Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

 
 

ဗမာပြည် ပြည်သူများအနေဖြင့် လာမည့်မေလတွင် အားစမ်းပွဲကြီးတရပ်နှင့် ရင်ဆိုင်ရ တော့မည်။

            နအဖစစ်အုပ်စုက တိုင်းပြည်ကို ရာသက်ပန်အုပ်စိုးရေးအတွက် စီမံကိန်းချ ရေးဆွဲထား သော ဖွဲ့စည်းပုံအခြေခံဥပဒေအား တရားဝင် အတည်ပြုရန် ကြိုးစားနေခြင်းကို တားဆီးရန်ဆို သည်မှာ ဤတိုက်ပွဲ၏ အနှစ်သာရနှင့် ယနေ့ပြည်သူများ၏ လတ်တလော အဓိကတာဝန်ပင် ဖြစ်သည်။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီအရေးတော်ပုံတွင် ပြည်သူများအဖို့ လုပ်စရာလုပ်ငန်း အများအပြား ရှိသည်။ မည်သို့ပင်များပါစေ ယနေ့အခါတွင် ဤလုပ်ငန်းကိုသာ အာရုံစူးစိုက်၍ အားသွန်ခွန်စိုက် လုပ်ကြရမည်ဖြစ်သည်။

            ဤနေရာတွင် ပြောစရာတချို့ ရှိကောင်းရှိလာနိုင်သည်။ “နအဖဟာ တနည်းမဟုတ် တနည်းနဲ့ ညစ်မှာပဲ၊ ဒါကြောင့် သူတို့နဲ့ပြိုင်နေရင် အလာကား ကိုယ်နာမယ်၊ ဒီလိုပွဲမှာ သွား မယှဉ်နဲ့” ဆိုသည်မျိုး ယူဆသည်များ ရှိနိုင်သည်။ ရှိလည်းရှိသည်။ တချို့ကလည်း နအဖ၏ ဆန္ဒခံပွဲကို သပိတ်မှောက်ပစ်ရမည်ဟု ပြောကြသည်။ တချို့ကတော့ လူထုဆန္ဒခံယူပွဲမှတပါး တခြားမည်သည့်နည်းနှင့်မှ နအဖကို ထိထိရောက်ရောက် မထိုးနှက်နိုင်၊ ထို့ကြောင့် မစို့မပို့ တိုက်ပွဲလေးတွေ မဖော်သင့်ဟု ပြောကြသည်။

            မှန်သည်။ ဤတချီ တိုက်ပွဲတခုတည်းဖြင့် နအဖနဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်း မည်ဟု မည်သူမျှ အာမ မခံနိုင်ပါ။ သို့သော် ဤတိုက်ပွဲကို မလွှဲမရှောင်သာတိုက်ရန် လံှု့ဆော်နေ ရခြင်း၏ အဓိကအကြောင်းမှာ နအဖက အတည်ပြုမည့် အခြေခံဥပဒေဆိုသည်၏ အရေးပါခြင်း ကြောင့် ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတခု အတည်ဖြစ်သွားပြီဆိုလျှင် နောင်တွင် ပြုပြင်၍ မရသည် မဟုတ်ပါ။ ဖျက်သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်းပင် လုပ်နိုင်ပါသည်။   

သို့သော် ယနေ့ဗမာနိုင်ငံ၏ အနေအထားအရဆိုလျှင် နအဖရှိနေသရွေ့ နအဖ၏ ဖွဲ့စည်းပုံကို ပြင်ရန်၊ ဖျက်ရန်ဆိုသည်မှာ မဖြစ်သလောက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ အနေနဲ့ ဤဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တုတ်နဲ့ပစ်လို့ပဲရရ၊ ခွေးကိုက်လို့ပဲရရ အတည်ပြုနိုင်ဖို့ အင်မတန်မှ အရေးကြီးနေပါသည်။ ထို့အတူ ကိုယ့်အတွက်လည်း အရေးကြီးပါသည်။     

