Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

 

မြန်မာပြည် ပြည်သူပြည်သားများ ဆင်းရဲလှပါသည်။ အထူးသဖြင့် အောက်ဆုံးလွှာရှိ အလုပ်သမားများ၊ လယ်သမားများ၊ အောက်ခြေ၀န်ထမ်းများ၊ လက်လုပ်လက်စားများ၊ ခေါင်း ရွက်ဗျတ်ထိုးဈေးသည်များမှာ ဆင်းရဲကြပ်တည်းမှုဒဏ်ကို အခံရဆုံးဖြစ်သည်။ ဤလူတန်းစား များမှာ မြန်မာပြည်လူဦးရေ၏ အများစုဖြစ်သည်။ ကိုယ်ပိုင်ကားစီးပြီး တိုက်နှင့် အဲယာကွန်းနှင့် နေနိုင်သော ရေပေါ်ဆီလူတန်းစားမှာ အနည်းတကာ့ အနည်းစုလေးသာဖြစ်သည်။

            ရန်ကုန်မြို့သူမြို့သားအများစုမှာ သွားရေးလာရေးအတွက် ဘတ်စ်ကားကို အဓိက အားထားကြရသည်။ ကျောင်းသွား၊ ရုံးသွား၊ စက်ရုံအလုပ်ရုံသွား၊ ဈေးရောင်းဈေးဝယ်သွား နေရာတကာ ဘတ်စ်ကားကိုသာ အားကိုးရသည်။ ထို့ကြောင့်လည်း ဘတ်စ်ကားများမှာ အမြဲ တမ်းလိုလို ပြည့်ကျပ်နေတတ်သည်။

            လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်သည့်နေ့က ဖြစ်သည်။ မနက်မိုးလင်းသည်နှင့် လမ်းမများပေါ်တွင် ဘတ်စ်ကားများ မရှိသလောက် နည်းပါးနေသည်။ ဘတ်စ်ကားအများစုမှာ ဓာတ်ငွေ့သုံးကားများ ဖြစ်သည်။ ဓာတ်ငွေ့ရည်ဈေးက (၅) ဆလောက် တက်သွားသည်။ ထို့ကြောင့် ဘတ်စ်ကားအများစုမှာ မထွက်နိုင်ကြတော့ပေ။ ခရီးသွားအများစုမှာ ဘာမှမသိကြ သေး။ ခါတိုင်းလို ရုံးသွား၊ အလုပ်သွား၊ ဈေးသွားရန် ထွက်လာကြသည်။ မှတ်တိုင်များတွင် လူအုပ်ကြီးများ စုဝေးနေကြသည်။ တချို့နေရာများတွင် လူများ ဖွေးဖွေးလှုပ်နေသည်။ ကျောင်း တက်ချိန် မမှီနိုင်တော့သည့် ကျောင်းသားများ၊ စက်ရုံအရောက်မသွားနိုင်တော့သည့် အလုပ် သမားများ၊ ဈေးဝယ်ထမင်းချက်ရမည့် အိမ်ရှင်မများ၊ လူတန်းစားအစုံ ကားမှတ်တိုင်များတွင် စုဝေးနေကြသည်။ တဖြည်းဖြည်း လောင်စာဆီတွေ ညချင်း ဈေး (၅) ဆ ခုန်တက်သည့်သတင်း ပြန့်လာသည်။ ကြားရသူအားလုံး မကျေမနပ်ဖြစ်ကြရပြီ။ တယောက်တပေါက် အမျိုးမျိုး အစိုးရ ကို ဝေဖန်ကြ၊ ပြောကြဆိုကြ၊ ကျိန်ဆဲကြသည်။

