Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

မြန်မာပြည်သားတစ်ဦး၏ ရင်ဖွင့်သံ

မင်းသစ်တည်              

ဆုတ်လည်းဆူး စားလည်းရူး နံရံရှေ့က စစ်ဘီလူး

            တစ်စတစ်စ မိုက်ရိုင်းကြမ်းကြုတ်ရာမှာတော့ ဗိုလ်ချုပ်ကြီးတွေက အတော်လေး ပီပြင် သရုပ်ပေါ်လာပါပြီ။ အပေါ်ယံငြင်သာပျော့ပျောင်းတဲ့ ပညာရှိလူမိုက်နည်းတော့ မဟုတ်ခဲ့ပါ။ ခွေးတစ်ကောင် ချောင်ပိတ်ရိုက်ခံနေရလို့ မဲမဲမြင်ရာ သိမ်းကြုံးလိုက်ကိုက်တဲ့နည်းပါ။  ဒီလို ပြောမိတဲ့ အချိန်တိုင်းမှာ မိတ်ဆွေတစ်ယောက်က ရင်ထုမနာ ၀င်ပြောတတ်ပါတယ်။ ခွေးတွေနဲ့ တော့ မနှိုင်းလိုက်ပါနဲ့၊ ခွေးတွေများ ကြားသွားရင် သူတို့ကိုယ်သူတို့ သတ်သေ နေကြအုန်းမယ်” တဲ့၊  တော်တော် သနားစရာကောင်းသော ဗိုလ်ချုပ်ကြီးများ ဖြစ်သွားပါသည်။ သူတို့ဘ၀ခမျာ အနှိုင်းခံစရာ ခွေးကတောင် နာရပါသတဲ့။

ဗိုလ်ချုပ်ကြီးများဘ၀ ဘာများမက်လောက်စရာရှိပါသလဲ

          တိုင်းပြည်စည်းစိမ်ဥစ္စာတွေကို ဆွေမျိုးစုလိုက် ခိုးယူစားသုံးနေကြပြီး နောက်ဆုံးပေါ် ခေတ်မီပစ္စည်းတွေနဲ့တော့ ခင်ဗျားတို့ နေနိုင်ကြမှာပါ။ ဒါပေမဲ့ ကျယ်ပြောလှတဲ့ ကမ္ဘာမြေ ပေါ်မှာ ခင်ဗျားတို့ခြေလှမ်း ဘယ်လောက်များများ လွတ်လွတ်လပ်လပ် လှမ်းနိုင်ကြလို့လဲ။ ပြည်သူကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ခင်ဗျားကြီးတို့ ပြည်သူတွေကြားထဲမှာ လွတ်လပ် ပေါ့ပါးစွာ လျှောက်သွားရဲခဲ့လို့လား။  ခင်ဗျားတို့လမ်းထွက်လာလို့ ဘယ်ပြည်သူကများ အတင်း ပွေ့ဖက် ကြိုဆိုဘူးပါသလဲ။ ခင်ဗျားတို့ သိပ်အားကိုး သိပ်ယုံကြည်တဲ့ တရုတ်တို့၊ အာဆီယံနိုင်ငံ တွေရဲ့ လမ်းမတွေပေါ်မှာပါ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် လျှောက်သွားရဲလို့လား။ ခင်ဗျားတို့ အတွက် ကမ္ဘာမြေဟာ သိပ်ကျဉ်းမြောင်းမနေဘူးလား၊ ခင်ဗျားတို့ဟာ ဆုတ်စရာ မြေမရှိ ဖြစ်နေ ပါလား။  ထွက်ပြေးရအောင်လည်း ခင်ဗျားတို့နောက်မှာ ပြည်သူဆိုတဲ့ အုတ်တံတိုင်းကြီးက ကာထားပြီးသား၊ လက်လျှော့လိုက်ရအောင်လည်း ခင်ဗျားတို့နေရာ ဝင်လုဖို့စောင့်နေကြတဲ့ မျိုးဆက်သစ် ငရဲသားတွေက ခုတ်ထစ်ပစ်ခတ်ဖို့ စောင့်နေကြပြီးသား။ အဲဒီတော့ ဘာလုပ်စရာ ကျန်ပါသလဲ။ ရသလောက်ကို ဆွေမျိုးစုအလိုက် ဆက်ခိုးနေရ၊ မျိုးဆက်သစ် ငရဲသားတွေကို ခြောက်လှန့်ဖို့အတွက် ပြည်သူတွေကို သတ်ပြရ၊ မတောက်တခေါက် သံတမန်ရေးရာနည်းလမ်း၊ ဂျိုကြိုးနားရွက်ပဲ့ အင်္ဂလိပ်စကားနဲ့ ကမ္ဘာကို လိမ်ပြရ၊ အဖေခေါ်နေရတဲ့ တရုတ်လို တိုင်းပြည် မျိုးကို ဗမာပြည်ရဲ့ သယံဇာတနဲ့ ဗမာ့မြေအစိတ်အပိုင်းတွေကို ထိုးကျွေးရနဲ့ ခင်ဗျားတို့ အတော် သနားစရာကောင်းတာပဲ။  ခင်ဗျားတို့ပါးစပ်ကသာ “ ပြည်သူ့အာဏာကို ပြည်သူတွေကိုသာ အပ်ပါတယ်။ ကျွန်တော်တို့ အသက်နဲ့ ဆွေမျိုးစည်းစိမ်လေးကိုတော့ဖြင့် ပုန်းစရာမြေနဲ့အတူ ပေးသနားကြပါ” လို့ ဘာကြောင့် ပြောမထွက်တာလဲ။ ပြည်သူက သင်ပုန်းချေဖို့ အသင့်ရှိနေ ပေမဲ့ ခင်ဗျားတို့ချင်း မစည်းလုံးနိုင်ဖြစ်ပြီး ခွေးသေကောင် လင်းတအဆွဲခံရမှာ ကြောက်နေကြရ တာ မဟုတ်လား။ ဗုဒ္ဓဘာသာရဲ့ သီးခြားဖြစ်စဉ်တွေကို မယုံကြည်ဘဲ နေနိုင်ပေမဲ့ ၀ဋ်ကိုတော့ ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။  ခင်ဗျားတို့အချင်းချင်း ခွက်စောင်းခုတ်နေကြခြင်းဟာလည်း ဝဋ်တစ်မျိုးပါပဲ။

