|
ပြည်သူလူထုဟာ သစ္စာမဖောက်ဘူး
ဗသြ
ညောင်နှစ်ပင်ညီလာခံကနေ ဗမာပြည်နိုင်ငံရေးကို သေဒဏ်ပေးဖို့ နောက်ဆုံး
စီရင် ချက်ချဖို့ စည်းဝေးနေချိန်မှာပဲ လမ်းမတွေပေါ်မှာ ပြည်သူလူထုဟာ
အဲဒီညောင်နှစ်ပင်ညီလာခံ အပါ နအဖစစ်အုပ်စုကိုပါ သေဒဏ်ပေးဖို့
ဆန္ဒပြနေကြတယ်။
နအဖအဖို့ အလစ်ခံလိုက်ရတာလို့ မပြောနိုင်ဘူး။ သူတို့ပြင်ဆင်ထားတာတွေ
အများ ကြီးပဲ။ ဒါပေမဲ့ သူတို့တွက်ထားတာထက် ဖြိုခွဲရခက်နေတာတော့
အမှန်ပဲ။ ဆန္ဒပြပွဲတခုကို ဖြိုခွဲ ရတာ မခက်ဘူး။ ဒါပေမဲ့
ဆန္ဒပြပွဲမှန်သမျှ ပျောက်သွားအောင်လုပ်ဖို့ကျတော့ သူတို့ထင်သလို မလွယ်တာ
တွေ့နေရတယ်။ နောက်ပြီး ဒါတွေဟာ အခုမှ အစပဲရှိသေးတယ်ဆိုတာကို ဗမာပြည်
ရဲ့နိုင်ငံရေးအကြောင်း နားလည်သူတိုင်း သဘောပေါက်ကြတယ်။ နအဖလည်း
ကောင်းကောင်း နားလည်တယ်။ သူခိုးနဲ့အိမ်ရှင်သာ သိတယ်ဆိုတာမျိုး။
အခုကိစ္စဟာ လောင်စာဆီပြဿနာ သက်သက် မဟုတ်ဘူးဆိုတာလည်း ရှင်းနေတယ်။
အမှန်ပဲ၊ အစဆိုတော့ ပါဝင်တဲ့ဦးရေ နည်းနေသေးတယ်။ တချို့က
ပြည်သူလူထုကြီး ပါမလာရကောင်းလားလို့ စိတ်တို၊ စိတ်ပျက်တာတွေ ကြားနေ၊
တွေ့နေရတယ်။ တချို့ကဆိုရင် ပြည်သူလူထုဟာ ကြောက်တယ်လို့တောင်
နိဂုံးချုပ်ကြတယ်။ လောကမှာ ကိုယ်လုပ်တဲ့ အလုပ် တိုင်း
သူများလိုက်မလုပ်တာကို သတ္တိနည်းတယ်လို့ လက်ညှိုးထိုးလို့ မဖြစ်ပါဘူး။
ဘာကြောင့် အဲဒီလို ကွာဟနေတယ်ဆိုတာကို သေသေချာချာ လေ့လာပိုင်းခြား
နည်းနာရှာဖို့ပဲဖြစ်တယ်။
လမ်းပေါ်မှာ ဆန္ဒပြနေကြသူတွေက ပတ်ဝန်းကျင်က လူတွေကို “မကြောက်ကြပါနဲ့၊
ထွက်ခဲ့ကြပါ၊
ပူးပေါင်းလှည့်ပါ”လို့ လှမ်းပြီးခေါ်တာ မဆန်းဘူး။ ဒါပေမဲ့ ဆန္ဒပြပွဲ
အောင်မြင်မှု မရတာ လူထုကြီးကြောက်နေလို့ဆိုပြီး နိဂုံးချုပ်လို့ကတော့
အမှားကြီးမှားကြလိမ့်မယ်။ ဗမာပြည် သမိုင်းမှာ နာမည်ကြီးလှတဲ့ လူထုအပေါ်
အမြင်မှားမှု၊ ပြစ်မှားမှုကြီးတခုကို ကြားဖူးကြမယ် ထင်တယ်။
အလံနီသခင်စိုးကိစ္စပဲ၊။ ဗကပထဲက ခွဲထွက်ပြီးစမှာ တခြားသူအားလုံးကို
အချောင် သမားလို့ အပြစ်တင်ပြီး လက်မတွဲနိုင်ဘူးလို့ ကြေငြာထားတဲ့