နအဖအနေဖြင့်ဆိုလျှင် ဤဖွဲ့စည်းပုံကို အတည်ပြုပြီးမှသာ ငြိမ်းအဖွဲ့များကို ဖျက်သိမ်း ခြင်းကဲ့သို့သော သူတို့အာဏာကို ပိုမိုခိုင်မြဲစေမည့် လုပ်ငန်းများကို ဆက်လုပ်လို့ကောင်းမည် ဖြစ်ပါသည်။ သူ့တပ်တွင်းနှင့် သူ့နောက်လိုက်တွေက ဒီအစိုးရကို ပိုမိုစိတ်ချယုံကြည်အောင် လုပ်နိုင်ပါလိမ့်မည်။ နောက်ပြီး သူတို့အာဏာ၏ ဆူးညှောင့်ခလုတ်သဖွယ် တည်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို “တရားနည်းလမ်းကျစွာ” ဖယ်ရှားပစ်ပါလိမ့်မည်။ ထို့ပြင် နအဖကို ခွေးကတက်ကပဲဖြစ်ဖြစ်၊ ဖိနပ်ချွတ်ကပဲဖြစ်ဖြစ် အလုပ်အကျွေးပြုမည်ဆိုသူများ၊ ကြံ့ဖွံ့လို၊ စွမ်းအားရှင်လို နောက်လိုက်ခွေးများ အားတက်ကြပါလိမ့်မည်။ တဆက်တည်းမှာ ဒင်းတို့ ပိုရမ်းကြပါလိမ့်မည်။ ဤသည်ကို အစွမ်းကုန်တားဆီးရန်မှာ အားလုံး၏ တာဝန်ဖြစ်ပါ သည်။

            ပြီးခဲ့သည့် စက်တင်ဘာသံဃာ့အရေးအခင်းကြီး ပြီးတဲ့နောက်မှာ နိုင်ငံရေးအားဖြင့် အထိနာသွားသော နအဖသည် ခံစစ်ဘ၀ရောက်နေရာကနေ ယခု ဤခြေလှမ်းဖြင့် ပြန်လည် ထိုးစစ်ဆင်ရန် ကြိုးစားခြင်းဖြစ်သည်ဆိုသော အချက်ကိုလည်း မမေ့ကြသင့်ပါ။ ဤဆန္ဒခံယူပွဲ တွင် ဒင်းတို့ ရှုံးနိမ့်သွားပါက နအဖအဖို့ ဒုတယအကြိမ် ထိပ်ကို နာနာခေါက်ခံရခြင်း ဖြစ်မည်။ စစ်ဗိုလ်များရဲ့မာနကို တမျိုး ချိုးနှိမ်ရာကျပေမည်။

            ဤအတွက် လူထုကြီးသည် “အတ္တာဟိအတ္တနော်နာထော” မိမိကိုယ်ကို မိမိအားကိုးပြီး တိုက်ပွဲဝင်ကြဖို့ ဖြစ်သည်။ လမ်းပေါ်တက် ဆန္ဒပြရန်မလို၊ ထမင်းအဆာခံဖို့လည်း မလို၊ နေမပူ၊ မိုးမစိုပဲ ဤတပွဲကဲ့သို့ အထိအခိုက် အကျဆုံးနည်းပါး၊ စွန့်လွှတ်ရမှုနည်းပါးပြီး နအဖအား အရှက် ရစေ၊ အထိနာစေမည့် တိုက်ပွဲမျိုး ကြုံရခဲလှသည်ကို မမေ့အပ်ပါ။ မဲကလေးတချပ် ထည့်လိုက် ရုံပင် ဖြစ်သည်။

