|
ပဲရစ်အခြေစိုက် လူ့အခွင့်အရေးဦးဆောင်မှုကောင်စီက ၂၀၀၆ ခုနှစ်အတွက်
သတင်းစာဆရာအဖြစ် “Journalist of the year” အဖြစ် မြန်မာပြည်မှ
ဦးဝင်းတင်ကို ထုတ်ပြန် ကြေညာတယ်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့
သတင်းလွတ်လပ်မှုတိုက်ပွဲဝင် ဆုချီးမြှင့်တယ်။ အရင်ကလဲ ရွှေကလောင်ဆုတို့၊
သတင်းလွတ်လပ်ခွင့် ဆုတို့ ရရှိပါသေးတယ်။ ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒါပေမယ့်
ဝမ်းနည်းနေသေးတယ်။ သူမလွတ်သေးလို့။ ဖြစ်နိုင်မယ် ဆိုရင်
ဒီဆုတွေကိုတောင် ပြန်အပ်ချင်တယ်။ သူ့ကိုသာ လွှတ်ပေးမယ်ဆိုရင်။ ဒါကလဲ
ကျွန်တော့ရဲ့ တကိုယ်တော်ဆန္ဒသာဖြစ်ပါတယ်။
သူနဲ့ကျွန်တော်နဲ့က သားအဖအရွယ်လောက် အသက်ကွာခြားပါတယ်။ ဒါပေမယ့် သူက
ခင်းဗျား - ကျွန်တော်နဲ့ လေးလေးစားစား ပြောဆိုဆက်ဆံတယ်။
ကျွန်တော်ထက်ငယ်တဲ့ သူ့မြေးအရွယ်လောက် လူငယ်တွေကိုတောင်မှ ခင်ဗျားနဲ့
ကျွန်တော်နဲ့ ပြောတယ်။ အရင်တုန်းကတော့ ဟံသာဝတီသတင်းစာဆရာကြီး
ဦးဝင်းတင်လို့ သမုတ်ကြတယ်။ NLD စတင်တည်ထောင်ခါစကလဲ
ဦးအောင်ကြီးကတောင်မှ ကွန်မြူနစ်တွေလို့ အစွပ်စွဲခံရတဲ့ထဲမှာ
ပါသေးတာဘဲ။
ထောင်ထဲရောက်တော့ အင်စိန်ထောင် (၃) တိုက်မှာ ၂ နှစ်ခွဲ - ၃ နှစ်လောက်
အတူနေ ရပါတယ်။ ၁၉၉၃-၉၆ ၀န်းကျင်လောက်ပေါ့။ နိုင်ငံတော်ကြေငြာချက် ၁၁/၉၂
ကြေငြာပြီးခါစ ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်တဲ့သူကလွတ်၊
ကျန်တဲ့သူကကျန်နဲ့။ ဒါပေမယ့် မနက်ဖြန်သဘက်ခါကို နိုင်ငံတော်လာပြီး
ချက်ခြင်းအားလုံးဘဲလွတ်ကြတော့ မလိုလိုဖြစ်နေတဲ့ အချိန်ကာလပေါ့။
ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှ အပြင်မှာ လွတ်ပေးထားတယ်။ ဒေါ်စုကလဲ
နိုင်ငံရေးအကျဉ်းသားမိသားစုများကို တွေ့ဆုံပြီး အားပေးတယ်။
ဒေါ်စုလက်ဆောင်ပေးခဲ့တဲ့ မျက်နှာသုတ်ပုဝါတို့၊ ဆပ်ပြာတို့ဆိုရင်
ထောင်ထဲအထိတောင် ရောက်လာတယ်။ အပြင်ကို လွတ်သွားတဲ့ သူတွေကလဲ
အထဲမှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေကို ထောင်ဝင်စာလာတွေ့ တယ်။
အားပေးကြတယ်။ BBC, VOA, ........ သတင်းတွေပြောတယ်။ မကြာခင်
အားလုံးလွတ်မှာဘဲတဲ့။ ဒီတော့ အထဲမှာနေရတဲ့သူတွေအဖို့လဲ
အနေအစားချောင်တယ်။ အရင်လို တင်းတင်းကြပ်ကြပ် မရှိဘူး။
‘နောက်လှည့်ပုံစံထိုင်၊ မှောက်ထားစမ်း တ၀ုန်းဝုန်း - တဒိုင်းဒိုင်း’တွေ
မရှိတော့ဘူး။ ပျောက်ကုန်ပြီ။ မနေ့တနေ့ကအဖြစ်အပျက်တွေကို အတိတ်မှာ
ထားခဲ့တယ်။ မေ့ထားလိုက်ကြတယ်။
တိုက်ထဲမှလည်း မနက် ၂ နာရီ၊ နေ့လည် ၃ နာရီဝန်းကျင်လောက်
တံခါးဖွင့်ပေးထား တယ်။ ကြိုက်တဲ့အခန်းမှာ
ကြိုက်တဲ့သူနဲ့သွားပြီးစကားပြောလို့ရတယ်။ နိုင်ငံရေးသမားတွေ ချည်းဘဲ
စုထားတာဆိုတော့လဲ စကားပြောရဖို့က အဓိကဖြစ်တယ်လေ။ အရင်တုန်းကဆိုရင်
တိုက်ထဲမှာ တယောက်တခန်းနေရတယ်။ တနေ့လုံးမှ (၁၀) မိနစ်လောက်ဘဲ
