Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

ပြိုင်တူဟိန်းမှ ခြိမ်းမယ့်မိုး

(၁) ကျနော်တို့အားလုံး NO 

ရဲဘော်များ မိတ်ဆွေများခင်ဗျား 

၂၀၀၇ ခုနှစ်ရဲ့ သြဂုတ်၊ စက်တင်ဘာလများက အစပြုခဲ့တဲ့ မြန်မာနိုင်ငံပြည်သူများရဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးက ဒီကနေ့အထိ အရှိန်အဟုန်မြင့်မားစွာနဲ့ ချီတက်နေဆဲပါပဲ။ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် တုံ့ပြန်မှုများအောက်မှာ ဒူးမထောက် ဦးမညွှတ်ဘဲ လမ်းခွဲခဲ့ ရတဲ့ ရဲဘော်များကို ကြေကွဲစွာ နှုတ်ဆက်၊ အိပ်မက်အသစ်တွေ မွေးဖွား၊ အနာဂတ်ကို တည် ဆောက်မဲ့ ခင်ဗျားတို့ရဲ့ လက်များဟာ သန်မာနေဆဲ၊ ခင်ဗျားတို့ရဲ့ ရင်ခုန်သံတွေဟာ ရဲရင့် နွေးထွေးနေဆဲ။ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်များက လတ်ဆတ်တောက်ပနေဆဲ၊ မြန်မာနိုင်ငံ ဒုတိယလွတ်လပ်ရေးတိုက်ပွဲရဲ့ အောင်ပန်းကို မကြာခင်မှာ ခင်ဗျားတို့ ဆင်မြန်းနိုင်ကြတော့ မယ်….. ကျနော်ယုံကြည်မိပါရဲ့…..။ 

၁၉၈၈ ခုနှစ်ကစခဲ့တဲ့ အကြမ်းမဖက်တဲ့ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးဟာ အနှစ် ၂၀ ထဲကို ရောက်ရှိလာသလို လူထုတိုက်ပွဲရဲ့ ပုံသဏ္ဍာန်ဟာလည်း ပြောင်းလဲခဲ့ပါပြီ၊ ဒီကနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးရဲ့ အထွဋ်အထိပ်တိုက်ပွဲကို ရောက်ရှိနေပါပြီ။ စစ်အာဏာရှင်တွေက တိုင်းပြည်ကို ရာသက်ပန် အုပ်ချုပ်နိုင်ဖို့အတွက် သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ စစ်ကျွန်ပြုရေးဥပဒေကို တဖက်သတ်ပြဌာန်း အတည်ပြုဖို့ ကြိုးစား နေပါပြီ။ ဒီပွဲမှာ သူတို့အောင်မြင်ခဲ့ရင် ကျနော်တို့ရဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ထာဝရ ဆုံးရှုံးရ တော့မယ်။ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ တရားဝင်ဖြစ်လာပြီး ကျနော်တို့ပြည်သူတွေ သားစဉ်မြေးဆက် စစ်ကျွန်ဘ၀ရောက်ကြရတော့မယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးစုများအရေးတွေဟာ စစ်ဖိနပ်များအောက်မှာ နာကျင်ကြရတော့မယ်။ 

စကားတခု ကြားဖူးပါတယ်၊ “တိုက်ပွဲပုံသဏ္ဍာန်ကို ရန်သူက ဖန်တီးပြီး တိုက်ပွဲရဲ့အရှိန်အဟုန်က ညီညွှတ်မှုကို တည်ဆောက်ပေးတယ်” တဲ့။ ဘယ်သူဘယ်ဝါက ပြောခဲ့သလဲ မမှတ်မိတော့ပါ။ ဒါပေမယ့် ကျနော်တို့အတွက် သိပ်ကိုမှန်ကန်တဲ့ စကားပါပဲ။ နအဖက သူ တဖက်သတ်ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်လိုက်တာ ဟာ ဒီမိုကရေစီအင်အားစုများအတွက် တိုက်ပွဲပုံသဏ္ဍာန်ကို ဖန်တီးပေးလိုက်တာပါပဲ။ “မြန်မာ ပြည်ကို ရာသက်ပန် အုပ်ချုပ်တော့မယ်ဟေ့”လို့ စစ်ဘီလူးများက ကြွေးကြော်လိုက်တာဟာ မြန်မာပြည်သူလူထုကို စစ်ကြေငြာလိုက်တာပါပဲ။ စိန်ခေါ်လိုက်တာပါပဲ။ ဒီစိန်ခေါ်မှုကို ကျနော်တို့ ရင်ဆိုင်လိုက်ပါတယ်။ စစ်အာဏာရှင်စနစ်ကို လုံးဝ(လုံးဝ) အလိုမရှိဘူးလို့ မြန်မာပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား ကြေငြာခဲ့ကြသလို၊ အခုလာမယ့် မေလလူထုဆန္ဒ ခံယူပွဲမှာလည်း ထပ်မံ ပြတ်ပြတ်သားသား ကြေငြာကြမှာပါ။ နအဖရဲ့ စစ်တပ်အကျိုးပြု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ကန့်ကွက်ကြမှာပါ။ 

