|
အနို့ကလို
သို့ကလိုပေါ့လေ၊ အဲသလို အဲသလို ခေါင်းစဉ်တပ်လိုက်တယ်ဆိုရင်ပဲ
ကင်ဇို့ပရိသတ်ကြီး အတွေးတွေရှုပ်၊ အလုပ်တွေရှုပ်ကုန်မှာစိုးတာကြောင့်
‘ရဇနဘူ’ဆိုတဲ့ အဓိပ္ပါယ်ကို အရင်ရှင်းပြရဦးမယ်။ ‘ရဇ’ဆိုတာက ‘ရာဇာ’ကို
အတိုချုံ့ထားတာလေ၊ ‘န’ဆိုတာက ‘နာ’ပေါ့၊ ‘ဘူ’ဆိုတာက
အားလုံးသိကြတဲ့အတိုင်း ‘ဘူကောင်’ပေါ့လေ။ စစ်စစ်ပေါက်ပေါက်
အဓိပ္ပါယ်ကောက်ရစတမ်းဆိုရင်ဖြင့် “ရဇ = ရာဇာ = မင်းတရားကြီး”ပေါ့၊ အဲ
နောက်ပြီးတော့
“န= နာ = အိုနာကျိုးကန်းဖြစ်လျှက်ရှိသော”၊ “ဘူ= ဘူကောင်”
ပေါ့ဗျာ။ အဲဒီတော့ ”ရဇနဘူ = အိုနာကျိုးကန်းဖြစ်လျှက်ရှိသော
ဘူကောင်မင်းတရားကြီး”ပေါ့လေ။ သူ့အသံထွက် အမှန်အတိုင်း ဆိုရင်ဖြင့်
“ရာဇာနာဘူ”လို့ ထွက်ရမှာလေ၊ ဒါပေတည့် မြန်မြန်ရွတ်ကြည့်မယ်ဆိုရင်
“ရဇနဘူ” ဆိုတဲ့ အသံထွက်ပဲ ရမှာပေါ့။ ဆိုတော့
“ရဇနဘူအရှုပ်တော်ပုံ”
ဆိုတာကို “အိုနာကျိုးကန်း ဖြစ်လျှက်ရှိသော ဘူကောင်မင်းတရားကြီး၏
အရှုပ်တော်ပုံ”လို့ အဲသလို အဲသလို အရကောက် ရပေလိမ့်မယ် ထင်ပါရဲ့။
ကင်ဇိုက ပါဠိပါတ်သားတွေ ဖွတ်သဒွတ်ကျေအောင် ရွတ်ပြလိုရွတ်ပြ၊
အဓိပ္ပါယ်တွေ အရကောက်ပြနဲ့ဆိုတော့ မြန်မာ့အလင်းတို့ ကြေးမုံတို့မှာ
ဆောင်းပါးတွေ ရေးရေး နေတဲ့ “ရတနာစည်ဆရာတော်(လွိုင်လင်)”လောက်
တော်သားလို့ အထင်မကြီးလိုက်ကြပါနဲ့ဦး။ ခုနင်က ရွတ်ပြတာတွေက
ကင်ဇိုကိုယ်တိုင်တီထွင်ထားတဲ့ စကားလုံးတွေပါလေ။ အဲ ပြောရမယ်ဆိုရင်
ကင်ဇဋိဘာသာစကားလို့ပြောရင်လည်း ပြောနိုင်ပါတယ်နော့်။ “ရတနာစည်
ဆရာတော်(လွိုင်လင်)”နဲ့တော့ မနှိုင်းအပ်ပါဘူးလေ၊ ဆရာတော်က “ တဲတော်
တဲတော်” (တယ်တော် တယ်တော်) ဆိုတဲ့ ပုဂ္ဂိုလ်မျိုးထဲကမဟုတ်လားလို့။
(အဟားရေ့ … အဟေ့၊ သွပ် … သွပ် … သွပ် … )။ ထားတော့ ထားတော့။
ကင်ဇို အစမှာရှင်းပြခဲ့သလိုမျိုး ‘ရဇနဘူ‘ ဆိုတဲ့ ရည်းညွန်းချက်ကို
ပရိတ်သတ်ကြီး လည်း သိတန်လောက်ပါရဲ့နော်။ မသိသေးဘူးဆိုရင်လည်း
သိအောင်မှတ်ထားလိုက်ပါဦးနော့်။ အခုလက်ရှိ ကြက်ပြေးနေပြီတော်ကြီးမှ
