Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

ပြည်သူတွေရေးဆွဲတဲ့ ပြည်သူ့အတွက် ပြည်သူ့လမ်းပြမြေပုံ

ဂါမဏိ

မြန်မာပြည်ကို ကမ္ဘာဆုံးတိုင် စစ်အာဏာရှင်စနစ်အောက် သွတ်သွင်းဖို့ နအဖစစ်အုပ်စု ရဲ့ ဦးနှောက်တထွာတမိုက်နဲ့ ဆွဲထားတဲ့ လမ်းပျက်မြေပုံကို အလားတူ ဦးနှောက်တထွာတမိုက်  ရှိသူတွေက အမွှန်းတင် မိတ်ကပ်လိမ်းပေးနေတာ အားလုံးအသိပါဘဲ။ တဖက်မှာလဲ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်မှ လောက်လောက်လားလား လမ်းပြမြေပုံ မရှိရကောင်းလားလို့ တရုတ်ကြီးအပါအ၀င် နိုင်ငံတကာပိုင်းတချို့က မေးငေါ့တာတွေ ကြုံရပါတယ်။ အခုတော့ ဒါတွေကို တန်ပြန်နိုင်ဖို့ ကျနော်တို့ ၁၉၉၀ မှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက အင်မတန်ကို ရှင်းလင်းပြတ်သားတဲ့ လမ်းပြမြေပုံကို ပြည်သူလူထု အတွက် ရေးဆွဲလိုက်ပါပြီ။

            အဆင့်မြင့်အင်္ဂလိပ်ဘာသာနဲ့ အင်မတန်လှပစွာ ရေးဆွဲထားတဲ့ ဒီလမ်းပြမြေပုံဟာ နအဖညောင်နှစ်ပင်ညီလာခံ ဘာလဲဆိုတာကို ပြည်သူလူထုကို အင်မတန်ကို ရှင်းလင်းပြတ်သား စွာ ဖွင့်ချထားပါတယ်။ ပြည်သူ့လမ်းပြမြေပုံရဲ့ အဆင့်(၁) မှာ ညောင်နှစ်ပင်ညီလာခံတင်မကဘဲ နအဖရဲ့ လမ်းပျက်မြေပုံ (၇) ဆင့်စလုံးကို မြောင်းထဲ ကန်ချပစ်လိုက်ပါတယ်။ ညောင်နှစ်ပင်က ထွက်လာမယ့်ဟာ ဘာကြီးဘဲထွက်လာလာ နအဖက ပုံနှိပ်ထုတ်ဝေတဲ့ စက္ကူတရွက် အဆင့် သာရှိပြီး တနိုင်ငံလုံး မလွဲမသွေ လိုက်နာရမယ့် အခြေခံဥပဒေမဟုတ်ဘူးလို့ ရှင်းရှင်းပြောလိုက် ခြင်းဖြင့် နအဖရဲ့ ညီလာခံ၊ နအဖရဲ့ ပြည်သူ့ဆန္ဒခံယူပွဲ၊ နအဖရဲ့ ရွေးကောက်ပွဲသစ်တွေကို အပြီးအပြတ် ပယ်ချပစ်လိုက်တာဖြစ်ပါတယ်။

ကျနော်တို့ ဒီဘက်က အတိုက်အခံတွေက နအဖလမ်းပျက်မြေပုံကို အဆင့်တိုင်းမှာ တိုက်ဖျက်ရေး ဗျူဟာချထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ လမ်းပြမြေပုံက တော့ နအဖအဆင့်အားလုံးကို အဆင့် (၁) မှာတင် နင်းချေပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၄ ခု၊ မေ (၁၄) ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ခဲ့တဲ့အတိုင်း ဦးတည်ချက် (၆) ရပ်တို့၊ အခြေခံမူ (၁၀၄) ချက်တို့ဟာ (နအဖဘက်က တင်ပြတဲ့) စဉ်းစားရန် အချက်များ သာဖြစ်ရမယ်ဆိုတာနဲ့လဲ လုံးဝ ကိုက်ညီနေပါတယ်။