ဒီတိုက်ပွဲကြီးရဲ့ အရှိန်အဟုန်က ကြီးမားလွန်းပြီး ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရမယ့် အခြေအနေမျိုးမို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။ ကျနော်တို့အားလုံး ပြည်တွင်းပြည်ပ ဘယ်လောက်ပဲဝေးဝေး၊ အရောင်တွေ ဘယ်လိုပဲကွဲကွဲ၊ အဖွဲ့အစည်းတွေ ဘယ်လိုပဲများများ၊ စစ်အုပ်စုရဲ့ မိစ္ဆာချောက်ကမ်းပါးကြီးထဲကို ကျဖို့ တည်းတည်းလေးဖြစ်နေတဲ့ ကျနော်တို့အမိမြေကို ကယ်တင်ဖို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။ 

နှစ်ပေါင်းများစွာ ကျနော်တို့ အားမလိုအားမရဖြစ်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ကြီးများကလည်း ဒီအမြင့်မားဆုံးတိုက်ပွဲမှာ ရဲရဲရင့်ရင့် ရှေ့တန်းကရပ်လို့၊ ၁၉၈၈ နောက်ပိုင်းမှာမှ မွေးဖွားကြတဲ့ လူငယ်ကျောင်းသားကလေးတွေကအစ လက်နှစ်ဖက်ကို ကြက်ခြေခတ်လို့၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ တပ်မတော်သား မိသားစုဝင်များကအစ “NO”လို့ တဖွဖွ ရေရွတ်ကြလို့၊ တိုင်းရင်းသားလူမျိုးစုများကလည်း “NO”၊ ပြည်ပရောက် မြန်မာများက လည်း “NO”၊ ဆရာတော် သံဃာတော်များကလည်း “NO”၊ နံမည်ကျော်အနုပညာရှင်များက လည်း “NO”။ ကျနော်တို့အားလုံးရဲ့ တညီတညွတ်တည်း ကြွေးကြော်သံက “NO”၊ စစ်တပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း “NO”။ စစ်တပ်ကိုလည်း “NO”၊ မတရားတဲ့ အုပ်စိုးမှုမှန်သမျှ ကိုလည်း “NO”။ ဒီထက်ရှင်းတာ မရှိနိုင်တော့ပါဘူး။ 

(၂) နအဖရဲ့ ခြေလှမ်းများ 

ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ နအဖစစ်အုပ်စုဟာ မတရားမှုများနဲ့ တည်ဆောက်ဖွဲ့စည်းထားတဲ့ မိစ္ဆာတွေပါ။ တချို့က ‘ဗိုလ်သန်းရွှေက ဆန္ဒခံယူပွဲကို သေသေချာချာ တွက်ဆပြင်ဆင်ခြင်းမရှိပဲ ခေါ်ယူလိုက်တာ’ လို့ တွက်ဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်၊ မေလမှာ ခေါ်ယူဖို့ ကြေငြာတာနဲ့ တပြိုင်တည်းမှာပဲ ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ မှာ ကျင်းပဖို့ ကြေငြာတာဟာဖြင့် ဒီအတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုဖို့ စစ်အာဏာရှင်များက ပိုင်းဖြတ်ထားကြောင်း သိသာထင်ရှားတဲ့ အထောက်အထားပါပဲ။ စစ်အုပ်စုဟာ ၂၀၀၈ မေ ဆန္ဒခံယူပွဲမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရအောင် ကြိုးစားမှာပါ။ 