ဗိုလ်ချုပ်ကြီးများ ၀ဋ်ခံရခြင်း အကြောင်းအရင်းများ

            ခင်ဗျားတို့ နှစ်ကာလကြာရှည်စွာ ၀ဋ်ခံရစေဖို့ ခင်ဗျားတို့လုပ်ရပ်တွေကို ဆန်းစစ်ကြည့် ကြပါစို့…

            ခေတ်အဆက်ဆက် ရှေ့ထွက်ရပ်တဲ့ အမာခံကျောင်းသားလူငယ်တွေကို သွေကွဲစေဖို့ မလိုအပ်တဲ့ ပြည်သူ့ဘဏ္ဍာဖြုန်းတီးမှုကြီးအဖြစ် မြို့ပြင်မြို့စွန်တွေမှာ တက္ကသိုလ်အသစ်တွေကို သွားတည်ခဲ့ကြတယ်။ ရှိရင်းစွဲ အထင်ကရ တက္ကသိုလ်ကြီးတွေမှာ အတုအယောင် ဆရာအတု တွေနဲ့ ဘွဲ့ကြီးတွေကို ထားခဲ့ကြတယ်။ အရည်အချင်းမရှိဘဲ ရခဲ့ကြတဲ့ Master တွေ၊ Ph.D တွေ ပေးနေလိုက်ကြတာ။ ဒီလိုနဲ့ပဲ ခင်ဗျားတို့ခေါင်းဆောင်ကြီးသမီး Ph.D ဘွဲ့ ရသွားခဲ့တယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောသွားခဲ့ဘူးတယ်။ တက္ကသိုလ်မှာ သုတေသနမရှိ၊ ကျမ်းပြု မရှိဘဲနဲ့ ဆရာတွေက နံရံဆေးသုတ်၊ ခြံစည်းရိုးခတ်နဲ့၊ ကျောင်းလုံခြုံရေးတွေသာ ဖြစ်ခဲ့ရတယ်။ Master အတွက် ကျမ်းပြု (copy) လုပ်ရာမှာလည်း အင်္ဂလိပ်စာကို ကိုယ်တိုင်မရေးနိုင်လို့ ပြင်ပ စာတတ်ပုဂ္ဂိုလ်ကြီးများထံမှာ ငွေပေးရေးခိုင်းနေရတာလည်း လူတိုင်းသိကြပါတယ်။ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီးဆိုသူတွေဟာ ခင်ဗျားတို့ရဲ့ သတင်းပေးသက်သက် လုပ်နေရပြီး ကျောင်း တွေမှာလည်း နေသာတဲ့အချိန်မှာသာ ကျောင်းပေါက်ဝထိုင်ပြီး ကျောင်းသားကဒ် ချိတ်မချိတ်၊ အ၀တ်အစား ဘယ်လိုဝတ်သလဲဆိုတာလောက် လိုက်ကြည့်၊ လူလုံးပြ လူရာဝင်နေကြရတာပါ။  ခင်ဗျားတို့မျိုးဆက်ဟောင်း ဗိုလ်ချုပ်တွေဟာ ပညာတတ်ဆိုရင် အသည်းနာနေကြပြီး လူငယ် တွေ ပညာမတတ်၊ ပညာငတ်နေကြရအောင် လုပ်လိုကြခြင်းဟာ ခင်ဗျားတို့ရဲ့ ကျောင်းသားထု ကြီးအပေါ် လက်စားချေခြင်းတစ်မျိုးဆိုတာ နားလည်ထားပြီးသားပါ။