သခင်စိုးဟာ ရန်ကုန်မှာ လူထု ဆန္ဒပြပွဲကြီးတခုကို သူတို့ချည်း
ဖော်ထုတ်ဖို့ စည်းရုံးတရားဟောတော့ လူထုက ထွက်မလာဘူး။ သူတို့အလံနီလေး
လက်တဆုပ်စာလောက်ဆိုတော့ အစိုးရက ရေပိုက်တွေနဲ့ အလွယ်တကူ ဖြိုခွဲ
ပစ်လိုက်တယ်။ အဒီအခါမှာ အတော်ရှက်သွားတဲ့ သခင်စိုးက “ရန်ကုန်မြို့က
လူထုဟာ လူထု မဟုတ်ဘူး၊ လဒူပဲ”လို့ ပြောခဲ့တယ်။ အဲဒီစကားဟာ
ရာဇ၀င်ကိုတွင်ရော ဆိုတာမျိုးဖြစ်ခဲ့တယ်။ ဆိုလိုတာ လူထုကို သေသေချာချာ
အကဲဖြတ်တာ၊ ပါလာအောင်လုပ်တာတို့ဟာ အရည်အချင်း တခုဖြစ်တယ်။ လူထုဟာ
သမိုင်းဖန်တီးသူ ဖြစ်တယ်ဆိုတာ တရားသဘော၊ သမိုင်းခေတ်နဲ့ချီပြီး
ပြောတာဖြစ်တယ်။ လှုပ်ရှားမှုတခု၊ တိုက်ပွဲတခုစီအတွက် သီးခြားစီ
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး လုပ်ငန်းစဉ်တွေ၊ နည်းပရိယာယ်တွေ
ချမှတ်ရတယ်။
လူထုနဲ့ပတ်သက်လာရင် ကိုယ်က သူ့ဆီကိုသွားရတာဟာ အခြေခံတရားဖြစ်တယ် ဆိုတာ
မမေ့သင့်ဘူး။ ကိုယ်က သူ့ဆီကို ထဲထဲဝင်ဝင်သွားနိုင်မှ သူက
ကိုယ့်ဆီကိုလာမှာ။ ကိုယ်က အမိန့်ပေးသလို ငါ့နောက်လိုက်ခဲ့ကြလို့
ခေါ်နေလို့မဖြစ်ဘူး။ လူထုမပါပဲ ကိုယ်က ဘာမှ လုပ်လို့မရဘူး။ လူထုဘက်ကတော့
ဒီခေါင်းဆောင်ကို မကြိုက်ရင် နောက်ခေါင်းဆောင်ကို ရွေးချယ်လို့ရတယ်။
ဒီနိုင်ငံမှာ ဒီလူထုပဲရှိတယ်။ ကိုယ့်မှာ ရွေးစရာမရှိဘူး။ ဒီလူထု လက်ခံ
သဘောပေါက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာပဲ စဉ်းစားသင့်တယ်။
တပွဲထဲ၊ တချီထဲနဲ့ လူထုတရပ်လုံး လမ်းပေါ်တက်လာတယ်ဆိုတာ ဘယ်သမိုင်းမှာမှ
မရှိဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးရှေ့မှာ ဇာတ်တိုက်တာတွေ
ဘယ်နှစ်ကြိမ်ဘယ်နှစ်လီ လုပ်ခဲ့ရတယ်ဆိုတာ ပြန်စဉ်းစားကြည့်ပါ။
ကိုယ့်ဘက်က ဘယ်လောက်ပြင်ဆင်မှုတွေ လုပ်ထား တယ်ဆိုတာလည်း အရေးကြီးတယ်။
အမာခံအတွင်းစည်း တည်ဆောက်တာဟာ အရည် အတွက်အားဖြင့် ဘယ်လောက်များလို့
ဘယ်လောက်ကျယ်ပြန့်သလဲ၊ နောက်ပြီး လူထုထဲကို ဘယ်ကလောက်
စိမ့်ဝင်ထားနိုင်သလဲဆိုတာလည်း ပြန်ဆန်းစစ်ရမယ်။ အရင်တုန်းက တနေရာ ရာက
