Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

ပြည်တွင်းပြည်ပပေါင်းစပ်ခြင်းနှင့် ခေါင်းဆောင်မှု

ဗသြ

စက်တင်ဘာဤမှာဘက်ရဲ့ ဗမာပြည်နိုင်ငံရေးကို အားလုံးက စိတ်ဝင်တစား စောင့် ကြည့်နေကြပါတယ်။

            နအဖ ဘာလုပ်နေသလဲ။ ပြည်သူလူထု ဘာစဉ်းစားနေလဲ။ ပြည်တွင်းပြည်ပ အတိုက် အခံတွေ ဘာလုပ်နေသလဲ။ အခြေအနေဟာ ငြိမ်နေလို့မရတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ကြီး ပြနေတယ်။ တောင်းဆိုနေတယ်။ စစ်ရေးသဘောပြောရရင် နှစ်ဘက်အကြားမှာ နေရာအရ အသာစီးရစေမယ့် တောင်ကုန်းတကုန်း ရှိနေတယ်။ အဲဒီကုန်းကို ကိုယ်က မစီးမိရင် သူက စီးသွားလိမ့်မယ်။

            နအဖဟာ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ ဘယ်လိုမှပြန်ကုလို့မရတဲ့ ဒဏ်ရာကြီး ရသွားပြီ။ အဲဒါကတော့ သာသနာ့လောကကို သွေးစွန်းစေတဲ့လုပ်ရပ်ကြောင့် သာမန် ပြည်သူ လူထုတွေကတောင် စိတ်နာမုန်းတီးသွားတာဖြစ်တယ်။ ဒီလုပ်ရပ်ကြောင့် နိုင်ငံရေးကို စိတ်မဝင် စားကြတဲ့၊ တမင် နိုင်ငံရေးနဲ့ကင်းအောင်နေကြတဲ့ လူတွေ၊ သာသနာရေးပုဂ္ဂိုလ်တွေကို အမျက် ထွက်စေခဲ့တယ်။ ဗုဒ္ဓဘာသာမှမဟုတ်၊ ဘာသာစုံကပုဂ္ဂိုလ်တွေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့ တယ်။ နအဖစစ်ဗိုလ်တွေဟာ သူတို့ အင်မတန်ကြည်ညိုပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးနဲ့ မယ်သီလရှင်တွေအပေါ်တောင် ဒီလိုလုပ်တယ်ဆိုရင် ငါတို့ ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေအပေါ် ပိုလို့သာဆိုးမှာပဲလို့ သတိပေးလိုက် သလို ဖြစ်သွားခဲ့တယ်။

            ဒါတွေဟာ ရှစ်လေးလုံးအရေးအခင်းတုန်းက ဒေါက်တာမောင်မောင် စိမ်ခေါ်ခဲ့တဲ့ ငြိမ်သက်နေတဲ့ အများစုကြီးကို လှုပ်နှိုးလိုက်တာဖြစ်တယ်။ လူထုအုံကြွမှုတို့၊ တော်လှန်ရေးတို့ ဆိုတာဟာ ဒီငြိမ်သက်နေတဲ့ အများစုကြီး ကိုယ့်ဘက်ကိုပါဝင်လာအောင် လုပ်ကြရတာဖြစ် တယ်။ ဒီစာရင်းထဲမှာ မီးဖိုချောင်ထဲက အိမ်ထောင်ရှင်တွေသာမက စစ်တန်းလျား-ရဲတန်းလျား ထဲက အိမ်သူတွေ၊ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်မိသားစုတွေ၊ အောက်ခြေ တပ်မှူးတပ်သားတွေပါ ပါဝင်တယ်။ သူတို့ပါဝင်လာပြီဆိုရင် လှုပ်ရှားမှုရဲ့အကွေ့အချိုးတခုကို ရောက်တော့တာပဲ။ လှုပ်ရှားမှုတခုအနေနဲ့ပြောရရင် လူထုကြီးကို ဒီလိုအဆင့်မျိုးရောက်အောင် မြှင့်တင်ရတာ လွယ်တာမဟုတ်ဘူး။ အခု အဲဒီလိုအပ်ချက်က ပြည့်စုံသလောက်ဖြစ်နေပြီ။ လိုအပ်နေတာ မှန်ကန်တဲ့ ဦးဆောင်မှုပဲ။