            တစီးစ နှစ်စီးစ ထွက်လာသော ဘတ်စ်ကားများပေါ်သို့ အလုအယက် တိုးဝှေ့တက်ကြ ရသည်။ ကားပေါ်တွင် အဖွားအိုတယောက်က ၅၀ တန်တရွက် ထုတ်ပေးရင်း “ဘုရင့်နောင်ကို” ဟု ပြောလိုက်သည်။ စပယ်ယာကောင်လေးက “ငါးဆယ် မရတော့ဘူး၊ တရာဖြစ်သွားပြီ။ မနက်ဖန် ဒါထက် တက်ဦးမှာ” ဟု ပြန်ပြောသည်။ ထိုအခါ အဖွားကြီးက “ငါနေ့တိုင်း ဒီလိုပဲ ပေး စီးနေတာ၊ မပေးနိုင်ဘူး” ဟု ပြန်ပြောတော့သည်။ စပယ်ယာကောင်လေး ဒေါသဖြင့် တောက် တချက် ခေါက်လိုက်သည်။ ပြီးနောက် စကားတခွန်းကိုလည်း ရေရွတ်လိုက်သည်။ “ဒီကောင် တွေ အိမ်ကြက်ချင်း အိုးမဲသုတ်ပေးနေတာ”

            ထိုစဉ်ကတည်းက ပြည်သူတို့ အုံကြွလုနီးနီး ဖြစ်နေခဲ့သည်။ နေ့စဉ်နှင့်အမျှ လောင်စာ ဆီဈေးနှုန်းတက်သည့် ဂယက်၏ဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။ ခါတိုင်း ရှစ်ဆယ်ပေး ရသော ခရီးကို နှစ်ရာဟု သတ်မှတ်လိုက်ကြပြီ။ ကန်စွန်းရွက်တစည်း နှစ်ဆယ်မှ ငါးဆယ် ဖြစ် လာပြီ၊၊ကုန်ပစ္စည်းအားလုံးလိုလို ဈေးနှုန်းများ တက်လာကြပြီ။ လူချမ်းသာလူတန်းစားများအဖို့ မသိသာသော်လည်း လူမွဲတို့ ခါးစည်းခံနေရသည်။ မိသားစုခြောက်ယောက်တွင် သုံးယောက် အလုပ်လုပ်နေတဲ့ မိသားစု ထမင်းဝိုင်းမှာ တခါတရံ ဟင်းမရှိ။ ငါးပိရည်ကျဲကျဲကို တို့စရာပင် မပါ နိုင်တော့။ 

နောက်နေ့များတွင် ဆင်းရဲဒုက္ခရောက်နေသည့် ပြည်သူတွေကိုယ်စား တောင်းဆိုတိုက် ပွဲဝင်ပေးဖို့ မင်းကိုနိုင်တို့ လမ်းပေါ်ထွက်လာကြသည်။ ပြည်သူတွေရှေ့မှ “၈၈” မျိုးဆက်ကျောင်း သားတို့ မားမားမတ်မတ် ရပ်လိုက်ကြပြီ။ လောင်စာဆီဈေးနှုန်း လျှော့ချဖို့ ကုန်ဈေးနှုန်းလျှော့ချဖို့ တောင်းဆိုကြပြီ။ သို့သော် “၈၈” ကျောင်းသားတို့၏ တိုက်ပွဲဝင်ကျောင်းသားဦးရေက သိပ်မများ လှ။ နောက်တခုက သူတို့က လူထုကို ပါဝင်ပူးပေါင်းရန် မဖိတ်။ သူတို့ချည်းသာ တိုက်ပွဲဝင်သွား သည်။ လူထုကလည်း “၈” လေးလုံး အတွေ့အကြုံများအရ လမ်းပေါ်ထွက်ရမှာ မ၀ံ့မရဲ ဖြစ်နေ သည်။ ညတွင်းချင်းပင် “၈၈” မျိုးဆက်ကျောင်းသားတို့ကို စစ်အစိုးရက သိမ်းကြုံးဖမ်းဆီးလိုက် တော့သည်။၊ လူထုမှာ ခေါင်းဆောင်မဲ့သလို ဖြစ်သွားရတော့သည်။