            ကျောင်းသားတွေက “ဗိုလ်ချုပ် ၆ တန်း တစောက်ကန်း” လို့ ကြွေးကြော်ခဲ့ကြတော့ ခင်ဗျားတို့ အသဲအဖျားခတ်ပြီပေါ့။  ဒီလိုနဲ့ ပညာတတ်မျိုးဆက်ကို သတ်၊ ပညာရင်းမြစ်ကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့ကြတာ တကယ်ရော အောင်မြင်ခဲ့ပါရဲ့လား။  နိုင်ငံတကာက လှူဒါန်းတဲ့ စာအုပ်စာတန်းတွေကို လေဆိပ်မှာတင်ပဲ တပ်မတော်တက္ကသိုလ်တွေကို ပို့ခဲ့ကြတာ ကျောင်းသားတိုင်းအသိပါ။  ခေတ်မီတပ်မတော်ကြီးလို့ ကြွေးကြော်ရအောင် တကယ်ရော ခေတ်မီနေပါရဲ့လား။ ပြင်ပစာပေ၊ မီဒီယာတွေနဲ့ မထိတွေ့စေတဲ့ ခင်ဗျားတို့မျိုးဆက် တပ်မတော် ဟာ ဘယ်လိုများ အဆင့်မြင့်ပညာတွေကို သင်ကြားတွေးခေါ်နိုင်မဲ့ ဦးနှောက်အကြည်ဓါတ် ရှိရှာမှာလဲ။  ပြင်ပရေဒီယို၊ စာအုပ်စာတမ်းတွေ နားထောင်ခဲ့၊ ဖတ်မိခဲ့ရင် ပင်စင်တောင်မရ၊ တပ်ကနေ ထုတ်ပစ်ခံရတယ်ဆိုတာ ခင်ဗျားတို့ပြောမပြလည်း သိနေကြပါတယ်။  ခင်ဗျားတို့ အင်အားနဲ့ယှဉ်ရင် လက်တစ်ဆုတ်သာသာ လောက်သာရှိတဲ့ ကေအန်ယူကို နှစ်ပေါင်းများစွာ ကြာတဲ့အထိ ခင်ဗျားတို့ ဘာကြောင့် အနိုင်မတိုက်နိုင်ပါသလဲ။ ခင်ဗျားတို့မှာ ခေတ်မီ စစ်ပညာ ရပ် အတတ်တွေမရှိဘဲ အင်အားသုံး ဖြိုခွဲတတ်တာလောက်ပဲ ရှိတာကိုး။  ကေအန်ယူကို နိုင်အောင်မတိုက်နိုင်တဲ့အခါကြတော့ ခင်ဗျားတို့ရဲ့ နည်းရိုးကြီးဖြစ်တဲ့ မျိုးဆက်သုတ်သင်ရေး နည်းလမ်းနဲ့ပဲ အပြစ်မဲ့ ကရင်ပြည်သူတွေကို ချေမှုန်းသုတ်သင်တော့တာပါပဲ။ အောင်မြင်ပါရဲ့ လား….။ ဗမာပြည်မြေပုံပေါ်မှာ ကရင်လူမျိုးလည်း ပျောက်ပျက်မသွားသလို၊ တခြားမျိုးနွယ် တိုင်းရင်းသားတွေလည်းပဲ ကျန်နေတုန်းပါ။  ခင်ဗျားတို့ချည်းပဲကျန်လို့ တကယ် ငြိမ်းချမ်းနိုင် ကြမယ်ဆိုရင် ခင်ဗျားတို့ လွတ်နိုင်မယ်လို့ထင်တဲ့ တစ်နေရာမှာ ပုန်းပြီး ခင်ဗျားတို့ အရွယ်မရွေး ကြောက်နေရတဲ့ ပြည်သူတွေကို အနုမြူဗုံးကြဲပြီးသာ သတ်လိုက်ကြပေတော့။  ဒီလိုမှ မရှင်း လင်းနိုင်ခဲ့ရင်တော့ ……။