စိုးစံတော်မူနေတဲ့ နအဖတို့ရဲ့အဓိပတိ ဗိုလ်သန်းရွှေကြီး ပါလေ။
နောက်ဆိုရင် ကင်ဇိုက ‘ရဇနဘူ’လို့ပဲ ခေါ်တော့မယ်၊ အဲသလိုဆိုရင်
ပရိတ်သတ်ကြီးက ဗိုလ်သန်းရွှေကို ပြောနေတယ်ဆိုတာ ဒက်ခနဲ ဒက်ခနဲ
သိလိုက်တာပေါ့။ အင်း ရဇနဘူရဲ့ အရှုပ် တော်ပုံက ဘယ်အချိန်ကစသလဲဆိုရင်
ဗိုလ်ချုပ်မှူးကြီး စောမောင်ကို သွက်သွက်ခါ ရူးသွား အောင်
ထိုးဆေးတွေထိုးပြီး အာဏာကုလားထိုင် ဝင်လုတဲ့အချိန်က စတာပဲ။ အဲဒီနောက်
ဗိုလ်ချုပ်တင်ဦးကို ရဟတ်ယာဉ်နဲ့သတ်၊ ဗိုလ်နေဝင်းမြေးတွေကို အစုလိုက်
အပြုံလိုက် ဖမ်း (ဗိုလ်နေဝင်းမြေးတွေက ရဇနဘူကို
မျောက်ကြီးလို့ခေါ်ကြသတဲ့။ အဲသဟာကြောင့်လဲ ဖြစ်နိုင် တယ်)။
ဗိုလ်ခင်ညွန့်ကိုဖမ်း၊ ဗိုလ်ခင်ညွန့်လူအကုန်လုံးဖြုတ်၊ ဒါ့အပြင်
ဒါ့အပြင် ရဇနဘူတို့ အတွင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု၊ ဗုံးခွဲမှု၊
မုဒိန်းမှု၊ ငွေလိမ်မှု၊ ခိုးမှု၊ ကြာခိုမှု၊ အလေလိုက်မှု မွစိမွစိ
အကြောင်းအရာတွေက အများသားကလား။ (ရေတွက်လို့ ကုန်နိုင်အံ့မထင်)။
အဲဒီကိစ္စ အတော်များများမှာ ရဇနဘူနဲ့ မကင်းမရှင်းတွေ အတော်များတယ်။
ရဇနဘူ့ကတော် ကြိုင်ဘူဝီ မိဘုရားကြီးနဲ့ မကင်းမရှင်းတွေ အတော်များတယ်။
အဲသဟာက ရဇနဘူရဲ့ အတွင်းပိုင်းကိစ္စ ဆိုရရင်
အတွင်းပိုင်းရက်စက်မှုတွေပေါ့လေ။ ရဇနဘူရဲ့ လာဘ်စားမှုတွေလည်း ဒုနဲ့ဒေး၊
အာဏာ အလွဲသုံးစားမှုတွေကလည်း ဒုနဲ့ဒေး၊ အဲဒီ အတော်များများကိစ္စတွေကို
ကြိုင်ဘူဝီမိဘုရားကြီးနဲ့ ရွှေဘူကြီး၊ ရွှေဘူလတ်၊ ရွှေဘူငယ်ဆိုတဲ့
သမီးတော်တွေက ကြိုးကိုင်ခြယ်လှယ်တာပဲ။ အခု အခါမှ ရဇနဘူက
နယ်စပ်အကောက်ခွန်ဝန်ထမ်းတွေကို လာဘ်စားတယ် ဘာညာဆိုပြီး ဖမ်းလိုဖမ်း
အလျော်တောင်းလိုတောင်း ထောင်ချလိုချ ပြန်လွှတ်လိုလွှတ် ပြူးတိပြူးကြောင်
လျှောက်လုပ်နေတယ်။ တကယ်တမ်း ရဇနဘူသာ တိတိကျကျ လုပ်မယ်ဆိုရင်
ကိုယ့်လည်ပင်း ကို ကြိုးကွင်းပြန်စွပ်ရမှာ မဟုတ်လားလို့။ ကင်ဇိုက
ရမ်းသမ်းဖမ်းသမ်း ပြောနေတာမဟုတ်ဘူး၊ အတိအကျ အတိအကျ။ ရဇနဘူတို့