            ထိုစဉ် ပြည်သူလူထု၏ ဆင်းရဲဒုက္ခအ၀၀ကို နေ့စဉ်မြင်တွေ့နေရသော ပြည်သူတို့၏ ရင်ခုန်သံကို နေ့စဉ်ကြားနေရသော ရဟန်းသံဃာတို့ ဆင်းရဲတွင်းနက်လှသည့် ပြည်သူတို့၏ ဘဝကို ဆက်ပြီး မမြင်ရက်၊ မကြားရက်နိုင်တော့ပေ။ ပြည်သူအပေါင်းတို့အား ဒုက္ခဆင်းရဲမှ ကယ်တင်ဖို့၊ ပြည်သူလူထုကို ရှေ့မှဦးဆောင်ကာ စစ်အာဏာရှင်တို့အား တိုက်ပွဲဝင်ဖို့၊ ရဟန်း သံဃာတော်များ လမ်းမများပေါ် ထွက်လာခဲ့တော့သည်၊။လမ်းမများပေါ် တန်းစီလမ်းလျှောက် ရင်း မေတ္တာသုတ်များ ရွတ်ဆိုကြသည်။ အစပထမတွင် သံဃာတော် ရာဂဏန်းမျှသာဖြစ်သည်။ နောက်နေ့များတွင် သံဃာဦးရေ တဖြည်းဖြည်း တိုးလာသည်။ ဘုန်းဘုန်းတို့ နေပူမရှောင် မိုးရွာ မရှောင် ဘိနပ်မပါ ခြေဗလာနှင့် လျှောက်ကြသည်။ နေ့စဉ် မိုင်ပေါင်းများစွာ လျှောက်ကြသည်။ သဲသဲမဲမဲ တ၀ုန်းဝုန်းတဒိုင်းဒိုင်း ရွာနေသည့် ရန်ကုန်မိုးရဲ့ဒဏ်ကို မမှု။ ရွှဲနစ်နေသော သင်္ကန်း များကို ရုံလျက် မိုင်ပေါင်းများစွာ လျှောက်ကြသည်။ တချို့ရက်များတွင် ရန်ကုန်မြို့၏ နေအပူ ရှိန်မှာ ပြင်းလွန်းလှသည်။ အပူရှိန်နှင့် မဲပြောင်နေသော ကတ္တရာလမ်းမများပေါ်ဝယ် ဘုန်းဘုန်း တို့ ဖိနပ်မပါ ခြေဗလာနှင့် ဒုက္ခဆင်းရဲခံကာ တိုက်ပွဲဝင်ချီတက်သည်။ မေတ္တာပို့ရင်း လက်အုပ်ချီ လျက် လမ်းလျှောက်ချီတက်ကြ၍ ဆောင်းစရာထီးမရှိ၊ အမိုးမရှိ၊ ဗလာနတ္ထိ။ အသက် ၇၀ ကျော်၊ ၈၀ အရွယ် ဆရာတော်ကြီးများပင် ပါလာသည်။ မြင်ရသူ ဒကာ၊ ဒကာမအပေါင်းတို့ မျက်ရည် မဆည်နိုင်ဖြစ်ကြရပြီ။ ပြည်သူတို့အပေါ် ဖုံးလွှမ်းထားသော ကြောက်စိတ်တို့ လွင့်ပြယ်ပျောက် ပျက်သွားတော့သည်။

            ဘုန်းဘုန်းတို့ကလည်း ပြည်သူလူထုကို လမ်းမပေါ်ထွက်လာဖို့ ဖိတ်ခေါ်လိုက်သည်။ ပြည်သူတွေ သိန်းနှင့်ချီပြီး လမ်းမများပေါ် ထွက်လာကြတော့သည်။  ဘုန်းဘုန်းတို့က ရှေ့မှ သာသနာ့အလံကိုင်ပြီး မေတ္တာပို့ချီတက်ကြသည်။ ဘုန်းဘုန်းတို့နောက်မှ ပြည်သူအများက လည်း မေတ္တာသုတ်များရွတ်ဆိုရင်း လိုက်ပါကြသည်။ သံဃာအရေအတွက်က သောင်းဂဏန်း၊ ပြည်သူလူထုက သိန်းဂဏန်း၊ ရန်ကုန်မြို့လမ်းမများပေါ်တွင် ရွှေဝါရောင်သင်္ကန်းရောင်များ ရှုမျှော်မဆုံး ရှိနေတော့သည်။ ဘုန်းဘုန်းတို့နောက်မှ မဆုံးနိုင်သော လူအုပ်ကြီးများ၊ ရှေ့ဆုံး ဘုန်းဘုန်းတို့ သာသနာ့အလံကိုင် ချီတက်သွားစဉ်မှ နောက်ဆုံး လူတန်းများကုန်ဆုံးသည်အထိ နာရီဝက်ခန့်ကြာသည်။ လမ်းဘေးရှိ လက်ဘက်ရည်ဆိုင်ကြီးတဆိုင်မှ စားပွဲထိုးကောင်မလေး တယောက်က “လက်ခုပ်တီးရတာ လက်ဝါးတွေတောင် နာလာပြီ” တဲ့။

