Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

 

 

အိမ်အပြင်မှာ မိုးကတဖွဲဖွဲရွာနေလေရဲ့။ သြော် ... ၀သန္တမိုးရာသီကို ရောက်လာခဲ့ပေါ့ လေ။ တခါခါ မိုးက ဒေါကြီးမာန်ပွနဲ့ တခြိမ်းခြိမ်းရွာပေလိမ့်မယ်။ တခါခါ အပျိုဖျန်းကလေးတစ် ယောက် ကိုယ့်နဘေးမှာ ချွဲနေသလို နွဲ့နွဲ့ကလေး ရွာပေလိမ့်မယ်။ တခါခါ ဘာမပြော ညာမပြော နဲ့ ဖြန်းကနဲ ပါးအရိုက်ခံလိုက်ရသလို ကောက်ကာငင်ကာလည်း ရွာချလိုက်ပေလိမ့်မယ်။ တခါခါ မိုးက အဲဒီနည်းပညာအရပ်ရပ်ကို ပေါင်းစပ်လို့ အော်တာနေးတစ်ဂီတလို ဟိုလိုတစ်မျိုး ဒီလို တမျိုး ရွာတတ်သေးတယ်။ ဒါကြောင့်ပဲ ရှေးလူတို့က ဆိုခဲ့ကြပေတယ် ‘မိုးနဲ့နွားသိုး အစိုးမရ’ ဆိုတာလေ။ ဟော့ဒီလို မိုးတွင်းကာလများဆိုရင် ကင်ဇိုတို့ အိမ်ပြင်ကိုမထွက်ချင်။ မိုးတစွေစွေ ရွာနေတာကို အခွင့်ကောင်းယူလို့ စာအုပ်ကောင်းကောင်းလေးတစ်အုပ် ဖတ်ရင်း စောင်ခြုံထဲမှာ နှပ်နေလိုက်ချင်တာ။ သို့ပေသော်လည်း လက်လှမ်းမီရာစာအုပ်တို့ကား ဖတ်၍ကုန်လေပြီ။ အနီး အပါးမှာ ဖတ်ဖို့အကြွေးကျန်နေသေးတာဆိုလို့ ပြည်တွင်းဖြစ် မဖြစ်ညစ်ကျယ် သတင်းစာတို့မှ တစ်ပါး အခြားမရှိတော့၊ ပျင်းပေတော့လည်း ဖတ်ရပေဦးမယ်။ တရားသဘောနဲ့ တွေးကြည့် တော့လည်း ပျင်းတယ်ဆိုတာလည်း ခေတ္တ၊ ပျော်တယ်ဆိုတာလည်း ခေတ္တ၊ မပျင်း မပျော်ဆို တာလည်း ခေတ္တ၊ ဘာမဆို ခေတ္တ၊ (နအဖ အတွင်းရေးမှူးတစ် သိန်းစိန်၊ ခေတ္တ၀န်ကြီးချုပ် ဆိုတာလည်း ခေတ္တ)။ ကုန်ကုန်ပြောကြကြေးဆိုရင်  လူ့ဘ၀ဆိုတာလည်း ခေတ္တ၊ အဲဒီခေတ္တ ဆိုတာထဲမှာကိုပဲ ခေတ္တလေးတွေက များလွန်းလှရဲ့လို့ ကိုယ်ပျင်းတာကိုအကြောင်းခံလို့ တရားရသလိုလို ဘာလိုလို အတွေးက၀င်လိုက်ရသေး။ 

