Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

အင်တာဗျူး

 

ဥရောပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် ဆက်သွယ်မေးမြန်းခြင်း

 

ရိုးမ ၃။ ဧပြီ ၄၊ ၂၀၀၇

 

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ပယ်ခံရတာကြောင့် အီးယူရဲ့ လက်ရှိ အနေအထားက ဘယ်လိုရှိပါသလဲ။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးမူကြမ်း တင်သွင်းတာ ပယ်ချခံလိုက်ရတဲ့အတွက် ဆိုတာက တရုတ်နဲ့ ရုရှားတို့ရဲ့ လက်ချက်ဖြစ်ပါတယ်။ တောင်အာဖရိက ကတော့ နောက်လိုက် ဖြစ်သွားတာကြောင့် ရရှိပြီးသား (၁၀)မဲထဲက တမဲထပ်ရော့သွားတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘုန်းတော်ကြီးတူးတူးတို့ကတော့ အဲဒီတောင်အာဖရိကကန့်ကွက်မဲကို တချက်လွှတ် ရှုတ်ချပြီး ပြန်လည်ကန့်ကွက်လိုက်တာပါပဲ။ အဲဒီတော့ (၉)မဲဟာ (၉)မဲရှိမြဲရှိနေတာကြောင့် ဗိုလ်နေမြဲ၊ ကျားနေမြဲ အခြေအနေမှာဘဲ ရှိပါတယ်။ အဲဒါကြောင့်မို့ အီးယူရဲ့ မြန်မာနိုင်ငံအပေါ် မှာထားတဲ့ သဘောထား ပြောင်းလဲလာနိုင်စရာ အကြောင်းမရှိဘူးလို့သာ မြင်ရမှာ။ အဲဒီ (၉)မဲ ဆိုတာက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးမူကြမ်း တင်သွင်းရန် သပိတ်ဝင် အိတ်ဝင် မဲအနေနဲ့ အတည်ပြုသတ်မှတ်ထားတဲ့ မဲအရေအတွက် ဖြစ်ခြင်းကြောင့်ပါဘဲ။ 

အီးယူထဲမှာ သြဇာကြီးမားလှတဲ့ ပြင်သစ်အစိုးရရဲ့သဘောထားက မြန်မာ့အရေးအပေါ် ဘယ်လို မြင်ပါသလဲ။ 

အီးယူထဲမှာ ပြင်သစ်အစိုးရ သြဇာကြီးမားတာ မှန်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးမူကြမ်း တင်သွင်းနိုင်ရန် မဲ (၁၀)မဲ ရစဉ်တုန်းကနဲ့ အခု (၉)မဲ အနေအထားမှာ ရှိနေတုန်း ပြင်သစ်အစိုးရရဲ့ မဲဟာလဲ အဲဒီ (၉)မဲထဲမှာ ပါဝင်နေမြဲဖြစ်တာကြောင့် သဘောထား ပြောင်းလဲမဲ့အကြောင်းတော့ မမြင်ပါဘူး။ စက်တင်ဘာလ (၁၁)ရက် ၂၀၀၆ ခုနှစ်မှာ ပြင်သစ် သမ္မတ ဂျက်ရှီးရပ်(ခ်)က (Helsinki) ဟဲလ်စင်ကီ၊ အာရှ - ဥရောပ (ASEM) ထိပ်တန်း အစည်းအဝေးပွဲမှာ မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။  မြန်မာ စစ်အစိုးရခေါင်းဆောင် အဖွဲ့ဝင်များအနေနဲ့ မိမိတို့ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်ထားရှိနေတဲ့ လူ့အခွင့်အရေး ပိတ်ပင်တားဆီး ဖိနှိပ်ချိုးဖောက်မှုများ၊ လူ့ပတ်ဝန်းကျင်သဘာဝနှင့် လူမှု ဆက်ဆံရေး တိုးတက်မှု၊ ဖြုန်းတီးလိုသော၊ ဖိနှိပ်ချုပ်ခြယ်လိုသော စိတ်ဓာတ်များကို ပြောင်းပစ် ရန် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီး မြန်မာစစ်အစိုးရကို ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ အီးယူအနေနဲ့ မြန်မာပြည်တွင်း တိုးတက်ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ထွန်းကား ပေါ်ပေါက်လာရန်မှာ ASEAN ရဲ့ အဓိကကျတဲ့ တာဝန်ဖြစ်ကြောင်းလဲ မှတ်တမ်းတင် ပြောဆိုခဲ့ ပါတယ်။ အဲဒီအကြောင်းအရင်းခံ အချက်အလက်တွေကြောင့် နောက်တခါ အီးယူအဖွဲ့ဝင် နိုင်ငံတခုက အမေရိကန်လိုဘဲ မြန်မာပြည်အရေးကိစ္စကို လုံခြုံရေးကောင်စီသို့ အဆိုပြုချက် တင်သွင်းနိုင်ပါကြောင်း ယူဆနိုင်ပါတယ်။    