            ပြည်သူ့လမ်းပြမြေပုံရဲ့ ထက်မြက်မှုနဲ့ လှပမှုကတော့ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခြေခံဥပဒေချဖို့ အဓိကတာဝန်ကို ပြတ်ပြတ်သားသား ဖော်ပြလိုက်တာ ဘဲ ဖြစ်ပါတယ်။ လမ်းပြမြေပုံ အဆင့် (၄) မှာ နအဖရဲ့ “ဥပဒေကဲ့သို့ အာဏာတည်သော” ၁/၉၀ ပြဋ္ဌာန်းချက်ကို အတိအကျယူပြီး အခြေခံဥပဒေနဲ့ ပတ်သက်လို့ ၁၉၉၀ ခု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကို အာဏာကုန်အပ်ထားတယ်။ ဒါကြောင့် ဆန္ဒခံယူပွဲလုပ်ဖို့တောင် ထည့်မထားပါဘူး။ အဆင့် (၃) မှာ နအဖ၊ အဖွဲ့ချုပ်၊ တိုင်းရင်း သားပါတီ-အပစ်ရပ်တိုင်းရင်းသား သုံးပွင့်ဆိုင်ပေါင်းပြီး အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီဖွဲ့ဖို့ ပြောထားတာက မူကြမ်း ဆွဲဖို့သာ ဖြစ်တယ်။ အခြေခံဥပဒေဆွဲဖို့ (သို့မဟုတ်) အခြေခံဥပဒေချဖို့ ပြောတာမဟုတ်ပါဘူး၊ အဆင့် (၃) ဟာ မူကြမ်းအဆင့်ဘဲ ဖြစ်တယ်။ အဆင့် (၄) ကမှ နောက်ဆုံး အပြီးသတ်အခြေခံဥပဒေဖြစ်တယ်။ ဒါကြောင့် အဆင့် (၄) က အခရာ ဖြစ်ပါတယ်။ ဒါဟာ ၁/၉၀ နဲ့ လုံးဝ ကိုက်ညီနေပါတယ်။

အဆင့် (၃) မှာ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီထဲ နအဖကို ထည့်ထားပြီး နအဖညောင်နှစ်ပင်က ထွက်လာမယ့်ဟာကို “အခြေခံရေးဆွဲဖို့” ပြောထားတာကတော့ အတိုက် အခံတွေ ခေါင်းမာတယ်၊ ပျော့ပြောင်းမှုမရှိဘူးလို့ ပြည်တွင်းပြည်ပက ဉာဏ်တထွာတမိုက်သမား တွေ ပြောနေတာတွေကို တန်ပြန်တဲ့အနေနဲ့ရော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအနေနဲ့ပါ ထည့်ထားတာဖြစ်တယ်။ ဒါပေမဲ့ စိတ်ကူးမယဉ်ဘဲ ပြည်သူ့ဘက်ရပ်တည်ရေးမူ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားတာကိုတော့ အဆုံးအဖြတ်ကျတဲ့ အဆင့် (၄) မှာ တွေ့ရပါတယ်။

            နောက်ထပ်လှပမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နာမည်ကို တလုံးမှ ထည့် မထားတာဖြစ်တယ်။ ဗမာပြည် ဒီမိုကရေစီသမားတွေဟာ ဒေါ်အောင်ဆန်းစုကြည်မပါရင် ဘာမှ မလုပ်တတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လွတ်ရေး တောင်းဆိုတာကလွဲရင် ဘာမှမလုပ်တတ် ဘူးလို့ ဦးနှောက်တထွာတမိုက်သမားတွေ ပြောနေကြတာကို ဒီလမ်းပြမြေပုံမှာ လှလှပပ ကျော်လွှားထားတယ်။ အခုလမ်းပြမြေပုံ (၇) ဆင့်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်၊ ဒီမိုကရေစီနာမည်၊ ဖက်ဒရယ်နာမည်တွေ ဘာတခုမှ ထည့်မထားပါဘူး။ ဒါပေမဲ့ အဆင့် (၂) မှာ နအဖ၊ အဖွဲ့ချုပ်အမတ်၊ တိုင်းရင်းသားအမတ်တွေ သုံးပွင့်ဆိုင်တွေ့ဆုံပြီး “အမျိုးမျိုးအဖုံဖုံသော တနိုင်ငံလုံးဆိုင်ရာ အရေးကိစ္စများနှင့် လုပ်ထုံးလုပ်နည်းများ” ဆွေးနွေးရန်ဆိုတာ အင်မတန် ကျယ်ပြန့်ပြီး အင်မတန်လှတဲ့ အကွက်ဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာ တိကျတဲ့ ရှေ့လုပ် ငန်းစဉ်အပါအ၀င် အမျိုးမျိုးထည့်လို့ရပါတယ်။

