|
ဗမာပြည်ရဲ့သမိုင်းမှာ
အဆိုးဝါးဆုံးဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဖျက်ဆီးမှုကို တွေ့လိုက်ကြရပြီ။
ကံဆိုးချင်တော့ ဒီမုန်တိုင်းဒဏ်ဟာ ဗမာပြည်သမိုင်းမှာ အရက်စက်ဆုံး၊
လူမဆန်ဆုံး မင်း အုပ်စိုးနေတာနဲ့ သွားတိုက်ဆိုင်နေတယ်။ ရေဘေး၊ လေဘေး၊
မီးဘေး၊ ဘေးတကာ့ဘေး မှာ မင်းဘေးဟာ အဆိုးဆုံးဆိုတာ ပိုထင်ရှားသွားပြီ။
နအဖစစ်ဗိုလ်ချုပ်တွေဟာ တပြည်လုံး၊ တကမ္ဘာလုံး၊ လူသားအားလုံး
အံ့အားအသင့်ကြီးသင့်ရလောက်အောင် ဒုက္ခသည်တွေအပေါ် မာကျောပြနေတယ်။
ရှေ့ဆင့်နောက်ဆက်ဆိုသလိုဖြစ်တဲ့ တရုတ်ပြည်၊ ဆစ်ချွမ်းပြည်နယ်က
ငလျင်ဘေးကြီးမှာ တရုတ်ဝန်ကြီးချုပ်က ပေတေနေတဲ့ ငလျင်ဒဏ်ခံရသူကို
လက်ဆွဲပြီး မျက်ရည်တွေကျနေချိန်မှာ နအဖ၀န်ကြီးချုပ်သိန်းစိန်က
ရေဘေးဒုက္ခသည်တွေကို လက်ပိုက်ပြီး မောက်မောက်မာမာ ကြည့်နေတာ
တွေ့ကြရတယ်။
ဒီမုန်တိုင်းရဲ့ဖြစ်စဉ်ကို ပြန်ကြည့်လိုက်ရင် စဖြစ်ရာကနေ ကနေ့အထိ
နအဖအစိုးရက သတင်းမှောင်ချတာ၊ လိမ်တာ၊ လူထုကို အချိန်မှီသတိမပေးတာ၊
အခြေအနေမှန်ကို မတင်ပြ တာ၊ ဖြစ်လာတော့ ကယ်ဆယ်ရေးမလုပ်တာ၊
ဖြစ်ပြီးတော့လည်း ကယ်ဆယ်ရေး ထိထိရောက် ရောက် မလုပ်တာ၊
သူတကာအကူအညီပေးတာကို ပိတ်ပင်တာ၊ ခိုးယူတာ၊ ဒုက္ခသည် တွေကို
ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားတာ။ သေသေချာချာ သုတေသနပြုပြီး စာရင်းကောက်
မယ်ဆိုရင် မုန်တိုင်းက သတ်တာတ၀က်၊ နအဖကသတ်တာ တ၀က်စီလောက်ရှိမယ်။
ပျောက်ဆုံးနေတယ်ဆိုတဲ့ လူတွေကို လိုက်မရှာတာဟာ သူတို့ကို
မြှင်းပြီးသတ်တာ တမျိုးပဲ။
နိုင်ငံတကာအကူအညီတွေကို လက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်
တာတမျိုးပဲ။
ရသင့်တဲ့ဆေးဝါးကုသခွင့်မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။
လယ်တွေပျက်၊ ကျွဲနွားတွေသေလို့ နောက်နှစ်တွေမှာ ဆန်ရေစပါးရှား၊
ဆားဈေးတက် နဲ့ ဒုက္ခတွေ ရောက်ကြတာမှာလည်း
ဘယ်လောက်သေကြရအုံးမလဲမသိဘူး။
နအဖစစ်ဗိုလ်တွေဟာ ဟန်ကိုယ့်ဘို့လုပ်ပြီး သူတို့ရဲ့ဆန္ဒခံယူပွဲကို
