|
ည ၁၂ နာရီ
ထိုးချေပြီ…။
စစ်ခြင်ထောင်တွေ အစီအရီထောင်ထားသော အိပ်ယာတွေကို ဖြတ်သန်းကာ နောက်ထပ်
ကင်းတာဝန်ကျမည့်သူ၏ အိပ်ယာသို့အရောက် ခြင်ထောင်ကို လှပ်ရင်း-
`သူငယ်ချင်း၊ ထ..ထ၊ မင်းကင်းအလှည့် ကျပြီ´
အိပ်မှုံစုံမွှားဖြင့် ထလာသော သူ့ကို လက်ထဲက ၀ါးရင်းတုတ်
အသာထိုးထည့်ပေးရင်း ကျနော့်အိပ်ယာဆီကို အရောက်မှာတော့ အပြင်ဘက်က
အသံတခုက ဘားတိုက်ထဲသို့ ပျံ့လွင့် လာပါတယ်။
`တပ်စုအလိုက်…၊ ကင်းသတင်း ပို့(((((((´
***
ဒီတပ်သားသစ်
လေ့ကျင့်ရေးသင်တန်းကို ကျနော်ရောက်ရှိခဲ့တာ သုံးပတ်ခန့်မျှသာ
ရှိပါအုံးမယ်။ သင်တန်းသား ၂၅၀ ကို တပ်စုလေးစုခွဲလို့ နေရာချပေးတော့
ကျနော်က တပ်စု(၃)မှာ ကျပါတယ်။ ကျနော့်တပ်စုမှာ တပ်သားသစ် သင်တန်းသား ၆၃
ယောက် ရှိပါတယ်။
မနက်စောစောထ
အပြေးလေ့ကျင့်ခန်းလုပ်၊ စစ်ရေးပြသင်ခန်းစာ လေ့ကျင့်၊ ညနေ
စောင်းရောက်တော့ ဖက်ထိပ်လုပ်နဲ့ တခါမှ မလုပ်ဖူးတဲ့ အလုပ်တွေနဲ့
ကျင်လည်လာလိုက်တာ လူလဲ အသားတွေညိုလို့ မျက်နှာတွေတောင်
ချောင်ကျချင်ချင်…။
အိပ်မယ်ဆိုပြီး အိပ်ယာထက် လှဲလိုက်ပေမယ့် မနက်က အဖြစ်အပျက်ကို
တွေးမိပြီး မျက်လုံးတွေက ကြောင်တောင်တောင်နဲ့ အတွေးတွေဟိုဟိုဒီဒီ
ပျံ့လွင့်နေမိတယ်။
***
ကျော်ဝင်း…။
ဒီကောင်လေး အသက် အလွန်ဆုံးရှိလှ ၁၄ နှစ်ပေါ့။ တိုင်းရင်းသား
တမျိုးမျိုးဖြစ်ဟန် လေသံဝဲ၀ဲနဲ့ ဗမာစကားပြောတော့ စကားက ထစ်လိုက်တာများ
တလုံးတလုံး ပြောဖို့ကို တော်တော်နားထောင်ယူရတယ်။ ဒါပေမယ့် သူဝင်လာတာက
ဆက်သွယ်ရေးတပ် အင်အား..တဲ့။ ရုပ်ရှင်တွေထဲမှာတော့
ဆက်သွယ်ရေးတပ်သားဆိုတာ စကားကို ခပ်သွက်သွက် အင်မတန်ပြောရတာကလား…။
`ငါ့အသံကြားလား၊ အသံဘယ်လောက်ကြားလဲ၊ ပျံလွှားမှ စင်ရော်၊ ဘာဖြစ်တယ်
ညာဖြစ်တယ်´ စသဖြင့်နဲ့ ခပ်မြန်မြန်ပြောကြရတာတွေ တွေ့ဖူးတော့ အခု
ဆက်သွယ်ရေးတပ် အင်အားအတွက် တပ်သားသစ်လေး ကျော်ဝင်းကိုတွေ့တော့ အဲဒါတွေ
သတိရပြီး ပြုံးမိသေးတယ်။
ကောင်လေးက
ကလေးပေါက်စလေးလို မျက်နှာထားက နုဖတ်နေငယ်ပေမယ့် သူ့ကို ဘယ်သူတွေက
သင်ပေးလိုက်တယ် မသိဘူး။ သူ့ကို `မင်းအသက် ဘယ်လောက်လဲ´ လို့
ဘယ်သူကမေးမေး `ဆယ့်…ဆယ့်ရှိုက်´လို့ လေသံဝဲ၀ဲ၊ အသံထစ်ထစ်နဲ့