ဒီပြည်သူ့လမ်းပြမြေပုံဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ ခေါင်းတပ်ထားတာဖြစ်လို့ အင်္ဂလိပ်ဘာသာနဲ့ဘဲ ထုတ်ထားပြီး မြန်မာဘာသာနဲ့ ထုတ်မထားပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာ အားနည်းသူတွေအဖို့ နားလည်မှုလွဲတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီလမ်းပြမြေပုံဟာ ကျနော်တို့ ဒီမိုကရေစီသမားတွေ နဂိုမူလက ချထားတဲ့ တရားကိုယ်တွေ၊ အခြေခံမူတွေနဲ့ ကွဲလွဲမှုရှိမရှိကို အင်္ဂလိပ်စာ ကြိုးစားအားထုတ်ပြီး ကြိုက်သလို ဆန်းစစ်ကြည့်ကြပါ။ အဘက် ဘက်က မှတ်ကျောက်တင်ခံနိုင်ပါတယ်။ ကျနော့်အနေနဲ့ တတ်သလောက် မှတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဖတ်ကြည့်တာတော့ အားလုံးရှင်း၊ အားလုံးမှန်ကန်နေတာ တွေ့ရပါတယ်။

            ပူကျင့်ရှင်းထန်ဆိုတာ မဆလခေတ်မတိုင်မီ ဟိုးအရင်ခေတ် အင်္ဂလိပ်စာတတ် ခရစ်ယာန်ဘာသာဝင် ချင်းအဖိုးကြီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာကျော် ၀ါရှင်တန်ပို့စ် သတင်းစာကြီးမှာ အင်္ဂလိပ်လို ဆောင်းပါးရေးသူ ဖြစ်ပါတယ်။ ၀ါရှင်တန်ပို့စ်ဆိုတာ အလကား သတင်းစာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံထဲက တစ်လတစ်ကြိမ် အင်္ဂလိပ်လိုထုတ်တဲ့၊ တနင်္ဂနွေနံနဲ့ စတဲ့ စာစောင်လေးလို မဟုတ်ပါဘူး။ ဒီတော့ ဒီလိုလူမျိုးရေးတဲ့ အင်္ဂလိပ်စာဟာ အင်မတန်ကို အဆင့်မြင့်မြင့် လှလှပပနဲ့ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။ ဒီစာတမ်းရဲ့ နောက်ဆုံးမှာလည်း အဓိကတာဝန်ခံသူအဖြစ် မိမိနာမည်ကို ဖုံးနံပတ်ကအစ အပြည့်အစုံ ထည့်ပေးထားပါတယ်။ ခိုးကြောင်ခိုးဝှက် ကြောက်ကြောက်လန့်လန့်နဲ့ ရေးတဲ့စာမဟုတ်ဘဲ မိမိဇိုမီးပါတီသာမက လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ညီညွှတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကိုပါ ကိုယ်စားပြုကြောင်း အတိအလင်း ပြထားပါတယ်။ ဒါကြောင့် (၉၂)ယောက်ထဲမှာ လွှတ်တော်ကိုယ်စားပြုကော်မတီ နာမည်ခံတာ (၂) ယောက်ထဲ မဟုတ်ပါဘူး။

ဒါကြောင့် ကျနော်တို့အနေနဲ့ အခုလို ပြည်သူ့ကိုယ်စားလှယ်တွေက ထောင်နှုတ်ခမ်း နင်းပြီး အဆင့်မြင့်မြင့် ချက်ချက်ချာချာနဲ့ ရေးထုတ်လိုက်တဲ့ စာတမ်းကို အတွေးခေါင်တာ (သို့မဟုတ်) မယ်သီလခေါင်း သန်းရှာသလို အတင်းဖြဲရဲပြီး အကျအပေါက်တွေ ချို့ယွင်းချက် တွေ လိုက်ရှာညည်းတွားမနေသင့်ပါဘူး။ ဘယ်လောက်ကြီး ရေပက်မ၀င်အောင်ရေးတဲ့ ဥပဒေဘဲဖြစ်ဖြစ် ရှေ့နေတွေ၊ တရားသူကြီးတွေက ဟာကွက်လစ်ကွက်တွေ ရှာထောက်ပြီး လုပ်စားလို့ရပါတယ်။ ‘၀ိနည်းတတ်ရင် ကြက်သတ်လို့ရတယ်’ ဆိုတဲ့ ဗမာစကားလဲရှိပါတယ်။

