Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

ထာဝရမိတ်ဆွေ၊ ထာဝရရန်သူနှင့် ထာဝရအကျိုးစီးပွားများ 

ခွန်ဆိုင်း (၂၁.၇.၂၀၀၈)

မေလရဲ့နာဂစ် အလောင်းသိန်းသောင်းတွေပေါ်နင်းပြီး နအဖက တိုင်းပြည် စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံကို အဲဒီမေလထဲမှာတင် ပြောစမှတ်ဖြစ်ကျန်ရစ်လောက်အောင် မအောင့်နိုင်၊ မစောင့် နိုင်၊ မရှက်နိုင်မကြောက်နိုင် အနိုင်ကျင့် အတည်ပြုလိုက်ကြတာ။ ၉၂ ရာနှုန်း ထောက်ခံ တယ်လို့ အံ့ဘွယ် ပြောင်ပြောင်စာရင်းတွေပြလိုက်ကြတာ။ ခုတော့ သူ့လူတွေ ရွေးကောက်ပွဲဝင်ဘို့ ပြင်ကြတော့လို့ အချက်ပြနေပါပြီ။ ဒီတခါ ထူးထူးခြားခြား ကိုယ်ဘက်ကစလို့ ဂန်ဘာရီကို ဖိတ်ရတာက သူ့အကျိုးစီးပွား နအဖမှာ သိပ်ပြောချင်နေတဲ့စကားတွေ ရှိတယ်။ ပြောမယ့်စကား အနှစ်ချုပ်က ကျွန်တော်တို့ လမ်းပြမြေပုံ(၇)ဆင့်ချ- မနေမနားလုပ်လာတာ အခု အဆင့် (၄)ဖြစ်တဲ့ ဖွဲ့စည်းပုံအတည်ပြု ပြီးသွားပြီခင်ဗျ။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပြီးရင် ဘယ်သူနိုင်နိုင် အနိုင်ရပါတီကို စနစ်တကျ အာဏာလွှဲပေးမှာပါ။  NLD အပါအဝင် အတိုက်အခံတွေအားလုံး ပါဝင်ယှဉ်ပြိုင်ကြဘို့ ခွင့်ပြုထားပါတယ်။ ဖိတ်ခေါ်ထားပါတယ်။(ကျုပ်တို့သဘောထားကြီးပါတယ် ပေါ့)။ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေလည်း လက်နက်စွန့်ပြီး (လက်နက်မချခိုင်းပါဘူး) ပါတီ ထောင်၊ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပါတယ်ပေါ့။

မုန်တိုင်းဒဏ်ခံပြည်သူတွေအတွက်လည်း ကျွန်တော်တို့က စနစ်တကျပံ့ပိုး၊ နိုင်ငံတကာ အကူအညီတွေလည်း ထိထိရောက်ရောက် ကူညီစေပြီးပါပြီပေါ့။ ဒါပေမယ့် ငွေတွေတော့ ထပ်လို နေပါသေးတယ်ခင်ဗျ။ ကူပါဦးပေါ့။

ဒါတွေ အဓိကထားပြောဘို့ခေါ်တာပါ။  

အော်- ဒေါ်အောင်ဆန်းစုကြည်နဲ့ ရဟန်းသံဃာတွေ၊ ကျောင်းသားခေါင်းဆောင်တွေ ဆိုတာလား။ အတိုက်အခံတွေ လွှတ်ပေးဘို့ဆိုတာလား။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အားလုံးကို တယောက်မကျန် အသေအချာ လွှတ်ပေးမှာပါ။ ခုတော့ စိစစ်တုန်းပါ။

