|
မီးလျှံမှတ်တမ်း
မင်းဒင်
ဤစာကိုရေးနေချိန်၌ ကျနော်အိမ်နောက်ဖက်က မြေကွက်လပ်တွင် မီးပုံကြီးတခု
မီးညွန့်မီးတောက်များဖြင့် အရှိန်ပြင်းစွာ တောက်လောင်လျှက်ရှိပါသည်။
x
x x x x x x
၂၀၀၇
ခုနှစ်၊ စက်တင်ဘာ တော်လှန်ရေးကာလအတွင်းက ဒီတချီတော့ပွဲပြတ်ပြီဟု
ထင်ခဲ့သူများထဲတွင် ကျနော် ထိပ်ဆုံးက ပါသည်။ အနှစ်နှစ်ဆယ်တောင်
စောင့်ခဲ့ရတာဗျ။ ပြတ်မှဖြစ်မယ်။ မပြတ်ပြတ်အောင်ကို ဖြတ်ရမယ်ဗျာ၊
အားတက်သရော အသံမျိုးစုံသည် နံရံ အနှံ့မှ ပေါ်ထွက်ခဲ့၏။ သို့သော်
မှန်းချက်သည် နှမ်းထွက်နှင့် လွဲရပြန်ချေပြီ။ သို့ကြောင့်နည်း။
ကျနော့်စိတ်ဝယ် ကိုယ့်ကိုယ်ကို အားမရသလို ဟိုလူဒီလူကို အပြစ်တင်ရမလို
ဖြစ်လာ လေ၏။
x
x x x x x x
ကျနော်သည်
ဖူးခက်မြို့မှာ မြန်မာပစ္စည်းမျိုးစုံရောင်းသော ကျူလီယာဆိုင်ပိုင်ရှင်
ဖြစ်၏။
မနေ့က
ထုံးပုံးတွေတင်လာသောကား ရနောင်းက ရောက်လာသည်။ ဟိုင်းလက် တစီး စာနီးပါး
ထုံးပုံးတွေကို ပလက်စတစ်တိုင်ကီများထဲသို့ ပြောင်းထည့်သည်။
သည်လောက်များ သော ထုံးများမှာ ဖူးခက်က မဟာဗမာ အလုပ်သမားများအတွက်
မရှိမဖြစ်။ အရည်မရ အဖတ် မရကိစ္စမှာ ကျနော်တို့လူမျိုးကို ကမ္ဘာမှာ
ယှဉ်နိုင်သူ ရှားအံ့ထင်သည်။
လက်တလောပြဿနာမှာ ထုံပုံးအခွံတို့ ဖြစ်၏။ ကျနော်နေသော ဖူးခက်ကအိမ်မှာ
ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး ကိုယ်စီ ခြံဝန်းနှင့် ဖြစ်သည်။
အဆမတန်များလှသော ထုတ်ပိုးအခွံများ ကို ခြံရှေ့ထွက်ပုံရန်မသင့်၍ မကြာခဏ
မီးရှို့ရသည်။
အမှန်တော့
ပုံမှန် မီးရှို့သည့်အလုပ်ကို ကျနော့်လက်စွဲတော် မိုးကျော် လုပ်နေကျ။
x
x x x x x x
သည်မနက်
အိပ်ရာထမှာ ခြံနောက်က ဧရာမ ထုံးပုံးအခွံပုံကြီးကိုတွေ့တော့ ကျနော့်
စိတ် ယားကျိကျိ ဖြစ်လာသည်။
“ကိုယ်တိုင်ရှို့ကြည့်ဦးမှ၊ မိုးကျော်နားပါစေ”
မီးမွှေးခြင်း၊ မီးရှို့ခြင်းအလုပ်များကို ကျနော် ကြိမ်ဖန်များစွာ
လုပ်ဖူးပါ၏။ ထင်းရှုးဆီ ချောင်းကလေးများနှင့် မီးသွေးမီးဖို၊
ရေနံဆီစိမ်ထားသော ဆေးလိပ်ဖင်ဆီခံနှင့် ထင်းမီးဖို၊ ထင်းချောင်းကို
ရေနံဆီဆွတ်ပြီး မီးမွှေးသောအလုပ်၊ ပြာပုံအဟောင်းပေါ် ရေနံဆီလောင်းချပြီး
မီးတောက်ပေါ် ထင်းစီသောပုံစံ၊ အ၀တ်စုတ်အစကို ဒီဇယ်၊ ရေနံဆွတ်သော
ဒီဇိုင်း၊ ကောက်ရိုး တပွေ့နှင့် စတိုင် ... အမျိုးစုံ လုပ်ဖူး၏။
