေကို
ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖက ဖန်တီးလာတဲ့ ဒီ ရက်စက်မှုမှာ
ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို
လေ့လာမှတ်တမ်းတင်ထားသင့်ပါတယ်။
တဖက်မှာကျတော့လည်း
စစ်အုပ်စုဟာ သူတို့အကျဉ်းအကြပ်ကျပြီဆိုရင် တယောက် ယောက်ကို
ဓားစာခံအဖြစ် ပုစွန့်ခေါင်း ပုံချပြီး တရားခံဖန်တီးတတ်တယ် ဆိုတာလည်း
သတိ ထားဖို့ လိုပါတယ်။ အခုကိုပဲ ဘယ်တပ်မက ကောင်းတယ်၊ ဘယ်တပ်မက
မကောင်းဘူး။ ဘယ်တပ်မှူးက ကောင်းတယ်၊ ဘယ်တပ်မှူးက မကောင်းဘူး စတဲ့
ကောလာဟာလတွေ ထုတ်လွှင့်ပြီး လူတွေ နားယောင်မျက်စိလည်အောင် လုပ်နေကြတယ်
မဟုတ်ပါလား။
သမိုင်းကို ပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ သူတို့ ဒီလို
ယုတ်ယုတ်မာမာ တရား မရှိ၊ ဓားမရှိ လုပ်တိုင်း ဘယ်တော့မှ
ပွင့်ပွင့်လင်းလင်း မပြောပါဘူး။ ပြည်တွင်းပြည်ပကို အသိ ပေးတာလည်း
လုပ်လေ့မရှိပါဘူး။ ဒါဟာ န၀တ-နအဖတို့ လက်ထက်မှာ ပိုဆိုးလာတယ်။
ဒီပဲယင်းကိစ္စပဲ ပြန်ကြည့်ပါ။ အမှန်မပြောရုံမက ပါးစပ်က ရေငုံထားပြီး
သူတို့ပိုင် မီဒီယာတွေ ကနေ ဘယ်သူမှမယုံတဲ့၊ သူတို့ကိုယ်တိုင်လည်း
မယုံကြည်တဲ့ သတင်းတွေ အချက်အလက် တွေကို လျှောက်ထုတ်ပြန်တော့တာပါ။
ဒါပေမဲ့ မမေ့ပါနဲ့။
ဗမာပြည် ပြည်သူတွေဟာ မင်းဆိုးစနစ်ဆိုးတွေကို ရေတိုရေရှည်
တိုက်ခိုက်တွန်းလှန်ခဲ့၊ တွန်းလှန်နိုင်ကြောင်း သက်သေပြခဲ့ပါပြီ။
တိုက်ပွဲသဏ္ဌာန်တွေ အမျိုးမျိုးပြောင်းပြီးလည်း တိုက်တတ်ပါတယ်။
ရှေ့တကွေ့ပါ။
●●●●●● |