ဘုရားဟောအဘိဓမ္မာတရားမှာတော့ ‘ဥပါတ်’ ‘ဌီ’ ‘ဘင်’ လို့ အဲသလို မိန့်တော်မူတယ် မဟုတ်ပါလား။ ‘ဖြစ်’ ‘တည်’ ‘ပျက်’ ပေါ့လေ။ ‘ဌီ’ ဆိုတဲ့ ‘တည်’ ဟာ ခဏလေးပါပဲတဲ့။ ခေတ္တ ပေါ့လေ။ မျက်စိတမှိတ် လျှပ်တပြတ် အတွင်းမှာ စိတ်ဆိုသည်ကား ကုဋေတစ်သိန်းဖြစ်ပြီး ပျက် သတဲ့။ ရုပ်ကား ကုဋေကိုးထောင်ဖြစ်ပြီး ပျက်သတဲ့။ အကြမ်းဖျင်း ပေါ့လေ။ အဲသလို အသက်နဲ့ ကိုယ် အိုးစားမကွဲမချင်း၊ သံသရာက မလွတ်မချင်း ဖြစ်လာလိုက် တည်လိုက် ပျက်သွားလိုက် အဖန်ဖန်တလဲလဲဖြစ်နေပါသတဲ့။ အဲသလို ခန္ဓာရဲ့ အခြေခံပဋိစ္စသမုပါဒ်ကိုလည်း ကျေကျေ ညက်ညက်သိ၊ ခန္ဓာငါးပါးဆိုတာကိုလည်း နားလည်၊ ဒိဋ္ဌိ (အယူမှား အစွဲမှား) နဲ့ ၀ိစိကိစ္စ (သံသယ)ကလည်း ကင်း၊ သံသရာက လွတ်လိုကြောင်း ဆန္ဒလည်းရှိတယ်ဆိုရင်တဲ့ အခုဘ၀ ကြိုးကုပ်အားထုတ်လို့ မဟာသောတာပန် မဖြစ်ရင်တောင် စူဠသောတာပန်အဖြစ်နဲ့ သေလွန်ပြီး သကာလ နောက်ဘ၀ နောင်ဘ၀တွေမှာ လူချမ်းသာ နတ်ချမ်းသာဖြစ်လို့ သံသရာလွတ်မြောက် ကြောင်းကို ဧကန်ရောက်ရပေမယ်လို့ မြတ်စွာဘုရားကိုယ်တော်တိုင် အာမခံထားလေတယ် မဟုတ်ပါလား။ အဲသလို အဲသလို အဖိုးထိုက် အဖိုးတန်တရားတွေကို မသိဘဲ သေသွားကြတဲ့၊ သေခါနီးဖြစ်နေတဲ့ သူတွေအတွက်တော့ ကင်ဇိုတို့ အင်မတန်ရင်လေးမိတယ်။ အင်မတိ အင်မ တန်ကို စိတ်မကောင်းဖြစ်မိတယ်။ သြော်နော် ... ဒုက္ခ ... ဒုက္ခ။ 

ကင်ဇိုတို့များ တစ်ခုခုပြောပြီဆိုရင် အဲသလို အရစ်ကလေးရှည်တတ်တာ၊ မိုးရွာလို့ အပျင်းဆန့်၊ အပျင်းဆန့်လို့ စာဖတ်မယ်ကြံ၊ စာဖတ်မယ်ကြံတုန်း ပျင်းတယ်ဆိုတာလေးကို တရားသဘောကပ်လိုက်တော့ သတိကလေးဝင်လာပြီး တရားပဲရချင်သလိုလိုဖြစ်လာရ။ ထို့ပြင် တ၀ အခြားအခြားသော သူတွေအတွက်ပါ ပူပန်စိတ်ကလေးဝင်လာရပါလား ဟရိုး။ ကင်ဇိုတို့ ကား တရားရလို့မဖြစ်သေး။ သေလို့လည်း မဖြစ်သေး။ ဘယ်မှာလာ စိတ်ချလက်ချ သေနိုင်ပါ့ မလဲ။ ကိုယ်ချစ်တဲ့ မြန်မာပြည်ကြီးနဲ့ လူမျိုးပေါင်းစုံလူထုကြီး ခံစားနေရတဲ့ ဒုက္ခအ၀၀ကို မျက်ကွယ်ပြုပြီး ကင်ဇိုတို့ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ မသေချင်သေး။ ဒါ့ကြောင့် သေခါနီးသူ တွေလည်း မသေကြပါနဲ့ဦး။ သေမလို့ဖြစ်နေတဲ့သူတွေလည်း မသေကြပါနဲ့ဦး။ ယုတ်စွအဆုံး သေမလို့ လေ့ကျင့်နေကြတဲ့ သူတွေလည်း မသေကြပါနဲ့ဦး။ ဒီနှစ်လာမယ့် တန်ဆောင်မုန်းပွဲ ကြည့်ပါဦးလို့ အဲသလို အတိတ်လိုလို တဘောင်လိုလို စာချိုးလို့ပြောလိုက်ချင်ပါရဲ့။  