နေ့စဉ်ထုတ်သတင်းစာတွေမှာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ ပြည်သူလူထုကို ထောက်ခံမဲပေး ကြဖို့ အကြီးအကျယ် စည်းရုံးနေပါတယ်။ နေရာဒေသအနှံ့အပြားမှာလည်း ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး ထောက်ခံမဲ ပေးခိုင်းနေပါတယ်။ နအဖရဲ့ ၀န်ကြီးတွေ၊ ၀န်ကလေးတွေ၊ ဗိုလ်ချုပ်တွေ နေရာအနှံ့အပြားကိုသွားပြီး ခြိမ်းခြောက်လိုက်၊ လှည့်ဖျားလိုက်၊ လာဘ်ထိုးလိုက် လုပ်နေတာ ကတော့ မကြားချင်မှ အဆုံးပါပဲ။ တချိန်တည်း တပြိုင်တည်းမှာပဲ ပြည်သူလူထုကို ကန့်ကွက်မဲ ပေးဖို့ ဦးဆောင်စည်းရုံးနေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာဖြင့် နအဖငှားရမ်းထားတဲ့ ကြေးစားလူမိုက်များရဲ့ တိုက်ခိုက် မှုအောက်မှာ နာကျင်ကြ၊ ဒဏ်ရာရကြ၊ အဖမ်းအဆီးခံကြရနဲ့ …….။ 

နအဖက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်လွယ်ကူကူ အတည်ပြုနိုင်ရေးအတွက် လိုအပ်တဲ့ ထောက်ခံမဲပမာဏကိုလည်း မြင့်မြင့်မားမား မသတ်မှတ်ထားပါဘူး။ ဒီဖွဲ့စည်းပုံကို နောင်တချိန် မှာ ပြန်ပြင်မယ်ဆိုရင် လွှတ်တော်မှာ ၇၅ % ကျော် ထောက်ခံမဲနဲ့ လူထုဆန္ဒခံယူပွဲမှာ ၅၀% ကျော် ထောက်ခံမဲလိုမှာ ဖြစ်ပေမယ့် ဒီဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲမှာ အတည်ပြုဖို့အတွက် တော့ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ၂၅% ကျော်သာ လိုအပ်မှာဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံ လူဦးရေကို ၅၆ သန်းလို့ ခန့်မှန်းပြီး မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းလို့ ခန့်မှန်းတဲ့အတွက် ဒီဖွဲ့စည်းပုံ ကို မဲပေးပိုင်ခွင့်ရှိသူ ၈ သန်းကျော်လောက်က ထောက်ခံရုံနဲ့ အတည်ပြုမှာပါ။ 

ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးမှာ သေချာသလောက်ရှိတဲ့ နိုင်ငံသားတော်တော်များများဟာ လည်း မဲပေးခွင့်မရကြပါဘူး။ အခုပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား အစရှိ တဲ့ ပြည်ပနိုင်ငံများမှာရှိတဲ့ မြန်မာသံရုံးများက ကြိုတင်မဲဆန္ဒပေးပွဲများကို လေ့လာကြည့်မယ်ဆို ရင် ပြည်ပရောက်မြန်မာနိုင်ငံသား အများစု၊ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် တသန်းကျော်ဟာ မဲပေးခွင့် ဆုံးရှုံးနေတာ တွေ့ရပါတယ်။ 

