|
ကျွတ်စီ
ကျွတ်စီ အသံတွေကို ကြားနေရ၏။ တိမ်မီးခိုးတွေလိုလို မြူတွေလိုလို ပိတ်
ဆိုင်းနေ၏။ မြင်ကွင်းကား မပီဝိုးတ၀ါး။ ကင်ဇို တဖြည်းဖြည်း
ချဉ်းကပ်သွားမိတယ်။ တပြိုင် တည်းလိုလိုမှာပဲ မြူခိုးတွေလည်း
ရှင်းလင်းသွားတယ်၊ ကြည်လင်တောက်ပလာတယ်။ ဘာပါ လိမ့်နော်၊ ဟိုနားက လူစုစု
စုစု၊ ဆူညံဆူညံဖြစ်နေတာ။ အလင်းရောင်တွေလည်း ဖျပ်ကနဲ ဖျပ်ကနဲ
ထွက်ထွက်လာပါရဲ့။ ကင်ဇိုသိလိုဇောနဲ့ လူအုပ်ကြီးကြားထဲကို
အတင်းတိုးဝင်မိတယ်။ မရမကကြီးကို တိုးယူရတယ်။ ဟော... တွေ့ပါပြီ၊
ဘာများတုန်းမှတ်တယ်။ နအဖ ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်း၊ ထို့အပြင်သကာလ
နအဖ ရဲချုပ်ခင်ရီတို့ သတင်းစာရှင်းလင်းပွဲ လုပ်နေ တာကိုး။ ဒါများ
ဘာထူးဆန်းတာလိုက်လို့။ အလိုလေး... ဒါနဲ့ နေစမ်းပါဦး ၀န်ကြီး ကျော်ဆန်း
က ခေါင်းတွေခါလို့၊ ရဲချုပ်ခင်ရီလည်း ထို့နည်းလည်းကောင်း၊ အို့အို
လက်တွေကလည်း ကာသလိုလို ခါသလိုလို၊ မျက်လုံးကြီးတွေကလည်း
ပြူးထားလိုက်ကြသေးတယ်။ ပါးစပ်တွေ ကလည်း အံကြိတ်ထားသလိုလို အတင်းကြီး
ပိတ်ထားသလိုလို။ ဘယ့်နှာဖြစ်နေကြလိမ့်နော်။
ခါတိုင်းသတင်းစာရှင်းလင်းပွဲတွေလိုမဟုတ်၊ ဘယ်လိုကြီးတွေလဲ၊ ဘာတွေလဲ၊
ဘာလိုဖြစ်နေကြ တာလဲ၊ ဘာတွေတုန်း။ ထိုစဉ်သခိုက် သတင်းထောက်တွေက
ဝန်ကြီးကျော်ဆန်းနဲ့ ရဲချုပ် ခင်ရီတို့ကို မိုက်ကရိုဖုန်း
အတင်းထိုးပေးပြီး မေးခွန်းတွေ အတင်းမေးနေကြလေရဲ့။ သို့ပေတည့်
ဝန်ကြီးကျော်ဆန်းနဲ့ ရဲချုပ်ခင်ရီတို့ကား ခေါင်းတွေ ခါမြဲခါနေကြ၏။
လက်တွေကို ကာမြဲကာနေကြကုန်၏။ မျက်လံးများကို ပြူးမြဲပြူးထားကြကုန်၏။
အံများကို ကြိတ်မြဲကြိတ်ထား ကြကုန်၏။ အဖြစ်အပျက်တွေကား လှစ်ကနဲ လှစ်ကနဲ
လျှင်မြန်လွန်းလှ၏။ သတင်းထောက် တစ်ယောက်ကား စိတ်မရှည်ဟန်ဖြင့်
ဝန်ကြီးကျော်ဆန်းရဲ့ ပါးစပ်ကို အတင်းဟခိုင်းတယ်။ အဲသလိုပဲ
နောက်သတင်းထောက်တွေကလည်း ရဲချုပ်ခင်ရီရဲ့ ပါးစပ်ကို အတင်းကြီး
ဆွဲဖြဲနေ ကြပြန်တယ်။ အလိုလေး အလိုလေး မလုပ်ကြပါနဲ့ဟရိုး။ သြော်နော်
ဒုက္ခတွေတော့ ရောက်ကုန် တော့မှပဲ။ ကင်ဇို အော်လို့မရ၊
တားလို့ဆီးလို့မရ။ ၀န်ကြီးကျော်ဆန်းနဲ့ ရဲချုပ်ခင်ရီတို့ကား