သေစကားပြောကြဦးစို့ဆိုရင် သေတဲ့ကိစ္စကလည်း လွယ်တာမဟုတ်။ သေခါနီးမှာ ဇောခုနှစ်တန်ပြန်ပြီးတော့မှ စုတိစိတ်(သေစိတ်) ဖြစ်ရတယ်။ အဲဒီတော့မှ သေတယ်လို့ တရား သဘောအရ ဒီလို အလွယ်မှတ်လို့ရပေတယ်။ အဲဒီ ဇောခုနှစ်တန်မှာမှ မရဏာသန္တဇောဆိုတဲ့ သေခါနီးဇောဟာ အရေးအကြီးဆုံးလို့ အဘိဓမ္မာဆရာတွေက ဋီကာချဲ့ပြထားသေးတယ်။ ဘယ့်နှယ်ကြောင့်များ ဋီကာချဲ့ရလောက်အောင် အရေးကြီးသတုန်းဆိုတော့ကာ အဲဒီဇောကျ တာနဲ့တပြိုင်နက် ဘ၀တလျှောက်လုံး ကုသိုလ်များများ ထုံခဲ့တဲ့သူဆိုရင် ကုသိုလ်ပြုဖူးတဲ့ အကြောင်းအရာတွေ ပြန်မြင်ယောင်လာပြီး စိတ်ချမ်းသာ လက်ချမ်းသာနဲ့ သေပြီးသကာလ နောင်ဘ၀မှာ လူချမ်း သာ နတ်ချမ်းသာဖြစ်ပေတယ်။

 အဲ ... အကုသိုလ်များများ ထုံခဲ့တဲ့သူတွေများကျတော့ တလျှောက်လုံးလုပ်ခဲ့တဲ့ အကုသိုလ်ကိစ္စတွေ ပြန်မြင်ယောင်လာပြီးသကာလ မချိမဆန့်ဝေဒနာ ပေါင်းစုံနဲ့သေ၊ နောင်ဘ၀ မှာလည်း ခွေးဖြစ်ရင်လည်း ခွေးဆင်းရဲ၊ ကြွက်ဖြစ်ရင်လည်း ကြွက်စုတ်၊ ကြံ့ဖြစ်ရင်တောင်မှ ဖွတ်နဲ့တူတဲ့ ကြံ့မျိုး။ အဲသလို အဲသလို အကုသိုလ်ကံစေတနာအလိုက် နိမ့်ကျတဲ့ ဘ၀တွေမှာ ကျင်လည်ပေတော့တဲ့။ (ကင်ဇိုတို့ပေးတဲ့ ဥပမာက အတော်အဆင့်မြှင့်ထားတာ၊ ဒီထက်ဆိုးတဲ့ ဘ၀မျိုးတွေကို ရောက်သွားနိုင်သေးတယ်ဆိုတာ သတိချပ်ကြပါကုန်)။ အဲသလို တရားသဘော နဲ့ ကြည့်ပြန်တော့လည်း သေတယ်ဆိုတာ မလွယ်ဘူးဆိုတာ ပေါ်လာပြန်ပေါ့နော့်။ 

ဟော ... တရားသဘောမနွယ်ဘဲ လူ့လောက လူ့သဘာဝမှာ လူ့စိတ်တိုင်းကျ သေတာ တောင်မှ သေဖို့ကားမလွယ်။ အခုဆိုရင် ကုသိုလ်ဖြစ် ဗြဟ္မာစိုရ်နာရေးကူညီမှုအသင်း ဆိုတာ တောင် နအဖက မောင်ပိုင်စီးလိုက်ပြီလေ။ ကြံ့ဖွတ်တို့က ကြောင်တောင်ဝင်နှိုက်လိုက်ပြီလေ။ အရင်ကဆိုရင် လူတိုင်း စိတ်တိုင်းကျ သေချင်သလိုသေလို့ရသေး။ ခေါင်းဖိုးလည်း ပူစရာမလို၊ ကားငှါးခလည်း ပူစရာမလို၊ ကိုယ်သေလို့ မ,မချင် မကိုင်ချင်တဲ့လူမရှိ၊ အဲဒီကိစ္စအတွက်လည်း ပူစရာမလို။ အခုတော့ သေမလို့ စောင်းငဲ့လို့ပင် မစဉ်းစားမိကြ။ သေလို့မပျော်ကြတော့ပြီ။ သေရင် နအဖတို့ထုံးစံအတိုင်း အခွန်အကောက်တွေက များပေတော့မယ်။ မပေးနိုင်လို့မရ။ ပါးစပ်ထဲမှာ ရွှေသွားစိုက်ထားရင် အဲဒီရွှေသွားကို ပလိုင်ယာနဲ့ ချိုးဖဲ့ယူကြမယ်။ အာခေါင်ထဲက ကူတို့ခမတ်စေ့ကို ကလော်ထုတ်ကြမယ်။ လုံးလုံးမပေးနိုင်လို့များကတော့ ပိုက်ဆံမရှိဘဲ သေရ သလားလို့ ရှဥ့်ဖင်အနာလုပ် ရုံးတင်တရားစွဲတာတို့၊ အလောင်းကိုထောင်ချထားတာတို့၊ အချုပ်ချ ထားတာတို့ လုပ်ပေမယ်။ အစစအရာရာ အဆင်ပြေတာတောင်မှ ကုသိုလ်ရှင်ကြံ့ဖွတ်တို့ရန်ကို ကြောက်ရဦးမယ်။ အလောင်းကို အခေါင်းထဲထည့်လို့မှ ဆန့်ရင်ဆန့် မဆန့်လို့များကတော့ ခြေထောက်တွေ၊ လက်တွေ၊ ခါးတွေကို အတင်းချိုးဖဲ့ ဖိနှိပ်ကန်ကျောက် ထည့်လိမ့်မယ်။ (ကြံ့ဖွတ်ဆိုတဲ့ နအဖအစုတ်အပြတ်တို့အကြောင်းလည်း သိတော်မူကြတဲ့အတိုင်း။ ဘုရားသွား ကျောင်းတက် ၀တ်ပြုဆုတောင်းကြတဲ့သူတွေကိုတောင်မှ ထိုးကြိတ်ရိုက်နှက် မိုက်ရိုင်းရမ်းကား နေကြတာမဟုတ်လား။ လူသေတစ်ကောင်လောက်ကို သင်းတို့ လုပ်ချင်သလိုလုပ်ပစ်ဖို့ဆိုတာ ဘာများခက်တာလိုက်လို့)။  

