Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 
 

အဘ၀တီကလဲ ဘီရစ်ချတ်ဆန်နဲ့ သူဆွေးနွေးလာခဲ့တဲ့ အကြောင်းအရာပေါ် မူတည်ပြီး S.S.D လို့ ခေါ်တဲ့ နိုင်ငံရေးစာတမ်းတခု ရေးတယ်။ ထောင်ထဲမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေး တယ်၊ သဘောထား အမြင်ချင်း ဖလှယ်ကြတယ်၊ အကြိတ်အနယ် အချေအတင် ညင်းကြခုန်ကြ တဲ့ ပွဲပဲ။ မှတ်မှတ်ရရ (၃-၄) ရက်လောက် ဆက်တိုက်ဆွေးနွေးကြရတယ်။ တယောက်နဲ့ တယောက်လဲ လက်သီးလက်မောင်းတန်းပြီး ဆွေးနွေးကြရတာ။ အခြားတိုက်တွေကလည်း (၃)တိုက်က အဖြေကို စောင့်ကြည့်နေကြတယ်။ ဘယ်လိုအဖြေထွက်မလဲ ပေါ့။

            S.S.D ဆိုတာက (SUU-SLOC-DIALOGUE) ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ န၀တ တွေ့ဆုံဆွေးနွေးရေးဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စွဲကိုင်လာတဲ့ အဖွဲ့အစည်းတွေကတော့ အပြုတ်တိုက်ရေးဖြစ်တယ်။ အဓိက န၀တကို မယုံကြည်ကြဘူး။ NLD ကလည်း ပါတီကြီးဝါဒကျင့်သုံးပြီး နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားတယ်တဲ့။ ဒေါ်အောင်ဆန်း စုကြည် ၀န်းရံရေး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပိတ်ထားကြတယ်တဲ့။ အဖွဲ့အစည်းပေါင်းစုံက အသံမျိုးစုံထွက်တယ်။ အယူအဆအမျိုးမျိုးနဲ့ သူ့အမြင် ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ဆွေးနွေးကြတယ်။

            အဲသည်မှာ တသံတည်းထွက်တဲ့ တူညီချက်တခုရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးပိုင်ဆိုင်တဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်။ တဦးတဖွဲ့တည်းကိုသာ ဦ်းဆောင်နေသူ မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးအတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူတဦး ဖြစ်တယ်ဆိုတာကို ဘယ်သူမှမငြင်းနိုင်ဘူး။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီမိုကရေစီအတွက် အမျိုးသား ခေါင်းဆောင်တဦးအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ သူ့ကိုတော့ အားလုံးက ယုံကြည်အားကိုး ကြတယ်။

            ဒီနေ့ကမ္ဘာ့မှာလည်း လက်နက်ကိုင်တော်လှန်ရေးကို သိပ်အားမပေးဘူး။ ဒ်ီမိုကရေစီ ရေးအတွက် အထောင်အကူဖြစ်စေတဲ့ နည်းဗျူဟာတခုအနေနဲ့ပဲ အသိအမှတ်ပြုတယ်။ ပွဲသိမ်းထိ အားမပေးကြတော့ဘူ။ လူထုတိုက်ပွဲဆိုတာတောင်မှ အထိအခိုက်၊ အဆုံးအရှုံးတွေက များတယ်မဟုတ်လား။ မြန်မာပြည် ရှစ်လေးလုံးအရေးတော်ပုံတို့၊ တရုတ်ပြည် တီရင်နမ်ရင်ပြင် တို့မှာ ပြည်သူ သောင်းနဲ့သိန်းနဲ့ချီပြီး သေကြေပျက်စီးကြရတာကိုး။ ဒီတော့ ထိခိုက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation)ကို အထူးသဖြင့် အနောက်နိုင်ငံများက အသံကျယ်ကျယ်လောင်လောင်ကြီးကို အော်နေကြတယ်။

            အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးရေး (Dialogue) မရှိမဖြစ်လိုအပ်တယ်။ တွေ့ဆုံဆွေးနွေးဖို့အတွက် သူ့ဘက်ကိုယ့်ဘက် ကိုက်စား လှယ်တွေ ရွေးချယ်ရမယ်။ Mandate Person ဆိုတာ လိုအပ်လာပြီပေါ့။ ဒေါ်အောင်ဆန်း စုကြည်ကတော့ အပြင်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဆိုပြီး ဖွဲ့ထားတယ်။ ကျနော်တို့ ထောင်တွင်းနိုင်ငံရေးအကျဉ်းသား အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ ယုံယုံကြည်ကြည်နဲ့ Mandate ပေးကြတယ်။