အတင်းရုန်းနေကြလေပြီ။ မရ မရ။ အလို အလို ၀န်ကြီးကျော်ဆန်းရဲ့ ပါးစပ်ထဲက
ကတ္တရာ မဲမဲတွေလို စေးကပ်နေတဲ့ အတုံးအခဲတွေကို သတင်းထောက်တွေက
အတင်းကော်ထုတ် နေကြပါလား။ ဟယ် ဟယ် ရဲချုပ်ခင်ရီရဲ့ ပါးစပ်ထဲက
ကတ္တရာမဲမဲတွေလို စေးကပ်နေတဲ့ အတုံးအခဲတွေကိုလည်း သတင်းထောက်တွေက
လက်ညှိုးနဲ့ထိုးကော်လို ထိုးကော်၊ မိုက်ကရို ဖုန်းနောက်မြီးနဲ့
ကော်ထုတ်လို ကော်ထုတ်။ ၀န်ကြီးကျော်ဆန်းနဲ့ ရဲချုပ်ခင်ရီတို့ကား
အားကုန် ရုန်းတယ်။ ရုန်းတယ်။ အဲ အဲ လွတ်သွားပြီ။ "ပြေးပြီး ပြေးပြီး
လိုက်လိုက်"လို့ အော်ပြီး သတင်း ထောက်တွေက လိုက်ကြပြန်တယ်။ အချို့ကား
မိုက်ကရိုန်ဖုန်းနဲ့ လှမ်းပစ်ကြတယ်။ အချို့က ကင်မရာနဲ့ လှမ်းထုတယ်။
အချို့က မိုက်ကရိုဖုန်း ဒေါက်တိုင်တွေဆွဲပြီး လိုက်ရိုက်ကြကုန်၏။
နအဖပြန်ကြားရေးဝန်ကြီးကျော်ဆန်းကား ပုတက် ပုတက် ခြေကားယား လက်ကားယား
ပြေးသွားနေတာကို ကင်ဇိုမြင်နေရ၏။ ထို့နည်းနှင်နှင် နအဖရဲချုပ်
ခင်ရီသည်လည်း ဗိုလ်ပူပူ တင်ကောက်ကောက်ကြီးကို မနိုင့်တနိုင်မ,လို့
ပြေးသွားနေတာကို မြင်နေရပြန်၏။ (ဟား ဟား ဟား ဟား…၊ ဟီး ဟီး ဟီး ဟီး…၊
ဟဲ ဟဲ ဟဲ ဟဲ…၊ ဟိုး ဟု ဟတ် ဟမ်း…) အဲသလို အဲသလို
ကင်ဇို့နောက်ကျောဖက်ကနေ လူပေါင်းသန်းငါးဆယ်ကျော်လောက် တပြိုင်နက်တည်း
ရယ်သံ တွေ … ရယ်သံတွေ …
ကင်ဇို အိပ်ယာက ဗြန်းကနဲ လန့်နိုးသွားတယ်။ သြနော် ငါ့နှယ်
အိပ်မက်မက်နေတာ ကိုး။ ဘယ့်နှာ စိတ်လဲအစွဲ ဘာလဲမစွဲနဲ့များ
ဘယ်လိုမက်ရပါလိမ့်နော် ဒီအိပ်မက်။ သို့ပေတည့် အိပ်မက်ကား ထူးပေ့ဆန်းပေ့
နိုင်လွန်းလှ၏။ မှူးကြီးမတ်ရာ သေနာပတိ နိုင်ငံစိုးအုပ်တို့
ရုပ်ပျက်ဆင်းပျက် ပြေးထွက်နေပုံကို မြင်မက်ရသည်ကိုကား
ဘယ်မှာမထူးဘဲရှိအံ့နည်း၊ ဘယ်မှာမဆန်းဘဲရှိအံ့နည်း။
သဟာကြောင့်ရယ်မို့ကင်ဇို့ အိပ်ယာနဘေးမှာ အဆင်သင့်ရှိနေ တဲ့
ဒိုင်ယာရီထဲမှာ အသာတေးမှတ်ထားလိုက်တယ်။ ရက်စွဲကား (၂၀၀၇) ခုနှစ်
ဇန်နဝါရီလ (၁၁) ရက်နေ့၊ အချိန်ကား နံနက် (၁)ချက်တီးကျော်။ ကင်ဇိုကား
ပြန်အိပ်လို့ မရတော့ပြီ။ အတွေးတို့ကား ဆက်တိုက်ဆက်တိုက်
ဝင်လာလျှက်ရှိလေပြီ။ အင်းနော် ဘာများဖြစ်မလို့ ပါလိမ့်နော်။