အတွင်းစည်းထဲကလာတဲ့ သတင်းအချက်အလက်တွေပါ လေ။ ပြောရဦးမယ် ပြောရဦးမယ်၊
တစ်ခါသား ကျွန်းသစ် ကားအစီး(၄၀) လောက်ကို ပဲခူးအဝင် မှာ
ဗိုလ်မောင်အေးအမိန့်နဲ့ ဖမ်းထားလိုက်တယ်တဲ့၊ ဟောဆို
ကြိုင်ဘူဝီမိဘုရားကြီး သိတယ်ဆို ရင်ပဲ ‘ဟဲ့ အဲဒါ
ငါ့ကားတွေ’လို့လည်းဆိုလိုက်ရော ဗိုလ်မောင်အေးလည်း မျက်ရည်လေး
တစမ်းစမ်းနဲ့ လက်မှိုင်ချရရှာသတဲ့။ အဲသလို အဲသလို ဒါတင်လားဆိုတော့
အဲဒါတွေက အသေးအမွှား ကိစ္စလေးတွေပဲရှိသေးတာကလား။ ဟိုနေရာသွား ဒီနေရာသွား
ဟိုလူ့ဆီက ဓါးမြတိုက် ဒီလူ့ဆီက ဓါးမြတိုက် အဲသလို ပွတ်စိပွတ်စိ
အမှုတွေကလည်း ဒုနဲ့ဒေး။
ရဇနဘူကလည်း လူသတ်တဲ့နေရာမှာ လက်နှေးတာမဟုတ်ဘူး။ ဆိုလိုတာက သူ
ကိုယ်တိုင်တော့ ဘယ်သတ်လိမ့်မယ်လဲလေ၊ အမိန့်ပေါ့ အမိန့်။ ရဇနဘူက
သတ်စေအမိန့် တစ်ချက် ပေးလိုက်ရင် ဘယ်သူမဆို အကုန်သေ၊ ဘုန်းကြီးတွေတောင်
သတ်တယ်၊ မယုံမရှိ လေနဲ့။ တစ်ခါသား ရဇနဘူ မြို့တစ်မြို့ကို
တိုင်းခန်းလှည့်လည်တယ်၊ အဲဒီမြို့ဟာ မွတ်ဆလင် ဗလီကျောင်းတွေ
မီးတင်ရှို့ခံထားရတဲ့ မြို့ပေါ့၊ ဇာတ်လမ်းက ရဇနဘူ့ကြံ့ဖွတ်တွေ အလံရှူး
လုပ်ပြီး မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာတွေကို ရန်တိုက်ပေးရာကစတဲ့ ဇာတ်လမ်း၊
အရင်းစစ်တော့ မွတ်ဆလင် (၁၂)ယောက် သေရရှာတယ်၊ ဒါ့အပြင်လားဆိုတော့
ဗလီဝတ်ကျောင်းတွေအားလုံး အပိတ်ခံရတယ်၊ ဆိုတော့ ဒီအကြောင်းကို
ခရေစေ့တွင်းကျသိထားလေတဲ့ အဲဒီမြို့က ဗုဒ္ဓ ဘာသာ သာသနာပိုင်ဆရာတော်ကြီးက
ရဇနဘူလာတဲ့ အခိုက်မှာ “ဒီမယ်ဒကာကြီး မွတ်ဆလင် ဗလီတွေကို
ဖွင့်ခွင့်ပေးလိုက်ပါ၊ အဲသလိုကြီးလုပ်ထားရင် ဘုန်းကြီးတို့လည်း
နေလို့ကောင်းမှာ မဟုတ်ဘူး”လို့ တိုတိုနဲ့ တည့်တည့်ပဲ မိန့်တယ်။
ရဇနဘူဆီက တော်တော်ကြာတဲ့အထိ ဘာသံမှ ထွက်မလားဘူး၊ နောက်တော့မှ
“တပည့်တော် အဲဒီဖြစ်ရပ်တွေ မသိရကြောင်းပါဘုရား”လို့ ဆိုတယ်၊ အဲသမှာတင်
ဆရာတော်ကြီးက “မင်းတော့ တိုင်းပြည်အုပ်ချုပ်ပြီး ဒီကလောက်မှ မသိတတ်ရင်