ဆယ့်ရှစ်နှစ်ကနေ တပြားသားမှမလျှော့ ပြန်ဖြေတတ်တယ်။
ခန္ဓာကိုယ်လေးက သေးညှက်ညှက်နဲ့မို့ သူ့ကို ညနေ ဖက်ထိပ်အချိန်ဆိုရင်
သူ့ခမျာမှာ မျက်နှာလေး ညှိုးလို့ ခွဲတမ်းကျရာ နေရာကို
လိုက်သွားရလေ့ရှိတယ်။ အဲဒီအချိန်ဆိုတာကတော့ တပ်သားသစ်တွေအဖို့
လူစင်စစ်က ငွေဝယ်ကျွန်လက်သစ် ဖြစ်ရတဲ့အချိန်လို့ ဆိုရမလားဘဲ။ ဝါးခုတ်၊
မြက်ရှင်း၊ အုတ်သယ်၊ ဟိုဗိုလ်ကြီးအိမ် အကူ၊ ဒီဆရာကြီးအိမ်
သန့်ရှင်းရေးနဲ့ များပြား လှတဲ့ ခေါင်းစဉ်တွေ အောက်မှာ လူတွေက
လောက်တောင် မလောက်ချင်အောင် ခွဲတမ်းချခံရ တယ်လေ။ တခါတလေမှာများ
သင်တန်းချိန်တချို့တောင် ဖျက်ပြီး အဲဒီ ဖက်ထိပ်ဆိုတာကြီး လုပ်ရသေး…။
တကယ်ပါ။ လောကမှာ မြန်မာပြည်စစ်သားတွေအတွက် အမုန်းဆုံးနဲ့ မကြားချင်
ဆုံး စကားက ဖက်ထိပ်လို့ပြောရင် လွန်မယ်မထင်ဘူး။ (မှတ်ချက်။
။ မြန်မာစစ်သားများအခေါ် ဖက်ထိပ်ဆိုသည်မှာ Fatigue= ပင်ပန်းဆင်းရဲစွာ၊
မောပန်းနွမ်းနယ်စွာ လုပ်ရသော အလုပ်ဟု အဓိပ္ပာယ်ရပြီး ပြင်သစ်ဘာသာစကားမှ
ဆင်းသက်လာသည်ဟု လေ့လာသိရှိရပါသည်။)
***
ဒီလိုနဲ့…။
တညတော့ ကျော်ဝင်း ပျောက်သွားတယ်။ သူ တယောက်ထဲ မဟုတ်ပါဘူး။ တခြား
တပ်သားသစ် လေးငါးယောက်လဲ ပျောက်သွားကြတယ်။ ပြောသံကြားတာတော့ သူတို့
ထွက်ပြေးတာတဲ့။ အဲဒီညက သင်တန်းဆရာတွေ လိုက်ရှာကြပေမယ့် တယောက်မှ
မမိခဲ့ဘူးတဲ့။ သူတို့ ပျောက်သွားတာရဲ့ အကျိုးဆက်ကတော့ ကျန်ခဲ့တဲ့
သင်တန်းသားတွေကို တန်းစီကွင်းမှာ အကြာကြီး မတ်တပ်ရပ်ခိုင်းပြီး ည
ကိုးနာရီကျော်အထိ သင်တန်းဆရာတွေက ဟိန်းဟောက် စကားတွေနဲ့
ခြိမ်းခြောက်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ စိတ်ထဲကနေ တိတ်တိတ်
လေး ဆုတောင်းလိုက်မိတယ်။
`သူတို့…၊
လွတ်သွားကြပါစေ´လို့။
ကျနော်ကတော့
မပြေးရဲခဲ့ဘူး။ တကယ်တော့ ကျနော့်အိမ်ကို ကျနော် ဒီသင်တန်းက နေ
ဘယ်လိုပြန်ရမယ်ဆိုတာ မသိတာကြောင့်လဲ ပါတယ်။
***
ကျော်ဝင်းတို့ ပျောက်သွားကြပြီး နောက်တနေ့ မနက်ပေါ့…။
ကျနော်တောင်းခဲ့တဲ့ ဆုတောင်းက ကျော်ဝင်းအတွက် မပြည့်လိုက်ဘူး။
အတီးအတနဲ့ ကားဂိတ်မှာ သွားထိုင်နေတဲ့ ရှေ့တလက်မနောက်ပြောင် ဆံပင်နဲ့
သူ့ကို တပ်သားသစ် တယောက်ဆိုတာ လူတိုင်းက သိမှာပေါ့။ ဒီလိုနဲ့ပဲ