            နအဖခန့်အပ်ထားသည့် ဤဆန္ဒခံယူပွဲ တာဝန်ရှိသူများနှင့် လျှို့ဝှက်တာဝန်ပေးထား သည့် လူမိုက်များ၊ မျက်နှာလိုအားရလုပ်လိုသည့် သခင်အားရ ကျွန်ပါးဝလိုသူများက မဲမထည့် သူကို မဲထည့်အောင် ခြိမ်းခြောက်နိုင်ကြပါသည်။ အကြပ်ပင် ကိုင်ကောင်းကိုင်နိုင်ပါသည်။ ထောက်ခံမဲထည့်ရန်လည်း ပြောနိုင်ပါသည်။ သို့သော် မဲရုံထဲအထိလိုက်ပြီင်္း အကြပ်ကိုင်ခြင်း ကိုတော့ မလုပ်နိုင်ကြပါ။

            ထို့ကြောင့် ပြည်သူလူထုများ မဲရုံသို့ တခဲနက်ချီတက်နေကြခြင်းသည် နအဖကို အူမြူးဖို့ဝေးစွ ရင်ဖိုစေမည်သာ ဖြစ်သည်။

            ဤအတွက် ယခုမှပင် စတင်လှုံ့ဆော်ပြင်ဆင်သင့်ပါပြီ။ သူတို့ဖွဲ့စည်းပုံ ဥပဒေမှာပဲ ဖြစ်စေ၊ ဆန္ဒခံယူပွဲဖြစ်စေ၊ ဘယ်လိုချွတ်ယွင်းချက်တွေ၊ အနာအဆာတွေ ရှိနေတယ်ဆိုခြင်းကို အခုအခါမှာ ထောက်ပြငြင်းခုံနေရန်မလိုတော့ဟု ထင်ပါသည်။ နအဖနှင့် အကျိုးသင့် အကြောင်း သင့် ပြောနေလျှင် ပြောသူကို အများက အရူးထင်ကြမှာ သေချာသည်။ နအဖက တမန်ညစ်ပြီး ကန့်သတ်ထားသော အချိန်အတိုလေးအတွင်းဝယ် အားလုံး တစည်းထဲ၊ တလုံးထဲ စည်းလုံးမိဖို့၊ တသံထဲ၊ တပုံထဲ လှုပ်ရှားကြဖို့ စည်းရုံးကြရပါမည်။ ဒီအချိန်မှာ သူကတလမ်းလျှောက်၊ ကိုယ်က တလမ်းလျှောက်နေကြလို့ မဖြစ်ပါ။

            ကိုယ့်အချင်းချင်း အများဆန္ဒကို လိုက်လျောရပါမည်။

            အခုချိန်ကစ၍ နအဖက ညစ်ပတ်နိုင်သည့်နည်းလမ်းများကို  ကြိုတင်စဉ်းစားပြီး ပြင်ဆင်ကြရပါမည်။ လူထုကို ထိုအချက်များ ပညာပေးရပါမည်။ လက်နက်တပ်ဆင်ပေးရပါမည်။ နအဖ ညစ်ပတ်သည်များကို အလျှော့မပေးကြသင့်ပါ။ သူ့တွင် နည်းနာရှိသလို ကိုယ့်မှာလည်း နည်းနာရှိကြောင်း ပြသရပါတော့မည်။

            မဲမပေးဘဲနေလျှင် နအဖအကြိုက်ဖြစ်နေမည်ဆိုခြင်းကို သတိမမေ့ကြသင့်ပါ။ ၁၉၆၀ ခုနှစ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ မဲတပြားနဲ့ စစ်အုပ်စုကို သွက်ချာပါဒလိုက်စေခဲ့သည်များကို မမေ့သင့်ပါ။

            အင်နဲ့အားနဲ့၊ ဒုနဲ့ဒယ်နဲ့ မိုးပြိုမြေသိမ့် ကမ္ဘာမြေကြီးတုန်လှုပ်သွားအောင် ကန့်ကွက်မဲ ပေးကြရပါစို့။

            အောင်ပွဲသည် တိုက်ရဲသူများအတွက် ဖြစ်ရမည်။

 

٭٭٭٭٭٭

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org