ခြင်းထဲ အားလုံးထည့်ပြီးသွားပြီ။ ၁၄ နှစ်တောင် ကြာသွားတယ်။ တချို့တွေတော့ အရပ်သားချင်း ရိုက်သတ်ခိုင်း၊တချို့တွေတော့ ထောင်တွေထဲထည့်ထားရတာ။ သိပ်မများပါ ဘူး။ နှစ် ၂၀ ထဲပါ။ ဒီလောက်ပါ။ တရားမဝင်ဝင်အောင် လုပ်ရတာဆိုတော့ နဲနဲတော့ အရုပ်ဆိုး တာပေါ့။ ၂၀၁၀ မှာ စစ်တပ်ထဲဆက်နေဘို့ အရွယ်ရှိသေးသူတွေကတော့ ဆက်နေ။ မြဲမယ့် အာဏာထဲမှာ ဒါက အသေချာဆုံး။ စစ်တပ်မှာမလိုလို့ အိုလို့မှ ပယ်ခံရတော့မယ့် စစ်သားတွေ တွက်တော့ ပါတီတခု ဖွဲ့တော့ပေါ့။ ခက်တာက ခုလို နေ့စားခပေးပြီး ဒိုင်နာကားတွေနဲ့ လိုက်ခေါ် တင်မှ လူစုလို့ရတဲ့ ဝါးရင်းတုတ်တရမ်းရမ်း လူတွေနဲ့ လူရိုသေရှင်ရိုသေ ပါတီတခုထောင်ဖို့ မလွယ်တာ၊ လူတွေကြား စည်းရုံးရေးဆင်းဖို့ခက်တာ သူတို့သိတယ်။ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား သမ္မတ လူကြမ်းနဲ့ ဘနဖူးသိုက်တူးပါတီမျိုးတွေဘဲ ဖြစ်လာမှာ။ ရုပ်ပြ ကောင်းအောင် မြို့မိမြို့ဖဆိုတာတွေ ခေါင်းအငှါး ရှာကြမယ်ဆိုပြန်တော့ သိက္ခာသမာဓိနဲ့ တသက်လုံးနေလာတဲ့ လူကြီးလူကောင်း စစ်စစ်တွေက ပတ်သက်ချင်မှာမဟုတ်ဘူး၊ ဝေးဝေးဘဲ နေခဲ့ကြတာကလား။ နိုင်ငံရေးအာဏာကို စီးပွါးတွက် တွက်တဲ့ ခါတော်မှီသူဌေးတချို့လောက်ဘဲ ကြံ့ဖွတ်လေလည်တာကို ဝမ်းသာမှာ။ စည်းရုံးလို့ရမှာ။ ဒါလည်း ပြည်တွင်းဖြစ်ကိုအားပေးပါဆိုတဲ့ စကားလုံးသက်သက် တန်ဆာဆင် မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ပါတီအတွက် အရေးပေါ်မူဝါဒတို့၊ လုပ်ငန်းလမ်းစဉ်တို့ဆိုတာတွေကို ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားဆိုတာတွေဆီ သွားရေးခိုင်းပြီးမှ အဲဒီ ခါတော်မှီအမတ်လောင်းတွေကို ကျက်ခိုင်းရဦးမှာ။ ဒါပေမယ့် စိတ်ပူစရာ တော့ မရှိပါဘူး။ ခြင်းထဲကြက်တွေဆိုတော့လည်း အတောင်မခတ်နိုင်၊ အောက်အီးမတွန်နိုင်ပါဘူး။ ခြင်းကြားက တခါတခါ ခေါင်းထွက်တာ လောက်၊ အချင်းချင်း တကောင်ခေါင်းတကောင် ဆိတ်တာလောက် လုပ်နိုင်တော့မှာပါ။ သမဂ္ဂတွေ၊ အသင်းအပင်းတွေဖွဲ့ဖို့ ခေါင်းထွက်ပြောလာ ရင်လား။ ကိုယ့်ဘက်မှာ တည်ဆဲဥပဒေ တွေ ရှိတာဘဲ။ အဲဒီနှုတ်သီး ကပ်ကျေးနဲ့ညှပ်ပေးလိုက်၊  တောင်ပံကြား လက်ဝါးစောင်း တင်ပေးလိုက်။ ဒါမှမရရင် ထိပ်အလေးနဲ့ထုထည့်လိုက်။

ဒါနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ကိုတောင် မေ့နေတယ်။ နှိုးပြီး အိမ်ပြန်ပို့ လိုက်ကြတော့လေ။ ဂန်ဘာရီလာလို့ အလိုက်ကန်းဆိုးမသိ တောင်မေးမြောက်မေး   မေးနေဦး မယ်။ သရုပ်ဆောင် အရေးပေါ်ခန့်လိုက်ရတာ တော်တော်ပင်ပန်းသွားပြီ။

……………………။။။။။။။။။။။။။……………….။။။။။။။။။။ ……………….

 

NLD ရွေးကောက်ပွဲမဝင်တော့ဘူးဆိုတာတော့ အတော်ဝမ်းသာဂုဏ်ယူစရာ ဆုံးဖြတ် ချက်။ ဒါ ၁၉၉၀ လူထုဆန္ဒအစစ်ကို လေးစားပြလိုက်တာဘဲ။ ပါတီဖျက်ခံရမှာလား။ မပူပါနဲ့။ ဘာသာ၊ သာသနာကိုစောင့်တာ ဝိနည်းအဘိဓမ္မာဆိုရင် တကယ့်လူထုပါတီကို စောင့်ရှောက်တဲ့ အသက်က ဒီမိုကရေစီဝိဉာဉ်လို့ပြောလိုက်။ ဒီမိုကရေစီဝိဉာဉ် လူထုကြားရှင်သန်နေသရွေ့ လူထုကို အချိန်မရွေး နှိုးလို့ရပါတယ်။ လိပ်ပြာလုံလုံခေါ်လို့ရတယ်။ လူစုလို့ရတယ်။ ခေါ်တဲ့နေရာ ကို ကိုယ့်ထမင်းကိုယ်စား ချီတက်လာကြလိမ့်မယ်။ အဲဒီဝိဉာဉ်သေသွားရင်တော့ လူထုကိုမခေါ်နဲ့ တော့။ အယောင်အချောင်သမားတွေသာ ဒိုင်နာကားနဲ့ခေါ်၊ နေ့စားခနဲ့ခေါ်၊ အရက်တိုက်ခေါ်၊ လူစုလို့ရတော့မယ်။ ဗမာ့နိုင်ငံရေးမှာ ပါတီမရှိလည်း လုပ်တတ်တဲ့လူတွေလုပ်လို့ ခေတ်ပြောင်း သွားတာ တွေ့ခဲ့ကြမို့လား။ နှစ် ၂၀ စုထားတဲ့ အထုအထောင်းခံ၊ မီးပြင်းတိုက်ခံ၊ လေမိုးဒဏ်ခံ အင်အားစုကြီးက ဂုဏ်သိက္ခာရှိရှိ လူထုကြားမှာ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေတယ်။ လူထုဘက်ကရပ် အကျိုးမဆောင်နိုင်ပဲနဲ့တော့ ဘာနံမည်ခံပြီးလိမ်လိမ် လူထုကို လိမ်လို့မရဘူး။ လူထုက မအူဘူး။ မနဘူး။ စစ်အာဏာရှင်ကို မကြိုက်၊ ဆန့်ကျင်ပါတယ်ဆိုပြီး ပါတီထောင်ရွေးကောက်ပွဲဝင် နိုင်ငံရေးလုပ်၊ ဒီနှစ်၂၀အတွင်း တယောက်မှအဖမ်းမခံရဘူးဆိုတဲ့ အဲဒီပါတီမျိုးကို လူထုက ယုံမယ်ပုံမယ်ထင်လား။ ပြဿနာနဲနဲရှိတာက တတိယအင်အားစုဆိုတာတွေ။ တချိန်က စစ်အာဏာရှင်ဖြုတ်ချရေးလုပ်ခဲ့တဲ့နေရာမှာ တချို့လည်း ဦးဆောင်ခဲ့။ ဦးသန့်၊ ဘုန်းမော် စတဲ့ အရေးတွေမှာ ပါခဲ့ကြတာဘဲ။ နောက်တော့ ရွေးကောက်ပွဲက တပ်အလှန် ရဲမွန်ကအပြန်လမ်း တွေမှာ ဓါတ်တွေပျက်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်း လူထုကို ဒုက္ခတွင်းကထုတ်ရမယ့်အစား သမင်နဲ့ကျား တခြံထဲထားလို့ရပါတယ်။ ဒီမိုကရေစီနဲ့ အာဏာရှင်ကြား ပါးပါးလေးပါ။ ရောသမ မွှေလို့ ရပါတယ် လုပ်ကြတယ်။ ခု သူတို့စဉ်းစားနေရတဲ့အချိုးအကွေ့က စစ်တပ်ကျောထောက် နောက်ခံပြု ပါတီကို ဝင်ရမှာလား။ ကြံ့ဖွတ်နဲ့ပေါင်းရမှာလား။ တသီးပုဂ္ဂလရပ်မယ်ဆို လူထုက ဘယ်အားကိုးပါ့မလဲ။  NLD နဲ့ ၈၈မျိုးဆက်တွေကို သစ္စာဖေါက်ပြီး တသီးပုဂ္ဂလ နာမည်ခံခဲ့ကြ တာ။ ခုတော့ နအဖနဲ့ NLD ၊ ဒီမိုကရေစီနဲ့ အာဏာရှင်တွေကြားမှာ တတိယအင်အားတွေ ဖြစ်လာမလား။ တသီးပုဂ္ဂလ နတ်အိုးကွဲတွေဘဝနဲ့ လူထုယုံကြည်ထောက်ခံမှု ရဦးမလားဆိုတာ ဘဲ။