ပြင်သစ်အစိုးရရဲ့အနေအထားနဲ့ မြန်မာ့အရေး ဆောင်ရွက်နေမှုအပေါ် အမြင်ဘယ်လိုရှိပါသလဲ။ 

ပြင်သစ်ပြည်အစိုးရဟာ လက်ဝဲ၊ လက်ယာ မည်သည့်အစိုးရမျိုးပဲတက်တက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးစတဲ့ အခြေခံလူမှုဆက်ဆံရေးတွေကို အရေးထား အခြေပြုတဲ့စနစ်ကို ဦးစားပေး တတ်ပါတယ်။ ပြည်သူလူထုကလည်း တရွေးသားမျှ ခေါင်းငုံ့ခံခြင်းမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ လွတ်လပ်စွာ ဆွေးနွေးပိုင်ခွင့်၊ ပြောဆိုနိုင်ခွင့်၊ ဆန္ဒဖေါ်ထုတ်နိုင်ခွင့်များကို ရင်ဝယ်ပိုက်ကြပါ တယ်။ ဇူလိုင်(၁၉)ရက်၊ ၁၇၈၉ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးသမိုင်းကို အခြေခံတဲ့ လွတ်လပ်တဲ့လူနှင့် လူ့အဖွဲ့အစည်းပတ်ဝန်းကျင်ကို မည်သည့်အစိုးရအဖွဲ့ပဲဖြစ်ဖြစ် လိုက်နာကြရ ပါတယ်။ အဲဒါကြောင့် ၁၉၀၁ ခုနှစ် ပြင်သစ်အက်ဥပဒေ (Law)အရ မြန်မာ့အရေးကို ဆောင်ရွက် နေသူများဟာလည်း လွတ်လွတ်လပ်လပ် ဆန္ဒပြဖေါ်ထုတ်နိုင်ခွင့် ရှိပါတယ်။ ဒီကိစ္စဟာ ပါရီ မြို့တော်တွင်မက ဂျီနီဗာ၊ ဘရာဇီးလ်မြို့တော်တွေမှာပါ လွတ်လပ်စွာ မြန်မာ့အရေးကို ဆောင်ရွက်နိုင်ကြပါတယ်။ 

ပြင်သစ်ပိုင်ကုမ္ပဏီကြီးတွေရဲ့ ပြင်သစ်အစိုးရအပေါ် လွှမ်းမိုးမှု ဘယ်လောက်အတိုင်းအတာ ရှိပါသလဲ။ 