            ခေါင်းဆောင်မှုဆိုတာ အဝေးကနေ ဘာလုပ်လို့ ညွှန်ကြားတာကို ပြောတာမဟုတ်ဘူး။ ညွှန်ကြားနေကြတာတွေက နေရာအနှံ့ အများကြီးပဲ။ ကမ္ဘာ့ထောင့်တိုင်းကနေ ညွှန်ကြားနေကြ တယ်လို့တောင် ပြောရင်ရတယ်။ တချို့က ခေါင်းဆောင်တယ်ဆိုတာ ဘာလုပ်ရမယ်လို့ ညွှန်ပြ တာပဲလို့ ယူဆကြသလားမသိဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ခေါင်းဆောင်ခဲ့တယ်၊ ခေါင်းဆောင်မှုပေးခဲ့တယ်ဆိုတဲ့ လူတွေကို ပြန်ကြည့်ပါ။ ဘာလုပ်ကြလို့ ပြောခဲ့ကြရုံသက်သက် ပဲလား။ မဟုတ်ဘူး။ လက်တွေ့လုပ်ငန်းတွေထဲမှာ ကိုယ်ရောစိတ်ပါ ပါဝင်လုပ်ကိုင်ခဲ့ကြတာ။ တော်လှန်ရေးတပ်ဖွဲ့တခုကို တည်ထောင်ရာမှာ ပါရုံမက၊ ရှင်သန်ကြီးထွားအောင်လုပ်ရာ၊ ဆိုးတူ ကောင်းဘက် အတူတိုက်ပွဲဝင်တာတွေမှာပါ ထိပ်က ပါခဲ့ကြတာ။

            ပြည်ပကနေ လှမ်းပြီးခေါင်းဆောင်တယ်ဆိုတဲ့ သာဓကတွေလည်း ပြည်တွင်းပြည်ပ သမိုင်းမှာ အများကြီးရှိခဲ့တာပဲ။ လီနင်ဟာ ရုရှားတော်လှန်ရေးကို ပြည်ပကခေါင်းဆောင်ခဲ့တယ်။ သခင်သိန်းဖေတို့ဟာလည်း အိန္ဒိယမှာနေရင်း ဂျပန်တော်လှန်ရေးကို ခေါင်းဆောင်ရာမှာ ပါဝင်ခဲ့ ကြတယ်။ သတိပြုကြရမှာက သူတို့မှာ ပြည်တွင်းကအခြေခံ အခိုင်အမာ၊ ထုနဲ့ထည်နဲ့ ရှိတယ်။ အပြင်ကနေ အသံသက်သက်နဲ့ ခေါင်းဆောင်ခဲ့တာမဟုတ်ဘူး။ သူတို့ခေတ်တွေတုန်းက အခုလို ပြည်ပအသံလွှင့်ဌာနတို့၊ အင်တာနက်တို့၊ တယ်လီဖုံးတို့ဆိုတာတွေကို အိပ်မက်ထဲမှာတောင် တွေ့ဖူးခဲ့တာမဟုတ်ဘူး။ အကုန်လုံးက မြေအောက်လုပ်ငန်းကို အဓိကထား လုပ်ကြရတယ်။ အဆက်အသွယ်အားလုံးဟာ စွန့်စားမှုတွေ ပြည့်နေတာချည့်ဖြစ်တယ်။