မြေကြီးနဲ့ ထိခွင့်ရတယ်။ ကျန်တဲ့အချိန်မှာ (၁၀) ပေပတ်လည်အခန်းလေးထဲ
ပိတ်လှောင်ခံထားရ။ (၁၀)မိနစ်လောက် ရေချိုးဆင်းချိန်လေးတောင်မှ
ဝါဒါဝန်ထမ်း ၄-၅ ယောက်လောက် ၀ိုင်းထားတော့ ဘယ်အခန်းမှာ
ဘယ်သူရှိနေမှန်းတောင် မသိဘူး။ မြင်ဘူးဖို့ဆို ဝေးစွ။ အချို့ဆို
အသံကိုရင်းနှီးနေတယ်။ လူမမြင်ဖူးဘူး။ အပြင်ပြန်ရောက်တော့ တကြိမ်မှာ
ဝိဓူရ သခင်ချစ်မောင်ရဲ့အသုဘမှာ မင်းကိုနိုင်နဲ့
ရှေ့နေကြီးဦးထွန်းတင်တို့ကို မိတ်ဆက်ပေးရ သေးတယ်။ သူတို့ (၂) ယောက်က
အထူးတိုက်ထဲမှာ အခန်းချင်းကပ်လျှက်နေဘူးတယ်။ နာမည်သိတယ်။
အသံချင်းရင်းနှီးနေတယ်။ လူချင်းမတွေ့ဖူး၊ မမြင်ဖူးဘူး။
ဒါကလဲ နှစ်နဲ့ချီပြီးနေရတာ။ လူသားတွေဘဲ စကားပြောချင်တယ်။ အချို့ဆို
ရူးသွားတယ်။ အချို့က လေဖြတ်။ ကျန်းမာရေးမကောင်း။ သေတဲ့လူတွေလဲ
သေကုန်ပြီ။ အထူးသဖြင့် လူကြီးတွေအတွက် ပိုပြီး မနေသင့်ဘူး။
သမံတလင်းပေါ်မှာ ဖျာကြမ်းခင်းပြီး အိပ်ရတာ။ (ကျွန်တော်တို့လွတ်ပြီး
၁၉၉၉-၂၀၀၀ ၀န်းကျင်မှ ICRC ၀င်လို့ ကွပ်ပျစ်နဲ့ အိပ်ကြရတာ။) ကြာလေ
ကျန်းမာရေးက ထိခိုက်လာလေဘဲ။ ဗိုလ်စက်ရောင်၊ ဦးစိုးဝင်း၊ မန်းဒါဝိတ်၊
မုံရွာဦးတင်ရွှေတို့ ---- အများကြီးဘဲ။ လူကြီးတွေဆိုတော့ အဓိက
သံမံတလင်း အအေးပတ်ပြီး သေကြရတာ။ အာဏာပိုင်တွေ့ရဲ့ ညစ်ပတ်တာ၊
ညှင်းပန်းနှိပ်စက်တာတွေကို ကျွန်တော်တို့လူငယ်တွေနဲ့
ရင်ဘောင်တန်းပြီးခံကြရတယ်။ တိုင်းပြည်အတွက် သိပ်နှမြောဖို့ ကောင်းတယ်။
ဒီလိုလူကြီးတွေထဲမှာ အဘ၀တီတစ်ယောက်လည်း အပါအ၀င်ပေါ့။ ခုဆိုရင်
နှစ်ရှည်လများဆိုတော့ ပိုပြီးစိုးရိမ်ရတယ်။ ထောင်ထဲ၊ တိုက်ထဲမှာချည်းဘဲ
(၁၇) နှစ်ကျော်ဆိုတဲ့ အတိုင်းအတာက အတော်ကိုလွန်တာပေါ့လို့ဘဲ
ပြောရတော့မယ်။ လူငယ်တွေဆိုရင်တောင်မှ ဒီလောက်တောင်
ခံနိုင်ရည်ရှိဖို့သိပ်မလွယ်ဘူး။
အဲဒီကာလတုန်းက ကျွန်တော်တို့ (၃) တိုက်မှာ နေရတာ ထောင်ကျတယ်လို့တောင်
မထင်ရဘူး။ တက္ကသိုလ်ကျောင်းက ဘော်ဒါဆောင်တွေမှာ နေရသလိုဘဲ။
အိပ်တဲ့အချိန်မှဘဲ လူချင်းခွဲရတာ။ ကျန်တဲ့အချိန်မှာဆို အားရပါးရ
စကားပြောဆိုနေကြရတာ။ ဗဟုတုတရတယ်။ အတွေ့အကြုံရတယ်။ အစုံဘဲဗျာ။
အရမ်းပျော်ဖို့ ကောင်းတာဘဲ။ ဒီလိုလူတွေနဲ့ နောက်တစ်ကြိမ်သည်လိုဘဲ
တစုတစည်းတည်းနေရဖို့ဆိုတာ မရနိုင်၊ မဖြစ်နိုင်တော့ဘူးဗျာ။
လျှို့လျှို့ဝှက်ဝှက်နဲ့ လိုင်းရိုက်ပြီးသွားထားတဲ့ စာအုပ်တွေကလဲ
အစုံဘဲ။ မြန်မာ - အင်္ဂလိပ်တောင် မကဘူး။ ဂျပန်စကားပြော
စာအုပ်တောင်ရှိတယ်။
ဒီလို လွတ်လွတ်လပ်လပ်နေရတော့လဲ ဒီအခွင့်အရေးလေးတွေ
ပြန်ပျောက်သွားမှာကို စိုးရိမ်ကြတယ်။ အရင်အိမ်မက်ဆိုးကြီး
ပြန်တွေးမိရင် ကျောချမ်းကြတယ်။ တိုက်ထဲမှာကလည်း လူသစ်သိပ်မရှိပါဘူး။
လူဟောင်းတွေချည်းဘဲ။ အနည်းဆုံး နေသားတွေကလည်း ၄- ၅ နှစ် လောက်တော့
ရှိတဲ့သူချည်းဘဲ။ ထောင်သဘာ၊ ထောင်ဂျိုးတွေ။ အုတ်ရိုးဆွေးဆွေး၊