တစ်ခုခုတော့ တစ်ခုခုပဲ။ ဟိုဖက်လှည့်အိပ်လိုက်၊ ဒီဖက်လှည့်အိပ်လိုက်။
အိပ်လို့ ကား မပျော်တော့ပြီ။ (ပိကျိ ပိကျိ ပီးပီး ပိကျိပိကျိ ပီး…
ပိကျိ ပိကျ ပီးပီး ပိကျိပိကျိ ပီး…) အရေးထဲမှများ
ကင်ဇို့လက်ကိုင်ဖုန်းက အသံမြည်လာပြန်ပေါ့။ အိုနော် အချိန်မတော်
ဘယ်သူများပါလိမ့်နော်။ “ဟဲလိုကွာ”(ကင်ဇို အိပ်ချင်မူးတူးလေသံနဲ့
ထူးလိုက်တယ်)။ “ဘာ ဟဲလိုကွာလဲ ငါကွ ဂင်တိုဂင်တို” “ဘာတုန်းကွာ၊
အချိန်မတော်မှများ ဂင်တိုရာ” “သတင်း ထူးတယ်ကွ မင်းနားမထောင်ချင်လဲ
ငါဖုန်းချလိုက်တော့မယ်” “ဟေ့ ဟေ့ နေဦး ဘာများသတင်းထူးလဲ၊
ပြောစမ်းပါဦး” “၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
တို့ ငါးယောက်ကို ပြန်လွှတ်ပေးလိုက်ပြီကွ” “ဟိန်… မင်ဟာ
ဟုတ်မှလဲလုပ်စမ်းပါ ကိုယ့်လူရာ” “ဟေ့ကောင်ကင်ဇို မင်းယုံချင်ယုံ
မယုံချင်နေ လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်ကွ၊ လတ်သမှ ခုနင်က (၁)
ချက်တီးကျော်လောက်မှာ လွှတ်ပေးလိုက်တာကွ”။ (အလို ကင်ဇို
အိပ်မက်ထူးကြီးမက်နေတဲ့ အချိန်မှာပဲ ကိုမင်းကိုနိုင်တို့ကို
ပြန်လွှတ်ပေးလိုက်တယ်ဆိုပါလား) ဂင်တို့ဖုန်းကို မပြောမဆိုနဲ့ ပိကနဲ
ညှစ်ချပစ်လိုက်တယ်။ ဟင်းနော် ကင်ဇိုအလုပ်ရှုပ်ရပြန်ပေါ့။
လွန်ခဲ့တဲ့ သုံးလကျော် လေးလလောက်က နအဖပြန်ကြားရေးဝန်ကြီး
ကျော်ဆန်းတို့၊ နအဖ ရဲချုပ် ခင်ရီတို့ရဲ့ သတင်းစာရှင်းလင်းပွဲကြီးကို
ပြေးပြေးမြင်လာတယ်။ သတင်းစာ အစုတ် ပလုတ်တွေကို ပြန်လှန်ရပေဦးတော့မယ်။
အလိုနော် ကင်ဇို့မဟေသီ ရောင်းပစ်လိုက်တဲ့ အထဲ များ ပါသွားကုန်ပလား။
ကင်ဇို့ကလေးတွေကတော့ သတင်းစာတွေကို မဆော့၊ ကင်ဇိုကလည်း ခွင့်မပြု။
ကြေးမုံတို့ မြန်မာ့အလင်းတို့ဆိုတာ အခန့်များမသင့်ရင်
ဓါတ်လိုက်နိုင်တယ်လေ၊ မီးလည်း အလွယ်တကူ ထလောင်နိုင်ပါရဲ့နဲ့
ဘယ်ကလေးတွေကို ပေးဆော့လို့ဖြစ်မတုန်းလို့။ (မယုံမရှိလေနဲ့
သတင်းစာရှုသူများတို့ အသိပင်မဟုတ်ပါလော၊ ကြေးမုံနဲ့ မြန်မာ့အလင်းဆိုတဲ့
သင်းစာတွေထဲမှာများ ကြည့်လိုက် လျှပ်စစ်ဓါတ်အား
မီဂါဝပ် သန်းပေါင်း ဘယ်လောက် ဘယ်၍ ဘယ်လို ဘယ်ချမ်းသာ၊ ရေနံနဲ့