ဒီလမ်းပြမြေပုံဟာ နအဖရဲ့ ၅/၉၆ ကို ကျော်လွှားနိုင်ဖို့အတွက် ဘန်ကီမွန်းဆီ အင်္ဂလိပ်လိုပေးစာအဖြစ် ထိုးထွင်းမှုရှိရှိနဲ့ ထက်ထက်မြက်မြက် ထုတ်တာဖြစ်တယ်။ ကုလသမဂ္ဂ က ဒါကို သဘောကျပြီး နအဖကို နားချနိုင်မယ်လို့ တကယ်ယူဆပြီး ထုတ်တာလို့မထင်ပါဘူး။ ဒီတော့ ဒီလမ်းပြမြေပုံရဲ့ အနှစ်သာရက (၁) ကုလသမဂ္ဂနဲ့တကွ တရုတ်၊ ကုလား၊ ရုရှား၊ အာဆီယံတွေကို ပြည်သူ့ကိုယ်စားလှယ်တို့ရဲ့ အမြော်အမြင်ကြီးမှု၊ သဘောထားကြီးမှုပြတဲ့ စင်ပြိုင်လမ်းပြမြေပုံ (သို့မဟုတ်) လမ်းပြမြေပုံအစစ် ခင်းကျင်းပြပေးတာ၊ (၂) နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေတွေ၊ ဆန္ဒခံယူပွဲတွေ၊ လမ်းပျက်မြေပုံတွေကို ပြည်သူလူထုက လုံးဝပယ်ချပစ်ဖို့ တပ်လှန့်အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေတာဝန်က ဒါကို ပြည်သူလူထုထဲရောက်အောင် ဖြန့်ဖို့၊ တိုက်ပွဲလှုံ့ဆော် ဖို့ ဖြစ်ပါတယ်။

နောက်တခု သတိထားဖို့ကတော့ ကျနော်တို့ရဲ့ တွေးခေါ်စဉ်းစားနည်း mind-set ဖြစ်ပါတယ်။ ကျနော်တို့အများစုကြီးဟာ အဓိကအားဖြင့် မဆလခေတ်၊ န၀တ-နအဖခေတ်ကို ဖြတ်သန်းခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့သိတဲ့ အဖွဲ့အစည်းဆိုတာ အဲဒီကာလ တလျှောက် လွှမ်းမိုးကြီးစိုးခဲ့တဲ့၊ ကြီးစိုးနေတဲ့ မဆလတပါတီ (သို့မဟုတ်) စစ်တပ်ဘဲ ဖြစ်ပါ တယ်။ တပါတီအာဏာရှင်စနစ် (သို့မဟုတ်) စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ ပါတီ အဖွဲ့အစည်း (သို့မဟုတ်) စစ်တပ်ဆိုတာ ဗဟိုချုပ်ကိုင်မှုကို အဓိကထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် တသွေး-တသံ-တမိန့်စနစ် ကျင့်သုံးတဲ့အဖွဲ့တွေ ဖြစ်တယ်။ ဒီမိုကရေစီဗဟိုဦးစီးစနစ်လို့ နာမည်ခံပေမဲ့ ဗဟိုဦးစီးက အဓိကဖြစ်ပါတယ်။ တဦးချင်းက အဖွဲ့အစည်းကိုနာခံ၊ အောက်ဆင့်က အထက်ဆင့်ကိုနာခံ၊ တပါတီလုံးက ဗဟိုကော်မတီကိုနာခံ ဆိုတဲ့ ဗဟိုဦးစီးမူကို အဓိကထားတယ်။ အနည်းစုက အများစုကိုနာခံ၊ ဗဟိုကော်မတီက ပါတီလုံးကျွတ် ကွန်ဂရက်ကိုနာခံဆိုတဲ့ ဒီမိုကရေစီမူထက် ဗဟိုဦးစီးမူက အားပိုကြီးပါတယ်။

ကျနော်တို့ထဲမှာ တချို့က ၁၉၆၂ မတိုင်မီ ပါလီမန်ဒီမိုကရေစီကာလကို အနည်း အကျဉ်း ဖြတ်သန်းခဲ့ဖူးတာလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ၆၂ ခုမတိုင်မီ ဒီမိုကရေစီကာလဆိုတာက လဲ တင်းပြည့်ကျပ်ပြည့် လစ်ဘရယ် ဒီမိုကရေစီမဟုတ်ဘဲ အခုခေတ် နိုင်ငံရေးသိပ္ပံအသုံးအနှုန်း နဲ့ ပြောရရင် ယှဉ်ပြိုင်ရေးအာဏာရှင်စနစ် Competitive authoritarianism (သို့မဟုတ်) ရွေးကောက်ခံအာဏာရှင်စနစ် Electoral authoritarianism မျိုးသာဖြစ်လို့ လစ်ဘရယ် ဒီမိုကရေစီပါတီ အတွေ့အကြုံ ကောင်းကောင်းမရနိုင်ပါဘူး။