လူဆွေးဆွေးဆိုတဲ့ သူတွေကို စုထားတာ။ ထောင်ကျထားတဲ့ နှစ်တွေကလည်း
မေးမကြည့်နဲ့။ (၁၀) နှစ်အောက်တောင်မှ မရှိသလောက်ဘဲ။ ဒီထောင်ထဲ၊
ဒီတိုက်ဝင်းထဲမှာက ကိုယ့်အိမ် ကိုယ့်ယာလို ဖြစ်နေပြီ။
တော်ရုံတန်ရုံဝန်ထမ်းတောင်မှ ကိုယ်တွေလောက် ထောင်အကြောင်း မသိနိုင်ဘူး။
Jail Manual (အကျဉ်းထောင်လက်စွဲဥပဒေ) ကို အရေကြိုသောက်ထားကြတဲ့ သူတွေ။
အဘ၀တီ ဒီတိုက်ဝင်းထဲကိုစရောက်ခါစက တိုက်ထဲမှာရှိတဲ့ လူငယ်တွေနဲ့
သိပ်အစီးမကပ်ဘူး။ သူက အရင်တုံးက အထူးတိုက်မှာ တယောက်တည်းနေရတဲ့ VIP
ပေါ့။ NLD မှာကလည်း CEC အတွင်းရေးမှူးဆိုတော့ အရာထူးကလည်း
အတော်ကြီးတာကိုး။ သူ့ NLD အဖွဲ့ဝင်တွေကလည်း သူ့ရှေ့မှာဆို
နားရွက်တောင်မှ မခပ်ရဲသလိုဘဲ။ ကုတ်ချောင်း ကုတ်ချောင်းနဲ့ ‘ဆရာ’ ချင်း
‘ဟုတ်ကဲ့’ ချင်း ထပ်နေအောင် အရမ်းရိုကြိုးကြတယ်။ ကျွန်တော်တို့လို
တောတွင်းလက်နက်ကိုင် တော်လှန်ရေးအင်အားစုနဲ့ ဆက်သွယ်ပြီး ထောင်ကျတဲ့
သူတို့၊ ABSDF ကျောင်းသားတို့၊ NLD မဟုတ်ကြတဲ့ လူငယ်တွေရဲ့
အမြင်မှာတော့ တမျိုးပေါ့။ စရိုက်တွေကလည်း ခပ်ကြမ်းကြမ်း၊ လူငယ်တွေလည်း
ဖြစ်ပြန်ဆိုတော့ အမြင်မတူဘူးပေါ့။ ကိုယ့်အမှုနဲ့ကိုယ် ထောင်ထဲတောင်မှ
ရောက်နေကြပြီး ဘာဂရုစိုက်စရာလိုလို့လဲပေါ့။
ကျွန်တော်တို့က အသက် (၄၀) ကျော် - (၅၀) တန်း လူလတ်ပိုင်းတွေဆိုတော့
အဘ၀တီနဲ့ အဆင်ပြေပြေ စကားပြောဖြစ်ကြပါတယ်။ သူ့ဆီကလဲ သိချင်စရာ
ဗဟုတုတတွေ အများကြီးရတယ်။ ကျွန်တော်အဖေကလဲ (ပမညတ)နိုင်ငံရေးသမာဆိုတော့
စကားဆက်စပ် ပြောဖြစ်တော့ ကျွန်တော်နဲ့ အတော့်ကို လေပေးဖြောင့်သွားတယ်။
ကျွန်တော် ထောင်ဝင်စာ ထွက်ရင် အဖေက ထောင်ဝင်စာကို ကျွန်တော်ဇနီးနဲ့အတူ
လာတွေ့ဖြစ်တော့ ထောင်ဝင်စာ ပြန်လာရင် ဘယ်သူတွေရှိသေးလဲ။
ဘယ်သူတွေသေပြီလဲလို့ မေးတယ်၊ ပြောတယ်။ ကျွန်တော်ကလဲ ကျောင်းသားဘ၀ကတည်းက
အရင်နိုင်ငံရေးသမားဟောင်းကြီးတွေ စုထောင် ထားတဲ့ “အားသစ်” ကားဂိတ်မှာ
အလုပ်လုပ်ရင်း ကျောင်းတက်ရတာ။ ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်၊
ဦးတင်လှဦးတို့၊ ရွှေတောင်ဦးအုန်းမောင်၊ ကျောမွဲဦးစိုးသိန်းတို့
စုပြီးထောင် ထားတဲ့ ကားဂိတ်ဆိုတော့ လူဟောင်းကြီးတွေ မကြာခဏလာတဲ့
စုရပ်ဖြစ်တယ်လေ။ နေရာကလဲ ကုန်ဈေးတန်းဆိုတော့ လူဝင်လူထွက်များတယ်။ BCP
က ဆရာ ရာဂျာတို့၊ အညမည ဦးချစ်လှိုင်တို့၊ သခင်လွင်၊ သခင်ချစ်မောင်တို့
လာလေ့လာထရှိတဲ့ လေထန်ကုန်းပဲ လေ။ ဒီတော့ ကျွန်တော်ကလဲ အဖိုးကြီးတွေ
အတော်များများနဲ့ သိတယ်၊ ရင်းနှီးတယ်။
တနေ့ ထောင်ဝင်စာကအပြန် အဘ၀တီကို ကျောမွဲဦးစိုးသိန်း
ကားပေါ်ကပြုတ်ကျလို့ သေသွားတဲ့အကြောင်း ပြောဖြစ်တယ်။ ချက်ခြင်းပဲ အဘ၀တီ
အတော်စိတ်မကောင်း ဖြစ်သွား တယ်။ သူ့နဲ့တမြို့တည်းသားတဲ့။ ပဲခူးတိုင်း၊
ကြို့ပင်ကောက်မှာ ကျောမွဲကြီးတို့က အလုပ်သမား၊ လယ်သမား