            အဘ၀တီဟာ အလွန်ကို စိတ်ရှည်တဲ့၊ အလွန်ကိုတော်တဲ့ နိုင်ငံရေးသမားကြီး တယောက်လို့ အသိအမှတ်ပြုကြရပါတယ်။ အဖွဲ့အစည်း ကြီးတယ်ငယ်တယ်၊ အသက်ရွယ် ကြီးတယ်ငယ်တယ်လို့ သဘောထားအမရှိဘူး။ အားလုံးကို တန်းတူညီတူနဲ့ တလေးတစား ပြောဆိုဆက်ဆံ ဆွေးနွေးတယ်။ အနစ်အနာခံတယ်။ ကိုယ်ကျိုးစွန့်တယ်။ အများအတွက်ပဲ စဉ်းစားတယ်။ ဇွဲရှိတယ်။ သတ္တိရှိတဲ့ ခေါင်းဆောင်ကောင်း တယောက်ဖြစ်တယ်။ NLD မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ဒုတိယဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တဦးပဲဖြစ်တယ်။ ကျနော်တို့ လူငယ်တွေ အားကျအတုယူသင့်တဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။

            ကျနော်တို့ (၃)တိုက်မှာ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတွေရှိတဲ့အပြင် လူမှုရေးလုပ်ငန်း များ တွင်တွင်ကျယ်ကျယ် လျှင်လျှင်မြန်မြန် လုပ်နိုင်ဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေပါဝင်တဲ့ အကျဉ်းသားများအခွင့်အရေး ကာကွယ်မှုကော်မတီ၊ အမှတ်တရ အခမ်းအနားများ ကျင်းပရေးကော်မတီ၊ လက်ရေးစာစောင်များ ထုတ်ဝေရေးကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ ကျန်းမာရေးနဲ့ ဆေးဝါးထောက်ပံ့ရေးကော်မတီတို့ ဖွဲ့ထား တယ်။ ဒါကလည်း အဘ၀တီရဲ့ အကြံအဉာဏ်တွေ၊ ဦးဆောင်မှုတွေ အများဆုံးပါတယ်။ အခြား တိုက်တွေ၊ အဆောင်တွေမှာ ခုလို စနစ်တကျဖွဲ့စည်းထားတာ မရှိဘူး။ အဆင်ပြေသလို သင့်သလိုပဲ အခမ်းအနားတွေဘာတွေ လုပ်ကြတာ။

            ကျနော်ကတော့ အခမ်းအနားကျင်းပရေးနဲ့ စာစောင်ထုတ်ဝေရေးကော်မတီမှာ ပါတယ်။ ထောင်ထဲက အခမ်းအနားဆိုပေမဲ့ အထင်သေးလို့မရဘူး။ အစား၊ အသောက်၊ ဧည့်ခံ ကျွေးမွေးတဲ့ အစီအစဉ်တွေပါတယ်။ ညဘက်ဆိုရင် တခန်းပြီးတခန်း သီချင်းဆိုကြတယ်။ လူငယ်အများစုကတော့ ခုခေတ်တော်လှန်ရေးသီချင်းတွေ ဆိုကြတယ်။ လူကြီးတွေကတော့ နဂါးနီသီချင်းဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနှစ်(၅၀)ပြည့် ရွှေရတု မွေးနေ့တုန်းက ဆိုရင် အုန်းနို့ခေါက်ဆွဲကျွေးတယ်။ ကိတ်မုန့်၊ လက်ဖက်ရည်တိုက်တယ်။ အပြင်မှာ ဦးနု ဆုံးတော့ ထောင်ထဲမှာ ရက်လည်လုပ်ဖြစ်တယ်။ ထောင်တွင်းအဖွဲ့အစည်းလိုက် ၀မ်းနည်း ကြောင်း သ၀ဏ်လွှာရေးပြီး အပြင်က ဈာပနာကော်မတီ လက်ထဲကိုရောက်အောင် လိုင်းနဲ့ ထုတ်ကြတယ်။ အမှတ်တရအခမ်းအနားတွေ လုပ်တယ်။ မှတ်တရစာစောင်တွေ ထုတ်ကြတယ်။

            များသောအားဖြင့် ကျွန်တော်က အခမ်းအနားမှူး၊ အယ်ဒီတာအဖွဲ့ဝင် လုပ်ဖြစ်တယ်။ အခမ်းအနားတွေမှ အမှတ်တရစကားပြောတာကတော့ အဘ၀တီပဲဖြစ်တယ်။ အတွေ့အကြုံ ဗဟုတုတ များတာကိုး။ စာစောင်အတော်များများရဲ့ ဥယျောဇဉ်ကလည်း သူပဲ အရေးများတယ်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က စာမူတွေ စုရတယ်။ ပြီးတော့ လက်ရေးလှတဲ့ မိုးဇော်ဦးတို့ ပန်းချီဆွဲတယ်။ ပုံဖော်တယ်။ စာအုပ်ပြီးရင်လည်း တခန်းချင်း အလှည့်ကျ ဖတ်စေတယ်။ ပြီးတော့ တခြားတိုက်တွေလဲ လှည့်ပြီးဖတ်စေဖို့ ပို့ပေးရတယ်။

