Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

 

အာဏာရှင်ဖြစ်စေ၊ ရီပက်ဗလစ်ကင် ဖြစ်ပါစေ၊ အစိုးရမှန်သမျှသည် သူ့အား မိမိတို့ နယ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သမရိုးကျဖြစ်စေ၊ အလွန်အကျွံဒီမိုကရက်ဖြစ်စေ ဓနရှင် မှန်သမျှသည် သူ့အား အပြိုင်အဆိုင် ပုတ်ခတ်ခဲ့ကြသည်။

သူ့တွင် ဆန့်ကျင်ဘက်များ အမြောက်အများ ရှိကောင်းရှိမည်ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး ရန်သူဟူ၍ တဦးတလေမျှပင် မရှိနိုင်ခဲ့ကြောင်း ရဲဝံ့စွာ ပြောလိုက်ရပေသည်။ 

ဖရစ်ဒရစ်အိန်ဂယ် (ကားလ်မာ့က်၏ဘ၀နှင့်ပတ်သက်၍ ပြောကြားချက်) 

(၁)

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်…။

စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင် အာဏာမသိမ်းမီကာလ၊

နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် … ဇွန်လဆန်း။

… … … … … … … … … … … …

မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက် နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ် မရှိသေး။

ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့် စိန်ပန်းပင် အုပ်အုပ်တွေကြားက တချက် တချက် ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက်လိုက်ကြလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူကျောင်းသားများ လန်းလန်းဆန်းဆန်း ဖြစ်သွားကြ၏။

ကျောင်းဆင်းကျောင်းတက် သွားကြပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။ အရှေ့ရှမ်းရိုးမဆီ ငေးကြ၊ မောကြ။

နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့် သွားစားလိုက်၊ ပင်မအဆောက်အအုံထဲ ၀င်လိုက်၊ စာသင်ခန်းတွေကို လေ့လာကြည့်လိုက်နှင့် နောက်ဆုံးပြတိုက်ရှိရာ “ရာဇတ်” အဆောက်အအုံဘက် ရောက်သွားကြသည်။ အောက် - အထက် …. တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်ကရေရှိလှသော လူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထားကြည်ကြည်လင်လင်နှင့် ပြေပြစ် ချောမောလှသော ထိုသူ၏ပုံကို ကြည့်ရင်း ... “ဘယ်သူလဲ” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။

အခန်းထောင့်စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍ မှေးနေသော ကျောင်းသားကြီး တယောက် ထလာသည်။

“ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ (- ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့  သခင်ဗဟိန်းဆိုတာ သူပဲ.. ပေါ့။ သူ့ကို မန္တလေးကတင် မဟုတ်ဘူး။ တပြည်လုံးက ချစ်ကြတယ်လေ”

ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါ ထပ်ကြည့်လိုက်ကြပြန်သည်။ ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏ မျက်နှာပေါ်တွင် အထင်းသား ထင်ဟပ်လာခဲ့ကြချေပြီ။

 

(၂)

“ တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေ သည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်နှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ်သူလျှိုများ… ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်း ထုတ်ပစ်ရေးအတွက် သူတော်စဉ် မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။” 

ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈)

ဤတစ္ဆေကြီးသည် အနှစ် (၇၀) မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံတနိုင်ငံဖြစ်နေသော မြန်မာ ပြည်တွင်မူ အနှစ် (၉၀) ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ် ပါတီကို လျှို့ဝှက်၍ တည်ထောင်လိုက်နိုင်ခဲ့ကြသည်။

……….……….……….……….……….………. 

“ရုပ်ဝါဒ ဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်းမဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းပြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများက မှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် ဗဟိန်းအား .. ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒနိုင်ငံရေး သမားဟာ မနီးစပ်ပါကလားဟု ထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမားအဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာသည်။”

ဤကား “လူ” ကိုဗဟိန်းနှင့် ကွန်မြူနစ် ကိုဗဟိန်းအပေါ် ယှဉ်တွဲပေါင်းစပ်ကြည့်သော သူတဦး၏ အမြင်ဖြစ်သည်။

သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ်လုပ်တတ် သည်ကို တွေ့သိကြသော သူများက “ကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလိုလုပ်တတ်ပါလား” ဟု ပြောမိကြသည်။ “ကွန်မြူနစ်ဆိုတာ ဖြစ်သလိုနေ၊ ဖြစ်သလိုစားပြီး အလုပ်အင်မတန် လုပ်သူ များ” ဟူ၍သာ သူတို့သိထားကြသည်။ နယ်ချဲ့အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏ အလို တော်ရိ လက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီးနေခဲ့ရသော ကိုလိုနီနိုင်ငံရှိ ပြည်သူများ ဤသို့ ရောထွေးထင်ကြ၊ ပြောကြသည်မှာ သဘာဝတော့ ကျချေ သည်။

အမှန်မှာမူ တော်လှန်ရေးကိုယ်၌မူက အနုပညာ တရပ်ဖြစ်သည်…. ဟု ကွန်မြူနစ်များ ခံယူထားသည်ကို သူတို့ မသိကြ၍သာ..။

 

(၃)

ကိုဗဟိန်းကို လူအဖြစ် တချို့က ဤသို့ မြင်ကြ၏

သမဂ္ဂပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့် ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင်မပါဘဲ စီးကရက်ကို တွင်တွင်ဖွာ လျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြားတချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။

သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီလက်ရှည်၊ ဘန်ကောက် လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွှင် သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲနေသော ပါးပြင်နှင့် နှုတ်ခမ်း ပေါ်တွင် ထာဝစဉ် နားလျှက်ရှိသည်။ ကျက်သရေဖြင့် လျှမ်းသော အပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး-

(လူစိမ်း တဦးနှင့် မိတ်ဆက်ပေးလိုက်သော အခါ) သူ၏ ကြာပွင့်ချပ်ကလေးထဲမှ ဝတ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ-

“ကျနော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ်နှယ့်လဲ…” ဟု မေးတတ်သည်။ နောက်တော့…

“ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”.. သီချင်းကို ဖွင့်၊ “သော်တာ ငွေမင်း” ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့် ပတ်သက်၍ သူ့ခံယူချက်ကို ဤသို့ ပြောပြပါလိမ့်မည်။)

“တချို့က အင်္ဂလိပ်တီးလုံးသွား သီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင် သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲ ကန့်သတ်ထားတာ မဟုတ်ဘူး…”

သူသည် သီချင်းဓာတ်ပြားတွေကို တပြားပြီးတပြား ဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူး ဖော်ထုတ်နေတတ်၏။

“ကျနော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ အီတာလျံဘဲဖြစ်ဖြစ် နားထောင်တာဘဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေး အသံကြောင် ဆိုပြီး နားမထောင်နိုင်ကြတာ အံ့သြစရာဘဲ…”

ဤသို့ ပြောသံကြားသောအခါ သူငယ်ချင်းတစ်ယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့်အတူတွဲ၍ ခေါင်းဆောင်ပါဝင်ခဲ့တသော ကိုဗဆွေ (နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ) က … “ဗဟိန်းကလည်း ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတလိုက်စားချင်နဲ့တော့ … မင်းတို့တွေ စိတ်ကူးယဉ်သမားတွေပဲကိုး…” ဟု မှတ်ချက်ချသည်။

ဒီအခါ ကိုဗဟိန်းက.. .. “လူဆိုတာ အလှအပကို မက်တာဘဲ၊ ကဗျာဂီတရဲ့ အလှအပ ကို မကြည်နူးဘဲ မနေနိုင်ဘူး။ လူဆိုတာ မင်းပြောတဲ့ စိတ်ကူးယဉ်ဘဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့လျော်လာတာ ယဉ်ကျေးလာတာကွ”…. ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကို ချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင် ရသလို  ဂီတကို ဖက်ပွေ့တတ်သည်။

ဇမ္ဗူ့ကျွန်းလုံး သီချင်းခံကို ဂီတ၌ အတော်အတန် ၀ါရင့်သူများသာ ရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ကျွန်းလုံး သီချင်းခံကို အစအဆုံးပင် ဆိုနိုင်သည်မှာ အံ့သြဖွယ်ကောင်းပေ သည်။ ပြည်လှဖေ၏ “နတ်သျှင်နောင်”၊ ဒိုရာသန်းအေး၏ “လှေကလေး” ကိုလည်း အတော် သဘောကျသည်။ (ချစ်ဒုက္ခ ဦးဘညွန့်နှင့် ခင်မင်သော ကိုဗဟိန်းသည် “ဆုထူးရွယ်” သီချင်းကို ဓါတ်ပြားမထွက်မီက ရနှင့်နေသည်။)