ဗိုလ်မှူးအောင်လင်းထွဋ္ဋ်ဟာ တချိန်က နအဖအတွင်းစည်းထဲကလူ၊ ဒီမိုကရေစီရဲ့ အတိုက်အခံရန်သူတဦးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နာဂစ်ပြီးတဲ့အခါ နအဖလုပ်ပုံကိုင်ပုံတွေ ကြည့်၊ သူစိတ်ပြောင်းပြီး အာဏာရှင်တွေကို ရွံမုန်းတာတွေ ဖြစ်လာတယ်တဲ့။ သူတတ်နိုင်တဲ့ နည်းနဲ့ အာဏာရှင်တွေကို ပုံဖေါ်ဘို့၊ ဆန့်ကျင်ချေဖျက်ဘို့ ကြိုးစားပါတယ်။ ဒီနေ့ ဒီမိုကရေစီရေး မှာ မိတ်ဆွေကောင်းဖြစ်ဘို့ သူကြိုးစားရပ်တည် စွမ်းဆောင်လာတာတွေကို ကျွန်တော်တို့ အသိအမှတ်ပြုရပါတယ်။ ကျွန်တော်တို့ နားလည်မှုနဲ့ လက်ကမ်းကြိုပါတယ်။  

ဂန်ဘာရီက ခရီးစဉ်အလည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပန်ကြားလွှာ ကို သယ်သွားပေးပြီး စင်္ကာပူသတင်းစာရှင်းလင်းပွဲကနေ ဝေချလိုက်တဲ့အခါတုန်းက နအဖ ဒေါပွပြီး ဂန်ဘာရီဆိုတဲ့လူ သံတမန်ကျင့်ဝတ် ဖေါက်တယ်။ ကုလသမဂ္ဂကလည်း နိုင်ငံကြီးတွေ ဘက်က လိုက်နေတယ်။ အတိုက်အခံတွေဘက်က ပင်းနေပါတယ်လို့ ဒေါနဲ့မောနဲ့ ပြောခဲ့ တာတွေ။ ဂန်ဘာရီထပ်လာဘို့လုပ်တာကို ဂန်ဘာရီမလာနဲ့တော့လို့ မပြောရုံတမယ် နေ့ရွှေ့ ညရွှေ့ လုပ်နေခဲ့တာ ပူပူနွေးနွေးကြီးရှိတုန်း အားလုံးအသိ။ နောက် ကုလက အချိုးပြင်ပြီး အတိုက်အခံတွေ လွှတ်ပါ။ အားလုံးပါကြမှဖြစ်မယ်။ မြင်သာထင်သာလုပ်ပါ ဆိုတဲ့ လေတွေ ဖျောက် ကိုယ့်စကားကိုယ်မြို အောက်ကျို့ဝင်ပြီး ခင်ဗျားတို့မြေပုံ မြန်မြန်တူး၊ လုပ်ငန်းစဉ်တွေ  မြန်မြန်ပြီးအောင် လုပ်လို့လည်း ဆိုလိုက်ရော အချိုးက ပြောင်းသွားပြန်တယ်။ ကုလသမဂ္ဂ ခင်မျာ သူကပြစရာ အခန်းကတောင်မရှိတော့သလို ဖြစ်နေလို့ ငြိမ်နေတဲ့အချိန်ကျမှ တကူးတက ဖိတ်တယ်ဖြစ် ပြန်တယ်။ နအဖ သူလုပ်ချင်တာလုပ်ပြီးပြီဆိုတော့ ပုဏ္ဏတိုင်ထူဘို့ လိုလာပြီလေ။ ဒီတခါ ကုလ သမဂ္ဂကို သူအသုံးချရင် ဖြစ်နိုင်လောက်တယ်လို့ သူတွက်သကိုး။

၁၉၅၈ ကတည်းက ကရင်အမျိုးသားတွေအတွက် KNU ကို ဝင်ခဲ့တဲ့ တော်လှန်ရေး သမား ဒုဗိုလ်မှူးကြီး စောဂေထူးဟာ မကြာခင်က နအဖဖက်ကမ်းကိုကူးပြီး ကရင်အမျိုးသား တွေရဲ့ပြဿနာ အဖြေထွက်မလား သွားရှာကြည့်တယ်။ နောက် အဖြေမထွက်နိုင်လောက်ဘူး၊ မယုံကြည်လောက်ဘူးလို့ ခံစားရလို့ မနေ့တနေ့က KNU ဘက်ကမ်း ပြန်ကူးလာတဲ့အခါ  သူ့ တိုက်ဖေါ်တိုက်ဘက်တွေက မေတ္တာမပျက် ကြိုဆိုတာကြားရလို့ ပီတိဖြစ်မိတယ်။

