|
နတ်လူသာဓုခေါ်စေသောဝ်
မင်းတိက္ခ
(၁၉-၄-၂၀၀၈)
ယနေ့ခေတ်အခါသမယသည် ရေမြေတောတောင်ကို ပိုင်သအစိုးရတော်မူသော ဧကရာဇ်ပဒေသရာဇ်ခေတ်မဟုတ်။ အချုပ်အချာအာဏာကို ပြည်သူတွေပိုင်ဆိုင်သည့်
အချိန် ကာလ ဖြစ်ပေသည်။ ပြည်သူတွေအတွက ဘ၀အာမခံချက်တွေကို
ပြည်သူတွေကိုယ်တိုင် ဖန်တီးရယူနိုင်တယ်ဆိုတာ သက်သေပြဘို့
အခွင့်အခါကောင်းကြီးကို လာမည့်မေလ (၁၀) ရက် နေ့မှာ ကြုံရဆုံရပေတော့မည်။
အနာဂတ်မြန်မာနိုင်ငံ၏ ဦးဆောင်မှုအခန်းတွင် တပ်မတော်က
ပါဝင်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတွင်
အတိအလင်း တောင်းဆိုထားသည်ကို အထင်အရှား တွေ့မြင် နိုင်ပေသည်။
“ပြဿနာအစ ၂၅
ရာနှုန်းက”လို့ ဆိုကြ ပြောကြရာမှာ ထောက်ခံသူတချို့က
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် တပ်မတော်က
ပါဝင်ထိန်းကျောင်းပေးတာ ဖြစ်ကြောင်း၊ အခြေခံဥပဒေမရှိတာနဲ့စာရင်
ရှိတာကပိုကောင်းပါတယ်လို့ အကောင်းမြင်နှင့် ပြောဆိုနေကြပါ၏။
ရှိစေတော့
ရှိစေတော့၊ အကြင်အကြင်သူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့ကြပေကုန် ၏။
အရေးကြီးတာက ပြည်သူတွေအမြင်ရှင်းပါမှ
ဒို့တိုင်းဒို့ပြည် အဆင်းလှမှာဖြစ်တယ်။ ရှင်းလင်းပြဘို့က လူတိုင်းမှာ
တာဝန်ရှိတယ်။ တိုင်းပြည် ကသောင်းကနင်းမဖြစ်ရအောင် တပ်မတော်က
ပါဝင်ထိန်းကျောင်းပေးချင်တဲ့ စေတနာကို ကြိုဆိုပါတယ်။ ပြဿနာရှိနေတာက
ပါဝင်တဲ့ပုံစံ ဖြစ်တယ်။ ပါဝင်ပုံပါဝင်နည်းက လက်မခံနိုင်စရာ အဓိကအချက်ပါ။
တကယ်စေတနာမှန်နဲ့ ပါဝင်ထိန်းကျောင်းပေးချင်တယ်ဆိုင်တော့
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရပါလိမ့်မယ်။ ရွေးကောက်ပွဲဆိုသည်မှာ
ကျွန်တော်တို့ တိုင်းသူပြည်သားအားလုံးရဲ့
‘အမြင့်ဆုံး အာဏာပိုင်ဆိုင်မှုတန်ဘိုး’ ဖြစ်ပါတယ်။ ဒီတန်ဘိုးကို
စောင့်ရှောက်ရမှာက ကျွန်တော် တို့ တိုင်းသူပြည်သားတွေရဲ့
အဓိကတာဝန်တရပ်ပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်ပါလဲဆိုရင်တော့
စစ်ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေခြင်းဖြင့်
ရလာမဲ့အကျိုးအမြတ်တွေက
(1)
မဲဆန္ဒရှင် ပြည်သူတွေရှိရာကို
စစ်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် လာရပါတော့မယ်။
(2)
ပြည်သူ့အသဲကြားက မဲတပြားရဘို့ လိမ္မာယဉ်ကျေးစွာ ဆက်ဆံရပါတော့မယ်။
(3)
ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အာမခံချက်တွေ ပေးရတော့မယ်။
(4)
ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို နာခံတတ်တဲ့
စစ်ဗိုလ်ချုပ်တွေဖြစ်လာမယ်။
(5)
တရွာဝင်တရွာထွက် စည်းရုံးရေးခရီးတွေထွက်ရမှာမို့
ပြည်သူတွေနဲ့ ရင်းနှီးမှုတွေ ရှိလာမယ်။
(6)
အချိန်တွေကြာလာတာနဲ့အမျှ တပ်မတော်သားတွေနဲ့ ပြည်သူတွေအကြားမှာ
ယုံကြည် မှုတွေရလာပြီး တသွေးတည်းတသားတည်း ဖြစ်လာရမှာပါ။
အခုတော့
ဒီလိုမဟုတ်ပါ။ တပ်မတော်သားနဲ့ ပြည်သူတွေ ကြည်ဖြူသွားမှာကို နအဖ
စစ်ဗိုလ်ချုပ်ကြီးတွေက မနာလိုမရှုစိမ့်နိုင်ပါ။ အဓိပ္ပါယ်ကတော့ သူတို့ရဲ့
စစ်ဗိုလ်ချုပ်တွေဟာ တိုင်းသူပြည်သားတွေနဲ့ ပူးပေါင်းသွားမှာကို