ကိုယ်စားလှယ်လုပ်နေတဲ့အချိန်မှာ သူက ကျောင်းသား ကိုယ်စားလှယ်၊
ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံရေးလုပ်ကိုင်လှုပ်ရှားကြတယ်။
ကျောမွဲကြီးတို့ BCP
မှာ
တောခိုတဲ့ အကြောင်း။ ဖမ်းမိ ထောင်ကျတဲ့အကြောင်းက အစပေါ့။ ကျောမွဲကြီးက
အရင်က အမွေရလို့အရမ်းချမ်းသာတယ်၊ နိုင်ငံရေးသမားဟောင်း
အတော်များများကို အကူအညီပေးတယ်၊ နောက်တော့
တဖြည်းဖြည်းနဲ့ဆင်းရဲသွားတယ်၊ ဒါတောင်မှ အသက်ကြီးတဲ့အထိ
စီးပွားရေးလုပ်တုန်း၊ နိုင်ငံရေးလုပ်တုန်းဘဲပေါ့၊ ၀ိဓူရ
သခင်ချစ်မောင်တို့၊ ဖေဖေတို့နဲ့တွဲပြီး ပါတီထောင်တဲ့ အကြောင်းကအစပေါ့၊
ကျောမွဲ ဦးစိုးသိန်းနဲ့ အဘ၀တီတို့ မှာ တူညီတဲ့ အချက်တွေရှိတယ်၊
နှစ်ယောက်စလုံး အသက်ကြီးတဲ့အထိ လူပျိုကြီးတွေ ဖြစ်နေကြတယ်၊
အားနာတတ်တယ်။ ကိုယ့်မှာရှိတဲ့ အခက်အခဲကို သူများကို
ဘယ်တော့မှထုတ်မပြောကြဘူး။ သိပ်လျှို့ဝှက်တယ်။ ကိုယ်ကပဲ သူများကို
အကူအညီပေးချင်နေကြတာ။ ခေါင်းထဲမှာလဲ အများအတွက် ဘာလုပ်ပေးရမလဲဆိုတဲ့
နိုင်ငံရေးတွေ၊ လူမှုရေးတွေဘဲ အမြဲရှိတယ်၊ ဒါဘဲ စဉ်းစားနေကြတဲ့သူတွေ။
ကျွန်တော်တို့ (၃)တိုက်ဝင်းထဲမှာလည်း ကျွန်တော့်လိုဘဲ ထောင်ဝင်စာ
သိပ်မမှန်တဲ့ သူတွေကို “သာတီးဒီ” အုပ်စုလို့ခေါ်ကြတယ်။
ထောင်ဝင်စာမမှန်တဲ့ ဒေါင်တာမြင့်နိုင်တို့ ၊ ကိုဘမျိုးသိန်းတို့ ၊
ဘိုးတော် ခင်ဝင်းတို့၊ BCP
အမှုတွဲကိုစိုးမြင့်(တိရစ္ဆာန်ဆရာဝန်)တို့ပေါ့။ ကိုစိုးမြင့်ဆိုရင်
ကျွန်တော်တို့အတူနေကြတဲ့အလျောက်မှာ ထောင်ဝင်စာလာတာ တခါမှ မတွေ့ဖူးဘူး။
ဆရာလူဝလို့ခေါ်တယ်။ ကဗျာစပ်တယ်။ သီချင်းစပ်တယ်။ သီချင်းသံစဉ် နုဒ်တွေကို
ပါးစပ်နဲ့  ဒို၊ ရေ၊ မီ၊ ဖာ အော်ပြီးသင်တာ သူနဲ့ မှဘဲ တွေ့ဖူးတော့တယ်။
ဆလိုင်း ကိုကိုကြီးတို့ ၊ မိုးဇော်ဦး(NLD)လူငယ်ဗဟို)၊
ဂျင်မီတို့ (၈၈မျိုးဆက်သစ်ကျောင်းခေါင်းဆောင်၊
Signature Campaign
နှင့်
ဆုတောင်းပွဲများကို ဦ်းဆောင်လုပ်နေသူ) ဆိုရင် ထောင်အပြင်က ဖွင့်တဲ့
သီ်းချင်းသံစဉ်ကို 1,2,3,4 .... ဒိုရေမီဖာ
နုဒ်နဲ့လိုက်ရေးလို့ရအောင်လို့ ကို သူသင်ပေးထားတာ။ အံ့သြစရာ
ပါရမီရှင်ပါဘဲ။ ဒီလိုနဲ့  တခါတော့ အဘ၀တီလဲ ကျွန်တော်တို့ 
သာတီးဒီအဖွဲ့ဝင်ဖြစ်သွားတယ်။ သူ့ကို ထောင်ဝင်စာအမြဲလာတွေ့ နေတဲ့
ဦးအုန်းထွန်း ခရီးသွားနေလို့ လား၊ ဆေးကုသနေလို့လားဘဲ။ အဘ၀တီက
လူပျိုကြီးဆိုတော့ သူ့ ရဲ့ ငယ်သူငယ်ချင်း ဦးအုန်းထွန်းကပဲ ထောင်ဝင်စာ
အမြဲလာတွေ့ နေရတာ။ ဦးအုန်းထွန်းကနေ နောက်တယောက် အလွှဲမှာ
ထောင်ဝင်စာတွေပြတ်သွားတာပေါ့။
အဘ၀တီ ထောင်ဝင်စာလာရင် ကျွန်တော်တို့  သိပ်ပျော်တယ်။ ကြိုက်တာယူစား၊
နှိုက်စားလို့ရတယ်။ အထူးသဖြင့် ကျွန်တော်တို့လို ထောင်ဝင်စာမမှန်တဲ့
သာတီးဒီအုပ်စုကိုတော့ မပျက်မကွက်ကို သူကိုယ်တိုင် လာခေါ်လေ့ရှိတယ်။ သူ
့ထောင်ဝင်စာမှာ ဗမာမုန့်တွေ အမြဲပါလေ့ရှိတယ်။ အပြင်မှာတုန်းကလဲ
