Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

ညောင်နှစ်ပင်အဖြေထွက်တော့မယ်

ရဲဘော်ဖိုးသံချောင်း

နအဖက ညောင်နှစ်ပင်ကို ပြည်ဖုံးကားချတော့မယ်လို့ ဆိုနေပါပြီ။

            ဒီစခန်းသိမ်းပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေဟာ ကိုယ့်စိတ် ကူးနဲ့ကိုယ် အမျိုးမျိုးဝေဘန်သုံးသပ်နေကြတာ တွေ့ရပါတယ်။ ကြိုတင်မှန်းဆနေကြတာလည်း မနည်းပါဘူး။ ဒါ့အပြင် ကျနော့်သဘော ဘယ်လိုရှိသလဲလို့ တီးခေါက်သူများလည်း ကြုံရလို့ ငါလည်း ငါ့အမြင်တော့ ပြောအုန်းမှဆိုပြီး ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။

            ဗိုလ်သန်းရွှေ အသက် ၆၀ မပြည့်ခင်ကတည်းကစပြီး န၀တ-နအဖတို့ ၁၄ နှစ်လောက် ဆွဲလုပ်နေခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံကို ဘာကြောင့် အခုကျမှ စခန်းသိမ်းရတာလဲဆိုတာက စ’ပြောချင်ပါတယ်။ တကယ်က သူတို့အနေနဲ့ အရင်လိုပဲ ဇာတ်မျောကြီး ဆက်က’နေရင်လည်း ရနေသေးတာပဲမဟုတ်လား။ နိုင်ငံတကာက ဖိအားဆိုတာလည်း သူတို့အဖို့ မှုလောက်တဲ့အဆင့် မရောက်သေးပါဘူး။ ဒါနဲ့များ ဘာကြောင့် စခန်းသိမ်းစကား ပြောလာရတာလဲ၊ စဉ်းစားစရာ ရှိပါတယ်။

            နအဖအပေါ် တကယ်တမ်းဖိအားပေးနေတာက ဇရာနဲ့ မရဏပါ၊ ဗိုလ်သန်းရွှေ ဆေးရုံ ကဆင်းလာတာ ဘာမှမကြာသေးပါဘူး။ အခုသူနေကောင်းတယ်ဆိုတာလည်း လူအိုကောင်း ကောင်းနေတာဖြစ်ပါတယ်။ ဗိုလ်စိုးဝင်းဟာ စင်္ကာပူမှာ သေမင်းနဲ့ ဈေးဆစ်နေရပါတယ်။ ဗိုလ်ရွှေမန်း ကျန်းမာရေးကိုလည်း အမျိုးမျိုး ပြောသံတွေကြားနေရပြီး ဗိုလ်သိန်းစိန်ကတော့ နားပါရစေတော့လို့ချည်း ပြောနေတဲ့ ယဲ့ယဲ့လူပါ။ အရင်လို အချိန်ဆွဲနေရင် ညောင်နှစ်ပင် စခန်း မသိမ်းနိုင်မီ နအဖခေါင်းဆောင်တွေ စခန်းသိမ်းကုန်မယ့် အလားအလာတွေ မြင်တွေ့နေရပါ တယ်။

ဒါနဲ့တဆက်တည်း နောက်တက်လေးများရဲ့ နောက်ကတွန်းပြီး ဖိအားပေးနေတဲ့ ဖိအားကိုလည်း မစဉ်းစားလို့မရဘူး။ ၀န်ကြီးဌာနတွေနဲ့ ၀မ်းချရတာလည်း ဆက်တိုးချဲ့စရာ မရှိတော့ဘူး။ ဒီတပ်ထဲမှာက ထိပ်တန်းရောက်လေ၊ ရာထူးကြီးလေ စားရလေ၊ ချမ်းသာလေ ဆိုတာ အားလုံးကသိနေပါတယ်။ န၀တ-နအဖ စစ်အုပ်စုဟာ တပ်တွင်းမှာ အလှည့်နဲ့စားတဲ့ စနစ်ကို ထူထောင်ဖို့တော့ ကြိုးစားပါရဲ့။ ဒါပေမဲ့ ရွှေမန်ကျည်းဖြစ်ရင်သာ တဆစ်စီ ဝေစားနိုင် မယ်၊ ထိပ်ပိုင်းနေရာကိုတော့ ဝေမစားနိုင်ပဲဖြစ်နေပါတယ်။

            နောက် တတန်းတည်းအရေးပါတဲ့ကိစ္စက “ငြိမ်းအဖွဲ့”တွေရဲ့ ပြဿနာပါ။ သေဘော်ညှိ တဲ့အနေနဲ့ ညောင်နှစ်ပင်ထဲ ဆွဲထည့်ထားပေမဲ့ သူတို့ထင်သလောက် မီးမသေတာတွေ့နေရလို့ အဲဒါတွေကို မီးသေအောင်လုပ်ဖို့လည်း လိုနေသေးတယ်။ သူတို့ကို တလျှောက်လုံး ဖွဲ့စည်းပုံ စကားနဲ့ ချွေးသိပ်နေခဲ့ရတာမဟုတ်ပါလား။