             ဘာလို့များ ဗြဟ္မာစိုရ်အသင်းကို အဲသလိုလုပ်ပါလိမ့်။ ဘာလို့များ ဘုရားတက် ၀တ်ပြု ဆုတောင်းတဲ့သူတွေကို ထိုးကြိတ်ရိုက်နှက် မိုက်ရိုင်းရမ်းကား ဖမ်းဆီးနေရပါလိမ့်။ ကင်ဇိုတို့ မစဉ်းစားတတ်။ မသိ။ မတွေးတတ်အောင်ပဲ ဖြစ်မိတယ်။ တန်တော့ နအဖတို့အနေနဲ့ သူများ တကာတွေ ကုသိုလ်အများကြီးရသွားမှာကို မနာလိုတိုရှည် ဖြစ်နေလိမ့်မယ်ထင်ပ။ သူများ တကာတွေ ဆုတောင်းပြည့်သွားမှာကို အတော်ကြောက်ပုံရတယ်ထင်ပ။ နအဖဆိုတာ တစ်တိုင်း ပြည်လုံးမှာရှိတဲ့ လူတွေထက် သာကိုသာနေမှဖြစ်မယ်မဟုတ်လား။ ဒီတော့ကာ သူများတကာ ကုသိုလ်ရရေးအလုပ်မှန်သမျှ ပိတ်ဆို့တားဆီးပစ်၊ သူများတကာ ဆုတောင်းသမျှကိစ္စ ဖျက်လို ဖျက်ဆီး ရိုက်နှက်ဖမ်းချုပ်။ နအဖတို့ကိုယ်တိုင်ကျတော့ ဘုရားအကြီးကြီးတွေဆောက်၊ ဟိုတန်ခိုးကြီးဘုရားသွားဖူး၊ ဟိုစေတီပုထိုး ဘုဇုခရုကလေးကအစ ဘုရားဒကာအမည်ခံ ထီးတင်၊ ဒါမှ နအဖတို့ဘ၀ကူးတဲ့အခါ သူများတွေထက် သာတော့မှာပေါ့။ အဲဒီတော့ သူများ တကာတွေ သူတို့ထက် မသာတော့ဘူးလို့တွေးပြီး လုပ်နေတယ်လို့ပဲ ယူဆရုံမှတစ်ပါး အခြား မရှိတော့။ (သြော်နော် ... ကုသိုလ် အကုသိုလ် မခွဲခြားတတ်တဲ့ အာဏာရူးငမိုက်သားများကား သာသနာအပမှာမှမဟုတ် သာသနာအတွင်းမှာလည်း ရှိပေစွတကား။ သေမလို့လေ့ကျင့်နေ တယ်၊ သေမလို့ ရိက္ခာယူနေတယ်လို့ပဲ မှတ်ကြပါကုန်တော့။ သေခါနီးတဲ့အခါ ဒီလိုပဲ ဟုန်းကနဲ တစ်ချက်ထတောက်တတ်တာ မဆန်း)။  