            ဘုန်းဘုန်းတို့၏ မေတ္တာတန်ခိုးနှင့် ပြည်သူလူထု၏ ကြီးမားလှသည့် မဟာအင်အားတို့ ပူးပေါင်းမိသည့်အခါတွင်တော့ စစ်အာဏာရှင်တို့၏ အာဏာထိုင်ခုံ လှုပ်ခါစပြုလာတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားလာသည်။ သံဃာထုနှင့် ပြည်သူလူထု၏ စွမ်းပကားကို ကြောက်လန့်လာသည်။ သံဃာတော်များပါနေ၍ အကြံရခက်နေသည်။ နောက်ဆုံးတွင်တော့ “ဘုန်းကြီးတွေသတ်လို့၊ လူသတ်လို့ ငရဲကြီးဆယ်ထပ်မကလို့ အထပ်တရာကျကျ၊ ငါတို့ အာဏာ ထိုင်ခုံကိုတော့ အထိမခံနိုင်”ဟု ဆိုကာ စစ်အစိုးရကို ဆန့်ကျင်သူမှန်သမျှအား ရိုက်နှက်ပစ်ခတ် သတ်ဖြတ်ရန် အမိန့်ပေးလိုက်တော့သည်။

            နေပြည်တော်မှ စစ်ဘုရင်တို့၏ အမိန့်ညွှန်ကြားချက်ရသည်နှင့်တပြိုင်နက် လက်မရွံ့ အာဏာပါးကွက်သားများသည် ရဟန်းသံဃာတော်များနှင့် အပြစ်မဲ့ ပြည်သူလူထုအပေါင်းတို့ အား လမ်းမများပေါ်ဝယ် ရက်ရက်စက်စက် ရိုက်နှက်ပစ်ခတ် သတ်ဖြတ်ကြပြီး နှိမ်နင်းကြတော့ သည်။ သံဃာတော်များနှင့် ပြည်သူများ၏ စစ်ကြောင်းတခု ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးကြီးရှေ့ အရောက်တွင် စစ်တပ်က ရှေ့နှင့်နောက်မှ ညှပ်၍ ပိတ်လိုက်သည်။ တွေ့သမျှလူအားလုံးကို ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးတော့သည်။ ရှေ့ဆုံးမှ သာသနာ့အလံ ကိုင်ဆောင်လာသော ဘုန်းဘုန်းကို ပါးကွက်သားစစ်သားက သေနတ်ဒင်နှင့် ရိုက်ချလိုက်သည်။ ဘုန်းဘုန်းခေါင်းမှာ သွေးချင်းချင်းနီလျက် လဲကျသွားတော့သည်။ သွေးအိုင်ထဲတွင် လဲနေရာမှ ဘုန်းဘုန်းက ရုန်းကန်၍ ပြန်ထလာသည်။ သူ့ကိုရိုက်သော စစ်သားကို ပြန်၍လည်းရန်မမူ၊ ဂရုလည်းမစိုက်။ စစ်သားက နောက်တကြိမ် ဘုန်းဘုန်း၏ဦးခေါင်းကို သေနတ်ဒင်နှင့် ဆောင့်ချလိုက်သည်။ သာသနာ့အလံရော ဘုန်းဘုန်းပါ သွေးအိုင်ထဲသို့ ပြန်လဲကျသွားသည်။ ဒီတကြိမ်မှာတော့ ဘုန်းဘုန်း ပြန်ထမလာတော့။ ထိုမြင်ကွင်းကြောင့် ပေါက်ကွဲလာသော ဒေါသကို မထိန်းနိုင်သော ဆိုက်ကားသမားတဦးက အနီးမှ သစ်သားချောင်းကိုဆွဲပြီး ထိုစစ်သားအား အတင်းဝင်ရိုက် တော့သည်။ ထိုစစ်သားက ပြန်လည်ခုခံစဉ် အခြားစစ်သားများ ရောက်လာပြီး ဆိုက်ကားသမား ကို ၀ိုင်း၍ ရိုက်ကြသည်။ ဆိုက်ကားသမားလည်း သွေးအိုင်ထဲသို့ ပုံကျသွားပြန်သည်။ ထို အချင်းအရာအားလုံးကို လမ်းဘေးရှိ ရပ်ထားသော ကားများအကြားမှ ချောင်းကြည့်နေသည့် ဈေးဗန်းလေးကို လွယ်ထာသော ဈေးသည်ကလေးမှာ အသားတွေ ဆတ်ဆတ်တုန်နေသည်။ ကြောက်စိတ်ကြောင့်မဟုတ်။ ပေါက်ကွဲလုဆဲဆဲ ဒေါသကို ထိန်းထားရသောကြောင့် ဖြစ်သည်။ သို့သော် အားမတန်၍ မာန်လျှော့လိုက်ရသည်။