သဘာဝဓါတ်ငွေ့က ဘယ်လောက် ဘယ်၍ ဘယ်လို ဘယ်ချမ်းသာ ဆိုတာ ကင်ဇိုခမျာ
သတင်းစာဖတ်တဲ့အခါတိုင်း လက်အိပ်တွေ အထပ်ထပ်စွပ်လို့ ကိုင်ရပြန် တယ်။
ဓါတ်လိုက်နိုင်တယ်လေ။ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေက များမှများဆိုတော့
သတင်းစာ အဟောင်းတွေ သိမ်းတဲ့အခါများ ရေခဲသေတ္တာထဲ ထည့်သိမ်းထားရပြန်တယ်။
မတော် မီးထလောင်နေမှဖြင့်။ အင်း ဒီကနေ့ခေတ် စာကြည့်တိုက် ဒီပလိုမာ
သင်တန်းတွေ မှာများ ကင်ဇို့နည်းစနစ်အသစ်တွေကို ဖြန့်ဝေပေးလိုက်ရရင်ဖြင့်
အင်မတန် အကျိုးထူးပေလိမ့်မယ်လို့ တခါတလေတွေးမိသား။)
အနို့ကလို သို့ကလိုပေါ့လေ၊ ကင်ဇို့ခင်မျာ ဟိုးလွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်
နိုဝင်ဘာလ (၂)ရက်နေ့က နအဖတို့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (၇/၂၀၀၆)ကို
ပြန်ပြီးလေ့လာရပေ တော့ခြိမ့်။ ထားပါဦးလေ။ အဲဒီအရင်မှာတော့
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ကို ၂၀၀၆ ခုနှစ် စက်တင်ဘာ
(၂၇)ရက်မှာ မနက်စောစော (၆)နာရီလောက်မှာ သူတို့ရဲ့ နေအိမ် အသီးသီးကနေ
နအဖတို့က ခဏလေးခေါ်တွေ့ချင်လို့ပါဆိုပြီး ဖမ်းဆီးသွားတာကို လူတိုင်း
အသိပါနော်။ အဲဗျာ ဘာများကြာလိုက်လို့လဲ ကိုမင်းဇေယျနဲ့
ကိုပြုံချိုတို့ကိုလည်း ဖမ်းလိုက် ပြန်တယ်။ ဟောဆို ၂၀၀၆
နိုဝင်ဘာ(၂)ရက်လည်းရောက်ရော နအဖ ဖျံကျရေးဝန်ကြီး (အဲလေ မှားလို့)
နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနဲ့ ရဲချုပ်ခင်ရီတို့
ဟန်တလုံးပန်တလုံးနဲ့ အပိုင် ကျုံးတော့မယ်ဆိုတဲ့ လေသံနဲ့
သတင်းစာရှင်းလင်းပွဲကြီးကို ခြိမ့်ခြိမ့်သဲ လုပ်လိုက်တာပေါ့လေ။ အဲဒီမှာ
အဲဒီမှာ ဒါရိုက်တာ ကျော်ရီခင်ဆန်းတို့ရဲ့ ထွင်လုံးတွေ၊ ဇာတ်ကွက်တွေကို
တစ်တိုင်း ပြည်လုံး အသိပါလေ။ ကင်ဇို အတိုချုပ်လို့
အစပြန်ဖော်ပေးရရင်ဖြင့် နိုင်ငံရေးအကျဉ်းသား ကိုသက်ဝင်းအောင်
အကျဉ်းထောင်ထဲမှာ သေဆုံးသွားရတယ်ဆိုတာ နအဖတို့ နှိပ်စက်လို့
မဟုတ်ရပါဘူး၊ ဘာညာဆိုပြီးသကာလ ဆေးလက်မှတ်အတုတွေ၊ ကျန်းမာရေး
မှတ်တမ်းအတု တွေ ချိတ်ဆွဲလို့ ဝေဝေဆာဆာကြီး ခင်းကျင်းပြလိုပြ၊ အဲ