ရဲတွေထောင်ကျတဲ့အခါ ထောင်ထဲမှာ သူတို့ဟာ သနားဘို့ကောင်းနေတတ်ပြီး သူတို့ အတွက် အသက်အန္တရာယ်လည်း အရမ်းကြီးနေတတ်တယ်။ ထောင်ကျဆောင်မှာပို့လိုက်လို့ လူဆိုးတွေနဲ့ တူတူသွားနေရတဲ့အခါ လူဆိုးတွေက သူတို့ကို နှိပ်စက်ခဲ့ဘူးတဲ့ ရဲတွေဆိုပြီး ညကျတော့ စောင်အုပ်ပြီး ဝိုင်းကန်ကြ၊ ထိုးကြိတ်ကြ လုပ်တယ်။ ဒဏ်ရာတွေနဲ့ ကွဲပြဲ ဖူးဖူးယောင်ပြီး တိုက်ထဲရောက်ရောက်လာတာတွေ မကြာမကြာ တွေ့ခဲ့ရဖူးတယ်။ ဒုက္ခပေး နှိပ်စက်ခဲ့တဲ့ ပြစ်မှုအကုသိုလ်အလိုက် သူတို့က သားကောင်တွေပြန်ဖြစ်။ သူတို့ကို သတ်ဖို့ ချောင်းတာ တခါပြန်ခံကြရတာ။ ဒီလိုပြန်အနိုင်ကျင့်တာခံရတာတွေ့တော့ အော် - ဝဋ်ဆိုတာ ဒါလားလို့ တွေးမိဖူးတယ်။ ရဲတွေ မကြာခဏအသတ်ခံရတတ်လို့ နောက်ဆို လူဆိုးတွေရှိတဲ့ အဆောင်တွေမှာ မထားရဲတော့ပဲ ကျဉ်းကျဉ်းကြပ်ကြပ် ၅(ည)တွေရှိတဲ့ တိုက်တွေမှာ လာထည့် ထားတယ်။ ဒီမှာလည်း ဒုက္ခကမသေးဘူး။ စိတ်ကျဉ်းကြပ်ရတဲ့အထဲ တိုက်က ၅(ည)တွေက တရားဟောသေးတယ်။ ပုလိပ်ကျင့်ပုလိပ်ကြံမပျောက်ရင်တော့ မျက်နှာသာမပေးဘူး။ လူထုကို ဒုက္ခပေးတဲ့ပြစ်မှုတွေ တသီတတန်း ထထရွတ်တော့ ရဲတွေ စိတ်ညစ်တယ်။ နောက်တော့ မှော်ဘီတိုက်ကြီးဘက်မှာ ရဲတွေအတွက် သီးသန့်ရဲဘက်စခန်းဆိုတာ သက်သက်ထွင်ပေးရ တယ်။ ရဲတွေထောင်ကျလာတာနဲ့ မြန်မြန်ထောင်ပြင်ထုတ်ပြီး အဲဒီသီးသန့်ရဲဘက်စခန်းကိုပို့တယ်။