တခါတရံ မေရှင်၏ “ကျောင်းပိတ်ရက်” သီချင်းကို ဆိုလေ့ရှိ၏။

ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲမနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာပါမောက္ခ ရုတ်စ်ကပင် ကိုဗဟိန်းအား “နှစ်လိုဖွယ်ကောင်းသော သူငယ်ပဲ” ဟု ပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။

အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမားမဖြစ်ခဲ့လျှင် ဧကန် စာရေးဆရာတယောက် ဖြစ်မည်ဟု ထင်ကြသည်။

သူသည် စာပေကိုလည်း အင်မတန် ၀ါသနာပါသည်။ ကားလ်မာ့က်၏ ကွန်မြူနစ်စာပေ ပရိယတ္တိကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ်သူဖြစ်၏။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူ အတော်ကြိုက်သည်။

(ဂေါ်ကီ၏ ၀တ္ထုတိုတပုဒ်ကို “လေလွင့်သူ” အမည်နှင့် ဗမာလိုဆီလျော်အောင် ဘာသာပြန်၍ လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသော ဘဝအကွေ့၌ တွေ့ကာ ရင်းနှီးခင်မင်ပုံသဘာဝကို ပြထားသော ငတ်မွတ်ခြင်း ဘွဲ့တပုဒ် ဖြစ်ပေသည်။)

ဒဂုန်မဂ္ဂဇင်းတွင်ပါသော သူ၏ “ဘ၀ခရီး” အမည်ရှိ ၀တ္ထုတိုကား ၀တ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလား-ဗမာအထိကရုဏ်းကို နောက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွား ထားသေးသည်။

ထွန်းအေး စာအုပ်ဖြန့်ချိရေးဌာနမှ ထုတ်ဝေသော “ဓနရှင်လောက” ကား ဗမာ စာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ဓနရှင်လောက” သည် ကွန်မြူနစ်ဝါဒကို  မျိုးစေ့ချပေး သော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်း သည် အရေးအသား၌ နိုင်နင်းကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေး ကောင်းသူတယောက်ဖြစ်သည်။

အင်္ဂလိပ်ပြေးခါနီး သူ ထောင်မကျခင် ချားလ်စ်ဒစ်ကင်း၏ နာမည်ကျော် “မျှော်တလင့်လင့်” ၀တ္ထုကြီးကို “လူ့အလို” အမည်ဖြင့် ရေးဖူးသည်။ သို့သော် တိုင်းပြည် ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ ၆၀ ကျော်သာ ရိုက်နှိပ်ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာစာပေလောကတွင် ကျော်စောထင်ရှားဦးမည့် ၀တ္ထုကောင်း တပုဒ်ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသော ၀တ္ထုဖြစ်သည်။

သူ့မှာ ၀တ္ထုစာရေးဆရာကြီးတယောက် ဖြစ်နိုင်သော လက္ခဏာ အများကြီးရှိသည်ဟု စာရေးဆရာအချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာပြည်ကို လွတ်လပ်ချင်သော စိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘ၀တည်းကပင် ထောင်ကျ ဆင်းရဲအနစ်နာခံ ကာ နိုင်ငံရေးသမားဖြစ်လာခြင်း ဖြစ်ပေသည်။

ကိုဗဟိန်းသည် လူအဖြစ် ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။

ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင် သိပ်ပေးခဲ့၏။ (သားအပေါ် မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန်ဖြစ်သော်လည်း) ဖခင်ဖြစ်သူ ဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင် ဆေးသုတ် ပေးရှာ၏။

(သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ ချစ်ခဲ့ရပေမဲ့ သူက မိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး” … ဟု ဖွင့်ပြော သည်။ တခါ သခင်အောင်ဆန်း ပြန်သွားသောအချိန်၌ “ကိုအောင်ဆန်းနဲ့ ဗဟိန်းဟာ အတူတူ ဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်”.. ဟု ပြောပြန်လေသည်။

