Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

 
 

 

သြဂုတ်လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ။ အဲဒီအချိန်မှာ နဂို အတုယူလာတဲ့ မှတ်ပုံတင် မရှိတော့တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲသွားတဲ့ အတွေ့အကြုံရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်းဆိပ်ကြီးအထိ လိုက်ပို့ပေးပြီး ပြန်ရမှာပါ။

ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေဆင်းပြီး တောဘက်ကို ဆိုက်ကားတစီး ငှားပြီး သွားလိုက်ရင် မြို့ပြင်ထွက်တာနဲ့ ကျနော်တို့ သွားမယ့်နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခုတော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်း တထိတ်ထိတ် သွားရတော့တာပါ။

မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သတ်သတ် ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက် လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကိုသွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင်ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်း ဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီး သတ်သတ်၊ ကြာအင်းက သတ်သတ်ပါ) ရဲ့ အလယ်ဗဟို လောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်းထင်တယ်) ကပ်ပါတယ်။ အဲဒီမှာတင် ရဲတွေ တက်လာပါတယ်။ အဲဒီဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့တာပါဘဲ။

သူတို့ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်ကလာတဲ့လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆိုပြီး ထုတ်ထားတာပါ။ အဲဒီမှာ သဘောင်္ထွက်ပြီးစစစ်တာက ရဲဘော်မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ ငြိသွားတယ်။ ဒါပေမယ့် ပါလာတဲ့ ရဲတပ်ကြပ်ကြီးကို ကပ်ပြီး ခေါ်သွားပြီးမှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့နေရာကိုပြန်လာပြီး ကျောချင်းကပ်အနေအထားနဲ့ အခြေအနေကို ရှင်းပြ ပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ပြောတယ်။ တွက်ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက် ကျနော်က ဒါမျိုးတခါမှ ပေးဖူးတာမဟုတ်တော့ ပေါက်တဲ့နဖူး မထူးတော့ဘူး။ နောက်ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာမဟုတ်ဘူးလို့ ထင်လိုက်မိတယ်။
ကျနော်တို့အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင်ဆိုတော့ မေးတော့တာပေါ့။ ဘာလုပ်မလို့လဲ၊ ဘာကိစ္စနဲ့လာတာလဲ၊ အသိရှိလား စသဖြင့်။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုးတွေဆီ လာလည်တာကဆက်ပြီး စီးပွားရေးလုပ်ငန်းလေးဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ မင်းတို့က ဆိပ်ကြီးကိုလာတာ အသိရှိလို့လား မေးတော့ ဖျတ်ခနဲ သတိရလိုက်တာ ကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီဖြစ်ခဲ့တဲ့ ကောင်မလေး ကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်း ရှိပါတယ်၊ ဘယ်နေရာ မှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်းတို့ မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ်ဆိုပြီး ပြန်ပြောလိုက်ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။

ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှတိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့ အချိန်မှာ ရဲဘော်မွှေးကြိုင်က ပြောတယ်။ ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့သွားမယ်ဆိုပြီး ပြောတယ်။ အိုကေ.. ပေါ့လေ ကျနော်ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည် အားလုံး ကုန်တော့မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ်မှာ အ၀င်အထွက်လာကြည့်တဲ့ ထောက်လှမ်းရေး နှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါ ပေးရင်း အကျိုးအကြောင်းတွေ ရှင်းပြလို့ ထားခဲ့ တော့တယ်။

ထောက်လှမ်းရေးနှစ်ကောင်လုံးက ခပ်ပုပု…၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့် ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်း သောင်းခြောက်ထောင် မေးတော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်က တယောက်ပြောတဲ့စကားကို တယောက်ပြန်နင်းပြောရင်း လှိမ့်ရ တော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူလို့ ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူမဟုတ်သလို၊ အနာအကျင်လဲ လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခို သွားပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့နေရာကလည်း အခု ကျနော်တို့ရောက်နေတဲ့ ဆိပ်ကြီးမှာ။

အဲဒီတုံးက ကြိုဆိုရေးတွေဘာတွေ လုပ်ကြတဲ့အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့နာမည်အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကိုဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တဥက္ကဋ္ဌဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင်ဖြစ်သွားတယ်။ အဲဒါနဲ့ မင်းတို့ကို အဲဒီအိမ်လိုက်ပို့မယ် ပြောပြီး လိုက်ပို့တယ်။

အိမ်ရှေ့ ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီး ထွက်လာတော့ ဥက္ကဋ္ဌ ခင်ဗျားအသိတွေလို့ သူတို့ကပြောတယ်.. ဟုတ်လား .. မေးတော့ အဖိုးကြီးကလည်း မမှတ်မိဘူး။ အဲဒီမှာတင် ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ဟာ … အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ်အုပ်စုနဲ့လာပြီး အဘအိမ်မှာတည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့ နှစ်က…။ သူ အရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီးက တကယ်တော့ သူ့ကို မမှတ်မိ ပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုံးက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူတိုင်းကို တဦး ချင်းစီမှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ် မသုံးခဲ့လို့ပါ။

ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက် ရတယ်။ အဲဒါနဲ့ ကျနော်တို့ကို အပ်ပြီး ပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန်ပေးပါဦး ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့၊ မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင်လာပေးပါ့မယ် ဆိုပြီး ပြောပြီးပြန်သွားကြရော။

ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့ တယ်။ သူ့ရဲ့သားတွေကလည်း ကျနော့်နဲ့ အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကိုသိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်ခဲ့တဲ့ ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက်ပါတယ်။

ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီအိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့ နာမည်ကို ထမင်းစားပြီး အိမ်ရှင်ဘိုးတော်က ရုံးက စာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့ ထင်တဲ့အချိန်မှာ ပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။

ဘယ်ကကလေးတွေလည်း မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး။

ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကိုပြေးပြီး လွတ်လွတ် မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။ ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့ လူတွေကို ဘာမှမဖြစ်စေအောင် သူတို့အကျိုးအတွက် အသုံးမချခဲ့လို့ပါ။

အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်း ကျတော့ နှစ်ယောက်သားက ဘယ်တော့ ပြန်ထွက်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးဖြစ်ကြ တယ်။ ရောက်ရောက်ချင်း ပြန်ထွက်ရင် ဒီကောင်တွေ ပိုမသင်္ကာဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေပြီးမှ ဒီကောင်တွေကို ပြောပြီးပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက်သဘောတူလိုက်ကြတယ်။။

အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော်သဘောကောင်းပါတယ်။ အဲဒီကာလက ရဝတဥက္ကဋ္ဌ ခန့်တယ်ဆိုတာလည်း သူတို့လူဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့် ပြီးခါစပဲရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။ နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆိုတော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။

သူတို့သားတွေ တပည့်တွေကလည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တည အတွင်း အဆင်ပြေသွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင်သွားထိုင်တယ်။ အဲဒီ လက်ဖက်ရည်ဆိုင်မှာတော့ အမြဲလိုလို မှတ်ပုံတင်သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ် ပါတယ်။ သူ့ဝိုင်းသူထိုင်၊ ကိုယ့်ဝိုင်းကိုယ်ထိုင်ပါ။

အဲဒီညနေမှာ ကျနော်ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တွေ့လည်းတွေ့ချင်တာနဲ့ အီစီကလီမလေးရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော်ရှာရပါတယ်။ သွားတဲ့အချိန်က ၅ နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထွက်လာတယ်။ ဘယ်သူလဲတဲ့။ ကျနော် မြင့်ဇေပါ ပြောတော့ …. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ…… ရှိလားဆိုတော့ ရှိတယ်၊ ရေချိုးနေတယ်၊ ထိုင်ဦးလေ.။ သူ့အမ ကပြောတယ်။

သိပ်မကြာပါဘူး။ ကျနော့် ပန်းကလေးထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော်) ဟယ်… ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင်နေမှာလဲ၊ လဲပေါင်းများစွာ။ ကျနော် လည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့အကြောင်း၊ မကြာခင် ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန်မာပြည်တပတ်လုံး လျှောက်လည်တဲ့အကြောင်း၊ သူကတော့ တသြော်သြော်နဲ့။ ဒါပေမယ့် ယုံပုံမရပါဘူး။ ကျနော် ရှစ်လေးလုံးတုံးက လုပ်ဆောင် ခဲ့တာတွေ သူသိတာကိုး။

ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူကပြောတယ်။ ကျနော်ကတော့ မလည် တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။ သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေး လိုက်တယ်။ တောထဲရောက်မှ သိရတာက ကြာအင်းရောက်ရင် (အဲဒီအချိန်က တောထဲ ရောက်ပြီ) နောက်တခုထပ်သိရတာက ကောင်မလေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ဒါနဲ့ စကားစမြည် နည်းနည်းထပ်ပြောပြီး ပြန်လာခဲ့တယ်။

နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန်ပြန်မယ်၊ မှတ်ပုံတင်ပြန်ပေးပါ ဆိုပြီး။ အဲဒါနဲ့ ဒီကောင်တွေက သင်္ဘောဆိပ်ကျမှ လာပေးမယ်လို့ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သင်္ဘောဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမက လာနှုတ် ဆက်တယ်။ ကြာကြာမနေသွားလို့လည်း စိတ်မကောင်းဖြစ်နေပုံရတယ်။ နှုတ်ဆက်စကား ပြောပြီး သင်္ဘောပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေထောက်လှမ်းရေးများ တက် လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကိုတန်းပြန်လို့လည်း ပြောသေးတယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲအကိုတို့ ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။ သင်္ဘောစထွက်တော့ ကမ်းပေါ်က လက်ပြနေသူတွေက အများကြီး..။ အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်က ရွေးမြင်နေမိတယ်။

x x x x x

ဆက်ရန် -
မြင့်ဇေ

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org