ဗမာမုန့်တွေကို အမြဲလုပ်စားလေ့ရှိတယ်လို့ ပြောတယ်။
မန္တလေးဟံသာဝတီသတင်းစာတိုက်မှာ လုပ်တုန်းက တပတ်တခါ အမြဲတမ်း ဗမာဆန်မုန်
့တခုမဟုတ်တခု အမြဲလုပ်ပြီး အိမ်ဘေးနားက ကလေးတွေကို ကိုယ်တိုင်
ကျွေးလေ့ရှိတယ်တဲ့။ ခုလဲ မုန့်ပျားသလက်၊ ဘိန်းမုန့် ၊ မုန်
့လင်မယားတို့  တခုခုပါတယ်။ ကြိုက်လဲကြိုက်တတ်တယ်။ ရန်ကုန်မှာဆို
အရင်စစ်ရုံးနားက ဆင်းဒင်ဝစ်လမ်းကြားထဲမှာရှိတဲ့ မုန့် ပျားသလက်ဆိုင်ကအစ
သိတယ်။
ကျွန်တော်တို့ လဲ သူ့ ထောင်ဝင်စာမှာပါတဲ့ ဟင်းလေးအိုးကြီးဟင်းပေါင်းကို
ထောင်ထဲ ရောက်မှဘဲ စားဖူးတော့တယ်။ မန္တလေး ကိုပညာရဲ့ကျောင်းမှာ ၀က်သားနဲ
့ ပုန်းရည်ကြီး၊ ဇီးဖြူသီးတို့ ရောပြီးချက်ထားတဲ့ ဟင်းဘဲ။ လနဲ
့ချီပြီးခံတယ်။ မသိုးဘူး။ စားလို့ လဲ အရမ်းကောင်းတာဘဲ။ မန္တလေး၊ အမရပူရက
တောင်သုံးလုံးကျောင်းတိုက်မှာ လာကြတဲ့ ဒကာ၊ ဒကာမတွေကို
အမြဲချက်ကျွေးတာတဲ့။ ခုလည်း ကိုပညာက သူ့ အတွက် အမြဲ လူကြုံနဲ့
ထည့်ပေးနေတာ။ လူထုဒေါ်အမာကလည်း သူ့အတွက် ထောင်ဝင်စာ စားစရာတွေကို
မန္တလေးက လူကြုံနဲ့ထည့်ပေးလေ့ရှိတယ်။ မန္တလေး ဟံသာဝတီသတင်းစာတိုက်မှာ
အယ်ဒီတာချုပ်အနေနဲ့ နှစ်အတော်ကြာကြာ လုပ်လာခဲ့တာဆိုတော့
မန္တလေးသားလိုဖြစ်နေပြီ။ မန္တလေးက စာပေစကားဝိုင်း၊ ဆွေးနွေးပွဲတို ကလဲ
အဘ၀တီပဲ စတင်ခဲ့တာကို သိရတယ်။ လူပျိုကြီးဆိုတော့ ကလေးတွေကို
အရမ်းချစ်တတ်တယ်။ မန္တလေးမှာတုန်းက တပတ်ကိုတခါ ကလေးတွေအတွက်
မုန်းလုံးရေပေါ်တို့ ၊ မုန့်ကြာစေ့တို့  စတဲ့ဗမာမုန့် တွေကို
ကိုယ်တိုင်လုပ်ပြီး ကျွေးလေ့ရှိတယ်၊
သတင်းစာဆရာကြီးဆိုတော့ အကြားအမြင်ဗဟုတုတကလဲ အတော်စုံတယ်။
ထောင်ထဲမှာတော့ ကျွန်တော်တို့ တွေအတွက်
Dictionary
ကြီး၊
Encyclopedia
စွယ်စုံကျမ်း ကြီးဘဲပေါ့။ စာဖက်အားလည်း အတော့်ကို ကောင်းခဲ့တာ။
အစိုးရတိုက်ခန်း ရန်ကုန်လမ်းသစ် ရိပ်သာအိမ်မှာ နေတုံးက တနင်္ဂနွေနေ
့ဆိုရင် အိမ်တံခါးကို အပြင်က သော့ခတ်ခိုင်းပြီး အိမ်ထဲပြန်ဝင်
စာဖက်လေ့ရှိတယ်တဲ့။ နို့ မို့ ဆိုရင် အိမ်ကိုအလည်လာတဲ့ ဧည့်သည်ကို
အားနာပြီး စကားပြောနေရရင် စာတွေမဖတ်ဖြစ်မှာစိုးလို့တဲ့။ တပတ်ကို
အနည်းဆုံး အုပ် ၄၀-၅၀ လောက် ဖတ်တယ်။ ဖတ်ပြီ်းသားစာအုပ်တွေကိုလဲ
မှတ်တမ်းကပ်ပြားလေးတွေမှာ အကျဉ်းချုပ်ရေးဖို့ 
Index
လုပ်ပြီး
သိမ်းထားတယ်တဲ့။ ဒါမှ သူဖတ်ပြီးတဲ့ စာအုပ်နဲ့ အကြောင်းအရာတွေကို
နောင်တချိန်ပြန်ရှာလို့ ရမယ်။ ပြန်သတိရမှတ်မိမယ်။ သိပ်စနစ်ကျတာဘဲ။
အားကျဖို့၊ အတုယူဖို့ သိပ်ကောင်းတယ်။ အပတ်တိုင်း အဲဒီလို စာဖတ်ဖို
့အတွက်တော့ အပြင်ကို လုံးဝ မထွက်တော့ ဘူး။ ဘယ်သူနဲ့မှလည်း
မတွေ့တော့ဘူး။ အဆက်အသွယ်လည်း မလုပ်တော့ဘူး။
မဆလခေတ်တုန်းကဆိုရင် တက္ကသိုလ်ဗဟိုစာတိုက်မှူး ဦးသော်ကောင်းရယ်၊
အဘ၀တီရယ်ဆိုတာ စာဖတ်အား အကောင်းဆုံးတွေလို့ကို ပြောဆိုသမုတ်ကြရတယ်။