            ရဲရဲတောက် တော်လှန်းရေးကဗျာတွေ၊ ဆောင်းပါးတွေ၊ ရင်တွင်းက ခံစားချက်၊ မွန်းကြပ်မှုတွေကို ဖွင့်အံထုတ်ကြတယ်။ အဘ၀တီရဲ့ "မုန်တိုင်းဆန်အလင်းငှက်” ကဗျာရှည်ကြီး ကို ခုထိ မျက်စိထဲမှာ မြင်ယောင်နေမိပါသေးတယ်။ "ဂူးလက်အာခီပဲလားဂိုး" ကျွန်းဆွယ် အကျဉ်းထောင်ထဲက ရက်စက်ကြမ်းကြုတ်မှုကို အညံ့မခံ၊ ဒူးမထောက်၊ လက်မမြှောက်ပဲ တော်လှန်ရဲတဲ့ နိုင်ငံရေးသမားတဦးရဲ့ ယုံကြည်ချက်၊ ခံယူချက် ခိုင်မာမှု၊ ခံစားချက်တွေကို ကဗျာရှည်ကြီး ဖွဲ့ထားတယ်။ ခုတော့ မြန်မာပြည်က "မုန်တိုင်းဆန်အလင်းငှက်“လဲ ထောင်ထဲမှာ (၁၇)နှစ်ကျော်သွားပြီ။

            ခုနက အဖွဲ့တွေထဲမှာ အရေးကြီးဆုံးဖွဲ့ကတော့ (ခွင့်/ကာ) အဖွဲ့ပဲဖြစ်တယ်။ အကျဉ်းသားအခွင့်အရေး ကာကွယ်ရေးအဖွဲ့ပေါ့။ အာဏာပိုင်နဲ့ တခုခုဖြစ်ပြီး ပြဿနာဖြစ်ပြီ ဆိုတာနဲ့ သူတို့အဖွဲ့က အစည်းအဝေးထိုင်ရပြီ။ အချေအတင် ဆွေးနွေးကြပြီ။ ဆုံးဖြတ်ချက် ချပြီး ဆုံးဖြတ်ချက်အတိုင်း တာဝန်ပေးရပြီ။ လုပ်ကိုင်ဆောင်ရွက်ရပြီ။ အဲဒီဖွဲ့မှာ ဒေါက်တာ ဇော်မြင့်မောင် (NLD)၊ ဒေါတ်တာမြင့်နိုင်(NLD) ကိုဘမျိုးသိန်း(PDF ဒညတ)၊ ကိုကျော်မင်းယု (ခေါ်)ဂျင်မီ (လူ့ဘောင်သစ်)၊ ကိုစိုးမြင့် (BCP)နဲ့ ကိုသက်မင်းအောင်(ABSDF)တို့ ဖြစ်ကြ တယ်။ ၁၉၉၆ ခုနှစ်မှာ ထောက်တွင်းပြဿနာတွေဖြစ်တော့ အာဏာပိုင်က ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေး ကာကွယ်ရေးကော်မတီဆိုပြီး တရားမ၀င် အသင်းအဖွဲ့များ ဖွဲ့စည်း ခြင်း၊ ဥပဒေပုဒ်မ(၆)အရ ထောင်ထဲမှာ နှစ်တိုး (၅)နှစ်စီ ပြစ်ဒဏ်ထပ်ကျကြရတယ်။ ဒေါက်တာ ဇော်မြင့်မောင်၊ ကိုစိုးမြင့်၊ ကိုဘမျိုးသိန်းနဲ့ ကိုဂျင်မီတို့ ၄ ယောက်ကတော့ နိုင်ငံရေးစာရွက် စာတမ်းများ လက်ဝယ်တွေ့ရှိခြင်း၊ ရေးသားဖြန့်ဝေခြင်း စတဲ့ အရေးပေါ်စီမံချက် ဥပဒေပုဒ်မ    ၅(ည)အရ နောက်ထပ် ပြစ်ဒဏ်(၇)နှစ်စီဆိုတော့ စုစုပေါင်း(၁၂)နှစ်စီ ထပ်တိုးကြရတယ်။ ထောင်ထဲမှာ လူသတ်မှု ထပ်ဖြစ်တဲ့ ရာဇ၀တ်အကျဉ်းသားတွေတောင်မှာ နှစ်တိုးရင် အများဆုံး (၃)နှစ်မှ (၅)နှစ်ထိပဲ ဖြစ်ကြတယ်။

            ထောင်ထဲမှာ တပတ်တခါ၊ ၂ ပတ်တခါဆိုသလို "တလာစီ”လေ့ရှိတယ်။ တရားမ၀င် ပစ္စည်း၊ တရားမ၀င် စာရွက်စာတမ်း ရှာဖွေရေးလုပ်ငန်း လုပ်တာပေါ့။ မနက်စောစော ထောင်မဖွင့်ခင် တထောင်လုံးမှာရှိတဲ့ ၀ါဒါ ၀န်ထမ်းအားလုံး ပါဝင်ကြရတာဆိုတော့ တရားမ၀င် စာရွက်စာတမ်း၊ ဘောပင်၊ ခဲတံ၊ လက်သဲညှပ်၊ ဘရိတ်ဓါးကအစ ဖွက်ထားကြရတယ်။ ကျွန်တော်တို့ (၃)တိုက်ကတော့ သံမံတလင်းအောက်မှာ လှိုင်ခေါင်းတူးပြီး ပစ္စည်းတွေ ၀ှက်ထားကြတယ်။ အပြင်ကနေ အံဝှက်အဖုံးနဲ့ ပြန်ပိတ်ထားတယ်။ ၀ါဒါဝန်ထမ်းတွေဘယ်လို့မှ မတွေ့နိုင်ဘူး။ မသိနိုင်ဘူး။ သိပ်လုံခြုံတယ်။

