|
ကိုယ်၌က
ထိုင်ရမလိုထရမလို ဖြစ်နေချိန်တွင် ဖုန်းသံ တတီတီက အာရုဏ်ဦးမှသည်၊
သန်းခေါင်အလွန်အထိ။
“ဟဲလို၊
ဘယ်သူလဲ”
“ဟုတ်ကဲ့၊
ကျွန်တော်ပါ”
“ဗမာပြည်မှာ
ဘာဖြစ်နေလဲ သိလား”
“ဟုတ်ကဲ့၊
သိသင့်သလောက်သိပါတယ်”
“ဘုန်းတော်ကြီးတွေကို ပစ်သတ်နေတယ်ဆို ဟုတ်လား”
“ဟုတ်ကဲ့၊
မှန်ပါတယ်”
“ခင်ဗျားတို့က ဒီအတိုင်းကြည့်နေကြသလား ဘာမှမလုပ်ဘူးလား။
ဒီအတိုင်းမေတ္တာပို့နေ၊ အော်နေရုံနဲ့ ပြီးမှာ လား၊ နယ်စပ်ကအဖွဲ့တွေမှာ
လက်နက်တွေရှိတယ်ဆို၊ ဘယ်လိုဆက်သွယ်ရမလဲ၊ ကျွန်တော်တို့ဆီမှာ အသေ
ခံရဲတဲ့သူတွေရှိတယ်။ ခင်ဗျားဘာလုပ်ပေးမလဲ”
“ဟုတ်ကဲ့
ဟုတ်ကဲ့…..”
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
၂၇၊ ၀၉၊
၂၀၀၇ နစ်နေမန်း (C.Box)
•
မနက်စောစောပိုင်းက တောင်ဥက္ကလာပက ငွေကြာယံကျောင်းတိုက်ကို ဝင်စီးပြီး
ကျောင်းထိုင် ဆရာတော်ကို ကြိုးတုတ်ရိုက်နှက်၊ သံဃာတော်များကို
စစ်ဖိနပ်နှင့်ကန်နှိုးပြီး အားလုံး ဖမ်းဆီး ခေါ်ဆောင်။
•
မဂ္ဂင်ကျောင်းတိုက်ကို ၀င်ရောက်စီးနင်း။
•
ပျံလွန်တော်မူသော သံဃာတော်၏ရုပ်ကလပ်ကို ထမ်း၍ ချီတက်ရန်ပြင်ဆင်။
•
ပစ်ကုန်ပြီ၊ သေနတ်သံတွေ ကြားနေရပြီ၊
•
ဒီအတိုင်းကြည့်နေရမှာလား၊ UN ကို သတင်း ပို့ပါ၊ ပို့ပါ၊ ပို့ပါ၊
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
“ဟဲလို၊
အကိုလား”
“အေး၊
ပြောကွာ”
“ဗမာပြည်အကြောင်း ကြားပြီးပြီလား”
“အေး”
“တခုခုလုပ်လေ။ အကိုရာ ဒီလောက်ပစ်ခတ်သတ်ဖြတ်နေတာ၊
ဒီတိုင်းခံနေကြရမှာလား၊ နေ့တိုင်း အသေခံထွက်သလို ဖြစ်မနေဘူးလား။
ကျွန်တော်တို့က ဗမာပြည် မပြန်နိုင်တဲ့သူ ဆိုတော့ ဘာလုပ်ပေးရမလဲ
အလှူငွေတွေဘာတွေ ဘယ်လိုဆက်သွယ်ပြီး လှူရမလဲ၊ အကို ဘာလုပ်နေလဲ၊
တခုခုလုပ်လေဗျာ”
“ဟုတ်ကဲ့
ဟုတ်ကဲ့…...”