မိခင်နှင့် အမများကလည်း သူ့ကို “ကိုဟိန်း.. ကိုဟိန်း”နှင့် ပါးစပ်ဖျားက မချ။

မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည် နိုင်ငံရေးအတွက် အတွယ်အတာ များကို စွန့်ပစ်ကာ မိဘ၏ အေးချမ်းရိပ်ငြိမ်သော အရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထန်၍ မာကျောလှသော အကျဉ်းထောင်နံရံလေးဘက်၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြသည်။

 

၁၃၀၀ ပြည့်အရေးတော်ပုံ 

၁၉၃၈- အထွေထွေသပိတ်အရေးတော်ပုံ၏ အမှတ်အသား …… သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ

တို့ဗမာအစည်းအရုံးသည် နယ်ချဲ့ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့်ခေါင်းဆောင်ကာ ပြတ်ပြတ်သားသား ဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့် လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ ရုံမက၊ တော်လှန်သည့်သဘောတရားဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့် တိုက်ပွဲများသည် နောက်ဆုံးအောင်ပွဲမရရှိကြပဲ ဖြစ်နေကြသည်။

ဤအရင်းခံအကြောင်းသည် ၁၃၀၀ ပြည့်အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။

ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများ ခံစားနေရသည့်နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ကုမ္ပဏီများက အကျိုးအမြတ်မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေအလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့်၊ မ၀ရေစာ စားနေရသော ကာလ၊ ထိုကာလသည် အချိန်အားဖြင့် လည်း ကြာညောင်းခဲ့လေပြီ။

ဤဘ၀မှ လွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ ခု၊ ဇန်န၀ါရီလ (၈) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင် “ ရေနံမြေသပိတ်” ကြီးဖြင့် အုံကြွဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူများက တခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထုပစ္စည်းအရ အဘက်ဘက်မှ အားပေးခဲ့ကြသည်။

နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှစတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့အထိ ဆန္ဒပြချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။ မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့အလိုတော်ရိ အစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူအရေးပိုင်ကလည်း မကွေးမြို့အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက်၂၀ လောက် သောင်တင်နေကြ၏။ တဖက် တွင် ခြိမ်းခြောက်၊ တဖက်က ချော့မြူခြင်းလည်း ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာ တက် လာခဲ့၏။ ထို့ကြောင့် တ၀က်လောက်က ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များ လွှတ်ပေးရေး အတွက် ကျန်အလုပ်သမားများက အစာငတ်ခံ ဆန္ဒပြကြသည်။ သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကို တွန်းလှန်ကာ အာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးက ယူဆ၏။

ဒီဇင်ဘာ (၁၁) ရက်၊ ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြားကျောင်းသားခေါင်းဆောင်နှစ်ဦး ရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြောကြလေသည်။ ထိုဗဟိန်း၏ ကျော်ကြားလှသော “မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်” မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်းဖြစ်သည်။ အသက်သေသေ၊ အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အရောက် မမှိတ်မသုတ် ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် ၄ ဦးစလုံး အဖမ်းခံလိုက်ရ၏။

သို့သော် လမ်းညွှန်ချက်ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များ အတွင်းသို့ ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။

မြို့သူမြို့သားများက ၀ိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ် အဖမ်းခံလိုက်ရသူ အများအပြားရှိသော်လည်း နောက်မတွန့်ကြတော့ပေ။ ရိုက်နှက်သော နံပါတ်တုတ်ကိုင် ပုလိပ်များ၊ မြို့သူမြို့သားများနှင့် အလုပ်သမားများ အရောရောအနှောနှော ဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရ ဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ၀င်၍ ရိုက်ပြန် သည့်အဆုံး မခံမရပ်နိုင်ဖြစ်နေသော မြို့သူမြို့သားများက ညာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီး ခုခံကြသောကြောင့် တပ်လန်ကုန်ကြပြန်သည်။ ထိုသို့ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထား သည့်အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအား လှုံ့ဆော်တရားဟော ပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီပေးရန် ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့အပြင်သို့ အရောက်ဖောက်၍ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသည်။ ကျန်လမ်းခရီးကား ချောမောပြေပြစ်၍ သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်းချီတက်လာကြရာ လယ်သမား နှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။  အလုပ်သမားအရေးအခင်းသက်သက် တိုက်ပွဲသဏ္ဌာန် မဟုတ်တော့ဘဲ အမျိုးသားရေးလက္ခာဏာ ဆောင်နေချေပြီ။