            တနေ့မှာ (၃)တိုက်မှာနေတဲ့ ကိုသန်းထွဋ် (ခေါ်) ကိုဗလကြီးနေတဲ့ အခန်းက တလာစီ တုန်း ဘောပင်နဲ့စာရွက်မိလို့ ဒေါက်ခြေကျင်းခတ်ပြီး ပြစ်ဒဏ်တိုက်ကို ပို့လိုက်တယ်လို့ သတင်းရတယ်။ ဒီမှာတင် (ခွင့်/ကာ)အဖွဲ့ အလုပ်ရှုပ်ပြီး ချက်ခြင်း အစည်းအဝေးထိုင်၊ ဆွေးနွေး ဆုံးဖြတ်ချက်ချတယ်။ အကျဉ်းထောင်လက်စွဲဥပဒေအရ နိုင်ငံရေးအကျဉ်းသားများ စာဖတ်ခွင့်၊ စာရေးခွင့်ရှိရမယ်။ သည်လို ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော ဒေါက်ခြေကျင်းခတ်သည့် ပြစ်ဒဏ် များ ချမှတ်ခြင်းကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်ဆန့်ကျင်ကြောင်းကို ထောင်အာဏာပိုင် ထံသို့ အကြောင်းကြား ပြောဆိုဆွေးနွေးရန် ဖြစ်တယ်။

            လောလောဆယ် တာဝန်ကျဝန်ထမ်းကတဆင့် အကြောင်းကြားတော့ တိုက်တာဝန်ခံ ထောင်းမှူးကြီးစံရနဲ့ တာဝန်ကျထောင်မှူးကနေတဆင့် အကြောင်းပြန်ကြားတယ်။ ထောင်ပိုင် ကြီး ဦးသိန်းဇော်နဲ့ အထူးအရာရှိ ထောင်ပိုင်လူလှတို့က မနက်ဖြန်မှ ဆွေးနွေးမဲ့အကြောင်း အကြောင်းပြန်တယ်။ ကျွန်တော်တို့အားလုံး အဖြေမထွက်မချင်း အခန်းပေါ်ပြန်မတက်ရေး ကြိုညှိထားတယ်။ ခုလိုဆိုတော့ မနက်ဖြန်ထိ စောင့်ရတော့မယ်။ ညပိုင်းရောက်တော့ (၄)တိုက် ဘက်က တံခါးဖွင့်သံပိတ်သံတွေ ကြားရတယ်။ အချို့နိုင်ငံရေးအကျဉ်းသားများကို အပြင်ခေါ် ထုတ်ပြီး စစ်ဆေးတယ်လို့ နောက်မှသိရတယ်။

            နောက်နေ့ တော်တော်နဲ့ထောင်မဖွင့်သေးဘူး။ တိုက်ဝင်းထဲမှာလည်း ၀န်ထမ်းတွေ အများကြီးဘဲ။ မနက် (၈)နာရီခွဲ (၉)နာရီလောက်မှာ ကျွန်တော်တို့ကို ခေါင်းစွပ်စွပ်ပြီး ၀န်ထမ်း (၆)ယောက် (၇)ယောက်လောက် ခြံရံပြီး ခေါ်သွားတယ်။ အတူပါလာတဲ့ ၀န်ထမ်းအားလုံးက တုတ်တွေ၊ ဒိုင်းတွေ ကိုင်ထားကြတယ်။ (၆)တိုက်ဘက်ကို ခေါ်သွားတယ်။ အလယ်ခေါင် (၆) ခန်းမှာ ခေတ္တ ထည့်ထားတယ်။

            တဘက် (၅)ခန်းက အသံကို အတိုင်းသားကြားနေရတယ်။ ထောင်ပိုင်လူလှက သူ့ကို ခါးထောက်ပြီး စကားမပြောဖို့ ပြောတယ်။ အူကျနေတဲ့ ရောဂါရှိလို့ ခါးထောက်ပြီး စကားပြော လို့ဘဲ ရတယ်။ ခင်ရင့်ရင့်မေးတယ်။ ခပ်ရင့်ရင့်ဘဲ ပြန်ဖြေတယ်။ သေချာတာပေါ့ အဘ၀တီရဲ့ အသံပဲ။ အတော်ကို အကြိတ်အနယ် အတိုက်အခံ ပြောဆိုနေတာတွေကို ကြားနေရတယ်။ ထောင်ပိုင်လူလှဆိုတဲ့ ကောင်ကလဲ မြင်းခြံထောင်မှာ အတော်ကို ဆိုး၊ အတော်ကို ညစ်၊ အရမ်း ရက်စက်တဲ့ကောင်လို့ နာမည်ကြီးတယ်။ အင်းစိန်ထောင်ကို အထူးအရာရှိ ဒု-ထောင်ပိုင်အနေနဲ့ တမင်ရွေးလွှတ်လိုက်တယ်လို့ ကြားဖူးနေတာကြာပါပြီ။ ခုတော့ ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့ကုန်ကြပြီ။