ယတြာအတတ်စူးလို့ ရူးရတော့မဲ့ ဗိုလ်ချုပ်ကြီးများ

            ထစ်ခနဲဆို ယတြာချေတတ်တဲ့ ခင်ဗျားတို့ရဲ့ ယတြာတွေဟာလည်း ခင်ဗျားတို့ လည်ပင်းကို စွပ်နေတဲ့ ကြိုးကွင်းဖြစ်လို့နေပါလား။ စာချိုးတော်တဲ့ ဗမာတွေဟာ “ကြက်ဆူ ဆီထွက်၊ စုကြည်တက်” လို့ ချိုးလိုက်ကြတော့ ခင်ဗျားတို့အတွက်တော့ အဖျားသွေးတက်ရပြီ ပေါ့။  ငွေတွေ သောက်သောက်လဲ ကုန်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ စီမံကိန်းကြက်ဆူပင်တွေဟာလည်း ဖရိုဖရဲဖြစ်လို့ ခွေးအုပ်တွေသာ သေးပန်းရာ ဖြစ်နေပါရော့လား။  အခုလည်းလာပြန်ပြီ “သားသုံးသား” တဲ့။ ခင်ဗျားတို့ဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာမှာတော့ တော်တော် အညိုအမည်းစွဲနေလောက်ပါပြီ။  သံဃာလှုပ်ရှားမှုမှာ သံဃာအစစ်က ၂% လောက်ပဲ ရှိပါသတဲ့။ သံဃာပင်လယ်ကြီး စီးဆင်းနေသလားအောက်မေ့ရလောက်အောင် ရန်ကုန်မြို့ လမ်းမတွေ ပေါ်မှာ နီရဲပြည့်လျှံနေတာ ခင်ဗျားတို့ကလွဲရင် တကမ္ဘာလုံးအမြင်ပါ။  မြေပေါ်မြေအောက် ခင်ဗျားတို့ ကြောက်နေရတာ ဗြဟ္မာမင်းနဲ့ ငရဲမင်းပါပဲ။ နေ့လည်ကြောင်တောင် မိုခြိမ်းသံတွေ လူတိုင်းကြားလိုက်ရပါတယ်။  ခင်ဗျားတို့ ကိုယ့်ပေါင်ကိုယ်ထောင်းချက်ကတော့ သံဃာတုတွေ ဝင်ရောက်နှစ်မြှုပ်လှုပ်ရှားကြသတဲ့။  တကယ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ လုံခြုံရေးအစီအမံ ညံ့ဖျင်းပါတယ်လို့ ၀န်ခံပြီးသားဖြစ်နေရပြီ။  မသေမချင်း ရိုက်သတ်၊ ပစ်ခတ်၊ ဖမ်းဆီး၊ ထောင်ထဲ ထည့်ပြီးတာတောင် နိုင်ငံအနှံ့ ဘုန်းကြီးကျောင်းတွေမှာ လိုက်လံဖမ်းဆီးနေတာတောင် မကုန်နိုင်သေးအောင် များပြားနေပါရော့လား။  တကယ်ဆိုရင် ခင်ဗျားတို့ဝန်မခံလည်း လူတွေက သိထား၊ သဘောပေါက်ကြပြီးသားပါ။ ကေအန်ယူအင်အား ယုတ်လျှော့သွားအောင် ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန် နှစ်ခြမ်းကွဲအောင် လုပ်ခဲ့တာ ခင်ဗျားတို့ရဲ့လက်ချက်၊ ကတုံးစနက်ဆိုတာ သိပြီး သားပါ။  ခင်ဗျားတို့ကို ယတြာချေပေး၊ လူတွေကို နှစ်လုံး၊ သုံးလုံး ဂဏန်းပေးပြီး Land cruiser စီး၊ without ကား တ၀ီဝီနဲ့ ကတ္တီပါသင်္ကန်းရုံနေကြတဲ့ ကတုံးတွေဟာလည်း ခင်ဗျားတို့ အသက် တစ်ရက်ရှည်ဖို့ ဆွဲဆန့်ပေးနေရတဲ့ ပုထုဇဉ်တွေသက်သက်ပါပဲ။