ဖောက်ခွဲလိုက်ရင် အုံကြွလိုက်လာကြတယ်ဆိုတာဟာ သူ့ရှေ့က သိပ်မကြာလှသေးတဲ့
ကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းတွေ ရှိနေလို့ဆိုတာဟာ
တကြောင်းဖြစ်တယ်။ အခုဟာက အဲဒီလိုရှေ့ပြေးတွေ စပြီးဖော်ထုတ်နေတဲ့
အဆင့်မျိုးပဲ ရှိသေးတယ်။ နောက်ပြီး အရင်ကလည်း အဲဒီလို
ဖောက်ခွဲတုန်းမှာပဲ အဖမ်းခံသွားရတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးတွေ လည်း
မနည်းဘူးဆိုတာ မမေ့သင့်ဘူး။
ဒါပေမဲ့ ပြည်သူလူထုဟာ ဒီနေ့ဖြစ်နေတာတွေကို မျက်စိမှိတ်၊ နားပိတ်ထားကြတာ
မဟုတ်ဘူး။ သူတို့ မျက်စိဖွင့်၊ နားစွင့်ပြီး စောင့်ကြည့်နေကြတာသာ
ဖြစ်တယ်။ ဘယ်သူတွေ ပါသလဲ၊ ဘယ်သူတွေမပါဘူးလဲ၊ သူတို့ခေါင်းထဲမှာ
စဉ်းစားနေတာပဲ။ သူတို့လေးစားယုံကြည်တဲ့ ဘယ်သူဘယ်ဝါတွေက
ဘယ်လိုတုန့်ပြန်သလဲ။ ဘယ်လိုသဘောထား ဖော်ပြသလဲ။ သူတို့
မဲဆန္ဒပေးခဲ့တဲ့လူတွေ ဘယ်လိုအခန်းက ပါဝင်သလဲ။ ဒါတွေအားလုံးကို
ထည့်တွက်ကြတာ ဓမ္မတာဖြစ်တယ်။ ကိုယ့်အိမ်နီးနားချင်းထဲက ဘယ်သူတွေပါသလဲ၊
ကိုယ်သိတဲ့လူ ပါသလား၊ ဒါ့အပြင် ဘယ်သူတွေ-ဘယ်သူတွေ မပါသေးသရွေ့တော့
မပါသေးဘူးဆိုတဲ့ စဉ်းစားနည်းမျိုး လူထုမှာ ရှိတတ်ကြတာပဲ။ ဒါ မဆန်းဘူး။
လူထုကို နိုင်ငံရေးသမားလို တွက်တာ၊ စဉ်းစားတာ၊ တောင်းဆိုတာဟာ ကိုယ်
သူငယ်မစင်သေးတာကို ပြတာသာဖြစ်တယ်။
ဗမာပြည်မှာ လူထုအုံကြွမှုတွေ မပေါ်စေချင်တဲ့၊ ဗမာပြည်ပြဿနာကို
စစ်အစိုးရအလို ကျ လိုက်လျောဖြေရှင်းစေချင်ကြတဲ့ ဗမာပြည်သားတချို့နဲ့
နိုင်ငံခြားသားတချို့တွေဟာ လူထု မပါတာကို ထောက်ပြပြီး ညောင်နှစ်ပင်ကို
လက်ခံခိုင်းနေကြတယ်။ စစ်ကားကြီးတစင်း ဒုံးစိုင်း မောင်းဝင်လာတာကို
ရှေ့ကနေ ၀င်မတားနဲ့၊ စပယ်ယာလုပ်ပြီး စစ်ဗိုလ်ကို ယပ်ခတ်ပေးဖို့
တိုက်တွန်းနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း သူတို့ ပြောသာမယ့်အကွက်ကို
စောင့်နေကြတယ်။ အခုအထိတော့ သူတို့ ဘာမှမပြောနိုင်ကြဘူး။ ချောင်မှာ
ကုတ်နေကြတယ်။ ဒီနေ့တိုက်ပွဲဟာ ကျားနဲ့ဆင် လယ်ပြင်တွေ့နေတဲ့