            အဘ၀တီပြီးတော့ ကျွန်တော့်အလှည့်။ စတွေ့တွေ့ချင်း ပုံစံထိုင်ဖို့၊ ပုံစံရပ်ဖို့ကစပြီး ချိုးတယ်။ (၄)တိုက်က အချို့အမတ်တွေကိုတောင်မှ ပုံစံထိုင်ခိုင်း၊ ရပ်ခိုင်းတယ်လို့ ကြားပြီးနေ ပြီ။ ဒီကောင်ကြီးက အောက်ခြေ၀န်ထမ်းက တဆင့်ပြီးတဆင့် ရာထူးတက်လာတာဆိုတော့ ထောင့်ကျင့်ထောင်ကြံ အကုန်တတ်တဲ့ ထောင်သမ္ဘာကြီး။ မျက်နှာသေနဲ့ မျက်လုံးကပြာတာတာ၊ အသားကလဲ နီစပ်စပ်နဲ့၊ အတော်ကို ရက်စက်၊ အကျင့်ယုတ်မဲ့ ပုံပေါ်တယ်။ သူကလဲ နိုင်ငံရေး အကျဉ်းသား အတော်များများကို ဒုက္ခပေးပြီးနေပြီ။ ကျွန်တော်ကလည်း ဒေါသထွက်ရင် အသား တွေတုန်၊ အသံတွေတုန်နေတယ်။ အသံကလဲ ပိုပြီးကျယ်တယ်။ မျက်လုံးထဲမှာ ပြာနေတယ်။ ဘာမှမမြင်တော့ဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး မထူးဇာတ်ခင်းတတ်တဲ့ အကျင့်ဆိုးရှိတယ်။ မတည် ငြိမ်ဘူး။ ဟန်မဆောင်တတ်ဘူး။  မျက်နှာအမူအရာမှာ ပေါ်နေပြီ။

            အခုလာတာ ပုံစံထိုင်ဖို့၊ ပုံစံရပ်ဖို့မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသား ကိုဗလကြီးကို ဂုဏ်သိက္ခာမဲ့စွာ တိရစ္ဆာန်တွေလို သံခြေကျင်း၊ ဒေါက်များခတ်ထားတာကို ကန့်ကွက်ကြောင်း အကျဉ်းထောင်လက်စွဲဥပဒေကို ၀န်ထမ်းများကိုယ်တိုင် လေးစားလိုက်နာဖို့လိုကြောင်း၊ သူက လည်း သူ့အမေလင်တွေ၊ ပထွေးတွေရဲ့ လေသံအတိုင်း ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ပြောတယ်။ ကျွန်တော်ကလဲ ရုံးလုပ်ငန်း လုပ်လာခဲ့တဲ့ သူပဲ။ (၂၄-၄-၉၂)ရက်စွဲပါ နိုင်ငံတော်ကြေငြာချက် (၁၁/၉၂)အရ ယုံကြည်ချက်ကြောင့် ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ ပုဒ်မ ၅(ည)၊ ၁၇(၁)၊ ၁၂၂(၁) စသည့်ဖြင့် ရွတ်ပြလိုက်တယ်။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တောင်မှ အနှစ် (၂၀) တကျွန်း ကနေ (၁၀)နှစ်ထိ လျှော့ချခံစားနေရတဲ့အကြောင်း၊ အချေအတင် ပြောနေတဲ့အချိန်မှာ သူ့ထက် ရာထူးကြီးတဲ့ ထောင်ပိုင်ကြီး ဦးသိန်းဇော်ရောက်လာပြီး အားလုံးအဆင်ပြေသွားပြီ။ ကိုယ့်တိုက် ကိုယ်ပြန်တော့ဆိုတော့ (၃)တိုက်ကို ပြန်လာခဲ့တယ်။ (၃)တိုက် (၂)ခန်းမှာကြည့်လိုက်တော့ အဘ၀တီကို မတွေ့ရဘူး။ ဒါနဲ့ ဒေါက်တာမြင့်နိုင်အပါအ၀င် ကျွန်တော်တို့ ၃-၄ ယောက် အခန်းအပေါ် ပြန်မတက်တော့ဘူး။ အဘ၀တီပြန်မလာမချင်း အခန်းအပြင်ကဘဲ စောင့်နေကြ မယ်ပေါ့။