ပြည်တွင်းမှာလည်း သူတို့ကိုယ်တိုင် ပြဌာန်းထားတဲ့ ဆန္ဒခံယူပွဲဥပဒေကို ချိုးဖေါက်ပြီး ဝန်ထမ်း တွေကို သက်ဆိုင်ရာဌာနတွေမှာ၊ ဆရာ/ဆရာမတွေကို သက်ဆိုင်ရာကျောင်းတွေမှာ မဲရုံ ဆောက်ခွင့်မရှိပဲ မဲရုံဆောက်ပြီး ကြိုတင်မဲပေးခိုင်းနေတာဟာ ကြီးမားတဲ့ မတရားမှုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်ရင် ထောင်ဒဏ် တသက်တကျွန်း၊ ဆန္ဒခံယူပွဲကို နှောင့်ယှက် ရင် ထောင်ဒဏ် ၃ နှစ် စတဲ့ ဥပဒေတွေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး အကာအကွယ် ပေးထားပါသေးတယ်။ ဒါ့အပြင် နိုင်ငံတကာကတောင်းဆိုတဲ့ နိုင်ငံတကာ အကဲခတ်များ ဆန္ဒခံယူပွဲကို လေ့လာစောင့်ကြည့်ခွင့်ရရေး တောင်းဆိုချက်ကိုလည်း နအဖက ငြင်းပယ်ထားပါသေးတယ်။ 

အကြီးမားဆုံး လိမ်လည်မှုတွေကတော့ ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ မေ (၁၀) ရက်နဲ့ နောက်ရက် တွေမှာ ဖြစ်မှာပါ။ နအဖရဲ့ ဆန္ဒခံယူပွဲဥပဒေအရ မဲရုံတွေမှာ မဲစာရင်းအနိုင်အရှုံးကို ထုတ်ပြန် ကြေညာခွင့်မရှိပါဘူး။ သက်ဆိုင်ရာ မဲရုံများရဲ့ မဲစာရင်းအနိုင်အရှုံးကို သက်ဆိုင်ရာ မြို့နယ် ကော်မရှင်က လက်ခံစုဆောင်းပြီး သက်ဆိုင်ရာ ပြည်နယ်/တိုင်းကော်မရှင်များထံပို့၊ ယင်းတို့မှ တဖန် ဗဟိုကော်မရှင်ကို ပို့ပြီး ကြပ်ပြေးနေပြည်တော်မှာ အခြေစိုက်တဲ့ ဗဟိုကော်မရှင်ကမှ ဒီကိန်းဂဏန်းများကို ပေါင်းပြီး အနိုင်အရှုံး ကြေငြာမှာပါ။ အားလုံးသိတဲ့အတိုင်း ဆန္ဒခံယူပွဲ ကျင်းပရေး ဗဟိုကော်မရှင်ရဲ့ဥက္ကဌ ဦးအောင်တိုးဟာ အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်း ကော်မတီရဲ့ ဥက္ကဌလည်းဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ရဲ့ ဥက္ကဌ လည်း ဖြစ်ပြီး၊ ကော်မရှင်အဖွဲ့ဝင်တွေဟာလည်း နအဖက စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတွေ ပါ။ ဗဟိုကော်မရှင်က အဆင့်ဆင့်တင်ပြလာတဲ့ မဲစာရင်းများကို ပေါင်းစပ်ရေတွက်ရာမှာလည်း မည်သူကမှ စောင့်ကြပ်လေ့လာနိုင်မှာမဟုတ်ပါ။ ဒါကြောင့် အကြီးမားဆုံး လိမ်လည်မှုကြီးဟာ ဆန္ဒခံယူပွဲအပြီး နောက်တပတ်ခန့်အကြာ ကြပ်ပြေးနေပြည်တော် ဗဟိုကော်မရှင်က မဲစာရင်း ထုတ်ပြန်ကြေငြာတဲ့အခါမှာ ဖြစ်ပါလိမ့်မယ်။ ကန့်ကွက်မဲတွေ ဘယ်လောက်ပဲများများ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနိုင်ပေး အတည်ပြုမှာပါ။ 

ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ ညနေဖက် မဲရုံပိတ်ချိန်မှာ မဲရုံမှူးနဲ့အဖွဲ့က မဲပုံးထဲက မဲတွေကို ရေတွက် ပါလိမ့်မယ်။ ဥပဒေအရ မဲရေတွက်တဲ့အချိန်မှာ အနည်းဆုံး ၁၀ ဦးထက်မပိုတဲ့ မဲပေးခွင့်ရှိသူတွေ ရှေ့မှောက်မှာ ရေတွက်ရမှာဖြစ်ပေမယ့် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေသာ အဲဒီ ၁၀ ဦး ဖြစ်မှာပါ။ ရေတွက်ပြီးတဲ့နောက် မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်ထံ တင်ပို့ရမှာပါ။ ရပ်ကွက်/ကျေးရွာကော်မရှင်တွေက သူတို့ထံရောက်လာတဲ့ မဲရုံအသီးသီးက စာရင်းတွေကို စုပေါင်းပြီး မြို့နယ်ကော်မရှင်တွေထံ တင်ပြ၊ မြို့နယ်ကော်မရှင်တွေက ကျေးရွာ/ရပ်ကွက် ကော်မရှင်များက တင်သွင်းတဲ့ မဲစာရင်းတွေကို ထပ်ပေါင်းပြီး သက်ဆိုင်ရာ ပြည်နယ်/တိုင်း ကော်မရှင်ကိုတင်၊ ပြည်နယ်/တိုင်းကော်မရှင်က သက်ဆိုင်ရာမြို့နယ်များက တင်ပြလာတဲ့ မဲစာရင်းများကို ထပ်ပေါင်းပြီး ကြပ်ပြေးနေပြည်တော်က ဗဟိုကော်မရှင်ကိုတင်၊ ကြပ်ပြေး နေပြည်တော် ဗဟိုကော်မရှင်က ပြည်နယ်/တိုင်းကော်မရှင်များက တင်ပို့လာတဲ့ မဲစာရင်းများကို ထပ်ပေါင်း၊ အဲဒါကိုမှ အရင်ရရှိထားတဲ့ ကြိုတင်မဲများကို ထပ်မံပေါင်းစပ်ပြီး နောက်ဆုံးပိတ် မဲစာရင်းကို ကြေညာမှာပါ။ ဒါကြောင့် မဲရုံပိတ်တဲ့ညနေကစပြီး မဲရုံမှူးများနဲ့ ကော်မရှင် အဆင့်ဆင့်ရဲ့ လိမ်လည်ပွဲကြီး စပါပြီ။ မဲရုံမှူးတွေအဆင့်မှာ လိမ်လို့ခက်ရင်တောင်မှ အဲဒီ မဲစာရင်းတွေ ကျေးရွာ/ရပ်ကွက်ကော်မရှင်အရောက်မှာ စတင်လိမ်လို့ရပါပြီ။ အဲဒီနောက် မြို့နယ် ကော်မရှင်တွေက ထပ်လိမ်၊ ပြီးတော့ ပြည်နယ်/တိုင်းကော်မရှင်တွေက ထပ်လိမ်နဲ့ ကြပ်ပြေး နေပြည်တော် ဗဟိုကော်မရှင်က ကြိုတင်မဲများနဲ့ ထပ်ပေါင်း၊ လိမ်လည်ပြီးတဲ့နောက်မှာတော့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ထောက်ခံမဲ ၁၀၀%၊ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုနိုင်မှာပါ။ 

(၃) ဒီလိုဆိုရင် ? 

အဲဒီလိုဆိုရင် အခု ကျနော်တို့က လူထုကို ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ ကန့်ကွက်မဲတွေ ပေးနေကြတာ ဘာထူးမှာလည်း တချို့က မေးနိုင်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ မကြောက်မရွံ့ ကန့်ကွက်မဲပေးနေကြတာ၊ အဖမ်းအဆီး အနိုင့်အထက်ပြုမှုများကို ရင်ဆိုင်ရပြီး လှုပ်ရှားနေကြတာဟာ နအဖရဲ့ အဓမ္မအတည်ပြုမှုကို ကန့်ကွက်နိုင်ဖို့နဲ့ နအဖရဲ့ဖွဲ့စည်းပုံကို အသိအမှတ်မပြုဖို့အတွက်ပါ။ နအဖက ဒီဖွဲ့စည်းပုံကို ဘယ်လိုပဲ လိမ်လည်အတည်ပြုပြု၊ ပြည်သူလူထုက လက်မခံရင်၊ နိုင်ငံတကာအစိုးရတွေက လက်မခံရင်၊ ဘယ်လိုမှ ဒီဥပဒေကို အသက်သွင်းလို့ မရနိုင်ပါဘူး။ အခုကစလို့ ဆန္ဒခံယူပွဲ လုပ်တဲ့နေ့အထိ လူထုလှုပ်ရှားမှုတွေဟာ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ရင်း လူထုရဲ့ လက်မခံမှုတွေကို ထုတ်ဖေါ်ပြသနေတာပါ။ အဲဒီနောက်မှာတော့ နအဖရဲ့ ဖွဲ့စည်းပုံကို နိုင်ငံ တကာက အသိအမှတ်မပြုရေး ဆက်ပြီး လှုပ်ရှားကြရမှာပါ။ 