ပြင်သစ်ပိုင် ကုမ္ပဏီကြီးတွေရဲ့ ပြင်သစ်အစိုးရအပေါ် လွှမ်းမိုးမှု လုံးဝဥဿုံရှိပါတယ်လို့သာ ဖြေရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်အစိုးရအနေနဲ့ ဘယ်နိုင်ငံတွေမှာ ဘယ်အခြေအနေ ကြောင့် ဘယ်စီးပွားရေးလုပ်ငန်းတွေ မလုပ်ရဘူးဆိုတဲ့ တားမြစ်ပြဌာန်းထားတဲ့ ဥပဒေမရှိလို့ ပါပဲ။ ဥပမာဆိုရင် မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြှပ်နှံထားတဲ့ တိုတယ်(Total) ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်တဲ့ ကုမ္ပဏီကို ပြင်သစ်အစိုးရ သဘောထား ဘယ်လိုရှိမလဲဆိုတာကို ဒီလိုပဲရှိပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။ Total ကလည်း မြန်မာပြည်မှာပဲ အများဆုံး ရင်းနှီး မြှုပ်နှံထားမှုရှိခြင်းကြောင့် မြန်မာတိုင်းရင်းသားလူမျိုးများအတွက် အနေအထိုင်၊ အစား အသောက် အသက်ရှင်ရေးအတွက် အထောက်အပံ့ အကျိုးဖြစ်ထွန်းစေတယ်လို့ စောဒက တက်ခဲ့ကြပါတယ်။  

နေရာတကာမှာ ဒီအတိုင်းပဲ ပြောဆိုကြေညာရုံတင်မက သူတို့မဟုတ်ရင် သူများတွေ ဖြစ်မှာ ပါဘဲရယ်လို့လည်း ဆင်ခြေပေးတတ်ကြပါတယ်။ အထူးတလည်အနေနဲ့ အံ့သြစရာ ကောင်းတာက ငွေရေးကြေးရေး အကုန်အကျခံပြီး သတင်းစာဆရာများ၊ ၀န်ကြီးများ စတဲ့ သူတို့ကို ဤအတိုင်းဘဲပြောရန် ချည်းကပ်စေခိုင်းခဲ့ပါတယ်။  

မြန်မာပြည်မှာ Total ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ တရားစွဲဆိုချက်အပေါ် အမြင်နဲ့ ပြင်သစ်က အတိုက်အခံတွေရဲ့သဘောထားအမြင်တွေက ဘယ်လိုရှိပါသလဲ။ 

ဇန်န၀ါရီလ (၂၉)ရက်၊ ၂၀၀၆ ခုနှစ်မှာ Total ကို တရားစွဲဆိုခဲ့ကြတဲ့ မြန်မာ အခမဲ့ ချောဆွဲခံ Total ပိုက်လိုင်း အလုပ်ကြမ်းလုပ်ပေးခဲ့ရသူ ရွာသား (၈)ယောက်တို့ကို Total က လျော်ကြေး ပေးပြီး ရုံးခန်းအပြင်ဘက်မှာ ဖြေရှင်းခဲ့ရကြောင်းကို ကြားသိရတဲ့ သတင်းပဲဖြစ်ပါတယ်။ ၁၉၉၅ - ၁၉၉၈ ခုနှစ်တို့အကြား နအဖစစ်အစိုးရက အတင်းအဓမ္မ အခမဲ့ ချောဆွဲခိုင်းစေခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စနဲ့ ပတ်သက်ပြီး ၂၀၀၂ ခုနှစ်မှာ ပြင်သစ်အစိုးရ နောန်းတဲ(လ်) (Nantene)တရားရုံးချုပ်မှာ ပြင်သစ်က ရှေ့နေတဦးဖြစ်တဲ့ ၀ီလီယမ်ဘူ(ရ်)ဒွန် (William Bourdom) ဆိုသူက ၎င်း အခမဲ့ အတင်းအဓမ္မခိုင်းစေခံခဲ့ရသူ မြန်မာရွာသား (၈)ယောက်တို့ကို ခေါ်ယူပြီး သက်သေထူကာ Total ကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်တဲ့ တရားရေးကိစ္စဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တိုတယ်(Total)က အဲဒီ မြန်မာသက်သေ တဦးစီကို ယူရို(Euroတထောင်စီပေးပြီး သူတို့ရဲ့ စွပ်စွဲသက်သေပြမှုကို ရုတ်သိမ်းစေခိုင်းခဲ့ပါ တယ်။ ပြီးတော့လည်း ယူရို (Euro) ၅.၂သန်း (5,2 million) d'euros ကို စွပ်စွဲသက်သေ လာပြ ကြတဲ့ မြန်မာရွာသား (၈)ယောက်နှင့် မြန်မာပြည်တွင်း လူ့အခွင့်အရေး တိုးတက်ကောင်းမွန် အောင် ပြုလုပ်ဆောင်ရွက်မှုကိစ္စများအတွက်ဟူ၍ လျော်ကြေးပေးကြောင်းနဲ့ ကျေနပ်နှစ်သိမ့်စေ လိုက်တာ ဖြစ်ပါတယ်။ 