x
x x x x x x
ထုံးပုံးအခွံအမှိုက်ပုံကို ကျနော်ကြည့်လိုက်၏။ ထုံးပုံခွံပုံစံမှာ
တောသစ်နှင့်လုပ်ထား သော အလျားအနံ တပေခန့်၊ အမြင့် တပေခွဲခန့်ဖြစ်၏။
အတွင်းဖက်မှာ ၀ါးပိုးဝါးမျှစ်ခွံဖတ်ကြီး တွေ ခံထားသည်။ ထုံးထဲကရေ
အပြင်သို့ အလွယ်တကူမစိမ့်ရန်တည်း။
မျှစ်ခြောက်ဖတ်ကြီးတခုကို ဆွဲယူ၍ မီးခြစ်နှင့်တေ့ခြစ်ကာ
ထုံးပုံးခွံပုံကြီးဘေးမှာ ကပ် လိုက်ပါသည်။ တဖျစ်ဖျစ် မြည်သံနှင့်အတူ
မီးစွဲလောင်တော့၏။
မီးတောက်သည်
နီးရာမျှစ်ဖတ်များကို ထပ်စွဲပြန်သည်။ တခဏအကြာ မျှစ်ဖတ်တချို့
အကုန်တွင် မီးတောက်ရပ်လေသည်။ မီးခိုးအူလာသည်။
ထိုနည်းအတိုင်း ဒုတိယအကြိမ် လုံးပမ်းပြန်၏။ ထိုနည်းဖြင့်ပင်
မီးငြိမ်းပြန်သည်။ ပုံစံ ပြောင်းမှဖြစ်မည်။
မျှစ်ဖတ်၊
သင်အူကြိုးနှင့် ၀ါးခြမ်းငယ်အချို့ကို ထပ်မံစုစည်းသည်။
ပုံးခွံတို့၏အောက်မှာ စုပုံပြီး လုံ့လပြုပြန်၏။ လောင်ပြန်ပါလေပြီ၊
သို့သော် ခဏသာ။
ကျနော်
ထုံးပုံခွံတခုကို ဆွဲထုတ်ပြန်၏။ ပုံးခွံအတွင်းသို့ ဆိုခဲ့သော
လောင်စာများကို ထိုးသွင်းကာ မဟာဇနကထုံးကို နှလုံးမူပြန်၏။ ခဏသော်ကား
တောက်ပါ၏။ မီးတောက်သည် အူလာသော မီးခိုးငွေ့အောက်ဝယ် ပျောက်ပြန်လေပြီ။
x
x x x x x x
ထိုအခိုက်
ပုံးခွံအပုံကြီး၏ အပေါ်ဖက်တနေရာမှ မီးတောက်တခု အမှတ်မထင် ထွက် လာ၏။
ဒီတခါ ဟန်ကျပြီထင်ရဲ့ဟု ငံ့လင့်လျှက် စောင့်ကြည့်သည်။
လောင်လွယ်စရာအချို့ ကုန်သည်နှင့် ဒုံရင်းသာ။
ကျနော်
စိတ်တိုလာသည်။ ဒီအပုံကြီးကို မြန်မြန်ကိစ္စတုံးချင်ကာမှ...။ ကားထဲက
ဓါတ်ဆီကို ထုတ်လောင်းရင်ကောင်းမလား။
အမှန်တော့
ကားထဲက ဓါတ်ဆီကို ထုတ်လောင်းဖို့ဆိုတာ လက်ရှိမော်ဒယ် မော်တော်
ကားတွေမှာ မလွယ်လှ၊ ဆီစစ်ပိုက်ခံထား၍ ဓါတ်ဆီစုတ်ပိုက်ထည့်ရန်
မဖြစ်နိုင်။
နောက်တချက်
သတိချပ်ရန်မှာ ဓါတ်ဆီကိုသုံး၍ ထိမ်းမရ သိမ်းမရ လောင်လာလျှင်
ထိုင်းရဲနှင့် ကျနော် ပြဿနာရှင်းရမည်။ မဖြစ်ချေသေး။
တိုနေသော
စိတ်တို့သည် ဒေါသဖြစ်လာ၏။
“ဟေ့ကောင်
မိုးကျော် လာစမ်းကွာ”
“ဟုတ်ကဲ့
ဦးလေး”
မိုးကျော်က
ဘုမသိဘမသိ ဘေးမှာ လာရပ်သည်။
“ဒီမှာ
မီးရှို့မရဖူးကွာ မင်း ဘာတွေလုပ်ထားလဲ”
မိုးကျော်ကား ကြောင်စီစီ ငေးကြည့်၍နေ၏။ ကျနော် ရုတ်ခြည်း သတိပြန်ဝင်လာ
သည်။ ငါလုပ်နေတာ ဘလိုင်းထီးဆိုင် ဒီဇိုင်းပါလား။ ရှက်ရှက်နှင့်