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
“ဟယ်လို၊
ဗမာပြည်နောက်ဆုံး အခြေအနေဘယ်လိုလဲ”
“ဟုတ်ကဲ့
စစ်တပ်နဲ့ အားစမ်းနေတုန်းပါပဲ”
“ဘာလဲဗျ၊
အားစမ်းနေတယ်ဆိုတာ၊ ပစ်သတ်လို့ သေကုန်ပြီ။ UN တပ်တွေ မ၀င်သေးဘူးလား၊
အမေရိကန်က ဘာလုပ်နေသလဲ”
“ဟုတ်ကဲ့
ဟုတ်ကဲ့ ”
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
“ဟယ်လို၊
ဦးလေးလား”
“ဟုတ်ကဲ့”
“ဦးလေး
ဗမာပြည်မှာ ဘုန်းကြီးတွေ၊ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့ ကိစ္စကို
တကမ္ဘာ လုံးမှာ ဆန္ဒပြနေကြပြီ၊ ကျွန်တော်တို့ဖူးခက်မှာ ဆန္ဒပြရအောင်၊
ဒီအတိုင်းနေလို့ဘယ်ဖြစ်မလဲ၊ ဦးလေးလည်း ဗုဒ္ဓဘာသာပဲ၊ ဦးလေးမှာ
အဆက်အသွယ်ရှိတာပဲ ဆန္ဒပြလို့ရအောင်လုပ်ပါ ဦးလေးရာ၊ ဦးလေး
ဘာလုပ်နေတာလဲ”
“ဟုတ်ကဲ့
ဟုတ်ကဲ့…..”
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
G-Talk
chatting box
•
ထားဝယ်လူငယ်တဦး။ ။ အသက်တွေ စွန့်နေကြရပြီဗျာ၊
ကျွန်တော်တို့ ဘာလုပ်ကြရမှာလဲ။
•
သန္တာမွန်။ ။ ကျွန်မ
စိတ်မထိန်းနိုင်တော့ဘူး၊ ကျွန်မငိုနေပြီ။ ကျွန်မ ဘာလုပ်ရမလဲ၊
ဗမာပြည်ကို ချက်ချင်းပြန်လို့ရရင် ကျွန်မ အသေခံရဲတယ် ဘာလုပ်ရမလဲ။
•
ခိုင်ဝင်းဝင်း။ ။ မိုက်ရိုင်းတယ်၊
ယုတ်မာတယ်ဆိုတဲ့ စကားလုံးတွေဟာ မလုံလောက်တော့ဘူး။ ကမ်းလွန်တဲ့ ရက်စက်မှု
ဘယ်လို တုန့်ပြန်ကြမလဲ။
•
အာကာ။ ။ ရာဇ၀င်ရိုင်းတယ်ဆိုတဲ့
ဟိုးအဝေးဆုံးကို ရောက်သွား ခဲ့ပြီ။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
၂၇၊ ၀၉၊
၂၀၀၇ ဆုံဆည်းရာ ( C. box )
•
လှုပ်ရှားမူကို Step တခု မြှင့်ရမယ်၊ ဌေးကြွယ်တို့နဲ့ညှိပြီး
စင်ပြိုင်အစိုးရဖွဲ့ပြီး ကြေငြာရမယ် …
•
ဂမ်ဘာရီကို ဗမာပြည်လာဖို့ စစ်ခွေးတွေ လိုက်လျောလိုက်ရပြီ၊
ဂမ်ဘာရီရောက်လာချိန်မှာ အင်အားပြနိုင်ဘို့ ကြံ့ကြံ့ခံထားဘို့ လိုတယ်၊
နောက်မဆုတ်ကြပါနဲ့၊ အသေခံရဲတဲ့သူတွေ အများကြီး လိုပါတယ်။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
၂၈၊ ၀၉၊
၂၀၀၇ (နစ်နေမန်း၊ ဘလောက်)
•
ရန်ကုန်မှာ ဟိုတဖွဲ့ ဒီတဖွဲ့ စုရုံးနေ၊ စစ်တပ်က ပိတ်ဆို့ထား။
• မန္တလေးမှာ
သံဃာတော်များ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ကြွချီ။
•
ဗမာပြည်အကြာင်း အဖြစ်မှန်တွေကို တကမ္ဘာလုံးမှာရှိတဲ့ သတင်းမီဒီယာတွေ၊
အားလုံးကို ဝိုင်းဝန်းသတင်းပို့ကြပါ။
• UN သို့
တိုက်ရိုက်ဆက်သွယ်နိုင်သည့် လိပ်စာ …..