အင်္ဂလိပ်စာလဲ သိပ်ကောင်းတယ်။ စာဖတ်တာလဲ အရမ်းမြန်တယ်။ ဖတ်ပြီးသား
အကုန်နီးပါး ကိုလဲ မှတ်မိနေတတ်ကြတယ်။ မဆလဥက္ကဌ ဦးနေ၀င်းကတောင်မှ
သူတို့နှစ်ယောက်ကို ထောက်လှမ်းရေးမှူး မျက်မှန်ကြီး ဦးတင်ဦးအကူအညီနဲ့
မကြာခဏ ခေါ်တွေ့ပြီး ဖတ်ပြီးသား စာအုပ်တွေကို
မေးမြန်းဆွေးနွေးလေ့ရှိတယ်တဲ့။ ဦးနေ၀င်းကလည်း မြန်မာပြည်အတွက်
ခွဲတမ်းရတဲ့ အချို့ရှားပါးစာအုပ်တွေကို သူတယောက်တည်း ယူလေ့ရှိတယ်တဲ့။
သူ့အိမ် စာကြည်တိုက်က ပိုမှသာ ဗဟိုစာကြည့်တိုက်တို့၊
အမျိုးသားစာကြည့်တိုက်တို့ကို ရောက်ကြရ တာ။ ဒီလိုစာအုပ်တွေကို
ဖတ်နိုင်၊ ပြောနိုင်တယ်ဆိုတဲ့ လူကလည်း ဗမာပြည်မှာက လက်ချိုးရေ လို့ရတဲ့
နည်းနည်းလေးဆိုတော့ သူတို့နှစ်ယောက်ကို ခေါ်တွေ့၊ မေးမြန်း၊
ဆွေးနွေးနဲ့ ဦးနှောက်ဖောက်စားတယ်ပေါ့။ သူ့တပည့် ညာလက်ရုံး
မျက်မှန်ကြီး ထောက်လှမ်းရေး ဗိုလ်မှူးချုပ် တင်ဦးထက်တောင် စာဖတ်အား
ပိုကောင်းတဲ့ သူတွေ၊ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတတွေပါ
ရှိတဲ့သူတွေ ဖြစ်နေတာကိုး။
အဘ၀တီရဲ့ အတွေအကြုံမှတ်တမ်းလေးတွေပြောပြတယ်။ ကျောင်းသားဘ၀ ကတည်းက
သတင်းစာတွေ၊ ဂျာနယ်တွေမှာ စာရေးတယ်။ ဘာသာပြန်တယ်။ အချိန်ပိုင်း
လက်ထောက်အယ်ဒီတာ လုပ်တယ်။ တနေ့ စာပေဗိမ္မာန်မှာ ၀န်ကြီးချုပ်ဦးနုနဲ့
တွေ့တယ်။ ဦးနုကလဲ သူဘာသာပြန်တာကို တလေးတစား ချီးကျူးတယ်။
နောက်တချိန်မှာ မြန်မာပြည် အတွက် အဘ၀တီတို့လို
တော်တဲ့လူငယ်တွေကိုတွေ့ရလို့ အနာဂတ်အတွက် ရင်အေးစရာ စိတ်ချမ်းသာစရာလို့
ပြောခဲ့တာကို ခုထိလဲဂုဏ်ယူလို့ မဆုံးဘူး။ ဦးနုရဲ့ ရိုးသားတဲ့
ဂုဏ်ပုဒ်တွေကိုလည်း ခုထိထုတ်ဖေါ်ချီးကျူးနေတုန်းဘဲ။ သူကိုယ်တိုင်ကလည်း
အလွန်ရိုးသား၊ အလွန် ကြိုးစားတဲ့သူ လူတော်ပညာရှိတယောက် ဖြစ်နေတာကိုး။
သူတပါး ချီးကျူးဂုဏ်ပြုဖို့ ဘယ်ဝန်လေးလိုက်မလဲ။
အင်္ဂလိပ်နိုင်ငံ Daily Mirror
သတင်းစာမှာ အယ်ဒီတာရော သတင်းထောက်ရော လုပ်ခဲ့ဘူးတယ်။ ဖင်လန်တို့၊
ဆွီဒင်တို့လို ကမ္ဘာ့မြောက်ဖျားက နိုင်ငံတွေမှာလည်း သွားလုပ်ရတဲ့
အတွေ့အကြုံရှိတယ်။ နေ့ ၆ လ၊ ည ၆ လ နေရတဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။
ည ၆ လကျတဲ့အချိန်မှာ လျှပ်စစ်မီးရောင်နဲ့ နေရသလို နေ့ ၆ လမှာလည်း
အတော်ကို အူကြောင်ကြောင်နိုင်တဲ့အကြောင်း၊ လမ်းပေါ်မှာ
လူအသွားအလာနဲသွားလို့သာ ညလို့ သတ်မှတ်ကြတာတဲ့။ နေရောက်ကတော့
မြင်နေရတာပဲတဲ့။
မြန်မာနိုင်ငံမှာ ကြေးမုံသတင်းစာတိုက်ဖွင့်ဖို့ ဦးသောင်းက
လှမ်းခေါ်တယ်။ လာခေါ်တယ်။ အပြန်မှာ လေယဉ်နဲ့မပြန်ဘဲ သင်္ဘောစီးပြီး
ပြန်လာတာ။ တလကိုးသီတင်း အကြာကြီး သင်္ဘောစီးတဲ့ အတွေ့အကြုံရခဲ့တာတဲ့။
နိုင်ငံခြားမှာလည်း အနုပညာဝေဖန်ရေး အတက်ပညာ ဒီပလိုမာယူခဲ့တာ။ ပန်းချီ၊
ပန်းပု အနုပညာတွေကို ခံစားတတ်တယ်။ ဝေဖန် တတ်တယ်။ ပန်းချီမဆွဲတတ်၊