အကျဉ်းထောင်တွေထဲမှာလဲ သန့်ပါ သဗျနဲ့ ကြံ့ဖွံ့တသိုက်ကို
အကျဉ်းထောင်တွေထဲကို သွားရောက်ကူညီနေတဲ့
NGOs
တွေလိုလို
ဘာညာသာရကာ လုပ်လိုလုပ်၊ ပြည်ပမီဒီယာတွေကိုလည်း အပုပ်ချလိုချ၊
မိုးညိုမြို့နယ်က ကိုဝင်းကိုကို အမှုစဉ်ဖမ်းတဲ့ ကိစ္စကို ဖုံးလိုဖုံး
ဖိလိုဖိ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် လက်မှတ် ရေးထိုးတဲ့ကိစ္စ၊
အဖြူရောင် ၀တ်ပြုဆုတောင်းပွဲ စတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့
လှုပ်ရှားမှုတွေ ကိုလည်း ပုံဖျက်လိုဖျက်၊ ဘုရားကုန်းတော်ပေါ်တက်တာတောင်
အမှုဖွင့်အရေးယူနိုင်သလိုလို ဘာလိုလို ခြိမ်းခြောက်လိုခြိမ်းခြောက်၊
အတိုက်အခံအင်အားစုတွေကို ဟိုအဖွဲ့နဲ့ ဟိုလိုချိတ်၊ ဒီအဖွဲ့နဲ့
ဒီလိုပေါင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ပြည်တွင်း
NLD အထိ
ဘာမှမကျန်ရ အောင် အကုန်လုံး အကွက်ကျကျ စီကာစဉ်ကာချိတ်ဆက်ပြီး
ရှင်းလင်းသွားလိုက်တာလည်း မြန်မာ့ဒီမိုကရေစီရေး ဖြစ်စဉ်ကြီးကို
နေ့ညမပြတ် ထိုင်ကြည့်နေတဲ့သှူ ရှိတယ်ဆိုရင်တောင် အဲဒီပုဂ္ဂိုလ်
မျက်ရည်တောက်တောက် ကျသွားရပေလိမ့်မယ်။ ဒီကြားထဲ အင်တာဗျူးတဲ့
သတင်းစာသမားတွေထဲမှာလည်း အလံရှူးတွေ ဒလံတွေထည့်ပြီး
မေးခိုင်းလိုမေးခိုင်း။ (သွပ်… သွပ်… သွပ်… ပြောရရင်
ကုန်နိုင်ဖွယ်အံ့မထင်) အဲသလို အကြံအဖန် လန်ပျံသဂွမ် သတင်းစာ
ရှင်းလင်းပွဲကြီးကို လုပ်သွားတာမဟုတ်လား။
အဲဒီအထဲက ကင်ဇို တမင်ကလာ ချန်ထားခဲ့တာရှိသေးသဗျ။ အဲဒါက ဒီလို ဒီလို၊
ဖမ်းထားတဲ့ ကိုမင်းကိုနိုင်တို့ကို အမှုစဉ်လို့ရအောင်
“(၈၈)မျိုးဆက်ကျောင်းသားအဖွဲ့နှင့် ပြည်ပရှိ ဆန့်ကျင်ဘက်
အကြမ်းဖက်အဖွဲ့များ ဆက်နွယ်မှုအခြေအနေ၊ ငွေကြေးထောက်ပံ့မှု
အခြေအနေပြဇယားများ”ဆိုပြီးသကာလ (အတိုက်အခံ အဖွဲ့အစည်းတွေတောင် နအဖတို့
လောက် အတိအကျဆွဲလို့ ရလိမ့်မည်မထင်) ပြထားလိုက်တာလည်း နှစ်ခုသုံးခု။
ဒါတင်မက ရဲချုပ်ခင်ရီကိုယ်တိုင်က “ကျနော်တို့ လတ်တလောအခြေအနေအရ
မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ မင်းဇေယျာ၊ ပြုံးချိုး
(၈၈)မျိုးဆက်ကျောင်းသား ဒီငါးဦးကို ကျွန်တော်တို့ ခေါ်ယူ မေးမြန်း