တရားစွဲဆိုခံရတဲ့ Total(တိုတယ်)၊ တရားစွဲဆိုတဲ့ ပြင်သစ်ရှေ့နေ၊ တရားရုံးချုပ်မှ တရားသူကြီး ချုပ်၊ စွပ်စွဲချက်အတွက် ကိုယ်တိုင်ကိုယ်ကျလာရောက်ကြပြီး သက်သေပြရွာသားတွေနဲ့ သူတို့ကို ခေါင်းဆောင်ခေါ်လာသူတို့အကြား “ရုံးအပြင် စေ့စပ်ကျေနပ်မှု”နဲ့ တင်းတိမ်သွားရသည့် အမှုအခင်းဖြစ်နေရပါတယ်။ မြန်မာပြည် အမျိုးသားနိုင်ငံရေး၊ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေး တွေ ချိုးဖောက်မှုမှ လွတ်ကင်းရေး စသည့်ကိစ္စများအတွက် မည်သူတွေက ဆုံးဖြတ်လက်ခံ၊ မည်သူတွေက ဤလျော်ကြေးငွေများကို လက်ခံယူကြ၊ မည်သည့်လူ့အခွင့်အရေး ကိစ္စတွေမှာ မည်သူတွေက သုံးစွဲနေကြသည်ကို မည်သူတွေက သိကြပါသနည်းဟု မည်သူတွေက သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာကို မေးခွန်းထုတ်နေမြဲ ထုတ်နေရအုံးတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် အမျိုးသားနိုင်ငံရေးကိစ္စကို၊ မည်သည့်အစိုးရမဟုတ်သော နိုင်ငံရေး အဖွဲ့အစည်းနှင့် ခေါင်းဆောင်တွေက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ကို မည်သူတွေက သိရှိနားလည်ရန် လိုအပ်ပါသနည်းဟုသာ ဖြေကြားရမှာဖြစ်ပါတယ်။ 

ဒီလို “ရုံးအပြင်ဘက်မှာ ဖြေရှင်းသဘောတူညီချက်ယူမှု”နှင့် “လျော်ကြေးပေးပြီး” ပျားရည်နဲ့ ဝမ်းချလိုက်တာကိုတော့ ပဲရစ် (Paris)အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းများက Total ရေနံကုမ္ပဏီနှင့် ပြင်သစ်ရှေ့နေတို့ကို အင်မတန် အရေးကြီး အရုပ်ဆိုးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်လုံးကို ငွေနဲ့ဖုံးပြီး လျစ်လျူရှုလိုက်ရမလားရယ်လို့ ကြမ်းကြမ်းတမ်းတမ်း ရေးသားဖော်ပြ ရှုတ်ချဝေဖန်လိုက်ကြပါတယ်။ 

ဇန်နဝါရီလ (၃၀)ရက်၊ ၂၀၀၆ ခုနှစ်မှာတော့ ပြင်သစ်သမ္မတ ဂျပ်ရှီးရတ်(ခ်) (Jacques Chirac)က အဲဒီလို ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဆင်းရဲသော နိုင်ငံတွေမှာ သွားရောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု များကို အားပေးတဲ့အနေနဲ့ စီးပွားရေးလုပ်ကိုင်သော ကုမ္ပဏီများကို နိုင်ငံတော်တရားရုံးများက အရေးယူရှုတ်ချနိုင်ရန် တင်သွင်းပြောဆိုချက် ထုတ်ခဲ့ပါတယ်။ ထို့အပြင် ပြင်သစ်သမ္မတအနေနဲ့ ပြဌာန်းထားသည့် နိုင်ငံတကာ အက်ဥပဒေဘောင်အတွင်း သဘောတူ ပါဝင်လက်မှတ်ရေးထိုး ထားကြသည့်အတိုင်း အဲဒီ အခြေခံအလုပ်အကိုင် လုပ်ပိုင်ခွင့် အက်ဥပဒေများကို လိုက်နာရန် လိုကြောင်းကို ဥရောပနှင့် ကမ္ဘာ့နိုင်ငံများအသီးသီးတို့ကလည်း ကြပ်မတ်လုပ်ဆောင်သွားရန် အတွက် ဆက်လက်တိုက်တွန်း နှိုးဆော်တင်ပြသွားမည်ဟု ညွှန်ကြားခဲ့ကြောင်းကိုလည်း ကြားသိရပါတယ်။  