လေသံကိုပြန် ပျော့လိုက်ရ သည်။
“အေးကွ၊
ရှို့လိုက်ငြိမ်းလိုက်နဲ့ အဆင်မပြေဘူးကွာ၊ ဘယ်လိုလုပ်ရင် ကောင်းမလဲ”
“မြန်တိုင်းသတင်းစာ အဟောင်းတွေရှိတယ် ဦးလေး၊ ယူမလား”
“ဟကောင် ..
ဒီမှာ မျှစ်ခွံခြောက်တွေနဲ့ လုပ်ကြည့်ပြီးပြီကွ၊ ခဏပဲ အဆင်မပြေဘူး”
မိုးကျော်သည် ယောင်ပေပေနှင့် မလှမ်းမကမ်းက စက္ကူပုံးထဲမှာရှိသော
မြန်တိုင်း သတင်းစာအဟောင်းတထပ်ကို ဘေးမှာလာချ၏။ ကျနော်လည်း ဘာရယ်မဟုတ်၊
မြန်တိုင်း သတင်းစာတစောင်ကို ယူ၍ လိပ်လျှက် လိမ်လိုက်သည်။ လက်တဖက်မှာ
မီးခြစ်။
x
x x x x x x
စက်တင်ဘာနောက်ပိုင်းကာလများဝယ် အများစု ငြိမ်နေကြသည်။ စိတ်ပျက်
်သည်လော၊ အားလျော့သည်လော၊ အားမွေးနေကြသည်လော ကျနော် မဝေခွဲနိုင်။
“အေးဗျာ
ကျနော်တို့လည်း တတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီဗျာ၊ ဒီစစ်အုပ်စုကိုက
မိုက်ရိုင်းလွန်းပါတယ်ဗျာ။ ကမ်းကုန်အောင် ရက်စက်တယ်ဗျ။ လူမဆန်တာ”
သည်သို့လျှင် လက်မှိုင်ချ - တေးမဟတဟ ဆိုသူက ဆိုသည်။
လက်နက်ကိုင်တိုက်ပွဲကလွဲရင် တခြားနည်းလမ်းမရှိဘူး၊ ABSDF
ရဲ့လမ်းကြောင်းဟာ အမှန်ပဲ၊ သူ့ကိုဝန်းရံဖို့ နည်းလမ်းရှာရမယ်။
လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မဟာကြီးတခု ဖြစ်လာအောင် ညီညွတ်ကြရမယ်၊
မီးကို မီးနဲ့ တိုက်ဖို့အပြင် အခြားလမ်းမရှိဘူး။
ဤနည်းကို
ကြံဆကြတဲ့သူတွေကလည်း ဒုနှင့်ဒေး။
တချို့မှာ
အဖြစ်နိုင်ဆုံးက စကြစို့ဟူသော ရည်ရွယ်ချက်ဖြင့် လက်နက်ပစ်နည်း၊
ပုလင်းဗုံး လုပ်နည်း၊ လက်ပစ်ဗုံးပစ်နည်းတွေကို ၀ဘ်ဆိုက်ထဲမှာ
အားကြိုးမာန်တက် ဖော်ပြ လာကြသည်။
“ထိပ်ပိုင်းခေါင်းဆောင်းတွေရဲ့ အကျိုးစီးပွား၊ အသက်အိုးအိမ်
စည်းစိမ်တွေကို ပစ်မှတ် ထားရမယ်၊ မလွှဲမရှောင်သာတဲ့အဆုံး
မလုပ်ထိုက်ဘူးဆိုတာတွေကိုလည်း မဖြစ်မနေ လုပ်ကြရ မှာပဲ။
မထိမ်းနိုင်
မသိမ်းနိုင် ပေါက်ကွဲကြသူများသည်လည်း အနမတဂ္ဂ။
စစ်ရေးအရ
ဝင်ရောက်စွက်ဖက်ဖို့ နိုင်ငံတကာကို တောင်းဆိုရမယ်၊ ယူအန်မှာ
ဆုံးဖြတ်လာအောင် တွန်းအားပေးရမယ်၊ ပစ်မှတ်ကို အကန့်အသတ်ထားပြီး
လစ်ဗျားက ကဒါဖီ ကို ဆုံးမသလို နည်းလမ်းဟာ အကောင်းဆုံးပဲ။
ဧရာဝတီမှ
ကိုအောင်ဇော်၏ “နေပြည်တော်ကို မှန်အောင်ပစ်”လမ်းစဉ်ကို ကြိုက်သူများ
လည်း မရေတွက်နိုင်။
သြော်...