ခက်ဦးတော့မယ်”လို့ မိန့်ပြီး ရဇနဘူပင့်ကျွေးတဲ့ ဆွမ်းကို တစ်လုတ်တောင်
မစားတော့ဘဲ သာသနာ့ဗိမာန်ပေါ်က ထပြန်တော်မူတယ်၊ ဆရာတော်ကြီးဆိုတာက
အဲဒီနယ် တကြောမှာ သြဇာလည်း အင်မတန်ကြီးတယ်၊ သက်တော်ရှစ်ဆယ်ကျော်ပေမင့်
စာသင်၊ စာချ၊ စာပြတဲ့ နေရာမှာလည်း အတော်နာမည်ရတုန်း။
စည်းကမ်းဝိနည်းကလည်း ကြီးပြီး စိတ်က လည်း အင်မတန်ထက်တယ်၊
ပြတ်တဲ့နေရာမှာလည်း သင်တုန်းဓါးထက်ကို ပြတ်တယ်လို့ ဘုန်းကြီးလောကမှာ
နာမည်ကြီးတယ်၊ အဲဒီဖြစ်ရပ်က ရဇနဘူကို ဆတ်ဆတ်ခါသွားစေတယ် လေ။
နောက်တစ်လလောက်ကြာတော့ ဆရာတော်ကြီး ရန်ကုန်ကို ကျန်းမာရေး ဆေးစစ်ခံဖို့
ကြွသွားတယ်၊ အဲသမှာတင် ရဇနဘူက “မင်္ဂလာဒုံစစ်ဆေးရုံးကြီးမှာ
အရှင်ဘုရားအတွက် စီစဉ် ထားပါတယ်ဘုရား”လို့ ရိုရိုကျိုးကျိုး
လျှောက်ထားသတဲ့၊ ဆရာတော်ကြီးလည်း ဆေးစစ်ခံပြီးလို့
မြို့ကိုပြန်ကြွတော့မယ့်ညမှာပဲ ပျံလွန်တော်မူတယ်။ (အံ့သြစရာ
မကောင်းဘူးလား အရပ်ကတို့၊ ဘယ်သူ့လက်ချက်လဲဆိုတာ သိလောက်ပြီပေါ့နော့်)
ဆရာတော့်ကျောင်းနေ သံဃာတွေက အဲဒီကိစ္စကို ဒီကနေ့အထိ မကျေနပ်ကြဘူး၊
ဆရာတော့်ဒကာရင်းတွေကလည်း အဲဒီကိစ္စကို မကျေနပ်ကြဘူး၊ အကောင်းကြီးမှ
လုံးလုံးအကောင်းကြီးကနေဖြစ်သွားတာတဲ့။ (ရဇနဘူက ရဇနဘူဖြစ်နေပြီဆိုတော့
အဲကိစ္စကို ငရဲပြည်မှာပဲ ငရဲမင်းနဲ့ရှင်းပေတော့ပေါ့ ... ထွမ်း…)။
အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ ရဇနဘူ ကံဇာတာညံ့လာတယ်၊ ယတြာတွေ
အမျိုးမျိုး ချေတယ်၊ ရွှေတိဂုံဘုရားထီးကိုချတယ်၊ စိန်ဖူးတော်မှာ
ရဇနဘူနဲ့ ကြိုင်ဘူဝီမိဘုရားကြီးတို့ မိသားစုကောင်းမှုဆိုပြီးတော့လည်း
လုပ်တယ်၊ စိန်ဖူးတော်က သံသေခေါင်းလောင်းကို ခိုးတယ်၊
အဲဒီသံသေခေါင်းလောင်းကို လည်ပင်းမှာဆွဲမှာပြီး
ခွေးလိုအူရမယ်ဆိုတော့လည်း အူတယ်၊ ရန်ကုန်မှာ ဆက်ပြီးစိုးစံနေရင်
အသေဆိုးနဲ့ သေလိမ့်မယ်ဆိုတော့ ကြပ်ပြေးကိုပြောင်းနေပြီး ယတြာချေတယ်၊
တိုင်းပြည်ဆူပွတ်လာနိုင်တာကြောင့် ကြက်ဆူပင်တွေ နေရာမလပ်စိုက်ပြီး