ဗေဒင်ဆရာပေးတဲ့ နေ့ရက်မှာ မဖြစ်ဖြစ် အောင်လုပ်ကြပေမဲ့
ဒီမုန်တိုင်းကြောင့် နအဖစစ်ဗိုလ်တွေ ဘာလုပ်ရမှန်း မသိအောင်
မျက်ကလဲဆန်ပြာဖြစ်နေတာကတော့ အမှန်ပဲ။ ဗိုလ်သန်းရွှေဆိုရင် လူကြားထဲကို
တောင် မထွက်ရဲတော့ဘူး။ မုန်တိုင်းကျပြီးလို့ နှစ်ပတ်ကျော်ကြာမှ
ရန်ကုန်ဟိုနားဒီနား ပုစဉ်းဝဲ သလို ခဏထွက်လာတယ်။
ကျန်တဲ့စစ်ခေါင်းဆောင်တွေကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို
လူလဲနဲ့ထွက်ပြီး မျက်စိမှိတ်ငြင်းနေကြတာ တွေ့ရတယ်။
ဒါလောက်ကြီးမားတဲ့ ဘေးဒုက္ခကြီးကို နအဖတဦးတည်း မဖြေရှင်းနိုင်တာ
မဆန်းဘူး။ ဆန်းတာက ဖြေရှင်းရာမှာ သူများတွေ၊ အထူးသဖြင့်
ကိုယ့်ပြည်သူတွေကိုတောင် ပါဝင်ခွင့်မပေး တာပဲ။ တကယ်ဆိုရင်
ဒီကိစ္စကြီးမျိုးကို ကိုယ့်ပြည်သူလူထုတရပ်လုံး လှုံ့ဆော်ပြီး ရင်ဆိုင်
ဖြေရှင်းရမယ်။ လူထုကို လှုံ့ဆော်၊ လူထုကို တက်တက်ကြွကြွ ပါဝင်စေရမယ်။
စဉ်းစားကြည့်ပါ။ လူငယ်တွေ၊ ကျောင်းသားတွေ၊ သံဃာတွေ၊ တပ်မတော်သားတွေ
ဘေးကျရောက်တဲ့ဒေသတွေမှာ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး လူထုတွေကို
ကူညီနေတဲ့မြင်ကွင်း တွေ။ ဘယ်လောက်ကျက်သရေမင်္ဂလာရှိ၊
ဘယ်လောက်ချမ်းမြေ့စရာ ကောင်းလိုက်မလဲ။ အလှူ ရေစက်လက်နဲ့မကွာဆိုတဲ့
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ၊ တမူးရလို့တပဲလှူ တို့ရှမ်းတောင်သူ
တူနိုင်ရိုးလားဆိုတဲ့ တိုင်းရင်းသားတွေ၊ ကိုဇာဂနာ၊
ကိုကျော်သူတို့လိုလူတွေက အလှူခံတောင်း တွေကို ဆွဲလို့
တတိုင်းပြည်လုံးရှိ လူမျိုးစုံ၊ ဘာသာမျိုးစုံ ပြည်သူတွေကိုသာ
လှုံ့ဆော်လိုက်ပါ။ အကူအညီတွေ၊ အလှူအတန်းတွေ တောင်လိုပုံ၊ ချောင်းလိုစီး
ရောက်ချလာမှာပဲ။
ဒါပေမဲ့ အခုတော့ နအဖဟာ လူထုကို မလှုံ့ဆော်တဲ့အပြင်
ခြိမ်းခြောက်လို့တောင် နေသေးတယ်။ ပြည်သူ တွေစုစည်းမိမှာ၊
လှုပ်ရှားလာမှာကို အသေကြောက်နေတဲ့ နအဖစစ်ဗိုလ် တွေဟာ လူစုခွဲဖို့၊
တားဆီးပိတ်ပင်ဖို့ပဲ ခေါင်းထဲမှာ အမြဲစဉ်းစားနေကြတယ်။ ဒုက္ခသည်တွေကို