စကတည်းက ကျနော်တို့က ဒီဖွဲ့စည်းပုံကို မကန့်ကွက်ခဲ့ဘူး။ မငြင်းဆန်ခဲ့ဘူးဆိုရင် ဒီဖွဲ့စည်းပုံ အတည်ပြုပြီးသွားတဲ့အချိန်မှာ ဒီဖွဲ့စည်းပုံ အသက်ဝင်လာမှုကို ငြင်းဆန်ကန့်ကွက်နိုင်တော့မှာ မဟုတ်ပါဘူး။ 

အခုဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မတရားမှုတွေကို ကျနော်တို့အားလုံးက မြန်မာပြည်သူ တွေရော ကမ္ဘာ့ပြည်သူတွေရော အားလုံးသိအောင် ထုတ်ဖေါ်ပြသနိုင်ကြသလို ဒီဖွဲ့စည်းပုံ အတုအယောင်ကို လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ မြန်မာပြည်သူများရဲ့ဆန္ဒတွေကိုလည်း ကမ္ဘာက သိအောင် ပြနိုင်ကြပါပြီ။ ဆန္ဒခံယူပွဲရက်တောင် မရောက်သေးပါဘူး၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အင်္ဂလန်၊ ပြင်သစ်စတဲ့ ပြည်ပရောက်မြန်မာများက သူတို့ရဲ့ဆန့်ကျင်မှုကို နိုင်ငံ တကာ အစိုးရများ၊ ပြည်သူများသိအောင် ထုတ်ဖေါ်ပြသပြီး၊ ပြသနေကြဆဲပါ။ ဒီအရှိန်အဟုန် ဟာ ဆက်လက်မြင့်မားနေပြီး မေ (၁၀) ရက်နေ့မှာတော့ မြန်မာနိုင်ငံတွင်းက ပြည်သူ သန်းပေါင်းများစွာရဲ့ လူထုဆန္ဒထုတ်ဖေါ်ပြသပွဲကြီး ဖြစ်လာတော့မှာပါ။ နအဖဟာ ဆန္ဒခံယူပွဲ ရလဒ်ကို လိမ်လို့ရပေမယ့် မြန်မာပြည်သူလူထုရဲ့ ကန့်ကွက်မှု၊ ငြင်းဆန်မှုကို ဘယ်လိုမှ ဖုံးကွယ်လို့ မရနိုင်ပါဘူး။ 

တချိန်တည်းမှာပဲ ဆန္ဒခံယူပွဲ ကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မသမာမှုတွေကို ကျနော်တို့ ဖေါ်ထုတ်ခဲ့၊ ဖေါ်ထုတ်ဆဲ၊ ဖေါ်ထုတ်နေကြတာပါ။ မတရားတဲ့ပြစ်ဒဏ်၊ မမျှတတဲ့စည်းရုံးမှု၊ ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှု၊ လိမ်လည်မှုတွေအပြင် သန်းပေါင်းများစွာသော ပြည်ပရောက်မြန်မာနိုင်ငံသား တွေကို မဲပေးခွင့် ကန့်သတ်မှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်မရမှုတွေဟာ ဖြင့် ဒီဆန္ဒခံယူပွဲဟာ မတရား၊ မမျှတဘူးဆိုတာကို အတိအလင်း သက်သေပြနေတာပါ။ 

ဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်နှိုက်ရဲ့ မတရားမှု၊ ဆန္ဒခံယူပွဲကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မတရား၊ မမျှတမှုနဲ့ လူထုရဲ့ ငြင်းဆန်ကန့်ကွက်မှုတွေဟာဖြင့် နအဖရဲ့ဖွဲ့စည်းပုံကို မြန်မာ ပြည်သူများအားလုံးကရော၊ နိုင်ငံတကာအစိုးရများကပါ အသိအမှတ်မပြုကြဖို့ လုံလောက် ခိုင်မာတဲ့ အကြောင်းတရားတွေပါပဲ။ ပြီးတော့ ကျနော်တို့ဟာ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုတည်းကိုပဲ ကန့်ကွက်ငြင်းပယ်တာမဟုတ်ပါဘူး။ နအဖ စစ်အာဏာရှင်စနစ်ကြီးတခုလုံး ကိုပါ ကန့်ကွက်ငြင်းပယ်ကြတာပါ။ 