အဖြစ်ခြင်းတူလေစွ၊ ဆင်လေစွ၊ ထို့အတူ ... ကွာလေစွ။
ကျနော်ကား
ထုံးပုံးခွံအမှိုက်ပုံကို မီးရှို့ရန် လုံးပမ်းနေ၏။ အခြားသော အများအပြား
ကား တော်လှန်ရေးမီးတောက်ကို အားကောင်းအောင် ကြံဆောင်လျှက်
ရှိနေကြသည်တကား။
x
x x x x x x
တော်လှန်ရေးဆီသို့ လည်ထွက်သွားသောစိတ်သည် အမှိုက်ပုံသို့
ပြန်ရောက်လာပြန် ၏။ ကျနော်စိတ်ကို ပြန်လည်စုစည်းလိုက်သည်။
“မြင့်မိုရ်ကို ဖျက်ချွေ၊ ပျက်ကြွေမဲ့ ယောင်္ကျားတဲ့ လားကွာ၊
ဒီလောက်လေးတောင် အဖြစ်မရှိဘဲနဲ့” အားနှင့်မာန်ကို ကျကျနန တင်းလိုက်၏။
“မိုးကျော်ရေ”
“ဗျာ
ဦးလေး”
“အပုံကို
ဖြဲစမ်းကွာ”
ပြောပြောဆိုဆို ကျနော်ကိုယ်တိုင် ထုံးပုံးခွံတချို့ကို
ဆွဲဖယ်မ,လိုက်ပါသည်။ မိုးကျော် လည်း ၀င်ဖယ်နေပြီ။
နှစ်ပုံးသုံးပုံး ဖယ်အပြီး ကျနော့်လက်အမ,မှာ မျှော်မှန်းသည်ထက်
ပိုလေးနေတာကို သတိပြုမိသည်။ မိုးကျော်က ရိပ်မိဟန်ဖြင့်...
“ညက
မိုးရွာထားတယ် ဦးလေး”
သြော် ...