ကူညီမယ့်လူတွေနဲ့ မတွေ့အောင်၊ ဖြတ်ထားနိုင်အောင် အမျိုးမျိုး
လုံးပမ်းနေတယ်။ လေဘေး ဒုက္ခသည်မဟုတ်တဲ့ ပြည်သူလူထုတွေဟာ
မိမိတို့ရဲ့စာနာမှုကို ဖော်ပြဖို့မပြောနဲ့ ရိုးရာအတိုင်း အလှူအတန်းပြု၊
အမျှတန်းဝေတာတွေကိုတောင် လုပ်ခွင့်မရကြဘူး။ ဒီလိုအခါမျိုးမှာ တတိုင်း
ပြည်လုံးက ၀မ်းနည်းစာနာမှုနဲ့ ကူညီလိုစိတ်တွေ ပြနေရမယ့်အစား
နအဖရဲ့ဆန္ဒခံယူပွဲကို မဲပေး ခိုင်းတာ ခံနေရတယ်။ မသာအိမ်မှာ
ပွဲကခိုင်းနေတယ်။ သူတို့အာဏာ အတည်ဖြစ်ဖို့ကိစ္စဟာ လူတစ်သိန်းသေတာထက်
ပိုအရေးကြီးနေတယ်။
ဒီတခါလေဘေးက ဖော်ပြလိုက်တဲ့အချက်တချက်က နအဖဗိုလ်ချုပ်တွေဟာ ဒုက္ခ
သည်တွေကို ကိုယ့်သွေးရင်းသားရင်းလို သဘောမထားဘူးဆိုတာပဲ။
ဒါ့ထက်ပိုဆိုးတာက သူတို့တတွေဟာ ဒုက္ခသည်တွေကြားထဲသွားပြီး လက်အုပ်ချီ
အဖူးမြော်ခံနေတာပဲ။ ပြန်စဉ်းစား ကြည့်ပါ။ ၄၈ ခုနှစ်ဒီဖက်
ဒီစစ်တပ်ရဲ့သမိုင်းမှာ ဘယ်တုန်းကများ လူထုအကြားမှာ စစ်သားတွေ နဲ့
လူထုတွေ တပြေးထဲအလုပ်လုပ်၊ လက်ရေတပြင်တည်းစားတာရယ်လို့ တွေဖူးသလဲ။
ရွာထဲ ဝင်လို့ ရွာသားလိုစားတယ် မထင်ပါနဲ့။ ရွာထဲဝင်ပြီး
ရွာသားဆီကလုပြီး ရွာသားထက်သာအောင် စားတာပါ။ ပေါ်တာဆွဲတယ်ဆိုတာမှာ
ပေါ်တာဆွဲရတဲ့ ရွာသားရဲ့ဝန်က စစ်သားရဲ့ပုခုံးပေါ်က အလေးချိန်ထက်
အများကြီးပိုတယ်။ နောက်ပြီး ပေါ်တာစားရတာကလည်း စစ်သားစားတာရဲ့
အကျန်အကြွင်းပဲ၊ သူတို့သမိုင်းမှာ လူထုဆီကလုတာပဲရှိတယ်။ သူတို့အိတ်ထဲက
လူထုကို (ဒုက္ခသည်အပါ) တပြားတချပ်ပေးဖူးတယ်လို့ ဘယ်တုန်းကမှ
မရှိဖူးဘူးမဟုတ်လား။ သူတို့ သမိုင်းမှာ ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊
ရခိုင် စတဲ့ လူမျိုးပေါင်းစုံလူထုဆီက လုတာ၊ အဲဒီလူထုတွေ ကို
နှိပ်စက်တာ၊ အနိုင်ကျင့်သတ်ဖြတ်တာပဲရှိတယ်။
ဗမာပြည်စစ်အုပ်စုရဲ့သမိုင်းမှာ သူတို့ကိုယ်သူတို့
သီးသန့်အလွှာတခုလိုဖြစ်လာအောင် လုပ်ခဲ့တာတွေ တလျှောက်လုံးတွေ့ခဲ့ကြရတယ်။
ဗိုလ်နေ၀င်းနဲ့ အပေါင်းပါ ဆိုရှယ်လစ်စစ်ဗိုလ် တွေ ပထမဆုံးအကြိမ်