ပန်းပုမထုတတ်ပေမဲ့ အလင်းအမှောင် အရောင်တွေရဲ့ အံဝင်ခွင် ကျမှု ရှိ၊
မရှိကို မြင်ရုံနဲ့ချက်ခြင်းသိတတ်တဲ့ ပါရမီရှင်တွေဘဲ။ အရင်တုန်းကတော့
သူ့လိုဘဲ ဒီပလိုမာမျိုး ဗမာပြည်မှာ ၂ ယောက် ၃ ယောက်လောက်ပဲ ရှိတယ်။
ကျွန်တော်တို့တွေတောင်မှ သူနဲ့တွေ့မှဘဲ ကြားဖူးတော့တာဘဲ။ ကိုယ်ကလည်း
မဆလခေတ်ထဲမှာ လူဖြစ်လာကြရတဲ့ သူတွေဆိုတော့လဲ အကြားအမြင် ဗဟုသုတကလည်း
နည်းတာကိုး။
၁၉၉၄ ၀န်းကျင်လောက်မှာ အမေရိကန်လွှတ်တော်အမတ် ဘီရစ်ချက်ဆန် (Bill
Richardson)
မြန်မာပြည်ကိုအလည်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။
ဗမာပြည်အရေးကိစ္စတွေ ဆွေးနွေးတယ်။ ဒီမှာ ဒေါ်စုက ထောင်ထဲမှာရှိတဲ့
အဘ၀တီရဲ့ ကျန်းမားရေးအခြေအနေကို သွားကြည့်ဖို့၊ အင်းစိန်ထောင်မှာ
သွားရောက်တွေ့ဆုံဖို့အတွက် တိုက်တွန်းလိုက်တယ်။ ဘီရစ်ချတ်ဆန်
ထောင်ကိုလာတယ်။ အဘ၀တီနဲ့ အင်းစိန်ထောင်ထဲမှာ ၂ ရီလောက်တွေ့
ဆုံခွင့်ရခဲ့တယ်။
ဘီရစ်ချက်ဆန်ကတော့ အဘ၀တီရဲ့ ကျန်းမားရေးကို အဓိကထားပြီး ပြောဆိုတယ်။
ဒေါ်စုအပါအ၀င် အပြင်မှာရှိတဲ့ သူတွေအားလုံးက အဘ၀တီရဲ့
ကျန်းမားရေးအခြေအနေတွေကို စိုးရိမ်နေကြကြောင်း ပြောတယ်။ ဒါပေမဲ့
အဘ၀တီကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ များကို အဓိကထား
ဆွေးနွေးပြောဆိုတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး(National
Reconciliation)အတွက်
န၀တ (ယခုနအဖ) အနေနဲ့ ဒေါ်စုနဲ့ နိုင်ငံရေးစားပွဲဝိုင်းမှာ တွေ့ဆုံ
ဆွေးနွေးရေး (Dialogue)
လုပ်ဖို့
ကိစ္စတိုက်တွန်းမဲ့ကြောင်းနဲ့ အဘ၀တီမှာကြားလိုသော
Message
ကိုလည်း
ဒေါ်စုထံသို့ သယ်ဆောင်သွားမည့်အကြောင်းကို သူကတဆင့် ပြန်ပြော ပြလို့
ကျွန်တော်တို့ သိခဲ့ရတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်တို့ တိုက်ဝင်းထဲမှာ လွတ်လွတ်လပ်လပ်
နေကြရတော့ လည်း အာဏာပိုင်တွေ မသိအောင်လို့ နိုင်ငံရေးအသွင်ဆောင်တဲ့၊
လူမှုရေးအသွင်ဆောင်တဲ့ အဖွဲ့လေးတွေကို လျှိ့ဝှက်စွာ ဖွဲ့ဖြစ်ခဲ့ကြတယ်။
နီးစပ်ရာ၊ အယူအဆတူရာ၊ အမှုတွဲအမှုဖြစ်စဉ် တူညီရာ စသဖြင့် ကိုယ်အားသန်ရာ
ကိုယ်ကြိုက်သလို ပါဝင်လုပ်ဆောင်ကြတယ်။ တူရာကို တွဲလုပ်၊
မတူတာခွဲလုပ်ပေါ့။ ဒါတွေကလဲ တကယ်တော့ အဘ၀တီကပဲ စတင်ပြီး အကြံပေး
စတင်လုပ်တဲ့ ဆောင်ရွက်ချက်တွေဘဲ။ အချို့နိုင်ငံရေးသမားတွေ
ဘေးရောက်နေကြတယ်။ နိုင်ငံရေးတွေကို စိတ်မ၀င်စားကြတော့လို့ ရာဇ၀တ်သား(Criminal)
စိတ်ပေါက်နေကြတယ်။ ထောင်ထဲမှာ အနေအစားချောင်ဖို့ဘဲ အဓိကလို့
ထင်မှတ်အယူစွဲနေကြတယ်။ နိုင်ငံရေး သတင်းကို စားးနေတဲ့ ငပိကြော်လောက်ကို
တန်ဖိုးမထားကြတော့ဘူး။ ဒါကလည်း အချင်းချင်း
အပြန်အလှန်ပြောဆိုဆွေးနွေးကြမှု မရှိလို့ဘဲ။ အချို့လည်း
ကျဉ်ထားသလိုဖြစ်နေတယ်။
အဘ၀တီဦးဆောင်ပြီး ထောင်တွင်း
NLD
ဖွဲ့ဖြစ်တယ်။ သဘောထားကြေညာချက် ထွက်ကြတယ်။ ဒါနဲ့ ထောင်တွင်း