စစ်ဆေးနေတဲ့သဘော ဖြစ်ပါတယ်။ အဲဒီဟာက လုံခြုံရေးနဲ့၊
ဖောက်ခွဲဖျက်ဆီးရေးနဲ့ ပတ်သက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့
ဆက်နွယ်မှုကြောင့် ခေါ်ယူစစ်ဆေးနေတာဖြစ်ပါတယ်။ အခုအချိန်အထိ သူတို့ကို
အရေးယူအပြစ်ပေးနိုင်တဲ့ အခြေအနေ ကျွန်တော်တို့လက်ဝယ်မှာ
အခိုင်အမာရှိပြီး ဖြစ်ပါတယ်” အဲသလို အဲသလို သတင်းထောက်တစ်ဦးရဲ့အမေးကို
အံကြွ မာန်ကြွနဲ့ ဖြေသွားခဲ့သေးတယ်။ ကင်ဇိုတောင်မှ အင်း
ဒီအတိုင်းသာဆိုရင် ကိုမင်းကိုနိုင်တို့ ငါးဦးစလုံးကို နအဖတို့က
ထောင်ထဲမှာ ကိုသက်ဝင်းအောင်ကို သတ်ပစ်သလိုမျိုး ဆယ်ခါပြန် လောက်တောင်
သက်ပစ်နိုင်တယ်လို့တွေးရင်း စိတ်ပူမိသေးတယ်။ အဲဒီသတင်းစာရှင်းလင်း
ပွဲကြီးမှာ အဲသလို အဲဒီလောက် အကွက်ကျကျ စမတ်ကျကျလုပ်ထားတဲ့
ဇာတ်ကွက်ပါဗျာ။
ဟောဆို ၂၀၀၆ နိုဝင်ဘာ (၆) ရက်လည်းရောက်ရော ၈၈ မျိုးဆက်ခေါင်းဆောင်တွေ
ကို အရေးယူထောင်ချနိုင်ဖို့ ဗဟန်းတရားရုံးမှာ ရမန်ယူလိုက်တယ်လို့
ကြားရတယ်။ နောက် ထပ်တခါ ထပ်ပြီး ရမန်ယူလိုက်သေးတယ်လို့လည်း
သိလိုက်ရပြန်တယ်။ (ကိုမင်းကိုနိုင်တို့ လွတ်လာတော့လည်း
အဲဒီရမန်ယူတဲ့ကိစ္စတွေကို သူတို့သိတဲ့အကြောင်း မီဒီယာကတဆင့် ပြောပါတယ်)
ကဲ ကြည့်ကြပါဦးတော့၊ စဖမ်းတုန်းကတော့ ခဏလေးပါနော် တွေ့ပြီးဆွေးနွေး
စရာရှိလို့ ခဏလေး ခေါ်ထားထာပါ ဘာညာကွိကွလုပ်၊ သတင်းစာရှင်းလင်းပွဲကျတော့
အကြမ်း ဖက်သမားတွေ၊ ဗုံးခွဲမယ့်သူတွေ၊ နိုင်ငံခြားက ငွေတွေယူတယ်၊
ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ဝူးဝဲဗျူးဗြဲ လုပ်လိုလုပ်၊
နောက်ပိုငြ်းကျတော့လည်း ရမန်တွေယူလိုယူ အဲသလို အဲဒီ လောက်
ဇာတ်အိမ်ခိုင်ခိုင်ကြီး ဆောက်ပြီးကာမှ ကင်ဇို ဟိုးရှေ့ပိုင်းမှာ
ပြောခဲ့သလို အိပ်မက် ထူးကြီးမက်တဲ့ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ (၁၁) ရက်နေ့
နံနက် (၁) ချက်တီးကျော်လောက်မှာ ကိုမင်းကိုနိုင်တို့ကို
ပြန်လွှတ်ပေးလိုက်တာ ဘာဖြစ်လို့လဲ၊ ဘာဖြစ်တာလဲ၊ ဘာကြောင့်လဲ ဘာလဲ ဘာလဲ
ဘာလဲ။ ကင်ဇိုခေါင်းနောက်လိုက်တာ ဒါရိုက်တာ ကျော်ရီခင်ဆန်းတို့ရယ်
ပြောကြစမ်းပါဦး၊ ပြောစမ်းပါဦး ဟုမ်း…ဟုမ်း…ဟုမ်း…။ သြနော်