အာဏာသိမ်းတဲ့ ၁၉၅၈ ခုကတည်းကစပြီး စစ်ဗိုလ်စစ်သားတွေအတွက်
သီသန့်ဈေးဝယ်စရာတွေ၊ သူတို့သာပိုင်တဲ့ ပြည်ပကုန်သွယ်ရေးလုပ်ငန်းတွေ၊
သွင်းကုန်ပို့ကုန် လုပ်ငန်းတွေ ထူထောင်တယ်။ သီးသန့်အခွင့်အရေးတွေ
ဖန်တီးယူတယ်။ ပြီးတော့ သီးသန့် စစ်တက္ကသိုလ်ရယ်လို့ ထူထောင်လာပြန်တယ်။
စစ်အုပ်စုအဆက်ဆက်ဟာ အဲဒီလို စစ်တပ်ကို သာမန်အရပ်တွေအကြားက
ခွဲထုတ်လာရုံမက သာမန်အရပ်သားတွေရဲ့အထက်မှာ ဖြစ်နေ အောင်လည်း
လုပ်ခဲ့တယ်။
အခုဆိုရင် ဒီလုပ်ထုံးဟာ ပိုလို့ပီပြင်လာပြီ။ နအဖဟာ စစ်တပ်ကို
ဗမာပြည်ရဲ့ အခွင့်ထူး ခံအလွှာအဖြစ်သာမက အုပ်စိုးသူအလွှာပါဖြစ်လာအောင်
တမင်မွေးမြူနေတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ ကျောင်း၊ ဆေးရုံ စတဲ့
အပေါ်ထပ်အဆောက်အအုံ (Infrastructure) မှန်သမျှကို အရပ်ဖက်နဲ့
မနှိုင်းယှဉ်သာလောက်အောင်၊ မြင့်အောင် လုပ်ထားတယ်။ သူတို့စစ်ကျောင်းတွေ၊
စစ်တပ်တွေထဲမှာလည်း ငါတို့စစ်သားတွေဟာ သူများတွေထက် ခေါင်းတလုံး
ပိုမြင့်တယ်ဆိုတဲ့ အယူအဆကို ပြောင်အတိအလင်း ပြောကြားပို့ချနေတယ်။
ဟစ်တလာက အာရယန်တွေကို တင်သလို နအဖဟာ စစ်တပ်ကို မျိုးနဲ့ရိုးနဲ့၊
အစဉ်အလာနဲ့ကို မြင့်မြတ်သူတွေဖြစ်တယ်ဆိုတာမျိုး လုပ်နေကြတယ်။ လူလူချင်း
အကန်တော့ခံတာကို နည်းနည်းမှမတွေဝေဘူး။
အခုလည်းပဲ ဒီလေဘေးမှာ နအဖဟာ ကိုယ့်ငွေထဲက တပြားမှမစိုက်ထုတ်တဲ့အပြင်
သူများပေးတဲ့ အကူအညီတွေထဲကတောင် နိုင်ငံရေးအမြတ်၊ လူမှုရေးအမြတ်၊
စီးပွားရေးအမြတ် တွေ ရယူဖို့ လုံးပမ်းနေကြတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေဟာ
လူထုအတွက် သုံးဖို့မဟုတ်ဘူး။ စစ်တပ်အတွက်သုံးဖို့သာ ဖြစ်နေတယ်။
မုန်တိုင်းဘေးဒဏ် နောက်ဆက်တွဲတွေက ဖော်ပြလိုက်တာကတော့ ဒီစစ်တပ်ဟာ
အကြံကြီးကြံနေတာ ဖြစ်တယ်ဆိုတာပဲ။ ဒါကိုရင်ဆိုင်ဖို့၊
ဒါကိုပြောင်းလဲဖို့ဆိုရင် တော်ရုံနဲ့တော့ မရဘူးဆိုတာ သေချာတယ်။
လူထုဖက်ကနေ မုန်တိုင်းကြီးတရပ် ပြန်ဆင်နိုင်မှဖြစ်တော့မယ်။
နာဂစ်ထက်ကြီးမားတဲ့ မုန်တိုင်းကြီး။ လူထုအင်အား မုန်တိုင်းကြီး။ |