            ပြည်ပကနေ ပြည်တွင်းကို ကိုယ့်သဘောထားတွေကို ကြိုက်သလို ပို့နိုင်နေတဲ့ကာလ မှာ အထဲကလူတွေ ဦးနှောက်ခြောက်ကုန်စေတဲ့ မတူတဲ့အမြင်တွေ ပို့တယ်ဆိုရင် ခွင့်မလွှတ်နိုင် တဲ့ အမှား ကျူးလွန်တာပဲ။ အတွင်းနဲ့ အပြင်နဲ့ ငြင်းရမယ့်ကိစ္စတွေကိုလည်း အရမ်း မဖြန့်လွှင့် သင့်ဘူး။ အထဲက လူတွေအနေနဲ့ သူတို့အမြင်တွေကို ပြောခွင့်၊ ဖြန့်ခွင့်မရှိသေးတဲ့ အနေအထား မှာ ကိုယ့်အယူအဆက အသံနဲ့ဖိထားတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ ကိုယ့်အချင်းချင်း ငြင်းကြ ရမှာတွေကို ခဏချထားသင့်တယ်။ ကိုယ့်မှာ ငွေရေးကြေးရေးက အကုန်လိုလို ပြည့်စုံနေတဲ့ အခါမှာ အကုန်ချို့တဲ့နေသူတွေကို ငဲ့ညှာသင့်တယ်။ တချို့ဟာ အခုလို အခွင့်အရေးကောင်း တုန်း ငါတို့အမြင်တွေကို လွှမ်းအောင် လုပ်ထားလိုက်မယ်လို့များ ယူဆထားကြသလား အောက်မေ့ရတယ်။ မလုပ်သင့်ပါဘူး။

            ပြည်ပကလူတွေရဲ့ တာဝန်ဟာ ပြည်တွင်းမှာ တကွဲတပြားဖြစ်နေသူတွေကို စုစည်းပေး ဖို့၊ တူညီတဲ့ ကြွေးကြော်သံတွေ တင်နိုင်အောင်ညှိနှိုင်းပေးဖို့ ဖြစ်သင့်တယ်။ အအက်ကို သပ်လျှို တာမျိုး မလုပ်သင့်ဘူး။ စစ်အုပ်စုက ပြည်တွင်းမှာ အတိုက်အခံတွေကို လေသံလေးမှ ဟခွင့် မပေးဘဲထားတဲ့အချိန်မှာ ပြည်ပရှိ လူတွေအနေနဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် သံကုန် ဟစ်ခွင့်ရနေတယ်။ ဒါကို တန်ဘိုးထား၊ ထိရောက်စွာ အသုံးချကြရမယ်။ အနည်းဆုံး အားလုံး သဘောတူလက်ခံနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ပေါ်လာအောင် ကြိုးစားကြသင့်တယ်။

            ပြည်ပအင်အားစုတွေဟာ ပြည်တွင်းအင်အားစုဆောင်းရေး၊ တည်ဆောက်ရေးမှာ လည်း အားစိုက်ပါဝင်ရမယ်။ ကိုယ့်အခွင့်အရေးကို အသုံးပြုပြီး သုံးစွဲသူ၊ ဖြုန်းတီးသူသက်သက် မဖြစ်သင့်ဘူး။ အတွင်းကတည်ဆောက်ထားတဲ့ အင်အားတွေကို တန်ဘိုးထားထိန်းသိမ်း၊ အတူ တိုက်ပွဲဝင်ကြရမယ်။ ဒီလိုလုပ်ငန်းမျိုးဟာ ဒီနေ့လိုကာလမှာ  တည်ဆောက်ရတာ ဘယ်လောက် ခက်တယ်ဆိုတာ လုပ်ဖူးသူတိုင်း သိတယ်။ တည်ဆောက်ထားတာမှန်သမျှဟာ အလွယ်တကူ၊ အချိန်တိုတိုနဲ့ ရရှိခဲ့တာမဟုတ်ဘူး။ အာဇာနည်တွေရဲ့ အရှိန်သြဇာတွေ၊ ပါတီတွေ၊ ၀ါဒတွေ၊ လူပုဂ္ဂိုလ်တွေရဲ့အစဉ်အလာ၊ သြဇာတွေ စတာတွေနဲ့ တည်ဆောက်ထားကြတာ ဖြစ်တယ်။ နအဖကို မုန်းတီးမှုတခုထဲနဲ့ တည်ဆောက်ထားတာမဟုတ်ဘူး။ ဒီနေ့ နာကျည်းမုန်းတီးတယ် ဆိုတာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံထဲက အစိတ်အပိုင်းတခု ဖြစ်သွားတာမဟုတ် ဘူး။ စစ်သားကောင်းတယောက်ဟာ ကျည်ဆံကို အရမ်းမဖြုန်းတီးဘူး။ တပ်မှူးကောင်း တယောက်ဟာ တပ်သားတွေရဲ့အသက်ကို အရမ်းမဖြုန်းဘူး။ အလားတူပဲ ယူဂျီလုပ်ငန်း တာဝန် ယူလုပ်နေသူတွေဟာ မိမိအင်အားတွေကို အလွယ်တကူ စတေးပစ်လို့မဖြစ်ဘူး။ ရှာရတယ်၊ မွေးရတယ်၊ တည်ဆောက်ရတယ်။