မဆလခေတ်မှာ တခြားရွေးစရာအဖြစ်ရှိခဲ့တဲ့ ဗကပ၊ ကေအင်ယူ၊ အက်စ်အက်စ်အေ၊ ကေအိုင်အေ၊ မွန်ပြည်သစ် စတဲ့ တောတွင်းက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာလဲ အင်မတန်ကို ပြင်းထန်ကြမ်းတမ်းတဲ့ တော်လှန်ရေးစစ်ပွဲကို တိုက်နေရတာဖြစ်လို့ သဘာဝ ကျစွာဘဲ ဗဟိုချုပ်ကိုင်မှုကို အဓိကဇောင်းပေးရပါတယ်။ လစ်ဘရယ်ဒီမိုကရေစီပါတီတွေအဖြစ် ရပ်တည်လို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဟာ ဒီလိုအဖွဲ့အစည်းတွေကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါ တယ်။

ဒါကြောင့် ကျနော်တို့အားလုံးလိုလိုဟာ ဗဟိုချုပ်ကိုင်မှု (သို့မဟုတ်) ဒေါင်လိုက်ဖွဲ့စည်း ပုံကိုဘဲ အရိုးစွဲ အသားကျနေခဲ့ကြပါတယ်။ ဗဟိုကော်မတီ (သို့မဟုတ်) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်မရှိရင် အောက်ခြေပါတီဝင်တွေ ဘာမှ သီးသန့် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိဆိုတဲ့ တပါတီစနစ် စဉ်းစားတွေးခေါ်နည်းက ကျနော်တို့မှာ လွှမ်းမိုးနေတတ်ပါ တယ်။

အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့မှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ၊ လေဘာပါတီ အမတ်တွေက သမ္မတ ဘွတ်ရှ်၊ ၀န်ကြီးချုပ် တိုနီဘလဲတို့ရဲ့ အီရတ်ပေါ်လစီကို ကျယ်ကျယ် လောင်လောင် ကန့်ကွက်တာ၊ တပ်ရုပ်ရေးကို အတိအလင်း တောင်းဆိုတာတွေ လုပ်ကြတယ်။ ရမ်းစဖဲလ် နှုတ်ထွက်ရေးကို လူသိရှင်ကြား ဆော်သြခဲ့ကြတယ်။ ဒါတွေဟာ လစ်ဘရယ် ဒီမိုကရေစီပါတီတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စဉ်းစားတွေးခေါ်နည်းအဟောင်း အတိုင်းဆိုရင် ဒါမျိုးတွေက ပါတီထဲမှာ ဗရမ်းဗတာဖြစ်စေတာ၊ မင်းမဲ့ဝါဒ ဖြစ်စေတာ၊ ညီညွတ်မှု ပျက်စေတာအဖြစ် စဉ်းစားမှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒါတွေဟာ လစ်ဘရယ် ဒီမိုကရေစီပါတီတွေမှာ ပါတီရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့အကျိုးစီးပွားအတွက် ကိုယ်မြင်တဲ့ ဒေါင့်ကနေ “တစက်ကျများ ပြည့်သောလားသို့” ကိုယ်ပိုင်အသိရှိရှိနဲ့ ၀ိုင်းဝန်းတာဝန်ယူမှုသာ ဖြစ်ပါတယ်။