            အခုတော့ ယတြာအတတ်စူးလို့ ခင်ဗျားတို့ပါ ပြေးပေါက်မှားရတော့မယ်။ “သားသုံးသား” တဲ့။ သက်သေဖျောက်ဖျက်ပစ်ဘို့ နောက်ဆုံးရှင်းလင်းရမှာက “စစ်သား” တဲ့။ ခင်ဗျားတို့တတွေဟာ စစ်သားတွေမဟုတ်လို့ ဘာများပါလဲ။ အဓိက ကြိုးကိုင်စီမံခဲ့တဲ့ ခင်ဗျားတို့ တတွေဟာ အဓိကသက်သေ မဟုတ်လို့လား။ မီးကြွင်းမီးကျန်လည်း မချန်နဲ့တဲ့၊ ခင်ဗျားတို့ချင်း နောက်ကျောမလုံဖြစ်နေရတာဟာ မီးကြွင်းမဟုတ်လို့ ဘာများပါလဲ။  စစ်သားလည်း မချန်နဲ့တဲ့။ မကျန်အောင်လုပ်ရမယ်ဆိုတဲ့အတွက် စစ်သားဖြစ်နေရတဲ့ ခင်ဗျားတို့လည်း ဒီ “ယတြာ” မှာ အကျုံးဝင်သွားရတာပါ။  ပြည်သူကတော့ ငါတို့ကို အသနားခံရင် သက်သာမဲ့ကိစ္စဟာ အခုတော့ သူတို့ချင်း ယတြာအတတ်နဲ့ အသေသတ်ကြတော့ မယ်ဆိုပြီး “၀ဋ်လည်ပွဲ” ကြီးကို စောင့်ကြည့် နေကြပါပြီ။

သားသမီးကြောင့် လည်ရတဲ့ ၀ဋ်

            စာဖတ်သူများအား အောက်ပါစကားလုံးများကို ရေးရတဲ့အတွက် ကန်တော့မိပါရဲ့။  ပြည်သူကြားက ဒေါသကြောင့် ပေါက်ဖွားလာတဲ့ ဗိုလ်ချုပ်ကြီးသမီးအတွက် ထောပနာစကားက “စိန်စီသော ဖာသည်မ” တဲ့။  ဗိုလ်ချုပ်ကြီးရေ ... ခင်ဗျားအတွက် ခင်ဗျားရဲ့ ချစ်သမီးရတနာက သောက်ရှက်ကို ခွဲတော့တာပါဘဲ။ မလှပတဲ့ ခင်ဗျားတို့ မျိုးရိုးရုပ်ကို ဖုံးနိုင်ဖို့အတွက် စိန်ရတနာ တွေနဲ့ ဖုံးအုပ်ခဲ့ပါတယ်။  စိန်ရတာနာတွေလည်း မကာကွယ်နိုင်ခဲ့တာကတော့ ကြွားချင်လှတဲ့ ခင်ဗျားသမီးရဲ့ ရည်ရွယ်ချက်ကြောင့် ကင်မရာသမားတွေဟာ ကိုယ်လုံးပေါ်အောင် ရိုက်ရတဲ့ အခါမှာ ဘယ်လိုမှ ဖုံးလို့မရအောင် စူထွက်နေတဲ့ ခင်ဗျားသမီးရဲ့ “ဗိုက်”အလှပါပဲ။  ဒီဗိုက်ထဲက မယူရသေးခင် ပူထွက်နေတဲ့ ကလေးဟာ မချိပြုံး ပြုံးနေတဲ့ သတို့သားရဲ့ ကလေးမဟုတ်ဘူး ဆိုတာကို လူတိုင်းအသိပါ။ ခင်ဗျားရော သိပါလေစ။ ခင်ဗျားတို့ချင်း သုတ်သင်ခဲ့တဲ့ ဗိုလ်ချုပ် တင်ဦးရဲ့ မြေးလေးတဲ့။ ခင်ဗျားသမီး နိုင်ငံခြားရေးရုံးမှာ အတင်းကာရော ညွှန်ကြားရေးမှူး ရာထူး ရယူပြီး ပြောင်ပြောင်တင်းတင်း မိန်းမရှိတဲ့ ဗိုလ်ချုပ်တင်ဦးသားနောက် လျှောက်လိုက် နေတယ်ဆိုတဲ့ သတင်းကလည်း လူတိုင်းသိနေပြီးကြပြီ။  ခင်ဗျားတို့ရဲ့ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းချက်ကတော့ အံ့ပါရဲ့ဗျာ။ ခင်ဗျားတို့ ဖယ်ရှားခဲ့တဲ့ လူတစ်ယောက်ရဲ့ သွေးဟာ ခင်ဗျား တို့ထံ ရောက်ရှိလာခဲ့ပြီ။ ဒါဟာ ၀ဋ်လည်တာမဟုတ်ဘူးကွ၊ ကိုယ်ဖြစ်ကိုယ်ခံလို့သာ ကြုံးအော် လိုက်ကြပါတော့။