            ညနေစောင်းတော့ အဘ၀တီကို ကျွန်တော်တို့ (၃)တိုက်ပြန်လိုက်ပို့တယ်။ ကိုဗလ ကြီးနဲ့ ပေးတွေ့တဲ့အကြောင်း၊ သံခြေကျင်းနဲ့ ဒေါက်မရှိတော့ဘူး။ ဒါပေမယ့် ပြစ်ဒဏ် အနေနဲ့ အများနဲ့ ခုနစ်ရက်တပတ် တိုက်ခွဲထားတယ်။ ကိုဗလကြီးကလည်း အားလုံးကျေနပ်သဘောတူ တယ်တဲ့။

            ဘာဘဲပြောပြော ကျွန်တော်တို့ ကျေနပ်တယ်။ ကျွန်တော်တို့ ၅(ည)တွေက ကျီးကန်း တွေလိုပဲ။ တယောက်ထိရင် ၀ိုင်းအာကြတယ်ပေါ့။ ရန်သူနဲ့ထိပ်တိုက်တွေ့တဲ့အခါ ပိုပြီး စည်းလုံး ညီညွတ်ကြတယ်။ ကျွန်တော်တို့တိုက်က စနစ်တကျရှိတယ်။ ဟန်ချက်ညီညီ လှုပ်ရှားနိုင်တယ်။ ဒီတပွဲကတော့ ကျွန်တော်တို့ရဲ့ အောင်ပွဲဘဲ။ အဘ၀တီဟာ လူငယ်လေးလိုဘဲ သိပ်တက်ကြွ ဖျတ်လတ်တယ်။ ကိုယ်တိုင်ပါဝင်ပြီး ရှေ့ကနေ ရဲရဲဝံ့ဝံ့ကြီးကို ဦးဆောင်တယ်။ သူနဲ့အတူ ရှိနေရင် ကျွန်တော်တို့တတွေလဲ အတော်ကို သတ္တိကောင်းနေကြတယ်။ အားကိုးအားထားရှိတဲ့ မိဘတဦးနဲ့ အတူနေရတဲ့ သားသမီးတွေလိုပေါ့။

            နောက်တပွဲကတော့ ကျွန်တော်တို့(၃)တိုက်မှာ ကိုမျိုးမင်း လိုင်းနဲ့သွင်းထားတဲ့ ရေဒီယို မိသွားတယ်။ ကိုမျိုးမင်းကို ပြစ်ဒဏ်တိုက်၊ စစ်ခွေးတိုက်ကို ပို့လိုက်တယ်။ အကျဉ်း ထောင် လက်စွဲဥပဒေအရ နိုင်ငံရေးအကျဉ်းသားကို ပြစ်ဒဏ်ကျရင် အများမြင်သာတဲ့ နေရာတွင် ထားရမဲ့အကြောင်း တောင်းဆိုတယ်။ လိုက်လျောပေးရတယ်။ သို့သော် (၁)ခန်းထဲမှာ သူ့ကို ပိတ်ထားတယ်။ အများနဲ့ ရောပြီး ရေးချိုးမချဘူး။ စကားမပြောရဘူး။ သီးခြားထားတယ်။ ဒါကလဲ ၂ ပတ်လောက်ပဲ ကြာပါတယ်။ ဒါလောက်ကတော့ အသေးအဖွဲ့ပါ။ အရင်တုန်းကဆိုရင် နှစ်နဲ့ချီပြီးတောင် နေကြရသေးတာပဲလေ။

            "ဂက်စတာပို“လို့ခေါ်တဲ့ ထောင်ပိုင်လူလှ အတော့်ကို ဒေါပွနေတယ်လို့ကြားတယ်။ သူကလည်း ကလိန်ကကျစ်တော့ ကြံနေမှာဘဲ။ ဒီမှာဘဲ အသားထဲကလောက်ထွက်ပြီး ခရမ်းဦးစိန်ဝင်းရဲ့အမှုတွဲ အရေးအခင်းမှုဖြစ်တဲ့ မဆလစစ်တပ်က တပ်ကြပ်ကြီးဟောင်း ခေါင်းဖြူ ကိုတင်ဝင်းတယောက် တိုက်ထဲက အခြေအနေကို ကျွန်တော်တို့ ၅(ည)တွေရဲ့ လှုပ်ရှားမှုသတင်းတွေကို အာဏာပိုင်ကို သတင်းပေးနေပြီလို့ ကြားရတယ်။ ဒီလူကလဲ အတော်ကို လွတ်ကြောင်ကြောင်နေပြီ။ အရေးအခင်းအတွင်း ရဲစခန်းစီးမှု၊ အရေးအခင်း ခေါင်းဖြတ်မှုနဲ့ အမှုကလည်း များကြီးပဲ။ ထောင်ဒဏ်ကလည်း နှစ်(၄၀)ကျော်။ အမှုတခုစီ သီးခြားစီ ထောင်ကျတာ တပေါင်းတည်းမရဘူး။ ကျွန်တော်တို့ တပေါင်းတည်းသမားတွေက ၁၁/၉၂ နဲ့ (၁၀)နှစ်ထိ လျှော့ကုန်ကြတယ်။ ၁၁/၉၂ နဲ့ ထောက်လှမ်းရေးက စစ်ကြောရေး လုပ်ပြီး အမတ်တွေကို လွှတ်ပေးနေတာ အများကြီးဘဲ။ မျက်စိရှေ့မှာတင် တွေ့နေရတော့ သူကလည်း လွတ်ချင်နေပြီ။