            ခေါင်းဆောင်မှုဆိုတာ အတတ်ပညာ၊ အနုပညာဖြစ်တယ်ဆိုတာတွေအပြင် ကိုယ်ကျိုး ကင်းမှု၊ အမြော်အမြင်ကြီးမှု စတာတွေလည်း ပါတယ်။ လူထုအရေး၊ လူထုအရေးတော်ပုံကို ကိုယ့်အရေး၊ ကိုယ့်အရေးတော်ပုံလို သဘောထားတယ်ဆိုတာဟာ ကိုယ်အကျိုးနဲ့ တွဲဖက် ထားတာကို ဆိုလိုတာမဟုတ်ဘူး။

            ဆိုလိုတာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို သာမန် လတ်တလောချင်းပေါ်ပေါက် တဲ့ လှုပ်ရှားမှုလောက်နဲ့ လုပ်လို့မရဘူး။ ရေရှည်တည်ဆောက်၊ ပြင်ဆင်မှုတွေလုပ်ကြရမယ်။ တပွဲနဲ့မအောင်ရင် နောက်တပွဲ ဆက်တိုက်နိုင်အောင် တည်ဆောက်ရမယ်။ ဒီလိုအဆောက်အအုံ တည်ဆောက်တာကို လက်နက်အားကိုး၊ ငွေအားကိုးနဲ့ ခုရေတွင်းတူး ခုရေကြည်သောက်လုပ်လို့ မရဘူး၊။ ခေါင်းဆောင်မှုအရည်အသွေးဟာ ဒီနေရာမှာ စကားပြောတာပဲ။ တိုက်ပွဲတပွဲကို ဦးဆောင်တာနဲ့ အရေးတော်ပုံတခုကို ဦးဆောင်တာတို့တောင် မတူဘူး။ စစ်ခေါင်းဆောင်မှု မှားရင် ရလဒ်ကို ချက်ခြင်းမြင်ရတယ်။ နိုင်ငံရေးခေါင်းဆောင်မှုမှားရင် ရလာဒ်ကို ချက်ခြင်း မြင်ကောင်းမှမြင်ရတယ်။ ဒါပေမဲ့ ဆုံးရှုံးးမှုကတော့ ဘာမှမကွာဘူး။  ဆုံးရှုံးမှုဒဏ်ကို ခံကြရရာ မှာလည်း အာဏာရနေသူနဲ့ အာဏာမဲ့သူတို့ မတူဘူး။ အာဏာမဲ့သူဟာ ဆုံးရှုံးမှု ပိုကြီးလေ့ရှိ တာပဲ။

            နောက်ဆုံး မမေ့သင့်တဲ့အချက်တချက်က ခေါင်းဆောင်ဆိုတာဟာ ခေါင်းဆောင်တာ သက်သက်မဟုတ်ဘူး။ သူပါ ပါဝင်တိုက်ပွဲဝင်၊ ဆင်နွှဲရတာဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်တယ်။ တိုက်ပွဲတပွဲ၊ လှုပ်ရှားမှုတခု ဆုံးရှုံးတယ်ဆိုရင် အောက်ခြေက တရားခံဖြစ်တယ်ရယ်လို့ မရှိဘူး။ ခေါင်းဆောင်ပဲ တရားခံဖြစ်တယ်။ သူ့ပဲ အဓိကတာဝန်ရှိတယ်။
                                               
٭٭٭٭٭ 

 
 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org