             ကင်ဇိုတို့ ပုံတိုပတ်စ စကားတိုထွာ တစ်ပုဒ်စ နှစ်ပုဒ်စ ကြားဖူးတာလေး ပြန်ပြောပြ ရင်း ဥပမာပေးချင်သေးတယ်။ ဟိုး စကော့တလန်ပြည်သား စကော့လူမျိုးတွေများ သိပ်ကို ကပ်စေးနဲတတ်ကြ၊ တွန့်တိုတတ်ကြတယ်ဆိုပဲဗျ။ ဒီလို ဒီလို ... စကော့တစ်ယောက်ဟာ ညမှောင်မှောင်ထဲမှာ ဖယောင်းတိုင်ကလေးထွန်းပြီး အင်္ကျီကိုဖာထေးနေတုန်းပဲ သူ့မိတ်ဆွေ တစ်ယောက်ရောက်လာပြီး စကားလက်ဆုံကျဖို့ ပြောပါသတဲ့။ ဒါနဲ့ အင်္ကျီဖာနေတဲ့ပုဂ္ဂိုလ်ဟာ ရုတ်ကနဲ ဖယောင်းတိုင်မီးကို ကောက်မှုတ်လိုက်သတဲ့။ ဒီတော့ မိတ်ဆွေလုပ်တဲ့သူက ‘မင်း ဘာဖြစ်လို့ မီးမှုတ်လိုက်ရတာလဲ’လို့ မေးသတဲ့။ ‘မင်းနဲ့ ငါနဲ့ စကားပြောကြမှာပဲ၊ အသံကြားရရင် ပြီးရောပေါ့။ ဖယောင်းတိုင်ကုန်သွားရင် နှမြောစရာပဲကွ’ လို့ ပြန်ပြောလိုက်သတဲ့။ စကော့လူမျိုး တွေဟာ ကပ်စေးနဲတဲ့နေရာမှာ အဲသလို ကမ္ဘာကျော်ကြတယ်ဆိုပဲ။ ကပ်စေးနဲကြရုံတင်မကဘူး တဲ့။ ရစရာရှိလို့ တောင်းကြကြေးဆိုရင်လည်း ဘာအကြောင်းနဲ့မှ အားမနာတတ်ကြဘူးဆိုပဲ။ စကော့တစ်ယောက်ဟာ သေခါနီးလို့ အိပ်ယာထဲ ဗုန်းဗုန်းလဲနေပါရောတဲ့။ ဒါနဲ့ သူ့သူငယ်ချင်း တစ်ယောက် ရောက်လာပြီး သတင်းမေးသတဲ့။ ‘မင်းဘယ့်နှယ်နေလဲ၊ သက်သာရဲ့လား’ ပေါ့။ လူနာလုပ်တဲ့စကော့က ‘ငါတော့ မနက်ဖြန်လောက် သေမယ်ထင်တာပဲကွာ’ လို့ ပြန်ပြောသတဲ့။ ဒီတော့မှ လူနာလာမေးတဲ့သူငယ်ချင်းက ‘သေချင်လည်း သေပေါ့ကွာ။ ငါ့ကိုဆပ်ရမယ့် အကြွေး တော့ မြန်မြန်ဆပ်သွားဦး’ လို့ အားပေးရှာသတဲ့။  

            အဲဒီဥပမာကိုယူပြီး ကင်ဇိုတို့ပြောချင်တာက နအဖစစ်အုပ်စုဟာ ဖယောင်းတိုင်မီးကို ကပ်စေးနဲလွန်းလို့ မှုတ်လိုက်တဲ့ စကော့လူမျိုးထက် သာတယ်လို့ဆိုရမယ်။ အာဏာကပ်စေးနဲမှု ကြောင့် အကုသိုလ်မကြောက် ငရဲမကြောက် မိုက်လုံးကြီးရမ်းကားပြီး ထင်မိထင်ရာ ရမ်းမိရမ်းရာ ဇွတ်တိုးလုပ်လာနေပြီ။ ဒါကပဲ သေမလို့ လေ့ကျင့်နေတယ်လို့ ပြောရပေမယ်။ ဒါကပဲ အိပ်ယာထဲ ဗုန်းဗုန်းလဲနေတဲ့ စကော့လူမျိုးနဲ့ တူလွန်းမက တူလာတော့တယ်။ ဒါ့ကြောင့် ကင်ဇိုတို့ တိုင်းရင်း သားပေါင်းစုံ လူထုကြီးကလည်း အားမနာတတ်တဲ့ စကော့လူမျိုးလို ပြောစရာစကားက ‘သေချင်သေလိုက်၊ အကြွေးတော့ မြန်မြန်ဆပ်’။ မသေချင်သေးလည်းရပါတယ် ဒီနှစ်လာမယ့် တန်ဆောင်မုန်း ပွဲကြည့်ပါဦးလို့ ...။ 

x x x x x

ကင်ဇို
 (၂၂၊ ၅၊ ၂၀၀၇)

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org