•
စစ်ခွေးဘီလူးတွေ လူစိတ်ပျောက်နေတဲ့ အရိုင်းအစိုင်းတွေ ကျွန်တော်တို့
ဘာဆက်လုပ်ကြ မလဲ……..
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
၂၉၊ ၀၉၊
၂၀၀၇ (နစ်နေမန်း၊ ဘလောက်)
• ယနေ့
နေ့လည် (၁၂) နာရီမှာ ဂမ်ဘာရီရောက်ပြီ၊ ဗမာပြည်မှာ ၂ ရက် နေမည်။
•
ကြံ့ဖွံ့အားကောင်းသော မြို့များမှ တန်ပြန်ဆန္ဒပြပွဲများကို ဂမ်ဘာရီကို
ပြမည်။
•
စစ်ဘီလူးတို့ဖျက်ဆီးခဲ့သော ငွေကြာယံကျောင်းတိုက်ကို
ညတွင်းချင်းပြင်ဆင်။
•
ရွှေဘုံသာလမ်းမှာ လူထုသောင်းချီဆန္ဒပြနေကြ။
•
လက်ဖြောင့်သေနတ်သမားဖြင့် ဆန္ဒပြခေါင်းဆောင်ကို ရွေးချယ်ပစ်ခတ်ရန်
စီစဉ်ထားသည်။
•
မောင်အေးနှင့် သန်းရွှေသဘောထားကွဲ၊ DVB မှ အထူးသတင်းကြေငြာရန်ရှိသည်၊
စောင့်နားထောင်ကြပါ။
•
အောက်တိုဘာ အထွေထွေအလုပ်သမားသပိတ်ကြီး စမည်။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
ထိုသို့
ဤသို့ အထက်တွင်ဆိုခဲ့သကဲ့သို့ ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူတိုင်း၏
စိတ်ဝယ် ကြီးမားလှစွာသော သောကမီး တောက်လောင်လျှက် ဘာဆက်လုပ်ကြမလဲ၊
ဘယ်လိုဆက်လုပ်မလဲ ဟူသော မေးခွန်းတို့သည် ဖြစ်ပေါ်လျှက်ရှိကြပါ၏၊
ကျွန်တော့် ရင်တွင်လည်း ဖြစ်နေသည်ပင်။
ထိုမေးခွန်း၏ အဖြေကား ဗမာပြည်ကြီး၏ ရှေ့ရေးနိုင်ငံသားတို့၏ အနာဂတ်
အမေနဲ့ဝေး၊ အိမ်နဲ့ဝေး နေရသူတို့အတွက် မျှော်လင့်ချက်၊ သမိုင်း၏
လိုအပ်ချက်တည်း။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
အဖြေသည် လွယ်မယောင်နဲ့ နက်လှပါ၏၊ ဝေ့လည်ကြောင်ပတ်အဖြေတို့သည်လည်း
အလွန်အန္တရာယ် ကြီးပါသည်။ အဖြေမှန်ရအောင်ကား ကျွန်တော်တို့အားလုံး
စေ့ငုအားထုတ် ကြရပါမည်။ အဖြေပေါင်းများစွာ ထွက်ပေါ်လာမည်။
ကွဲလွဲနိုင်သည်၊ သို့သော် အဖြေမှန်သည် အထိ ကျွန်တော်တို့
တွက်ထုတ်ကြရပါမည်။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
သိပ္ပံပညာကျော် အိုင်စတိုင်းက ရုပ်ဖြစ်စဉ်အားလုံးကို အမှုန်၊ အလင်း ဟူသော