            ကျွန်တော်တို့တိုက်ဝင်းထဲကို အထူးတလာစီတယ်။ အင်းစိန်ထောင်က ၀န်ထမ်းတင် မကဘူး။ အခြားထောင်က ၀န်ထမ်းတွေကိုတောင် ခေါ်ထားတယ်။ နေ့ရောညရော ပေါက်ချွန်း၊ ပေါက်ပြားတွေနဲ့ရှာဖွေရေးလုပ်ကြတာ။ သံမံတလင်းကို ပေါက်ချွန်းနဲ့ပေါက်ပြီး အောက်ဂလိုင် ထဲမှာ ဖွက်ထားတဲ့ စာအုပ်စာတမ်းတွေ အကုန်မိတယ်။ တ၀င်းလုံး စုလိုက်ရင် ဖမ်းဆီး သိမ်းဆည်းတဲ့ ပစ္စည်းက T.E ကားတစီးတိုက်လောက်ရှိမယ်။

            ထောက်လှမ်းရေးစစ်ကြောရေးဝင်တယ်။ အထူးသဖြင့် ခွင့်/ကာ အဖွဲ့ကို မဲတယ်။ ကျွန်တော်တို့ခန်းက Dictionary ၊ မြန်မာဓန၊ ဓန၊ နွယ်နီ မိတဲ့စာအုပ်အားလုံးက အပြင်မှာ တရားဝင် ထုတ်ဝေတဲ့ စာအုပ်တွေချည်းပဲ။ ထောင်ထဲမှာသာ သွင်းခွင့်၊ စာဖတ်ခွင့် ပိတ်ထားတာ။

            ဒီတော့ အဘ၀တီအပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂၄)ဦးကို ထောင်ထဲမှာဘဲ ထောင် ထပ်ချလိုက်တယ်။ ထောင်ဒဏ်နှစ်တွေ ထပ်တိုးတယ်။ ၅ နှစ်၊ ၇ နှစ်၊ ၁၂ နှစ် ထပ်တိုးတယ်။ အဘ၀တီက (၇)နှစ် ထပ်တိုးတယ်။ သူဆိုရင် ထောင်စကျတုန်းက (၃)နှစ်ပဲ ရှိတယ်။ NCGUB ဖွဲ့ဖို့ ထောင်ထဲကနေ ညွန်ကြားတယ်လို့ဆိုပြီး (၁၀)နှစ် ထပ်တိုးထားတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၈၉ ခုနှစ်ကတည်းက ထောင်ထဲကို ထည့်ထားပြီးတော့ဗျာ။ အဘ၀တီကို နအဖ စစ်အစိုးရကလဲ အညှိုးကြီးစွာနဲ့ အကြောင်းအမျိုးမျိုးပြပြီး ထောင်သက်ရှည်အောင် နှစ်တွေ ထပ်တိုးနေတာ။

            ဒီထဲမှာပါတဲ့ သူတွေကလဲ များသောအားဖြင့် ၈၉-၉၀ ကတည်းက ထောင်ကျတဲ့ သူတွေ များတယ်။ အချို့လဲ အဘ၀တီနဲ့အတူ ခုထိမလွတ်ကြသေးဘူး။ အနည်းဆုံး နေသား ၁၆ နှစ်အထက်ရှိတဲ့ သူတွေချည်းပဲ။ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (မြစ်ကြီးနား ထောင်-၂၂ နှစ်)၊ ကိုဘမျိုးသိန်း(သရက်ထောင်-၁၉နှစ်)၊ ကိုဘိုဘိုဦး(မြင်းခြံ ထောင်-၂၆နှစ်)၊ BCPကိုစိုးမြင့် (မန္တလေးထောင်ဟု ထင်ရ-နာမည်တူများသည်- ၂၂နှစ်) သူတို့ အားလုံး ထောင်ထဲမှာ နေသား ၁၆ နှစ်အထက်ရှိနေကြပြီ။ ၉၆ ခုနှစ်၊ သြဂုတ်လနောက်ပိုင်းမှာ ကျွန်တော်တို့အားလုံးကို လူစုခွဲပြီး ထောင်ပြောင်းပစ်လိုက်တယ်။ ကျွန်တော်ကတော့ သရက် ထောင်ကို ပြောင်းရပြီး အဲသည်ကပဲ ပြန်လွတ်တယ်။