(၄) အရှိန်အဟုန်မြှင့်ကြစို့ 

ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကို နောက်တဆင့် တက်ရပါတော့မယ်။ မေလ (၁၀) ရက်ကို ဦးတည် ပြီး ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေပေးကြဖို့ စည်းရုံးလှုံ့ဆော်နေကြတာတွေကို မေ (၁၀) ရက် နောက်ပိုင်း နအဖက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်း တဖက်သတ်ကြေငြာမှာကို ကြိုတင်တုန့်ပြန်မှုတွေနဲ့ ပေါင်းစပ်ပေးဖို့ လိုပါပြီ။ ကျနော်တို့ လုပ်သင့်တာကို မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုထားပြီးပါပြီ။ 

မတ်လ (၃၁) ရက်နေ့က မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကမ္ဘာ တဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များထံ ပန်ကြားလွှာတစောင် ထုတ်ပြန်ပါတယ်။ အဲဒီပန်ကြား လွှာမှာ မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ဦးပူကျင်ရှင်းထန်ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦးက လက်မှတ်ရေးထိုးထားပါတယ်။ သူတို့က ကမ္ဘာတ၀ှမ်းက လွှတ်တော်ကိုယ်စားလှယ်တွေကို

၁။ နအဖစစ်အုပ်စုအပေါ် စီးပွားရေး၊ သံတမန်ရေး ဖိအားပေးမှုများပြုလုပ်ဖို့ သက်ဆိုင်ရာ အစိုးရများအား တိုက်တွန်းပေးရန်၊

၂။ နအဖစစ်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်မပြုကြောင်း ကြေညာရန်နှင့် သက်ဆိုင်ရာအစိုးရများအား အလားတူ တိုက်တွန်းရန်၊

၃။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မလွဲမသွေလိုက်နာရမည့် ဆုံးဖြတ်ချက်များ ချမှတ်ရေး အတွက် တိုက်တွန်းရန်နှင့် သက်ဆိုင်ရာ အစိုးရများအားလည်း အလားတူတောင်းဆိုရန်၊

၎။ နအဖစစ်အုပ်စုအား ကမ္ဘာ့နိုင်ငံများမှ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအတွက် တောင်းဆို ရန်နှင့် သက်ဆိုင်ရာ အစိုးရများအားလည်း တိုက်တွန်းရန်၊ နအဖစစ်ခေါင်းဆောင်များအပေါ် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုများဖြင့် အရေးယူရန်၊

၅။ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အခြားနိုင်ငံများနှင့် ပူးပေါင်း၍ အပြုသဘော ဆောင်ရွက်ရေးအတွက် တရုတ်အစိုးရအား ဖိအားပေးရန်နှင့် သက်ဆိုင်ရာ အစိုးရများအား လည်း အလားတူဆောင်ရွက်ရေး တိုက်တွန်းရန်

စသဖြင့် ပန်ကြားထားပါတယ်။ 

ပြည်တွင်းက လွှတ်တော်ကိုယ်စားလှယ်များက ရဲရဲရင့်ရင့်နဲ့ နိုင်ငံတကာ လွှတ်တော်ကိုယ်စား လှယ်များထံ တင်ပြတောင်းဆိုလိုက်တာပါ။ သူတို့ရဲ့တောင်းဆိုချက်တွေ၊ ပန်ကြားချက်တွေကို ကျနော်တို့က သူတို့ကိုယ်စား ကျနော်တို့ရောက်ရှိရာ နိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်များ ထံ လက်ဆင့်ကမ်းတင်ပြပေးရင်း အဓိက တောင်းဆိုချက်ဖြစ်တဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသိအမှတ်မပြုရေး ဖိအားပေးကြရမှာပါ။ 

