|
တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး
အတွက် စစ်အစိုးရက လူထုဆန္ဒခံယူပွဲတရပ်ကို မေလအတွင်း ပြုလုပ်သွားမည်ဟု
ထုတ်ပြန် ကြေညာပြီး ပြင်ဆင်မှုများ စတင်ပြုလုပ်လျှက်ရှိသည်။
ထိုသို့ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲအပေါ် အမြင်များကို ရိုးမ ၃ သတင်းဌာနက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ
အထွေထွေအတွင်းရေမှူး ဦးမြင့်စိုး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ
ဥက္ကဌ ဦးအောင်မိုးဇော်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးကော်မတီ) တာဝန်ခံ ဦးမင်းနိုင်၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဥက္ကဌ
ဦးသံခဲတို့ကို ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။
စစ်အစိုးရက လူထုဆန္ဒခံယူပွဲလုပ်တာဟာ တရားမျှတမှုမရှိနိုင်ဘူးလို့ အများက
သုံးသပ်ပါတယ်၊ ဘာကြောင့် တရားမျှတမှုမရှိဘူးလို့ မြင်ပါသလဲ။
ဦးမြင့်စိုး။
။ နံပါတ် (၁) အခြေခံအကျဆုံးကတော့ ပြည်သူတွေ လိုလားတောင့်တတဲ့
ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဦးတည်နေရမဲ့အစား ဖြောင့်ဖြောင့်ကြီး
ပြန်ဆန့်ကျင်နေလို့ပဲ ဖြစ်ပါ တယ်။ ပြည်သူတွေက ၁၉၈၈ မှာ
တနိုင်ငံလုံးအတိုင်းအတာအရ ပြင်းပြင်းပြပြနဲ့ လိုလိုလားလား
တောင့်တခဲ့တာက ဒီမိုကရေစီနိုင်ငံတော်သစ်ပါ။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း
န၀တအစိုးရက ဒီမိုကရေစီနိုင်ငံတော်သစ် ဖော်ဆောင်ပေးမယ်လို့
တိုင်းပြည်ကို ရှင်းရှင်းလင်းလင်း ကတိပေး ထားပြီးသားပါ။
အဲဒါနဲ့ပတ်သက်ပြီး ၁၉၉၀ မှာ ရွေးကောက်ပွဲ လုပ်ပေးတယ်။ ရွေးကောက်ပွဲမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရသွားတဲ့အခါမှာ သူတို့
စိတ်ပြောင်းသွားတယ်။ စိတ်ပြောင်းသွားပြီးတဲ့အခါကျတော့ သူတို့
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို သူတို့ရေးချင်သလို ရေးတယ်၊
ဆွဲချင်သလိုဆွဲတယ်။ ဆိုတော့ ပြည်သူတွေလိုလားတဲ့ လိုလားချက်နဲ့ အကွာကြီး
ကွာသွားတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအများစုက လက်မခံနိုင်ဘူး၊
သဘောမကျတော့ဘူး။ အဲဒီလိုဖြစ်တာပါ။
ခုလို ဆန္ဒခံယူပွဲလုပ်မယ်ဆိုတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာ
ဖြစ်လာနိုင်ပါတော့ မလား။ အများကတော့ တွေ့ဆုံဆွေးနွေးရေးကို
တောင်းဆိုနေတုန်းပါပဲ။ ဒီအပေါ် ဘယ်လို မြင်ပါသလဲ။
ဦးအောင်မိုးဇော်။
။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၉) ရက်နေ့က နအဖက (၁/၂၀၀၈)နဲ့
(၂/၂၀၀၈) ကို ထုတ်ပြန်ကြေညာတာကိုယ်၌က တွေ့ဆုံဆွေးနွေးရေး
မလုပ်နိုင်တော့ဘူးဆိုတာ ပြောလိုက်တာဖြစ်တယ်။ လွန်ခဲ့တဲ့အပတ်က
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုလည်း နအဖရဲ့ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့က
သူတို့ရေးထားတဲ့ အခြေခံဥပဒေကို ပြန်ပြီးတော့ မသုံးသပ် နိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စကားပြောဖို့
အကြောင်းအချက်မရှိတော့ဘူးဆိုတာကို တိတိကျကျ ပြောခဲ့တယ်။ အဲတော့
တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ဆိုတာ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို လူထုက ပြတ်ပြတ်သားသား ပယ်ချနိုင်မှဖြစ်မယ်။
ဒါကြောင့်မို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အပါအ၀င်
ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ကနေ့ လက်တွေ့ တာဝန်က