ယတြာချေပါဆိုလို့ ယတြာချေတယ်၊ ရွှေတိဂုံပုံတူတစ်ဆူကို
ကြက်ပြေးမှာတည်ပြီး ယတြာချေပါ ဦးဆိုလို့ ချေရပြန်တယ်၊
ကျန်ခဲ့တာတစ်ခုရှိသေးတယ် မဟာမုနိရုပ်ရှင်တော်မြတ်ရဲ့ ဗိုလ်ကို
ဖောက်ပြီး အထဲကဓါတ်ပြာတွေကို တစ်ကိုယ်လုံးလူးပြီး တနေကုန်
ရေစိမ်နေတာလည်း ပါသေး တယ်။ နည်းတာမဟုတ်… နည်းတာမဟုတ်…
ရူးသလိုကြောင်သလိုနဲ့ ငရဲမကြောက် ငအုံ မကြောက် အကုန်လျှောက်လုပ်တယ်။
အဲဒါက ရဇနဘူရဲ့ အရင့်အရင် အရှုပ်အထုပ်ပေါ့လေ။
အခုတလော နောက်တစ်မျိုးလုပ်လာတာက ရွှေဘူငယ်ရဲ့ မင်္ဂလာဆောင် ဗီဒီယိုအခွေ
အရှုပ်အထုပ်။ စလုပ်တုန်းကတော့ ရဇနဘူမိသားစုဟာ ဟော့သလို ဟော့သလို
အ၀န်းနဲ့ အ၀ိုင်း နဲ့၊ ရဇနဘူ့ နအဖခေါင်းဆောင်ပိုင်းတွေမှာလည်း ဟော့သလို
ဟော့သလို တည့်တည့်ရှုရှု နေကြ တာပါ၊ ရဇနဘူသြဇာအာဏာအရှိန်အ၀ါကလည်း အဲသလို
အဲသလို ရှိတယ်ဆိုတာကို တိုင်းပြည် က လူထုကို ခြိမ်းခြောက်သလိုလို၊
တွေဝေစေသလိုလို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရဇနဘူ ကိုယ်တိုင်
အဲဒီဗီဒီယိုအခွေကို အစီအစဉ်ရှိရှိ ဖြန့်လိုက်တာ မဟုတ်လား၊ ဟောဆို
လူထုတွေက လည်း ထပ်ခါတလဲလဲကြည့်ကြ၊ တပ်မတော်ထဲက တပ်မတော်သားတွေကလည်း
ထပ်ခါတလဲ လဲ ကြည့်ကြ၊ ကြည့်ရင်း ကြည့်ရင်းနဲ့ ရဇနဘူရဲ့လိမ်စဉ်တွေကို
သဘောပေါက်လာကြတယ်။ လူထုနဲ့ တပ်မတော်သားတွေဆီက ခိုးဆိုးဘုန်းဝှက်ထားတဲ့
ဥစ္စဓနတွေကို မြင်လာကြတယ်လေ။ အဲဒါအပြင် ဖေဟဲ့ … မောင်ဟဲ့ … နှမဟဲ့နဲ့
အမျိုးမျိုးမေတ္တာပို့ကြတယ်လေ။ အကျိုးဆက်က အဲသလို အဲသလို မှန်ချက်နဲ့
နှမ်းထွက်မကိုက်လေတော့ တမျိုးပြန်ဖာရပြန်တယ်။ အဲဒီ ဗီဒီယို
အခွေကိုဖြန့်တာ ရဇနဘူကို အကျေမနပ်ဖြစ်နေတဲ့ ဗိုလ်ခင်ညွန့်လူတွေက
ဖြန့်လိုက်တာပါ ဘာညာကွိကွဆိုပြီး သတင်းထုတ်တယ်။ ဒါပေမယ့်
ဘယ်ရတော့မလဲလေနော့်၊ ဘာလုပ်လို့ရ တော့မှာလဲ အခုမှတော့။ (ကင်ဇိုက
သီချင်းစာသားလေတစ်ခု ရွတ်ပြလိုက်ဦးမယ်၊ အခုမှာတော့ … ငိုမနေနဲ့တော့၊
အခုမှတော့ … ငိုမနေနဲ့တော့။ အဟားရေ့ … အဟေ့၊ သွပ်… သွပ်… သွပ်…)။