            စစ်အုပ်ချုပ်ရေးကြေညာပြီး နောက်တနေ့ညနေပိုင်းဖြစ်သည်။ မိုးက အုံ့ဆိုင်းနေပြီး မိုးဖွဲကလေးများ ရွာနေသည်။ ဆူးလေဘုရားဝန်းကျင်တွင် လူများ စုဝေးရောက်ရှိနေကြသည်။ အားလုံးက ဘုရားဘက်ဆီသို့ မျှော်ကြည့်နေကြသည်။ ထိုစဉ် ကြွေးကြော်သံတချို့ ဆူးလေ ဘုရားဆီက ထွက်လာသည်။ မရှေးမနှောင်းပင် သေနတ်သံနှစ်ချက် ဆက်တိုက် ထွက်ပေါ်လာ သည်။ ဆူးလေဘုရားအနီး တည်ဆောက်ဆဲ မိုးပျံအဆောက်အဦးကြီးပေါ်မှ စစ်သားများက ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ သို့သော် ထိခိုက်သူမရှိ။ ခေတ္တအကြာတွင် ဆူးလေဘုရားထဲမှ ဆရာတော်၊ သံဃာတော်များ မြို့တော်ခန်းမရှေ့သို့ စီတန်းကြွချီလာကြသည်။ သံဃာအားလုံး မေတ္တာသုတ်များရွတ်ဆိုရင်း ကြွချီလာခြင်းဖြစ်သည်။ သံဃာအပါး နှစ်ရာခန့်မျှ ထွက်လာပြီး နောက်မှ အနီရောင်အလံတလက် ပေါ်ထွက်လာသည်။ ခွပ်ဒေါင်းအလံပင် ဖြစ်သည်။ ဗကသ အလံတော်ဖြစ်သည်။ ခွပ်ဒေါင်းအလံတော်နောက်မှာ ခွပ်ဒေါင်းပျိုတို့ မားမားမတ်မတ် ပေါ်ထွက် လာသည်။ မြန်မာ့နိုင်ငံရေးတွင် ဆယ်စုနှစ်တခုကျော်မျှ ငုပ်လျှိုးပျောက်ကွယ်နေသော ခွပ်ဒေါင်း အလံတော် လေမှာလွင့်ပျံလျှက် ပေါ်ထွက်လာခဲ့ပြီ။ ခွပ်ဒေါင်းအလံတော်နှင့်အတူ မျိုးဆက်သစ် ခွပ်ဒေါင်းပျိုများ မားမားမတ်မတ်ရပ်လျှက် ပြည်သူအတွက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြပြီ။ ရာနှင့်ချီသော ခွပ်ဒေါင်းပျိုတို့က ကြွေးကြော်သံများတိုင်ပြီး ချီတက်လာကြသည်။ ခွပ်ဒေါင်းပျိုတို့ နောက်မှ ဘုန်းဘုန်းတို့က မေတ္တာသုတ်များရွတ်ဆိုလျက် ထွက်ပေါ်လာပြန်သည်။ ဘုန်းဘုန်း တို့က ခွပ်ဒေါင်းပျိုတို့ကို ရှေ့နှင့်နောက်မှ ၀န်းရံပေးထားခြင်းသဘော။ လာမည့်ဘေးအန္တရာယ် ကို ဘုန်းဘုန်းတို့က အရင် ရင်ဆိုင်ကြမည့် သဘောပင်ဖြစ်သည်။ လူအုပ်ကြီးကလည်း လက်ခုပ် တီးပြီး တခဲနက် သြဘာပေးနေကြသည်။ ဘုန်းဘုန်းတို့နှင့် ခွပ်ဒေါင်းပျိုတို့ ချီတက်သွားရာ လမ်း ကြောင်း၏ အရှေ့ဘက်တွင်တော့ လူသတ်မိန့်ရထားသော အစိမ်းရောင်လူသတ်ကောင်များ လူသတ်လက်နက် ကိုယ်စီကိုင်လျက် စီတန်းစောင့်ဆိုင်းနေကြပြီ။