 ခုဆို ဖြုတ်ထုတ်ရှင်းခံထားရတဲ့ ထောက်လှမ်းရေးတွေ ထောင်တွေထဲမှာ ထားရတာ တော်တော်ခက်သတဲ့။ အဆောင်မှာလည်းမထားရဲ။ တိုက်တွေမှာလည်း သဟဇာတမဖြစ်နဲ့ ထောက်လှမ်းရေးရဲဘက်စခန်းဆိုတာလည်း ဘယ်ထွင်ရဲမှာလဲ။ နအဖ ဒုက္ခများတယ်။ သီးသန့် နေရာတွေရှာရတာ ထောင်ထဲမှာ တော်တော်ခက်။ ဒီနေ့ဗမာပြည်ကြီးက ထောင်ပါဘဲ။ ဘုရားပွဲလေးတောင် ဘယ်မှာလွတ်လွတ်လပ်လပ် ကျင်းပခွင့်ရလို့လဲ။ အထက်အမိန့်ခံရတာ ကလား။

အာဖရိကမှာ ဇင်ဘာဘွေသမတ မူဂါဘီဆိုတာ တချိန်က လူဖြူမြေတွေသိမ်း မြေယာ ဝေခြမ်းရေးတွေ ဇွတ်လုပ်ပြီး တိုင်းပြည်မှာ တော်တော်လူကြိုက်များခဲ့ဘူးတာပါ့။ နှစ်တွေကြာ အာဏာတွေရူးသွားတော့ ဒီနေ့ ဗိုလ်ချုပ် ၆ ယောက် ဇက်ချုပ်တဲ့ နိုင်ငံရေးမရဏရထားကို ဆွဲနေရရှာပါတယ်။ နောက်ဆုံး ရွေးကောက်ပွဲမှာ အတိုက်အခံ မော်ဂန်ချန်ကရိုင်း နိုင်သွားတော့ အကြောင်းတွေအမျိုးမျိုးပြ အာဏာလွှဲရမှာ မလွှဲဘဲ ထပ်ပြိုင်မယ်တဲ့။ ခလေးတွေကစားသလို ဘွာတေးလုပ်တာပေါ့။ နောက်ထပ် ရွေးကောက်ပွဲထပ်လုပ်တယ်။ ဒီတခါ မရှုံးရအောင် မနိုင်နိုင်တဲ့နည်းနဲ့ အတိုက်အခံတွေကို လိုက်ရိုက်သတ်တယ်။ လူတရာကျော် သေတယ်။ ချန်ကရိုင်းကိုလည်း သတ်မယ်ပေါ့။ ခြိမ်းခြောက်တယ်။ ချန်ကရိုင်းတယောက် သူ့လူတွေက မတရားသေ၊ သူလည်း အသက်ဘေးနီးဆိုတော့ ကြုံရာသံရုံးတခုထဲ ဝင်ပြေးရရှာပြီး ရွေးကောက်ပွဲမဝင်တော့ပါဘူး ပြောတယ်။ ဒါနဲ့ မူဂါဘီက ပြိုင်ဘက်မရှိသမတ ပြန်လုပ်တယ်။