အမေရိကန်ပြည်ထောင်စုမှာတော့ Rush Holt, Berman, Ros-Lehtinen စတဲ့ အောက် လွှတ်တော်အမတ်များက မြန်မာလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပန်ကြားချက်ကို တုန့်ပြန်တဲ့ ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါပြီ။ မေ(၁၀) ဆန္ဒခံယူပွဲမတိုင်ခင် မဲခွဲဆုံးဖြတ်နိုင်မှာပါ။ ဒီဥပဒေမူကြမ်းမှာ အမေရိကန် အောက်လွှတ်တော်အမတ်များက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြစ်တင်ဝေဖန်ပြီး ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို နအဖက လူထုဆန္ဒ ခံယူပွဲရဲ့ရလဒ်အဖြစ် ကြေညာမယ်ဆိုရင် အသိအမှတ်မပြုဖို့ အမေရိကန်သမ္မတကို တိုက်တွန်း ထားပါတယ်။ 

ဂျပန်နိုင်ငံမှာလည်း အလားတူ ဥပဒေမူကြမ်းတရပ်ကို တင်သွင်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီလို ဥပဒေမူကြမ်းကို စင်္ကာပူမှာ၊ ထိုင်းမှာ၊ ကိုးရီးယားမှာ၊ မလေးရှားမှာ၊ သြစတြေးလျမှာ၊ ကနေဒါမှာ၊ အိန္ဒိယမှာ၊ ဖိလစ်ပိုင်မှာ၊ အင်ဒိုနီးရှားမှာ၊ အင်္ဂလန်မှာ၊ ပြင်သစ်မှာ၊ နိုင်ငံတကာ ပါလီမန်တွေမှာ တင်သွင်းနိုင်ကြမယ်။ အနည်းဆုံး သက်ဆိုင်ရာ ပါလီမန်အမတ်တွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကိုပါ ပြစ်တင်ဝေဖန် ရှုတ်ချကြမယ် ဆိုရင် မြန်မာနိုင်ငံကို စစ်ကျွန်ပြုရေးဖွဲ့စည်းပုံဟာ ဘယ်လိုပဲ လိမ်လည်ပြီး အတည်ပြုပြု၊ အသက်ဝင်လာဖို့ အလွန့်အလွန်ကို ခက်ခဲပါလိမ့်မယ်။ နောက်ဆုံးတနေ့ ဒီဖွဲ့စည်းပုံဟာ သမိုင်းရဲ့ အမှိုက်ခြင်းကြီးထဲကို ရောက်သွားဖို့တောင် ရှိပါတယ်။ 

(၅) ပြိုင်တူရုန်းလျှင် ရွှေ့နိုင်ပါသည်။ 

နအဖက လူထုကို စိန်ခေါ်သလို လူထုကလည်း နအဖကို တုန့်ပြန်ရင်ဆိုင်နေပါပြီ။ ကြပ်ပြေး နေပြည်တော်က ဗိုလ်ချုပ်တွေ အိပ်မက်ဆိုးတွေ မက်နေကြပါပြီ။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကအစ တပ်မတော်မိသားစုဝင်များအထိ လူထုဖက်က ရပ်တည်ဖို့ ခြေလှမ်းပြင်နေကြပါပြီ။ ကျနော်တို့ တယောက်လက်ကိုတယောက် ခိုင်ခိုင်မာမာ ချိတ်ဆက် ထားရင် ဖြစ်ပေါ်လာမယ့်အင်အားဟာ ဗိုလ်သန်းရွှေရဲ့စစ်အုပ်စုကို ကြောက်ဖျား ဖျားစေမှာပါ။ အသက်ကို နက်နက်ရှိုင်းရှိုင်းရှူ၊ လက်တွေကို ခိုင်ခိုင်မြဲမြဲဆုပ်၊ နောက်ပြန်မရုပ်တဲ့ ခြေလှမ်းများနဲ့ ပြိုင်တူရွှေ့လျားကြပါစို့။       ။ 

 

အောင်ဒင်
အမေရိကန်ပြည်ထောင်စုမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့
U.S. Campaign For Burma
ဧပြီလ ၂၉၊ ၂၀၀၈

 

٭٭٭٭٭٭

 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com