            နောက်ပိုင်းနေ့များတွင် ဘုန်းဘုန်းတို့ လမ်းပေါ်ထွက်မလာနိုင်တော့ချေ။ သံဃာတော် များ ရက်ရက်စက်စက် အငြှိုးတကြီးဖြင့် ချေမှုန်းခြင်းခံခဲ့ကြရပြီ။ ကျောင်းတိုက်များကို အ၀ိုင်းခံ ရသည်။ အများအပြား အဖမ်းခံကြရသည်။ လမ်းမများပေါ်တွင် ခွပ်ဒေါင်းပျိုတို့သာ ကျန်တော့ သည်။ ခွပ်ဒေါင်းတို့က အလံမလှဲဘဲ ဆက်လက်တိုက်ပွဲဝင်ကြသည်။ လူထုကလည်း ၀န်းရံပေး ဆဲ ဖြစ်သည်။ ခွပ်ဒေါင်းတို့က ပြောက်ကျားနည်းကိုသုံး၍ ဆန္ဒပြကြသည်။ စစ်တပ်နှင့် ရဲများ ယုန်တောင်ပြေး၍ ခွေးမြောက်လိုက်သလို ဖြစ်ကြရသည်။ သို့သော် သူတို့က အင်အားကို ပိုသုံး လာကြသည်။ ပိုပြီး ရက်စက်လာကြသည်။ တဖြည်းဖြည်း ခွပ်ဒေါင်းတို့ရော ပြည်သူတို့ပါ အထိ နာလာရသည်။ နောက်ဆုံးတွင် ခွပ်ဒေါင်းတို့နှင့် ပြည်သူများ လမ်းမများပေါ်မှ ဆုတ်ခွာပေးလိုက် ရတော့သည်။ အားမတန်၍ မာန်လျှော့လိုက်ကြလေရပြီ။ စစ်အာဏာရှင်တို့၏လူဖမ်းပွဲများကသာ နေရာတကာ လွှမ်းမိုးနေတော့သည်။

            ရဟန်းသံဃာများ၊ ကျောင်းသားများ၊ ပြည်သူများ၏ စစ်အစိုးရနှင့် စစ်အာဏာရှင်များ ကို ဆန့်ကျင်တိုက်ပွဲဝင်ကြသော အရေးတော်ပုံကား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြီး အချေမှုန်းခံခဲ့ရပြီ။ သို့သော် သာသနာကိုစော်ကားသည့် စစ်အစိုးရ၊ ရဟန်းသံဃာနှင့် ပြည်သူ လူထုကို မညှာမတာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်သည့် စစ်အာဏာရှင်များ၊ မိစ္ဆာဒိဌိ စစ်ဗိုလ်ချုပ်များကို ပြည်သူအပေါင်းက ရင်ထဲအသည်းထဲမှာ အမဲရောင်ကြက်ခြေခတ်ထားလိုက် ကြပြီ။ တသက်မကြေနိုင်မည့် ရန်သူစာရင်း သွင်းထားလိုက်ကြပြီ။ အခွင့်အခါ အခြေအနေပေး လျှင် ပေးသလို လက်စားချေဖို့၊ တော်လှန်ဖို့ အသင့်ဖြစ်နေကြပေပြီ။

            ဟယ် ...၊ အယုတ်တမာမိစ္ဆာကောင်တို့ မကြာသောအနာဂတ်တွင် ရဟန်းရှင်လူ ပြည်သူပေါင်း၏ လှလှပပ ဒဏ်ခတ်ခြင်းကို သင်တို့ မုချခံစားရတော့မည်။
                                             
  өөөөө

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org