ရှည်ရှည်ဝေးဝေး လျှောက်တွေး နေမိတယ်။ စကတည်းက နအဖတို့ရဲ့ အကြံအဖန်
ဇာတ်လမ်းကြီးပဲ၊ လံကြုတ်ဇာတ်လမ်းကြီးပဲ ကိုးဗျ၊ (ကိုမင်းကိုနိုင်တို့
ပြန်လွတ်လာတော့လည်း သူတို့ကို စွပ်စွဲဖမ်းဆီးထားတဲ့ ကိစ္စတွေကို
ပြန်လည်ချေပထားတယ်လေ) ဟုတ်တယ်လေ ဟုတ်တယ်လေ တကယ်တမ်းသာ နအဖတို့
စွပ်စွဲသလိုသာ ဟုတ်နေရင် ဖမ်းရတော့မှာပေါ့။ အခုတော့
အကြံအဖန်ဇာတ်ကွက်ဖြစ်မှန်း နိုင်ငံ တ၀ှမ်းလုံးကလည်းသိ၊
တစ်ကမ္ဘာလုံးကလည်းသိဆိုတော့ကာ နအဖတို့ အရှက်အဖက်တင်လို့
ပြန်လွှတ်ပေးလိုက်ရတာပေါ့လေ။ နအဖတို့အတွက် ကံများကောင်းချင်တော့ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး မဲခွဲဆုံးဖြတ်မယ့် အချိန်လေးနဲ့
ကိုက်ပြီး ပြန်လွှတ်ပေးဖို့ အခွင့်အရေးရသွားတယ်။ ကံများဆိုးချင်တော့
နအဖတို့ပြောသမျှ လုပ်သမျှတွေဟာ အာပလ အာပလာ အာပလာတွေချည်းပဲဆိုတာ
တစ်ကမ္ဘာလုံးကလည်းသိ မြန်မာတစ်နိုင်ငံလုံးကလည်း သိ။ ဟိုး ကလေး ဘုဇုခရု
ပုပုတုတုလေးတွေကအစ သိကုန်ကြတာ ရှက်စရာ ရှက်စရာ (အဟားရေ့… အဟေ့…)။
အင်းနော် “အခုတော့ ကြောက်နေရပြီ” ဆိုတဲ့ စိုင်းထီးဆိုင်
သီချင်းစာသားလေးရွတ်လို့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၊ နအဖရဲချုပ်
ခင်ရီ၊ နှစ်ယောက်ပေါင်းတော့ ဒါရိုက်တာ ကျော်ရီခင်ဆန်းတို့ခမျာ
မီဒီယာသမားတွေကို ဟိုနေရာပုန်းလိုက်၊ ဒီနေရာရှောင်လိုက်နဲ့ ပြူးတိ
ပြူးကြောင်လေးတွေဖြစ်နေတာ ရယ်ချင်စရာ၊။ “မီဒီယာကို
မီဒီယာနဲ့တုန့်”ဆိုပြီး လုပ်လိုက်တာ (ဟမ်…) အခုတော့ ဘယ်လိုဖြစ်ကြသတုံး။
ကင်ဇို့အိပ်မက်ထဲကလို ဒါရိုက်တာ ကျော်ရီခင်ဆန်း တို့ခမျာ
ကတ္တရာစေးတုံးတွေ ငုံထားကြာတယ်နဲ့တူတယ်။ ဒါမှမဟုတ် ပုတက် ပုတက် ခြေကား
ယား လက်ကားယားနဲ့ တမျိုး၊ ဗိုက်ပူပူ တင်ကောက်ကောက်ကြီးကို
မနိုင့်တနိုင်မ,လို့ တဖုံ၊ နေရာအစုံကို လျှောက်ပြေးသွားနေကြာသလား
ဟရိုး။ မီဒီယာသမားတွေ မိုက်ကရိုဖုန်းတို့ ကင်မရာတို့နဲ့များ
လှမ်းပေါက်လို့ ထိပ်ပေါက်သွားကြပလားကွယ်။ အမလေးနော် ကင်ဇိုလေ၊ ကင်ဇို
သိပ်စိတ်ပူလိုက်တာနော် အဟော့… အဟော့… အဟော့…။
xxxxxxx
ကင်ဇို (၁၈၊ ၁၊
၂၀၀၇)
|