            ခုလည်း အဘ၀တီအကြောင်းကို စာရေးနေရတာ စိတ်မကောင်းဘူး။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပိုပြီးမရေးချင်ဘူး။ သူနဲ့အတူ ထောင်ထဲမှာနေတုန်းက ကျွန်တော်က အခမ်းအနားကျင်းပရေးကော်မတီ၊ စာစောင်ထုတ်ဝေရေးကော်မတီဆိုတော့ အဘ၀တီက အမြဲ ပြောလေ့ရှိတယ်လေ။ ထောင်ထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ Bio Data တွေ စုဆောင်း ထားဖို့ ကိစ္စလေးတွေ၊ အခမ်းအနားမှာ အမှတ်တရစကားပြောတာတို့၊ စာစောင်တွေမှာ ခေါင်းကြီးရေးရတာတွေကလဲ သူက အဓိကရေးနေရတာကိုး။ အဘ၀တီကလဲဗျာ ထောင်ထဲမှာ ဘယ်သူသေမယ်ဆိုတာ ကျွန်တော်တို့လဲ ကြိုမှမသိတာ။ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွေက် အမှတ်တရ အခမ်းအနားတွေ အမြဲလုပ်နေကျကိုး။

            အဘ၀တီက အင်္ဂလိပ်စာ၊ ဗဟုသုတတွေတင် တော်တာမဟုတ်ဘူး။ သင်္ချာလဲ အရမ်း တော်တယ်ဗျာ။ ဗမာခုနှစ်တွေကနေ အင်္ဂလိပ်သက္ကရာဇ်ကို ပြောင်းလဲ တွက်လို့ရတယ်။ ရက်ထပ်နှစ်တွေရဲ့ အချိုးကျ အပြောင်းအလဲတွေကို ကိုယ်ပိုင်တွက်နည်းနဲ့ မှတ်ထားတယ်။ သင်္ချာစီးကြောင်းတခုကို သူစမ်းသပ်တွေ့ရှိထားတာ။ ရက်၊ လ၊ နှစ်အပြင် နေ့ပါမလွဲစေရဘူး။ သူ့ဆီကနေ သင်တော့ထားသေးတယ်။ ခုတော့မေ့သွားပြီး။

            ခုဆို အဘ၀တီက အသက် (၇၆)နှစ် ကျော်သွားပြီ၊ လည်ပင်းရိုး ကျီးပေါင်းတက်ရောဂါ ရှိလို့ လည်းပင်းမှာ ဒေါက်ထည့်ထားရတယ်။ အူကျတာလဲ ခဏခဏ ခွဲနေရတယ်။ Heart  Attack က ၂ ကြိမ်ပြီးသွားပြီ။ (၃)ကြိမ်ဆိုရင် သေမယ်လို့တော့ ပြောတယ်။ သွားတွေကလည်း မရှိတော့ဘူး။ မျက်မှန်ပါဝါ အထူကြီးနဲ့မှ မြင်ရတယ်။ လိပ်ခေါင်းကလဲ၊ ခဏခဏ သွေးတစက် စက်နဲ့။ လူပျိုကြီးဆိုတော့ ရောဂါပြဆိုရင် အရမ်းရှက်တတ်တယ်ဗျာ။ ဒါပေမဲ့ မျက်နှာကတော့ အမြဲပြုံးနေတယ်။ ကျွန်တော်တို့တွေနဲ့ စကားပြောရင် အလွန်နူးညံ့သိမ်မွေ့ပြီး လေသံ ပျော့ပျော့ပြောင်းပြောင်းနဲ့ စကားပြောနေသလို ရန်သူနဲ့တွေ့တော့လဲ လေသံက သိပ်မာတယ်။ သိပ်ပြတ်တယ်။

            “ပညတ်သွားရာ ဓါတ်သက်ပါ”ဆိုသလိုဘဲ “၀တီ”ဆိုတဲ့ အဓိပ္ပါယ်ကို “တိုင်းပြည်"လို့ အဓိပ္ပါယ်ဖွင့်ကြမယ်ဆိုရင်တော့ “အဘ၀တီ"ဆိုတာက ကျွန်တော်တို့တိုင်းပြည်ကို ကိုယ်စား ပြုတဲ့ အဘပဲပေါ့။ သနားလို့တော့ ဆုတံဆိပ်တွေ မပေးကြပါနဲ့။ သူ ထောင်ကလွတ်အောင်ပဲ ၀ိုင်းပြီး တောင်းဆိုပေးကြပါ။ သူကတော့ သံမဏီ သူရဲကောင်းဘဲ။ ထောင်ထဲမှာတောင် ဒီလောက် ဦးဆောင်တိုက်ပွဲဝင်နိုင်တာ အပြင်မှာဆိုရင်တော့ ကျွန်တော်တို့တတွေအတွက် အလွန်အားကိုးအားထားရမဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်မှာ သေချာပါတယ်။ ဒါ့ကြောင့် အဘ၀တီကို ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းတောင်းဆိုပေးကြပါ။ တိုက်ပွဲဝင်ပေးကြပါလို့ ဆန္ဒပြုပါတယ်။

  • အဘ၀တီ အသက်ရာကျော်ရှည်ပါစေ။

  • အဘ၀တီနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ပါစေ။

  • မြန်မာပြည် ဒီမိုကရေစီ အမြန်ဆုံး ရရှိနိုင်ပါစေ။

x x x x x

 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org