အဲဒီဗီဒီယိုဇာတ်လမ်းက ဒီကလောက်နဲ့ပြီးမသွားဘူး၊ နောက်ဆက်တွဲတွေ ထပ်ထွက်
လာတယ်၊ အများကြီးမှ အများကြီး ထွက်လာတယ်။ ကင်ဇိုတို့ပြည်တွင်းမှာလည်း
မကြည့်ချင်မှ အဆုံး၊ မကြားချင်မှအဆုံး ပြန့်လို့ နှံ့လို့။
ထင်ထင်ရှားရှားလေးတွေပဲ ထုတ်နုတ်ပြရမယ်ဆိုရင် ရွှေဘူငယ်နဲ့ သွားလေသူ
ဗိုလ်တင်ဦးရဲ့သား ကိုဇော်တို့ရဲ့ အရှုပ်တော်ပုံတွေကလည်း ဒီလို ဒီလို၊
ရွှေဘူငယ်နဲ့ ကိုဇော်တို့ လူငယ်သဘာဝ မေတ္တာမျှနေကြတာ ကြာပါပကောတဲ့၊
အဲသဟာကို ရဇနဘူက ရွှေစိတ်တော်ညိုတာကြောင့် ကိုဇော့်ကို
ကုန်ကားနဲ့တိုက်သတ်ဖို့ အမိန့်ပေးသတဲ့၊ ဖြစ်ချင်တော့ ကိုဇော့်ခင်မျာ
သေကံမရောက်သက်မပျောက်ဘဲ ဒုက္ခိတဖြစ်ရရှာတယ်။ (ဖအေ လုပ်သူကို
ရဟတ်ယဉ်နဲ့သတ်၊ သားလုပ်သူကို ကုန်ကားနဲ့သတ်၊ ရဇနဘူတို့ ရက်စက်ပုံကတော့)
အဲ ဆက်ပြောရရင် ကိုဇော် ဆေးရုံတက်နေရတဲ့အချိန်မှာလည်း ရွှေဘူငယ်က
ခိုးခိုးတွေ့သေး သတဲ့၊ ကိုဇော်နဲ့ရတဲ့ကိုယ်ဝန်ကို
လွယ်ထားရတဲ့အကြောင်းလည်း ပြောပြရှာသတဲ့၊ ရဇနဘူရဲ့ အမိန့်တော်ကို
မငြင်းသာတော့လို့ ဖြိုးဇော်ဝင်းကို လက်ထပ်ရတော့မယ်လို့ပြောရင်း
ချုံးပွဲချ ငိုရှာသတဲ့လေ။ အဖြစ်က အဲသလို အဲသလိုပါဗျ။ အဲဒါကမှ ရဇနဘူကို
မကျေမနပ်ဖြစ်နေတဲ့ နအဖ ခေါင်းကြီးပိုင်းကထွက်လာတဲ့ သတင်းအစစ်။
အမှန်အကန်။ ဒါ့အပြင်လားဆိုတော့ နောက်ထပ် ဗီဒီယိုအခွေ ထွက်လာသေးတယ်၊
“စိန်စီသောည”တဲ့။ အဲသမှာ အဲဒီအခွေမှာ ရဇနဘူတို့က ပျော်လို့ပါးလို့
မင်္ဂလာပွဲကြီးကို ခြိမ့်ခြိမ့်သဲ လုပ်နေတဲ့အချိန်မှာ တိုင်းပြည်ထဲက
လူထုတွေ ဘယ်လိုငတ်ပြတ်ပြီး ဘယ်လိုအတိဒုက္ခရောက်နေရတယ်ဆိုတာကို
နှိုင်းယှဉ်ပြထား လိုက်တာ ကြောက်ခမန်းလိလိပါပဲဗျာ။ ရဇနဘူအသိုင်းအဝိုင်းက
ထောင်တန်တွေ ဒေါ်လာတွေ ခဲဖိုးပေးနေတဲ့အချိန်မှာ လူထုထဲက
လူထုအချို့ခင်မျာ တောင်းစားနေရတာ၊ ရဇနဘူတို့ ကိတ်မုန့်တုံးကြီး
ကိုက်စားနေတဲ့အချိန်မှာ လူထုထဲက လူထုအချို့ခင်မျာ မှောက်ကျသွားတဲ့