ပြဿနာ၏လက်သည်တစ ထွက်လာခဲ့ပြီ။ သဲကြီးမဲကြီးရွာသော မိုးမဟုတ်၍
သစ်သားပုံးခွံတို့သည် ရုတ်တရက်သော် ရေစိုနေသည်မထင်ရ။ သေချာ
ကိုင်မ,ကြည့်မှ ပိုလေး နေပြီး အချို့အတွင်းပိုင်းတွေမှာ ရေ၀င်နေသည်။
“ရေတွေလျှောက်သွန်ကွာ၊ မိုးကျော် ပြီးရင် ဓါးသွားယူပြီး
အခြောက်ဆုံးတလုံးကို ခွဲ ကွာ၊ အဲဒီအထဲက အခြောက်ဆုံးသစ်စတွေကို
ခပ်သေးသေး စိတ်ကွာ”
လက်သုံးတော်ကြီး မိုးကျော်ကား အမိန့်တော်အတိုင်း အခြောက်ကိုရှာ၊ အမာကို
ခွဲလေ၏။
သစ်မာပြားအခြောက်မှ ခွဲဖြာထွက်လာအပ်သော အပိုင်းအစများကို စနစ်တကျ
ကျနော် စီဖွဲ့လိုက်ပါသည်။ လေ၀င်လေထွက် လမ်းကိုပါ သတိပြု၍ အကောင်းဆုံး
မီးစွဲလောင် စေမည့် စီနည်းမျိုးဖြင့် သစ်ထင်းစများကို ထောင်လျှက်
လှဲလျှက် ထောက်လျှက် ပုံစံ ဖွဲ့ဆင်ပါ သည်။
လက်တဖက်မှ
မီးခြစ်ဖြင့်၊ အခြားတဖက်မှ မြန်တိုင်းသတင်းစာလိပ်အလိမ်ကို စတင်
ရှို့သည်။ မီးကူးသည်နှင့် သစ်စထင်းချောင်းငယ်ထဲသို့ သတိဖြင့်
ထိုးသွင်းကူးငြိစေ၏။ အမာကို မီးစွဲမှ ဖြစ်မည်။
သတင်းစာတ၀က်မကုန်မီ ထင်းစတို့ကို မီးစွဲပြီ...၊ ဖျစ်ဖျစ်မြည်လျှက်
မီးတောက်လာ သည်။ သစ်စဖြစ်၍ မျှစ်ခြောက်ဖတ်လောက် မြန်မြန်မငြိမ်း၊
ပုံးခွံတို့ကို ကူးစက်စပြုပြီ။ အမာကို မီးစွဲပြီတည်း။
x
x x x x x x
စင်စစ်
အစောပိုင်းအားထုတ်မှုတို့သည်လည်း အချည်းနှီးမဖြစ်ခဲ့၊ ငြိမ်းလိုက်
တောက်လိုက်ဖြစ်ခဲ့သော အခြေအနေတို့ကြောင့် အချို့ပုံးခွံတို့
ဒီတကြိမ်တွင် မီးအစွဲမြန်သည်။
မီးတောက်သည် သစ်စငယ်တို့မှ အနီးဆုံးပုံးသို့ ကူး၏။ ထို့နောက်
အခြားပုံးသို့ ကူး၍ လောင်ပြန်သည်။ အဆိုပါ မီးတောက်အရှိန်သည်
ပုံးခွံပုံကြီးအတွင်းမှ ပုံးတချို့ကို ကြို၍ ခြောက်စေ၏။ မီးဆက်ကူးဖို့
လွယ်လေသည်။
မီးပုံကြီးကား တဟုန်းဟုန်း လောင်လျှက်ရှိပြီ။ ရေစိုသော၊ မစိုသော၊
ခြောက်သော၊ မခြောက်သော အရာအားလုံးကို သိမ်းကြုံးဝါးမြိုနေတော့သည်။
“ဦးလေးကို
ဒီလိုလာစမ်းလို့ဘယ်ရမလဲ၊ မီးခိုးတွေ အူဦးလေကွာ။”
မိုးကျော်က
ပြုံးဖြီးဖြီးနှင့် ကျနော်ကို နောက်နေလေသည်။
x
x x x x x x
ကျနော်သည်
အင်္ဂလိပ်စာ အားနည်းပါသည်။ နိုင်ငံရေးသိပ္ပံ၊ စစ်ရေးသိပ္ပံ၊ စစ်ရေး
ပထဝီဝင်၊ စစ်ရေးသေနင်္ဂဗျူဟာ၊ စီးပွားရေးမဟာဗျူဟာ အစရှိသော
ခေတ်မီပညာရပ်များကို ဆည်းပူးတတ်မြောက်ခဲ့သူလည်း မဟုတ်ပါ။ ပိုဆိုးသည်ကား
ကျနော်သည် တော်လှန်ရေးကို ထဲထဲဝင်ဝင် လုပ်ခဲ့၊ လုပ်တတ်သူမဟုတ်။
သို့တစေ
ယနေ့ ကျနော်၏ ထုံးပုံးခွံအမှိုက်မီးရှို့ခြင်း ဖြစ်စဉ်မှတ်တမ်းကိုမှု
ကျနော် လေးစားမြတ်နိုးသော တော်လှန်ရေးရဲဘော်အားလုံးသို့ မ၀ံ့မရဲ
မျှဝေလိုစိတ် တဖွားဖွားမှာမှု ရုတ်ခြည်း ထွက်ပြူလာပါ၏။
x
x x x x x x |