တပြည်လုံးရှိ ကျောင်းသားများ ပိုမိုဆူပွက်လာကြသည်။ ရန်ကုန်ရှိ အတွင်းဝန်ရုံးကို ကျောင်းသားများ ၀ိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏ မြင်းစီးပုလိပ်များလက်ချက်ဖြင့် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ ၂၀၀ ဒဏ်ရာရကြ၏။

မန္တလေးတွင် ၁၃၀၀ ပြည့်အရေးတော်ပုံ နှစ်ပတ်လည်အဖြစ် ၁၉၃၉ ခု၊ ဖေဖော်ဝါရီ (၁၀) ရက်နေ့၌ ရဟန်းရှင်လူ (၂) သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများ ပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် ၇ ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေးအပါအ၀င် ပြည်သူ ၁၇ ဦး ကျဆုံးခဲ့ပြန်သည်။

အကျိုးဆက်အားဖြင့် ဒေါက်တာဗမော်အမှူးပြုသော ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွား ၏။ ဦးပုအစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ်သမားနှင့် ပြည်သူ အသိန်း အသန်း၏ဘ၀ကား ထူးခြားမလာခဲ့ပေ။ တို့ဗမာအစည်းအရုံးသည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်- သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။

အခြား အောင်ပွဲမခံလိုက်ရသော ကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲ မခံရခြင်းက - နောက်ဆုံး အောင်ပွဲခံရန် မှန်ကန်သော ပါတီတရပ်၏ခေါင်းဆောင်မှု လိုအပ်သည် ဟူသော အမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။ ရှေးမဆွကပင် နယ်ချဲ့ထမ်းပိုးအောက်မှ ရုန်းထွက်နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ အနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း၊ အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကို ရှာဖွေကြ၏။ စူးစမ်းကြ၏။ နောက်ဆုံးတွင် တော်လှန်သော ပညာတတ်လူငယ်များက တော်လှန်ရေးသဘော တရားများကို အငမ်းမရ ရှာဖွေကြရာမှ သူတို့သည် မာ့က်စ်ဝါဒ၊ လီနင်ဝါဒကို ရှာဖွေတွေ့ရှိသွား ကြခြင်းဖြစ်သည်။

မာ့က်စ်၊ လီနင်ဝါဒကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဌ သခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ ခုနှစ်၊ မော်လမြိုင်ညီလာခံတွင် “နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ် ဘုံနိုင်ငံထူထောင်ရေးလမ်းစဉ်” ကိုပင် ချမှတ်နိုင်ခဲ့သည်။

ဤသို့ ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေ လေ့လာ ရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ်တိုက်၊ နယ်များတွင် ရောင်နီ စာဖတ်အသင်း၊ လက်ဝဲစာဖတ်အသင်း… စသည်ဖြင့် အနှံ့အပြား ဖြစ်နေ၏။ မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ… ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီး ဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒသည် ဗမာပြည်နိုင်ငံရေးသမိုင်းသစ်ကို ဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ် တွင် ဤလေ့လာရေးအစုများကို စုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေ သည်။ ပါတီစတင်တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေးအတွက် တာဝန်ယူပြီး ပါတီ၏ အထွေထွေအတွင်းရေးမှူးမှာ သခင်အောင်ဆန်းဖြစ်သည်။

သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူတဦးလည်းဖြစ်၊ ပါတီ၏ ပထမဆုံးသော အထွေထွေအတွင်းရေးမှူးတာဝန်ကို ယူခဲ့ရသူလည်း ဖြစ်သည်။ ၎င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံး လက်နက်ကိုင် ခေတ်မှီအမျိုးသားတပ်မတော်ကို ထူထောင်သူတဦးအဖြစ်လည်း အသိအမှတ်ပြုဖို့ လိုပေသည်။

ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဌဖြစ်စဉ်ကပင် ဗကသကြွေးကြော် သံ “မျိုးညွန့်ကြွေးကြော်သံ” အယ်ဒီတာချုပ်လုပ်၍ ကျောင်းသားများကို နိုင်ငံရေးပညာပေးခဲ့သူ ဖြစ်၏။ ယခု ပါတီ၏ ကျောင်းသားစည်းရုံးရေးတာဝန်ခံ ဖြစ်&#