ရှုဒေါင့် မှ ချဉ်းကပ်ခဲ့သကဲ့သို့ ဂေါတမဗုဒ္ဓသည်လည်း လောကသုံးပါးကို Body
and Mind (ရုပ်နှင့်နာမ်) ရှုဒေါင့်မှ ချဉ်းကပ်ခဲ့ပါသည်။
အိုင်းစတိုင်း အဆုံးစွန်အထိ မအောင်မြင်ခဲ့သော်လည်း ဗုဒ္ဓမှာမူ
အဆုံးစွန်အထိ ဖော်ထုတ်အောင်မြင်ခဲ့ပါသည်။
ဗုဒ္ဓ၏လမ်းညွှန်မှုများတွင် အဆုံးစွန်သော လွတ်မြောက်မှုတို့အတွက်
နည်းလမ်းရှိ သကဲ့သို့ အဆုံးစွန် မလွတ်မြောက်မီစပ်ကြား
ကျင့်သုံးလိုက်နာကြရမည့် နည်းလမ်းမှာလည်း ရှိသည်ပင်၊ ယခု
ကျွန်တော်တို့အားလုံး၏ ဒီမိုကရေစီအရေးသည် သံသရာမှ အဆုံးစွန်
မလွတ်မြောက်မီစပ်ကြား အားထုတ်အပ်သော၊ ရယူခံစားအပ်သော တရားဟု ကျွန်တော်
မြင်ပါသည်။
လောကီ
မျက်နှာစာမှ ဒီမိုကရေစီအရေးသည် လောကုတ္တရာမျက်နှာစာမှ နိဗ္ဗာန်နှင့်
သဘောဆင်တူသည်ဟု ဆိုချင်ပါသည်။ လောကုတ္တရာနိဗ္ဗာန်သည် အမတ (အလုံးစုံ
ငြိမ်းချမ်း သော) နိဗ္ဗာန်ဖြစ်၍ ဒီမိုကရေစီသည် လောကနိဗ္ဗာန် ဖြစ်ပါသည်။
အမတနိဗ္ဗာန်အတွက် သီလသမာဓိတည်းဟူသော အခြေခံသုံးရပ်မှ သမတ ၀ိပဿနာ တို့ကို
ကျင့်သုံးဆောက်တည်ခြင်းဖြင့် ရနိုင်သကဲ့သို့ ဒီမိုကရေစီရေးအတွက်သည်
တိကျသော အခြေခံအကြောင်းတရားများဖြင့် ကျင့်သုံးတည်ဆောက်နိုင်မည်ပင်
ဖြစ်ပါသည်။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
မဂ်တရား၊
ဖိုလ်တရားတို့ကို ရခြင်းအကြောင်းတို့ကား အဘယ်သို့နည်း။ မဆန်းစစ်သင့်
ပါသလော။ ၀ိပဿနာအားထုတ်သော ပုဂ္ဂိုလ်များ တရားရရန် (မဂ်၊ ဖိုလ်)ရရန်
ပဓာနိယင်္ဂတရား ငါးပါးရှိသည်။
၁။ သဒ္ဒါ၊
ယုံကြည်မှုရှိရမည်။ ၂။ ကျန်းမာရမည်။ ၃။
စိတ်နှလုံး ဖြူစင်ဖြောင့်စင်း ရမည်။ ၄။ လုံ့လ၀ိရိယ ရှိရမည်။ ၅။ ဉာဏ်ပညာ
စူးရှထက်မြက်ရမည်။
အချို့ယောဂီတို့ကား သဒ္ဒါ၊ ၀ိရိယ၊ ပညာ ချိန်ခွင်လျှာညီအောင်
မကျင့်ကြံကြပဲလျှက် “ငါကား ဒွိဟိတ်ပုဂ္ဂိုလ်သာဖြစ်လျှက် တိဟိတ်တို့သာ
ရနိုင်အပ်သော မဂ်ဖိုလ်တို့နှင့် မအပ်စပ်” ဆိုကာ
စိတ်ပျက်အားလျော့တတ်ကြသည်။
“တိဟိတ်၊
ဒွိဟိတ်၊ ၀ိစိကိတ် ဘေးချိတ်ထားပါဘိ” ဟူ၍ု ကျမ်းတတ်ဆရာတော်များ