အနေအထားဖြစ်တယ်။ နအဖဟာ ဘယ်လိုကြားဝင်မှုကိုမှ လက်မခံဘူး၊
သေတဲ့အထိမိုက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ရှင်းနေတယ်။
သူတို့ဟာ သူတို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအတည်ဖြစ်ဖို့အတွက်
ဘာမဆိုလုပ်မှာပဲ။ အဲဒါဟာ ဗမာပြည် နိုင်ငံရေးနဲ့ ဗမာပြည်ရဲ့ အနာဂါတ်၊
ဒီမိုကရေစီရေးတို့ကို သေဒဏ်စီရင်တာဖြစ်မှာပဲ။ ဒါကို
ပျက်အောင်ဖျက်ဖို့ဟာ ဒီနေ့ အရေးကြီးတာဝန်ပဲ။ တကယ်တော့
လူထုဆန္ဒခံယူပွဲအဆင့် ရောက်သွားတယ်ဆိုရင်ပဲ နအဖအဖို့ အမြတ်ရသွားပြီ။
အဲဒီအဆင့်မှာ သူတို့ဖွဲ့စည်းပုံကို ထောက်ခံမဲရအောင်
နည်းမျိုးပေါင်းစုံနဲ့ ညစ်မယ်ဆိုတာ ဘာမှ သံသယဖြစ်စရာမလိုဘူး။ အဲဒီလို
နည်းနဲ့ အတည်ပြုလို့ရရင်ရ၊ မရရင်- ။ မရရင်ကော ဘာထူးမှာလဲ။ သူတို့
လက်ရှိပုံစံအတိုင်း ဆက်အုပ်ချုပ်သွားလို့ အကြောင်းပြစရာ
ရသွားတာပဲဖြစ်မယ်။ ဒါကြောင့် ဆန္ဒခံယူပွဲဆိုတာ နအဖအဖို့တော့
နိုင်လည်းနိုင်၊ ရှုံးလည်းနိုင်ပဲ။
ဒီနေ့အခါမှာ ကိုယ့်ကိုထောက်ခံတဲ့ မီဒီယာတွေရှိနေတယ်ဆိုတာ သမိုင်းရဲ့
ထူးခြား ချက်ပဲ။ အင်မတန်ကောင်းတဲ့ အချက်လည်း ဖြစ်တယ်။ ဒါပေမဲ့
မီဒီယာနဲ့ မြေအောက်လုပ်ငန်း ဟာ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်တယ်ဆိုတာကို
သတိပေါ့လို့မဖြစ်ဘူး။ နောက်ပြီး ဒီမီဒီယာ တွေက အေးလွင်တို့၊
ဇာနည်တို့လို လူတွေကိုလည်း စင်ထိုးပေးနေတယ်ဆိုတယ်။ မီဒီယာနယ် ပယ်မှာ
မထင်မှတ်ပဲနဲ့ စစ်ပွဲတွေဖြစ်ပေါ်နေတယ်။ အဲဒီစစ်ပွဲဟာ ပြည်သူလူထုရဲ့
အတွေးအခေါ် ကို အနည်းနဲ့အများ ဂယက်ရိုက်တယ်။
ပြည်သူလူထုဟာ နအဖအကြောင်း မသိတာမဟုတ်ဘူး၊ သိတယ်။ ဒါပေမဲ့ တိုက်ပွဲ
ဝင်ဖို့၊ လူထုလှုပ်ရှားမှုကြီးတွေ ဆင်နွှဲဖို့ အတွေးအခေါ်အရ
အသင့်ဖြစ်ပြီလား။ ဒီနှစ်ဆင့်ဟာ မတူဘူး။ အတွေးအခေါ်အဆင့် ရောက်အောင်ဆိုတာ
လက်တွေ့အပါ နည်းပေါင်းစုံနဲ့ တဆင့်မြှင့် တင်ရသေးတယ်။ နောက်ပြီး
လိုအပ်ရင် ရဲဆေးတင်တဲ့ တိုက်ပွဲတွေလည်း ဖြတ်သန်းစေရသေး တယ်။
တခုကတော့ သေချာတယ်။ ပြည်သူလူထုဟာ ဘယ်တော့မှ သစ္စာမဖောက်ဘူး။
***** |