တပါတီစနစ် တွေးခေါ်စဉ်းစားနည်း အရိုးစွဲနေသူတွေဆိုရင် အမေရိကန်နိုင်ငံ တနိုင်ငံ လုံးကို စီအိုင်အေက အရာရာ ချုပ်ကိုင်ထားတယ်။ ဆိုဗီယက်-တရုတ်ကွန်မြူနစ်စနစ်တွေမှာ ပေါ်လစ်ဗျူရိုက အရာရာကို ဗဟိုဦးစီး ချုပ်ကိုင်ထားသလိုမျိုး အမေရိကန်တနိုင်ငံလုံးဟာ စီအိုင်အေရဲ့ အလိုဆန္ဒအတိုင်းသာ လှုပ်ရှားနေရတယ်လို့ ယူဆကြတယ်။ ဒါကြောင့် စီအိုင်အေ ထက် ပိုပါဝါရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ (အမျိုးသားလုံခြုံရေးအေဂျင်စီ NSA) ကိုတောင် မမြင် နိုင် ဖြစ်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်အရင်းရှင်စနစ်ကြီးဟာ စီအိုင်အေဘဲဖြစ်ဖြစ်၊ အင်အက်စ်အေဘဲဖြစ်ဖြစ် ဆိုဗီယက်-တရုတ်ကွန်မြူနစ်စနစ်တွေလို ဗဟိုကနေ ဦးစီးချုပ်ကိုင် လည်ပတ်နေတာမဟုတ်ဘဲ အရင်းရှင်ပေါင်းမြောက်မြားစွာက ကိုယ့်အသိနဲ့ကိုယ် ထိုးထွင်းမှု ရှိရှိနဲ့ အလျားလိုက် လှုပ်ရှားလည်ပတ်နေခြင်းဖြစ်တယ်ဆိုတဲ့ အဓိကအကျဆုံး အချက်ကို နားမလည်နိုင်ဖြစ်ကြပါတယ်။

တချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ကိုယ်၌မှာလဲ သူတို့ ဖြတ်သန်းခဲ့ရတဲ့ တပါတီစနစ်ပါတီ (သို့မဟုတ်) စစ်တပ်အဖွဲ့အစည်းတွေရဲ့ ဒီလိုစဉ်းစား တွေးခေါ်နည်းဟောင်းတွေ ထင်ဟပ်နေခဲ့ဖူးတယ်။ ဗဟိုခွင့်ပြုချက်မရှိဘဲ ယူအင်ဒီပီရုံးကို သွားဆွေးနွေးတောင်းဆိုသူတွေ၊ ဗဟိုညွှန်ကြားချက်မရှိဘဲ ဘုရားတက်ဆုတောင်းသူတွေကို အရေးယူတာတွေ လုပ်ခဲ့ဖူးတယ်။ အခုတော့ အင်အယ်လ်ဒီဟာ ဒီတပါတီစနစ် (သို့မဟုတ်) စစ်တပ်ရဲ့ ဒေါင်လိုက်ဗဟိုချုပ်ကိုင်ရေး စဉ်းစားတွေးခေါ်မှု ပုံစံခွက်ဟောင်းထဲက တစတစနဲ့ လွတ်မြောက်လာနေပုံ ရပါတယ်။ သူတို့လိုဘဲ တခြားဒီမိုကရေစီ အင်အားစုတွေလဲ အလျားလိုက် (သို့မဟုတ်) ကွန်ယက်ဖွဲ့စည်းပုံ လစ်ဘရယ်ဒီမိုကရေစီပါတီ စဉ်းစားတွေးခေါ်မှု ပုံစံသစ်ဘက်ကို ကူးပြောင်းဖို့ လိုပါတယ်။ ဗဟိုချုပ်ကိုင်ရေးကို ဦးထိပ်ထားတဲ့ အမိန့်ပေးနိုင်ငံရေးစနစ်၊ အမိန့်ပေး စီးပွားရေးစနစ်တွေ၊ အမိန့်ပေးပါတီစနစ်တွေ ပြိုကျတာ၊ ပြောင်းလဲရတာကို အလေးအနက် ဆင်ခြင်ဖို့လိုပါတယ်။

ဒါ့ကြောင့် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့တာဝန်က ပြည်သူ့ကိုယ်စားလှယ် တွေ ရေးဆွဲတဲ့ (တနည်းအားဖြင့်) ပြည်သူတွေရေးဆွဲတဲ့၊ ပြည်သူ့အတွက်၊ ပြည်သူတွေရဲ့ လမ်းပြမြေပုံ Road Map of the people, for the people, by the people ဘက်က တခဲနက် ဆော်သြပြီး စစ်ကိုလိုနီအခြေခံဥပဒေ၊ စစ်ကိုလိုနီလမ်းပြမြေပုံတို့ တိုက်ဖျက်ရေးမှသည် စစ်အာဏာရှင်စနစ်တခုလုံး ဖယ်ရှားရေးအထိ တိုက်ပွဲဝင်ကြဖို့ဖြစ်ပါကြောင်း။

*****

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org