ABSDF၊
ထောင်တွင်း
BCP၊
ထောင်တွင်း
လူ့ဘောင်သစ်၊ ထောင်တွင်း KNU
အဖွဲ့၊ ထောင်တွင်း ဒညတအဖွဲ့။ သူ့အဖွဲ့ သူ့အစုနဲ့ နိုင်ငံရေးအသွင
်ဆောင်တဲ့ အဖွဲ့လေးတွေ ဖွဲ့ဖြစ်ကြတယ်။ သဘောထားကြေငြာချက်တွေ
ထုတ်ပြန်ကြတယ်။ ဒီတော့ ကိုယ့်အဖွဲ့အတွင်းမှာလဲ နိုင်ငံရေးအယူအဆအမြင်တွေ
ဆွေးနွေးကြတယ်။ စာရွက်စာတမ်း၊ စာအုပ်စာစောင်တွေလည်း
လိုင်းရိုက်ပြီးသွင်းနေကြတာဆိုတော့ ရေဒီယိုတောင် တိတ်တဆိတ်
သွင်းထားကြတယ်။ ၀ါဒါဝန်ထမ်းတွေကလည်း ပိုက်ဆံပေးရင် အကုန်ခိုင်းလို့
ရနေတဲ့ အချိန်ပေါ့။
ကျွန်တော်တို့ ဒညတအဖွဲ့မှာတော့ (၃)တိုက်မှာ ကိုဘမျိုးသိန်း၊
ကိုမင်းဇင်၊ ကိုမျိုးမင်း၊ ကျွန်တော်ရယ်၊ အောင်ထိုက်ရယ်ရှိတယ်။
ကျွန်တော်တို့ဒညတရဲ့ ဘော့စ်ကတော့ ကိုမျိုးမင်းပဲ။ ဘာလုပ်ချင်တယ်၊
ဘာလိုချင်တယ် သူ့ပဲပြောကြရတယ်။ ၂၀% ကတော့ သွင်းခအနေနဲ့
ဝါဒါဝန်ထမ်းတွေကို ပေးရတယ်။ ကိုယ်အသုံးလိုတဲ့ပစ္စည်း ပြန်မှာရင်လည်း
တခါထပ်ပြီး ၂၀% ပေးရသေးတယ်ဆိုတော့ ၄၀% က သူတို့ကိုပေးရတာပေါ့။ ဒါတောင်
ကျွေးမွေးပြီး မနဲချော့ခိုင်း ရတာ။ တရားမ၀င်ဆိုတော့
သိုသိုသိပ်သိပ်လုပ်ရတယ်။ တခါတလေ အကုန်ပါသွားပြီး ဆုံးသွား တယ်။
ဒီတော့လဲ လူအသစ်ပြန်မွေးကြရတယ်။ ဒီကောင်တွေနဲ့ ဆက်ဆံရတာ သရဲမွေးရ
သလိုပဲ။ ကျွန်တော်တို့ တိုက်မှာ ငွေကုန်ကြေးကျ အများဆုံးခံတဲ့သူကတော့
ဘိုဘိုဦးပဲ။ သူကလဲ ABSDF
ရဲ့ပထမ အပတ်စဉ်(၁) Phoenix
ဇာမဏီငှက်အဖွဲ့က ဖြစ်တယ်။ တိုက်ထဲမှာ
ABSDF
ဒုတယအပတ်စဉ်
HAWK
သိန်းငှက်
အဖွဲ့က ဆလိုင်းကိုကိုကြီး၊ သက်မင်းအောင်၊ အောင်ဆွေဦး၊ မောင်မောင်အေး၊
ညီနိုင်အောင်၊ ၀င်းမော်တို့လည်း ရှိနေကြ တော့ သူတို့ ထောင်တွင်း
ABSDFအဖွဲ့က
အင်အားတောင့်တယ်။ ဘော့စ်တွေများတော့ အလုပ်တော်တော်များများကို
သူတို့နဲ့ တွဲပြီးလုပ်ကြရတယ်။
အဘ၀တီဦးဆောင်တဲ့ ထောင်တွင်း
NLD
က ကျန်တဲ့အဖွဲ့တွေကို JAC
(Joint
Action Comette)
ခေါ်တယ်။
တူတာတွဲလုပ်၊ မတူတာခွဲလုပ်ကြဖို့ပေါ့။ နိုင်ငံရေး အသွင်ဆောင်တဲ့
ဆွေးနွေးပွဲလေးတွေလည်း လုပ်ဖြစ်လာခဲ့ကြတယ်။ ဘီရစ်ချက်ဆန်က
အဘ၀တီနဲ့ လာတွေ့ပြီး တော့ ဆွေးနွေးဖြစ်ကြတယ်။ ထောင်တွင်း
ဆွေးနွေးပွဲတွေဆိုတော့ ကင်းစောင့်နေတဲ့သူက စောင့်နေ၊
တိုက်တာဝန်ကျတဲ့ဝန်ထမ်းကို ကျွေးမွေးပြီး ထိမ်းထားတဲ့ သူက ထိန်းထားနဲ့။
တခါတလေ ငြင်းကြ၊ ခုန်ကြ၊ စကားများနေကြတာ။ အချိန်ကုန်လို့
ကုန်မှန်းမသိကြတော့ဘူး။ တံခါးပိတ်တော့မယ်၊ သော့ပိတ်တော့မယ်ဆိုတော့မှ
ရေမချိုးရသေး တာကို သတိရကြတယ်။ ဒီကြားထဲ ရေမလာလို့ ရေကန်ထဲမှာလည်း
ရေမရှိဆိုတော့ ခြေလက်မျက်နှာဆေးဖို့တောင် မရှိဘူး။ ဒီအတိုင်းဘဲ
ပေပေကျန်ကျန် ချွေးတလုံးလုံးနဲ့ပဲ အိပ်လိုက်ကြတော့တယ်။ ဒါပေမယ့်
ပျော်နေကြတာဘဲ။ အပြင်မှာထက်တောင် ပိုပြီး လွတ်လွတ်လပ်လပ်နဲ့
နိုင်ငံရေးစကား ပြောဆိုကြလို့ရတာကိုး။ |