အဖေကြီးပေးတဲ့ ၀ဋ်

            ခင်ဗျားတို့ တရုတ်ကို အဖေခေါ်ပြီး ခင်ဗျားတို့အသက်တွေကို ဆွဲဆန့်နေရတာဟာ နောက်ဆုံးကျတော့လည်း တရုတ်ပြည်ကြီး စီးပွားဖြစ်အောင် ပေးဆပ်ရေးသက်သက်ပါဘဲလား။ ခင်ဗျားတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်က တရုတ်စီးပွားရေးတွေကို မတရားသိမ်းပြီး ပြည်သူနဲ့ ရန်တိုက်ပေးခဲ့တဲ့ ၀ဋ်တွေကို ခင်ဗျားတို့ လိုက်ပြီး ခံနေရတာပါ။

Media တိုက်ပွဲအတွင်းမှာ ကြီးအကျယ် ကျရှုံးရတဲ့ ဗိုလ်ချုပ်တွေ

            တိုက်ပွဲလို့သာ သုံးနှုန်းရတယ်၊ အခုလို မီဒီယာတိုက်ပွဲမှာ ခင်ဗျားတို့ဟာ ခုခံစရာမရှိ၊ အကာအကွယ်မရှိဘဲ ပြတ်ပြတ်သားသာ အရှက်တကွဲနဲ့ ရှုံးနိမ့်ရတာပါ။  လမ်းပေါ်ထွက်၊ ဘုရားစာဆိုနေတဲ့ သံဃာတွေကိုလည်း ခင်ဗျားတို့ ကြောက်လန့်တကြားဖြစ်ပြီး ပစ်ခတ်ရိုက်နှက် သတ်ပစ်နေတာတွေကို တကမ္ဘာလုံးက မြင်ကုန်ကြပါပြီ။  ခင်ဗျားတို့ရဲ့ ကြောက်ချက်ကတော့ အရွယ်မရွေး၊ ပုဂ္ဂိုလ်မရွေးပါဘဲ။  တိုင်းပြည်ရဲ့အနာဂါတ် အညွန့်တလူလူဖြစ်နေတဲ့ ဆယ်ကျော် သက်တွေကိုလည်း ပစ်ခတ်ဖမ်းဆီး၊ ထောင်ဒဏ်နှစ်ရှည်တွေ ချတယ်။ လမ်းပေါ် စီတန်း လမ်းလျှောက်နေလို့ဆိုပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၅၂ နှစ်အထိအောင် ချပစ်နေတယ် ဆိုတာ လည်း တကမ္ဘာလုံးက သိနေကြပါပြီ။

            သက်ကြီးရွယ်အိုတွေကိုလည်း ကြောက်ပြီး ဖမ်းဆီးချင်တဲ့ သူတို့ရဲ့ သား၊ သမီး၊ မြေး၊ မြစ်တွေကို မမိလို့ရှိရင် ဓါးစာခံအဖြစ် အစားထိုးဖမ်းဆီးမှုတွေကိုလည်း သိကုန်ကြပါပြီ။  ခင်ဗျားတို့ကတော်တွေက အိမ်မှာ ဖဲရိုက်ရတာ၊ အတင်းတုတ်ရတာတွေမှာ ပျင်းလာရင် နောက်ထပ် အပျင်းပြေ အိုက်တင်ထုတ်စရာအဖြစ် အမျိုးသမီးအဖွဲ့တွေ ဖွဲ့ပြီး ဟန်ရေးပြခဲ့ ကြတယ်။ အခု ဒီအရေးတော်ပုံကြီးမှာ အရွယ်သုံးပါးမရွေးတဲ့ အမျိုးသမီးထုဟာ ရဲဝံ့စွာ လမ်းမပေါ် ချီတက်ခဲ့ကြတယ်။ ဒါကိုလည်း လက်နက်ကိုက်ထားတဲ့ ခင်ဗျားတို့က အမျိုးသမီးထု ကြီးကို ကြောက်ပြီး ရိုက်နှက်၊ ဖမ်းဆီးကြပြန်ပါတယ်။ အဖမ်းခံရတဲ့ မိခင်တွေနဲ့ နို့စို့အရွယ်၊ လူမမယ်အရွယ် ခလေးငယ်တွေဟာလည်း တကွဲတပြားစီ ဖြစ်နေကြရရှာတယ်။ ဒီကိစ္စတွေကို အကာအကွယ်ပေးဖို့နေနေသာသာ နှုတ်ခမ်းနီဆေးဆိုးမပျက်၊ ပိုး၊ ဖဲသား အ၀တ်မပျက်တဲ့ ခင်ဗျားတို့ကတော်ကြီးတွေက မသိချင်ယောင်ဆောင်နေတာ တကမ္ဘာလုံးက အသိပါ။