ပွဲက သရုပ်ပျက်လွန်းနေတော့ တကမ္ဘာလုံးပွက်လောရိုက်နေပြီး ဒီနေ့ဘဲ တောင်အာ ဖရိကသမတ အမ်ဘီကီဝင်ညှိပြီး အောင်မြင်တယ်ဆိုတယ်။ ညီညီညွတ်ညွတ် ပြန်လုပ်ကြဘို့ သဘောတူသွားကြသတဲ့။ အာဏာခွဲဝေကြရမှာပေါ့။ ၁ဝ နှစ်ကြာ ရန်သူပြိုင်ဘက်တွေ ခုတော့ လည်း လက်ဆွဲနှုတ်ဆက်နေကြ။ ဒါ ကောင်းတဲ့လက္ခဏာပါ။ တဖက်မှာတော့ မြေဇာပင်ဖြစ်တဲ့ ပြည်သူတွေက သေကြေနေတုန်း။ လတ်လတ်ဆတ်ဆတ် အသုဘချနေတဲ့ သတင်းကို ပြနေ တုန်းဘဲ။ တရားခံဘယ်မိမှာလဲ။

သတင်းထဲမှာ သိသာတာက သူတို့နှစ်ဖက် လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ တချိန်လုံး အရိုက်အနှက်ခံရ၊ သေပြေးရှင်ပြေး ပြေးခဲ့ရတဲ့ ထာဝရအရှုံးသမား ချန်ကရိုင်းအပြုံးက တောက်ပနေပြီး သမတကြီး မူဂါဘီမျက်နှာက မျောက်သံပုရာသီးခွံ့ခံထားရသလို အတော် ကျဉ်းကြပ်ပြီး ဒုက္ခရောက်နေတဲ့ ပုံတွေ့ရတယ်။               

ဒါတွေကေ လာကသဘာဝဘဲ။ သာသနာရေးကိစ္စလုပ်တာမှာတောင် လူထုတွေရဲ့ဒုက္ခ တွေကို မသိချင်ယောင်ဆောင်နေပြီး နအဖမြှောက်စားတာတခုပဲ သာယာမိရင် နအဖအကြိုက် ဘက်လိုက်လို့များ တရားဟောမိရင် နအဖဘုန်းကြီးဖြစ်ရတာဘဲ။ ဒီမိုကရေစီဘက်ကရပ်ရင် လည်း ဒီမိုကရေစီဘုန်းကြီးဖြစ်မှာဘဲ။ မြတ်စွာဘုရား ဟောကြားဆုံးမတော်မူခဲ့တဲ့ ၃၈ ဖြာ မင်္ဂလာမှာ "အသေ၀နာစဗာလာနံ"လို့ဘဲ ဟောမြွက်တော်မူခဲ့တယ်မဟုတ်လား။ လူမိုက်ကို ရှောင်ဘို့ ဟောမြွက်တော်မူခဲ့တာ။ ပေါင်းဘို့  မြွက်တော်မမူခဲ့ဘူးလေ။   

 

٭٭٭٭٭٭

 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com