ထမင်းကြမ်းခဲကို ကောက်စားနေရတာ၊ ရဇနဘူ့မိသားစုဝင်တွေ ဟန်တလုံး
ပန်တလုံးနဲ့ အပြုံးမပျက် ဓာတ်ပုံ အရိုက်ခံနေတဲ့အချိန်မှာ လူထုထဲက
အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေ ခင်မျာ မီးရထားဘူတာရုံမှာ
ဈေးလုရောင်းနေရတာ၊ တောင်းစားနေရတာ၊ လမ်းကြို လမ်းကြားမှာ စွန့်ပစ်
ပစ္စည်းတွေ လိုက်ကောက်နေရတာ စတာတွေကို နှိုင်းယှဉ်ပြထားတာ အင်မတန်ကို
ရင်နာစရာ ကောင်းပါတယ်လေ။ အဲဒီအခွေကမှ ရဇနဘူကို မကျေနပ်တဲ့ နအဖ
ခေါင်းကြီးပိုင်းက စီစဉ် ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ ဗီဒီယိုအခွေအစစ်။
အဲဒါကမှ အမှန်အကန်။ အဲဒီအခွေမျိုး တော်တ်ာတန်တန် လူတွေ
ဘယ်လုပ်နိုင်ပါ့မလဲ။
အဲသလို အဲသလို ရဇနဘူအရှုပ်တော်ပုံကို ပြောပြရရင်
ကုန်ကိုကုန်နိုင်မယ်မထင်ဘူး။ အခုတော့ ရဇနဘူခင်မျာ အဲဒီကိစ္စတွေနဲ့ပဲ
အတော်လေး ခေါင်းစားနေရသတဲ့၊ ဝန်ကြီးအဖွဲ့တွေ ထဲက
ဘယ်သူ့ကိုဖြုတ်လိုက်ရမလဲ၊ ဘယ်သူ့ကို ‘ကစ်’ပစ်ရမလဲဆိုတာ စီစစ်နေသတဲ့။
ဝန်ကြီး အဖွဲ့တွေထဲမှာလည်း ဒီတစ်ခါ တို့ကို ‘ကစ်’ရင်တော့ ရဇနဘူကို
ပြန်‘ကစ်’မယ်လို့ ပြင်ဆင်နေ ကြသတဲ့။ ရဇနဘူခင်မျာ
နေ့တိုင်းသွေးတိုးနေရတယ်၊ ရဇနဘူခင်မျာ နေ့တိုင်း ခေါင်းနောက်နေ ရတယ်၊
ရဇနဘူ အိပ်မပျော်လို့ အိပ်ဆေးအပြင်းစားတွေ သောက်နေရတယ်။ တခါတလေ ရဇနဘူက
‘ငါရူးသွားရင်ကောင်းမယ်၊ ဗိုလ်စောမောင်လို ရူးသွားရင်ကောင်းမယ်’လို့
အော်သတဲ့။ တခါတလေ ‘ဆရာတော့်ကို ဆေးထိုးသတ်သလို
ငါ့ကိုသတ်လိုက်ကြတော့”လို့ သူ့အိမ်သားတွေ ကို အော်ငေါက်သတဲ့။ တခါတလေ
“ငါ့ကို ရဟတ်ယဉ်ပေါ်တင်ပြီး တင်ဦးလို သတ်ပစ်ကြစမ်းပါ” လို့
အော်အော်နေသတဲ့။
ကင်ဇို အဲသလိုတွေကြားကြားနေရတာ ရဇနဘူအတွက် စိတ်မကောင်းဖြစ်မိတယ်၊ ရဇနဘူ
တစ်ခုခုဖြစ်မသွားပါစေနဲ့လို့ ဆုတောင်းမိတယ်၊ ကင်ဇိုလေ သိပ်ကို
စိုးရိမ်တတ်တာ သိလား၊ ရဇနဘူ့လည်ပင်းကို စွပ်ဖို့လို့ စောင့်နေတဲ့
ကြိုးကွင်းကြီးနဲ့ လွဲသွားမှာကို သိပ် စိတ်ပူ လိုက်တာကွယ်။
x x x x
x
ကင်ဇို (၂၇၊ ၁၊ ၂၀၀၇)
|