            ထေရ၀ါဒ အဓွန့်အရှည်ဆုံး၊ အထွန်းကားဆုံး တိုင်းပြည်၊ အလှူရေစက် လက်နဲ့မကွာ ပါလို့ ကြွေးကြော်နေပြီး ခင်ဗျားတို့ရဲ့ ရက်ရက်ရောရော လှူလိုက်တဲ့ နံပါတ်တုတ်၊ ၀ါးရင်းတုတ် ရိုက်ချက်တွေဗျာ၊ သံဃာတော်တွေမှာ အတုံးအရုံး ဖြစ်၊ သင်းပိုင်ကျွတ်နဲ့ ထွက်ပြေးနေရရှာတဲ့ ကိုယ်တော်ရဲ့ သင်္ဃန်းကို ဆောင့်ဆွဲပြီး ပယ်ပယ်နယ်နယ် လှူနေတဲ့ ခင်ဗျားတို့ရဲ့ ဒုတ်ဒါန အလှူတွေကို တကမ္ဘာလုံးက အံ့သြထိတ်လန့်၊ တုန်လှုပ်ရအောင်လည်း မြင်ခဲ့ကြရပါပြီ။

            ခင်ဗျားတို့ရဲ့စစ်သား စစ်ဖိနပ်တောင်စီးမထားတဲ့ ငမိုက်သားလေးက ဂျပန်သတင်း ထောက်ကို အနီးကပ် ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး နှစ်စဉ် ခင်ဗျားတို့အိတ်ကပ်ထဲ ရောက်သွား နေကကျ ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်ခဲ့ပါပြီ။  ခင်ဗျားတို့ရဲ့ ဗမာလူမျိုးနဲ့ ဆင်နေလို့ လွဲမှားပစ်ခတ်မိတာပါလို့ ဆိုလိုက်ကြပြန်တော့ ဘာလက်နက်မှမရှိတဲ့  ဗမာပြည်က သံဃာတွေ၊ ပြည်သူတွေကို ဗမာလူမျိုး စစ်သားတွေကပဲ အသေပစ်သတ်နေတာပါလို့ ၀န်ခံ လိုက်ရပြန်ရောပေါ့။

            ခု မီဒီယာတိုက်ပွဲမှာ ခင်ဗျားတို့အတွက် အံ့ကြိတ်ခုခံ၊ လိမ်ညာနေရတဲ့ နိုင်ငံပိုင် သတင်းစာ ၃ စောင်နဲ့ ရုပ်သံလိုင်းတွေဟာလည်း ဗမာလူမျိုး သန်း ၆၀ ကျော်အပေါ် ဘာမှ မထိရောက်နိုင်တော့သလို၊ ကမ္ဘာနဲ့လည်း ယှဉ်ဖို့မလိုတော့ပါဘူး။ ခင်ဗျားတို့ သတင်းစာ စောင်ရေဟာ လူဦးရေနဲ့ယှဉ်ရင် ဘယ်နှစ်ရာခိုင်နှုန်းလောက်များ လွှမ်းမိုးထားနိုင်လို့လဲ။ ရုပ်သံလိုင်းတွေကတော့ တိုင်းပြည်ငွေ ဖြုန်းရုံသက်သက်ပါဘဲ။ လူတွေက နှစ်ပေစလောင်း၊ ရှစ်ပေစလောင်း၊ အင်တာနက်တွေအပေါ်မှာသာ အာရုံရှိကြတာပါ။

            ခင်ဗျားတို့ မရှုမလှ ရှုံးနိမ့်သွားတဲ့ ဒီ မီဒီယာရှုံးနိမ့်မှုကြီးကို ကြည့်ပြီး ပြည်သူတွေဟာ အမျိုးသားရေးစိတ်ဓါတ်ဆိုတာကို နားလည်သဘောပေါက်သွားပါပြီ။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ တိုက်တွန်းလှုံ့ဆော်စရာမလိုဘဲ ခင်ဗျားတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု မြင်ကွင်း တွေကို ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ တကမ္ဘာလုံးသိအောင် ပို့ဆောင် ရင်ဖွင့်ဖြန့်ချပြနိုင်ခဲ့ပါပြီ။ ခင်ဗျားတို့မှာတော့ “ကျွန်တော်ဟာ သတင်းစာဆောင်းပါးရှင် ဘယ်သူပါခင်ဗျာ”လို့ ရုပ်ရှေ့ထွက် မပြရဲတဲ့ lier shadow တွေဆီက ဆောင်းပါးတွေကို သတင်းစာတွေမှာ အပြည့်တင်၊ ပြည်သူက မဖတ်မှန်းကလည်း အတတ်သိလေတော့ ပြည်သူဖတ်တဲ့ ပုဂ္ဂလိက ဂျာနယ်တွေဆီမှာ အတင်း  ကာရော လိုက်ထည့်နေရပါတယ်။ အခုတော့ တစ်မျက်နှာ ဓါးပြတိုက်ရုံနဲ့ မကျေနပ်နိုင်တော့ဘဲ နောက်စာမျက်နှာတစ်ဝက်ပါ ထပ်တောင်းနေကြပြန်ပါပြီ။ အခု ခင်ဗျားတို့လုယက်ထားတဲ့ ဂျာနယ်စာတစ်မျက်နှာဟာ ကြော်ငြာအဖြစ် အသုံးပြုခွင့်ရလို့ရှိရင် သိန်းဂဏန်းတန်တယ်ဆိုတာ ဂျာနယ်ထုတ်ဝေသူတိုင်း အသိပါ။ ရာချီတဲ့ ဂျာနယ်တိုင်းဆီက ခင်ဗျားတို့ လုယက်ထားတာဟာ ပြည်သူတွေ စီးပွားရေးဒုက္ခရောက်အောင် လုပ်နေတာ ကျွန်တော်တို့ပါဘဲလို့ ၀န်ခံနေသလိုပါပဲ။