အဖန်ဖန်အဆုံးအမ ရှိသည်။
ဝါးချက်မင်းကျောင်း ဆရာတော်၏ အဆုံးအမ သြ၀ါဒ၌
•
အကျိုးကို အားမထုတ်ရ၊ အကြောင်းကိုသာ ဖြောင့်မှန်အောင်သာ အားထုတ်ကြရမည်။
• မိမိ ကျင့်ကြံအားထုတ်နေသည်ကို သူတပါး မသိစေရ။
•
ကိုယ့်အကျင့်မှန်မမှန် ကိုယ်သိအောင် ဆင်ခြင်ရမည်။
•
အကျင့်အတုယောင် မဖြစ်စေရ၊ အကျင့်အစစ်အမှန် ဖြစ်စေရမည်။
• သူတပါးကို
အားမကိုးရ၊ မိမိကိုယ်သာ အားကိုး၍ ကျင့်ကြရမည် စသည်ဖြင့် ဆိုပါသည်။
ဝိပဿနာအရာ၌
မကျွမ်းကျင်ကြသူတို့သည် သြဘာသ စသော အရောင်အလင်းကို မြင်ရရုံမျှဖြင့်
မဂ်လော ဖိုလ်လော၊ မဂ်ရပြီ ဖိုလ်ရပြီ ဟူ၍ အယူရှိကြ၏။ ဤကား ၀ိပဿနာ
ညစ်ညူးကြောင်း တရားတို့တည်း၊ ဤပီတိပါမောဇ္ဇမျိုးကို မမက်မောအပ်။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
ဒီမိုကရေစီရေး ကြိုးပမ်းမှုတွင်လည်း ထိုနည်းနှင့်ပင် ယူချင်ပါသည်။
ဒီမိုကရေစီရေး အတွက် ဧကော ဓမ္မော ဟူသော ဓမ္မလမ်းကြောင်းကြီးတရပ်သည်
အမှန်ပင်ရှိပါ၏၊ ချုပ်၍ ဆိုရလျှင် ဒီမိုကရေစီအကျိုးကို ရှေ့ရှုအားမထုတ်ပဲ ဒီမိုကရေစီရကြောင်းကိုသာ ဖြောင့်မှန်စွာ ဆက်လက် အားထုတ်ကြရန်သာ ရှိပါ၏။
ကျွန်တော်တို့အားလုံး
“ဒီမိုကရေစီရရင်တော့လား” ဆိုသော စိတ်ကူးမျိုးထက်
ဒီမိုကရေစီရကြောင်းတို့ကိုသာ ကိုယ်ကျရာနေရာမှ မဆုတ်မနစ် ဆက်လက်
အားထုတ်ကြရ ပါမည်။ ဤသို့လျှင် မကြာမတင်ကာလ၌ ဒီမိုကရေစီတည်းဟူသော
မဂ်တရား၊ ဖိုလ်တရားသည် မြေကြီးကို လက်ဖြင့်ခတ်ဘိသကဲ့သို့ မလွဲမသွေ ပေါ်ပေါက်လာရမည်ဟု ကျွန်တော် ရဲဝံ့စွာ ဆိုချင်ပါသည်။
٭ ٭ ٭ ٭ ٭ ٭ ٭ ٭
မင်းဒင်
(၂၉၊ ၀၉၊ ၂၀၀၇)
ဖတ်သည့်စာ
စာရင်း
•
သိက္ချေတောင်ဆရာတော် ဦးတိလောက၏ ပဏ္ဍိတပေဒနိယကျမ်း၊ •
လယ်တီဆရာတော် - လယ်တီဒီပနီများ၊ • အမရပူရ
ဦးတော်၏ ဆရာတော်ကြီး (၁၄)ပါး၏ ၀ိပဿနာ သြ၀ါဒများ၊ • အနာဂါမ်
ဆရာသက်ကြီး၏ ၀ိပဿနာ ရှုပွားနည်း၊ •
ဒေါက်တာမင်းတင်မွန် ဘ၀အောင်မြင်ရေးသို့ ရှေ့ရှု့ကြ၊ • လတ်တလော
မြန်မာနိုင်ငံရေးရာ ဘလော့ဂ်များ၊ |