တယောက်ယောက်ရဲ့ သတင်းပေးချက်အရ သင်တန်းဆရာတွေက သူ့ကို အဲဒီကားဂိတ်ကနေပဲ
ပြန်ဖမ်းခေါ်လာခဲ့တယ်လေ။
ညနေကျရင်
သင်တန်းသားအားလုံး ရှေ့မှာ စံပြအဖြစ် အပြစ်ဒဏ်ပေးမတဲ့…။
***
`ကဲ…၊
အားလုံး နားထောင်´
သင်တန်းမှူး
ဗိုလ်ကြီးမြဒင်ရဲ့ အသံက ဟိန်းခနဲ ထွက်လာတယ်။ သင်တန်းသား အားလုံး
အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေကြတယ်။ ကျော်ဝင်းကတော့ လက်ပြန်ကြိုး
အတုပ်ခံထားလျက်သားလေးနဲ့ ခပ်လှမ်းလှမ်းမှာ။ ဘေးမှာကတော့ ဇာတ်တူ
သားချင်း တပ်သားသစ် အစောင့်နှစ်ယောက်က ၀ါးရင်းတုတ်လေးတွေ ကိုင်လို့
မှုန်တေတေနဲ့ စောင့်နေကြတယ်။
`အခု
မြင်နေရတဲ့ ကျော်ဝင်းဟာ ဘာအပြစ်ကို ကျူးလွန်လဲ၊ မင်းတို့ သိကြလားကွ´
`……….´
လူအုပ်ကြီးက
အသံတွေ တိတ်နေတော့ သင်တန်းမှူးက အသံကျယ်ကျယ်နဲ့ `ပြောလေကွာ´လို့
ထပ်အော်လိုက်တော့-
`စစ်ပြေးမှုပါ´
ဖျောက်ဆိပ်
အသံတချို့ ထွက်လာတယ်။ ဗိုလ်ကြီးက အတန်ငယ် အားရဟန်နဲ့-
`အေး၊
စစ်တပ်ဆိုတာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ မင်းတို့
အမေ့လင် အိမ်မဟုတ်ဘူး၊ အခု ဒီကောင် စစ်တပ်ထဲကို ၀င်လာပြီးမှ ပြေးတယ်၊
စစ်ပြေးတယောက်ကို ဘယ်လိုဆုံးမမယ်ဆိုတာ မင်းတို့အားလုံးကို အခု
စံပြအနေနဲ့ ပြမယ်´
ဗိုလ်ကြီးက
ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး တန်းစီကွင်း တခုလုံးကို ဝေ့ကြည့်
လိုက်တယ်။ ပြီးမှ-
`တကယ်ဆို
စစ်ပြေးတယောက်ဆိုတာ ထောင်သုံးနှစ်အထိ ချပစ်လို့ရတယ်။ သူ့ကို
လက်ခံထားတဲ့ မိဘ၊ ဆွေမျိုး ဘယ်သူ့ကိုမဆို ထောင် နှစ်နှစ်ချလို့ရတယ်။
ဒါပေမယ့် အခု ကျော်ဝင်းကိုတော့ နောင်ကြဉ်လောက်အောင် စံပြဆုံးမမယ်၊
ကြိမ်ဒဏ်ပေါ့ကွာ´
အင်း…၊
ကြိမ်ဒဏ်လောက်ဆိုတော့ တော်ပါသေးရဲ့ လို့ စိတ်ထဲက ကြိတ်တွေးလိုက် တုန်း
ရှိသေး-
`ငါက
ဆယ်ချက် ရိုက်မယ်။ ဒီသင်တန်းမှာ သင်တန်းဆရာ ဆယ်ယောက် ရှိတယ်။ အဲဒီ
ဆယ်ယောက်က တယောက်ကို ငါးချက်စီ ကျော်ဝင်းကို ရိုက်ရမယ်။ သင်တန်းသား
တပ်စုမှူးလေးယောက်က တယောက်သုံးချက်၊ ဒု-တပ်စုမှူးက နှစ်ချက်စီ
ရိုက်ရမယ်´
မြတ်စွာဘုရား…။ ဦးနှောက်ထဲမှာ ကိန်းဂဏန်းတချို့နဲ့ အလုပ်များသွားတယ်။