            နောက်တချက်က နအဖမှာ ဂမ်ဘာရီကို ကြိးလျှော့ပေးလိုက်၊  ကြိုးပြန်တင်းလိုက်နဲ့ ဆက်ဆံပြီး ကုလသမဂ္ဂကို အမြှင်မပြတ်အောင်လုပ်နေရတဲ့ တာဝန်လည်း ရှိနေပါတယ်။ ဒီအတွက် ဒီခြေလှမ်းဟာ အများကြီး အကျိုးရှိမယ်လို့ သူတို့တွက်မှာပါ။ သူတို့ဟာ ကုလသမဂ္ဂနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စမှန်သမျှကို ဒီအကွေ့ ဒီတက်နဲ့လှော် ဆိုသလို ဆေးမြီးတိုနဲ့ချည်း ဖြတ်သန်းခဲ့ တာပါ။ သူတို့အဖို့ လက်ရှိကြုံနေရတဲ့ အခက်အခဲကို ကျော်ရင်ရပြီဆိုတာမျိုးနဲ့ စခန်းသွားနေခဲ့ တာ ကြာပါပြီ။ အလားတူပဲ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အိမ်နီးနားချင်း နိုင်ငံတွေက နားပူ နားဆာ လုပ်နေတာတွေကို တစုံတရာ သက်သာအောင် လုပ်နိုင်မယ်လို့လည်း တွက်ဟန် တူပါ တယ်။ ဒါ့အပြင် အီးယူ၊ ဂျပန်နိုင်ငံ စတဲ့နိုင်ငံမျိုးတွေအားလုံးက ဒါကိုပဲ မေးနေကြတာဖြစ်ပါ တယ်။ ဒီလိုလုပ်ပြလိုက်ခြင်းအားဖြင့် အဲဒီနိုင်ငံတွေအထဲက တချို့ဟာဆိုရင် နအဖက ဟန်ဆောင်လောက် လုပ်ပြလိုက်ရင်ကိုပဲ ကျေနပ်သွားမယ့်သဘောလည်း ရှိနေတယ် မဟုတ်ပါ လား။

ဒီနေရာမှာ စဉ်းစားစရာအချက်လေးတချက် တွေ့နေရပါတယ်။ အဲဒါက ညောင်နှစ်ပင် စမယ့်အချိန်ကို ဇူလိုင်လ (၁၈) ရက်နေ့လို့ သတ်မှတ်ထားတာပါပဲ။ အာဇာနည်နေ့နဲ့ တမင် ကပ်ပြီး ရွေးထားတာဟာ ဘာကြောင့်ပါလဲ။ ဒီတခါ ဇူလိုင် (၁၉) ရက်ဟာ အနှစ် (၆၀) တင်းတင်း ပြည့်တဲ့ နှစ်ပတ်လည်မို့ ထူးခြားချက်လည်း ရှိနေပါတယ်။ သူတို့ဟာ ဗမာပြည်ရဲ့ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဂုဏ်ပြုချင်တယ် အထင်ခံချင် လို့ ဒီရက်ကို ရွေးတာလား။ ဒါမှမဟုတ် ဒီလိုရက်မှာ သူတို့ရဲ့ ညောင်နှစ်ပင်ကို ဆန့်ကျင်ဆန္ဒပြ လာမှာကို ကြိုတားတာလား။ ဒီနေ့ရက်ကို ရွေးခြင်းအားဖြင့် ဒေါ်စုတို့ကို နိုင်ငံရေးအရ ခွေထား လိုက်နိုင်မယ်လို့ တွက်ထားလေသလား။ စဉ်းစားစရာတွေကတော့ အများကြီးပဲ။

            ဒီညီလာခံကနေ “ကန့်ကွက်သူမရှိတဲ့” ဆုံးဖြတ်ချက်တွေ အများကြီး ပေါ်လာမှာက တော့ သေချာပါတယ်။ ဒါပေမဲ့ “ငြိမ်းအဖွဲ့”တွေက တင်ထားတဲ့ ကိစ္စမျိုးဟာ ပြည်တွင်းစစ်နဲ့ တိုက်ရိုက်ဆက်နေတဲ့ ပြဿနာဆိုတော့ နအဖ ဘယ်လိုကိုင်တွယ်မလဲ စဉ်းစားစရာပဲ။

            သေချာတာ ဒီညီလာခံအဆုံးသတ်တာဟာ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ၊ တိုင်းပြည် တွင်း မတည်ငြိမ်မှုတွေကို လျော့နည်းပပျောက်သွားစေမှာမဟုတ်ပဲ ပိုမိုတိုးများလာမယ့်အပြင် ပြည်တွင်းစစ် ပြန်လည်ကြီးထွားလာရေးဆီကိုတောင် ဦးတည်သွားနိုင်ပါတယ်။

x x x x x

 
 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org