အခုတလော နိုင်ငံတကာ ခရစ္စယာန်သွေးစည်းညီညွတ်ရေးအဖွဲ့(CSW)ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။ 

(CSW)အနေနဲ့ အခုတလော မြန်မာနိုင်ငံအတွင်းက ဘာသာရေးဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံရဲ့ ပြင်သစ်အစိုးရဟာ ပြည်သူလူထုတရပ် လုံးက ဒီမိုကရေစီနည်းအရ မဲပေးပြီး ရွေးကောက်တင်မြှောက်မှ ဖွဲ့စည်းလို့ရတဲ့ အစိုးရအဖွဲ့ ဖြစ်ပါတယ်။ 

ယခုလက်ရှိ ပြင်သစ်အစိုးရဘဲ ဖြစ်ဖြစ်၊ အတိတ်က အစိုးရအဖွဲ့အစည်းတွေဘဲ ဖြစ်ဖြစ်၊ အနာဂတ်တက်လာအုံးမဲ့ အစိုးရဘဲဖြစ်ဖြစ်၊ နိုင်ငံတော် နိုင်ငံရေးဝါဒ၊ ဥပမာအားဖြင့် ပဉ္စမမြောက် ရီဘတ်ပလစ်ခ်နိုင်ငံရေး တရားအက်ဥပဒေတွေကို လိုက်နာရပါတယ်။ 

၁၇၈၉ ခုနှစ်၊ ပြင်သစ်တော်လှန်ရေး အရေးတော်ပုံကစပြီး အတည်ပြုခဲ့တဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးဝါဒတွေ၊ ဥပဒေတွေကို လိုက်နာကြရတယ်။ ဒီအတိုင်းပဲ ပြည်တွင်းနေထိုင်ကြတဲ့ ပြည်သူပြည်သားတွေကလည်း လိုက်နာကြရပါတယ်။ 

အဲဒီနိုင်ငံတော် အခြေခံအက်ဥပဒေတွေထဲမှာ လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်၊ ယုံကြည်နိုင်ခွင့် ဆိုတဲ့ လူ့အခွင့်အရေးလည်း ပါဝင်တယ်။ အဲဒါကြောင့်မို့ ပြင်သစ်အစိုးရ သဘောထားဆိုရင် လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ် ယုံကြည်နိုင်ခွင့်၊ (သို့မဟုတ်) မကိုးကွယ် မဆည်းကပ်၊ မယုံကြည်နိုင်ခွင့်ရှိတဲ့ သဘောထားဖြစ်ကြောင်းပါဘဲ။ (CSW)ရဲ့ တောင်းဆိုချက်ထဲမှာ မြန်မာ နိုင်ငံအတွင်းက ဘာသာရေးအရ စနစ်တကျ ဖိနှိပ်မှုတွေကို စုံစမ်းဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေး ရေးအဖွဲ့တဖွဲ့ စေလွှတ်သင့်တယ်လို့ ဆိုတာနဲ့ပတ်သက်လို့ ဗြိတိန်အစိုးရက ကြိုးပမ်းသွားမယ် ဆိုတော့ ပြင်သစ်သဘောထားကလည်း တညီတညွတ် ထပ်တူထပ်မျှဖြစ်စရာ အကြောင်းပါပဲလို့ ထင်မြင်ယူဆရမှာပါဘဲ။

x x x x x

 
 
 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org