ဗိုလ်ကြီး က ဆယ်ချက်။ ဆရာဆယ်ယောက်အတွက် အချက်ငါးဆယ်၊ တပ်စုမှူးလေးယောက်
အတွက် ၁၂ ချက်၊ ဒု-တပ်စုမှူးတွေက ရှစ်ချက်၊ ဟင်.. အချက် ၈၀
တောင်မှပါလား…။ အတွေးစတွေနဲ့ တွက်ချက်နေတုန်း…။
`ဖုန်း´
`အောင်မလေး၊
ဆရာရဲ့ မပြေးတော့ပါဘူး´
ဗိုလ်ကြီးက
စ,ရိုက်နေပါပြီ။ ကျော်ဝင်းရဲ့ အဲဒီ အအော်ကို-
`ဟေ့ကောင်၊
ငါဆရာမဟုတ်ဘူးကွ၊ ဗိုလ်ကြီးကွ´
`ဖုန်း´
`အောင်မလေးဗျ´
`ဖုန်း´
`အောင်မလေး
ဆရာဗိုလ်ကြီး၊ သားမပြေးတော့ပါဘူး´
`စစ်တပ်မှာ
သား မရှိဘူးကွ´
`ဖုန်း၊
ဖုန်း´
`အား´
`ဖုန်း´
`ဖုန်း´
ဗိုလ်ကြီးက
အမဲသတ်နေတဲ့အလား အားရပါးရ ရိုက်ပြီးတော့ သင်တန်းဆရာတွေ အလှည့်…။
တဖုန်းဖုန်းနဲ့ ရိုက်နေတဲ့ အသံကြားမှာ ကျော်ဝင်းရဲ့ အော်သံက
တိမ်ဝင်လာတယ်။ နောက်ဆုံးမှာ တချက်ရိုက်လိုက်တိုင်း `အု´ ခနဲ အသံသာ
ထွက်နိုင်ရှာတော့တယ်။ သင်တန်း ဆရာတွေ ပြီးတော့-
`ကဲ၊
တပ်စုမှူးတွေ ရိုက်၊ ညှာမယ်တော့ မကြံနဲ့နော်၊ ညှာရိုက်တဲ့ကောင်တွေ၊
မင်းတို့ ကို ငါပြန်ရိုက်မှာ´
သင်တန်းဆရာကြီးတယောက်ရဲ့ အမိန့်သံ အဆုံးမှာ ဇာတ်တူသား တပ်သားသစ်
တပ်စုမှူးတွေကလည်း အလှည့်အလိုက် မနွဲ့စတမ်း ရိုက်ကြပြန်တယ်။
`ဖုန်း´
`အု´
`ဖုန်း´
`အု´
`ဖုန်း´
`ဖုန်း´
`ဖုန်း´
နောက်ဆုံးမှာတော့ ကျော်ဝင်းရဲ့ အုခနဲ အော်သံတောင် မကြားရတော့ဘူး။
***
`တပ်စု (၃)
ရှေ့ကင်းကောင်း၊ အကြောင်းထူးမရှိ´
အိပ်ယာထက်မှာ လှဲနေရင်း ကျော်ဝင်းအကြောင်းကို စဉ်းစားနေရာက ကင်းကျ
တပ်သားသစ်တယောက်ရဲ့ အော်သံကြောင့် အတွေးတွေက ကြောက်လန့်တကြား ပြေးထွက်
သွားတယ်။ အင်း မနက်ကျရင် စောစောထရအုံးမှာ အိပ်မှ၊ ညနေကျတော့လဲ
ဖက်ထိပ်ဆိုတာ ကြီးက လုပ်ရအုံးမယ်လေ။ မဖြစ်ပါဘူး၊ အိပ်မှပါ။
ဒီသင်တန်းဆင်းရင် ကျနော်က ဘာဖြစ်မှာပါလိမ့်…။ အင်း…၊ တပ်သားသစ်ကနေ
သစ်တလုံးပြုတ်ပြီး တပ်သားဆိုတာတော့ ဖြစ်လာမယ်ထင်တယ်။ ကျနော်က အဲဒီ
တပ်သား ဖြစ်လာရင် ဘယ်သူ့အကျိုး သယ်ပိုးရမှာပါလိမ့်။ ပြည်သူ့အကျိုးလား၊
ဒါမှမဟုတ်…။ ကဲကွာ၊ မတွေးတော့ဘူး…။
စိတ်ထဲကနေတော့ ဘယ်သူမှ မသိအောင် ကြိတ်အော်လိုက်တယ်။
`တပ်စု(၃)
ရှေ့ကင်းနောက်ကင်းကောင်း၊ အကြောင်းထူးမရှိ´
ဟုတ်တယ်လေ၊ အကြောင်းထူးရယ်လို့ ဘာများ ရှိတာမှတ်လို့…။
x x x x x |