စိုးရိမ်တာဖြစ်တယ်။ အဲ့ဒါကြောင့် ညောင်နှစ်ပင် ညီလာခံက ချမှတ်တဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာ ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းပြဌာန်းပေးလိုက်တာ
ဖြစ်တယ်။ ဘယ်ရွေးကောက်ပွဲမှ ၀င်ပြိုင်စရာမလိုဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ
ဖြစ်နိုင်တဲ့ အနတ္တတန်ခိုးရှင်ကြီးအဖြစ် ဗိုလ်ချုပ်မူးကြီးသန်းရွှေက
သူ့ကိုယ်သူ
ဖန်ဆင်းလိုက်တာဖြစ်တယ်။ ရလာမဲ့အကျိုးဆက်တွေကတော့
(1)
လွှတ်တော်ကိုယ်စားလှယ်ဖြစ်ချင်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ
ပြည်သူတွေနဲ့ ကင်းကွာ သွားကြပါလိမ့်မယ်။
(2)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေပြုသမျှ နုရတော့မယ့်
ဘ၀အခြေအနေ ရောက်သွားမယ်။
(3)
ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောရဲတဲ့ အမှားအမှန် မခွဲခြားတတ်သော
စစ်ဗိုလ်ချုပ် တွေ ကြီးစိုးလာမယ်။
(4)
အထက်ကို ဖားကြ၊ စားကြ၊ ၀ါးကြ၊ ပါးပါးလှီးကြတော့မယ်။
(5)
ပြည်သူ့ဆန္ဒကို ပစ်ပယ်ပြီး
ဗိုလ်ချုပ်မှူးကြီးအကြိုက် လိုက်လျောရတော့မယ်။ အဲ့ဒီလို
နာခံမှုအပြည့်အ၀ရှိတဲ့ စစ်ဗိုလ်ချုပ်တွေရှိနေသရွေ့ အချုပ်အခြာအာဏာကို နအဖ
ဗိုလ်ချုပ်မှူးကြီးတွေက ပိုင်ဆိုင်တော့မယ်။
ဒါလောက်နဲ့ အားမရသေးပါ။ မိုက်ချင်သလောက်မိုက်ကြစမ်းဆိုတဲ့ လူမိုက်အားပေး
လူမိုက်တွေကို အကာအကွယ်ပေးဖို့ နိုင်ငံတော်သမ္မတက
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် (Pardon) ပေးပိုင်ခွင့်၊
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်
(Amnesty) ပေးပိုင်ခွင့်ရှိတဲ့ တချက်လွှတ် ဘီတိုအာဏာတွေကို
ယူထားကြပါသေးတယ်။ အဲဒီတော့ တရားဥပဒေဆိုတာ တိုင်းသားပြည်သူတွေရဲ့မျက်နှာကို လုံးဝမကြည့်တဲ့ အခြေခံ ဥပဒေကြီးပါ။
ကျောင်းသားရှင်လူ ပြည်သူတွေက မကျေနပ်လို့ လမ်းပေါ်ထွက်မေတ္တာပို့လျှင်တော့
စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊
မိုးပေါ်ထောင်ဖောက်တာမပါဘူးဆိုတဲ့ ဟိန်းဟောက် သံတွေနဲ့အတူ
ပြည်သူတွေကို တရားဝင် ပစ်ခွင့်၊ သတ်ခွင့်လိုင်စင်ကြေးကိုလည်း
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အတိအလင်း ပြဌာန်းထားတယ်။ ဖြစ်ပေါ်လာမဲ့
ကြောင်းကျိုးဆက်တွေကို စပ်ဆက်ကြည့်လိုက်မယ်ဆိုရင် ပြည်သူကကျွေးတဲ့
ထမင်းကိုစား၊
ပြည်သူတွေကပေးထားတဲ့ သေနတ်တွေနဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ကြရတော့မည့်
ပြည်သူ့တပ်မတော်သားတွေ အတွက် ရင်နင့်ဖွယ်ရာတွေ ဖြစ်လာနိုင်သလို
ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့နေရတဲ့ကြားက ရုန်းကန်လှုပ်ရှားနေရမဲ့
ပြည်သူတွေရဲ့ ဘ၀ရှေ့ရေးတွေကို ကြိုတင်စဉ်းစားကြဖို့ အရေးတကြီး
လိုအပ်နေပါပြီ။
ငြိမ်းချမ်းသာယာပြီး လူ့အခွင့်အရေးတွေအပြည့်အ၀ရှိတဲ့ ဒီမိုကရေစီ၏
အရိပ်အာဝါသ အောက်မှာ ပျော်ရွှင်စွာ နေနိုင်ရေးအတွက်
တပ်မတော်သားများနှင့်အတူ တိုင်းသူပြည်သား တရပ်လုံးက
-
ပျော်ပျော်ပါးပါး မဲရုံသွားလို့ ကန့်ကွက်မဲတွေ ပေးကြကုန်လော့။
ကြက်ခြေခတ်တွေ ရေးမှတ်ကြပါကုန်လော့။
မဲရေတွက်တာကို စောင့်ကြည့်ကြကုန်လော့။ |