ဝဋ်ကြွေးများမှ လွတ်မြောက်မဲ့အကြောင်း

            ဒီဝဋ်သံသရာငရဲက လွတ်စေဘို့ ခင်ဗျားတို့ဟာ အရင်ဆုံး ခင်ဗျားတို့ချင်း စည်းရုံးရေး ကို ဖော်ဆောင်ရမယ်။ စည်းရုံးခဲ့ပြီဆိုရင်တော့ ခင်ဗျားတို့လက်တွေမှာ စွန်းထင်းနေတဲ့ သံဃာ တော်တွေရဲ့ သွေးတွေကို ရေစက်ချ၊ အမျှပေးဝေပြီး သတ္တိရှိရှိနဲ့ ကမ္ဘာသိအောင် တောင်းပန်ပါ။

            ခင်ဗျားတို့ အဓိကကြောက်ရွံ့နေတဲ့ “ငါတို့ကျရှုံးတဲ့တနေ့ ပြည်သူတွေလက်မှာ မတွေး ရဲဘူး” ဆိုတဲ့ အတွေးကို အပြင်ကိုထုတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးစားပွဲမှာ ထိုင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ ပုန်းခိုစရာ မြေနေရာကို တောင်းဆိုပါ။ ခင်ဗျားတို့ဘက်က ဒီလို ပွင့်လင်းခဲ့ရင် ပြည်သူဟာ မကျက်သေးတဲ့ ဒဏ်ရာတွေ ရှိနေသေးသည့်တိုင် သင်ပုန်းချေပေး နိုင်ပါလိမ့်မယ်။

            ဒီလိုမလုပ်ခဲ့ရင်တော့ ခင်ဗျားတို့စစ်ဖိနပ်အောက်မှာ ကျခဲ့ရတဲ့ ပြည်သူနဲ့ သံဃာတို့ရဲ့ မြင့်မြတ်လှတဲ့ သွေး၊ မျက်ရည်တို့ဟာ ဘယ်တော့မှ မခြောက်ခမ်းဘဲ စေးထန်းစွာနဲ့ ခင်ဗျားတို့ကို ပြန်လည်ဝါးမြိုလာမယ့် သွေးနွံအိုင်ကြီးတွေ ဖြစ်လာရလိမ့်မယ်။ ခင်ဗျားတို့ရဲ့ ဒီတစ်ကြိမ် လုပ်ရပ်ကြောင့် မေ့လွယ်ပျောက်လွယ်တဲ့ ဗမာလူမျိုးတွေဟာ ရင်နင့်အောင် ကြေကွဲရပြီး ရင်တပြင်လုံး ဗြန်းဗြန်းကွဲအောင် ခင်ဗျားတို့ကို မုန်းတီးနေလို့ ဒီသွေးနွံအိုင်ကြီးက စီးဆင်းနေတဲ့ သွေးတွေထဲမှာ ခင်ဗျားတို့ကို မုန်းတီးရွံရှာနေတဲ့ မျိုးဆက်တွေ တဆက်ပြီးတဆက် ပေါ်ထွန်း လာဦးမှာဘဲ။  ဒါဟာ ခင်ဗျားတို့အတွက် ဘယ်တော့မှမပြီးဆုံးတဲ့ ၀ဋ်သံသရာဖြစ်ပြီး ခင်ဗျား တို့က ပြည်သူတွေရဲ့ အသွေးထဲအသားထဲအထိ ၀င်ရောက်ရိုက်နှက် ပယ်ဖျက်ပစ်လို့ မရတဲ့ ဒီမိုကရေစီအောင်ပွဲကြီးဖြစ်တယ်။

◊ ◊ ◊ ◊ ◊

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org