ပြည်သူတရပ်လုံးက နအဖရဲ့ ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား ပယ်ချပစ်အောင်
စည်းရုံးပြင်ဆင်ရမယ့် တာဝန်ဖြစ်တယ်။ အချိန်သိပ်မရှိတော့ဘူး။
ဒီဆန္ဒခံယူပွဲမတိုင်မှီမှာ လူထုဆန္ဒပြမှုတွေ ဖြစ်လာနိုင်ခြေရှိပါသလား။
လက်ရှိမြန်မာပြည်တွင်းက ကျောင်းသားတွေရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။
ဦးမင်းနိုင်။
။ လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့
ထင်တိုင်းကျဲ အုပ်ချုပ်နေတဲ့အောက်မှာ ဘယ်ခေတ်ဘယ်အခါနဲ့မှမတူ
ဆင်းရဲကျပ်တည်းမှုတွေ၊ နိမ့်ကျ မျက်နှာငယ်မှုတွေ တနေ့တခြား
များပြားလာတဲ့အခြေအနေအောက်မှာ ပြည်သူတွေရဲ့ အုံကြွပေါက်ကွဲလာနိုင်တဲ့
အနေအထားက အချိန်မရွေး ရှိနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လှုပ်ရှားမှုကြီးက
သက်သေပါပဲ။ စစ်အာဏာရှင်တွေ ဒီလောက်ဖိနှိပ်ခြိမ်းခြောက်ထားတဲ့ကြားက
ပေါ်ထွက်လာတဲ့ လှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။
မြန်မာပြည်
ကျောင်းသားလူငယ်ထုရဲ့သဘောထား ဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်
ဆိုရင် ကျနော်တို့ ကျောင်းသားလူငယ်တွေဟာ ကိုယ့်ရဲ့
အနာဂတ်မျှော်လင့်ချက်၊ တိုင်းပြည်ရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို
တွက်ဆနိုင်စွမ်း ရှိကြတယ်။ ဒီစွမ်းရည်က ခေတ်အဆက်ဆက် မျိုးဆက်အသီးသီး
ကျောင်းသားလူငယ်တွေရဲ့ အစဉ်အလာပါ။ မြန်မာပြည်
သမိုင်းကို ပြန်ကြည့် ရင်
တွေ့ရပါလိမ့်မယ်။ ဒီနေ့ဒီအချိန်မှာလည်း စစ်အာဏာရှင်တွေရဲ့
ခြိမ်းခြောက်မှုတွေ ဘယ်လောက်ရှိရှိ ငြိမ်ခံငုံ့ခံနေမယ့်
ကျောင်းသားလူငယ်မျိုးဆက်တွေ မဟုတ်ဘူး။ မတရားတဲ့ စနစ်ဆိုးကို
တော်လှန်တွန်းလှန်နိုင်စွမ်းရှိတဲ့ လူငယ်တွေဖြစ်တယ်။ ဒီသဘောထားရှိတဲ့
ကျောင်းသားလူငယ်မျိုးဆက်တွေလို့ ကျနော် ယုံကြည်စိတ်ချထားပါတယ်။
စစ်အစိုးရကတော့ သူတို့လုပ်နေတဲ့ မူ (၇) ချက်အတိုင်း သွားမယ်၊ အစကနေ
ပြန်လုပ်ဖို့မရှိဘူး လို့ ကုလကိုယ်စားလှယ်ကို ပြောလိုက်ပါပြီ။
အဲ့ဒီတော့ စစ်အစိုးရက ဘာတွေဆက်လုပ်သွား မယ်လို့ ရှုမြင်ထားပါသလဲ။
ဦးသံခဲ။
။ ကျနော် ပထမဆုံးမြင်တဲ့အချက်ကတော့ နအဖက အခုလိုမျိုး
သူတို့ ချမှတ် ထားတဲ့ လမ်းပြမြေပုံ (၇) ချက်အတိုင်း
ဆက်သွားတော့မယ်ဆိုတာက ဘာကိုပြနေသလဲဆို တော့ ကျနော်တို့အားလုံး
တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လက်မခံတော့ဘူးဆို တာကို
ပြလိုက်တာဖြစ်ပါတယ်။ ဒါနဲ့အတူပဲ ယနေ့ အထင်ကရဖြစ်နေတဲ့ တရားဝင်
ရွေးကောက် ခံထားရတဲ့ သူတွေ၊ နိုင်ငံရေးပါတီတွေ၊
တိုင်းရင်းသားခေါင်းဆောင်တွေ နောက်တခုကတော့ နိုင်ငံတကာအင်းအားစုတွေရဲ့
တောင်းဆိုချက်တွေကို လုံးဝ လျစ်လျှူရှုလိုက်ပါပြီ။ ဒါကြောင့်
ကျနော်ပြောချင်တာက စစ်အစိုးရက သူ့ရဲ့တရားဝင်မှုအတွက်
အဓမ္မနည်းလမ်းအားလုံးကို သုံးပြီးတဲ့အခါကျတော့မှ
ဗိုလ်ကျစိုးမိုးနိုင်ဘို့ကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ပြည်သူ
လူထုကို အကြပ်ကိုင်ပြီးတော့မှ သူရဲ့အခြေခံဥပဒေကို
အတည်ပြုတော့မယ်ဆိုတာကို ပြနေပါပြီ။ ဒီအတွက်လည်း ကျနော်တို့ဘက်က
ပြင်ဆင်သင့်ပြီလို့ ယူဆပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့ ၁၉၉၀ ရလဒ်ကို စစ်အစိုးရက
အသိအမှတ်မပြု နိုင်ဘူးဆိုတဲ့ သဘောနဲ့ ဆန္ဒခံယူပွဲလုပ်မယ်၊ ၂၀၁၀ မှာ
ရွေးကောက်ပွဲလုပ်မယ်လို့ ကမ္ဘာကို ကြေညာလိုက်သလို ဖြစ်နေပါတယ်။ တကယ်ပဲ
၉၀ ရလဒ်က အဲ့ဒီအချိန်မှာ ပျက်ပြယ်သွားမှာ လား၊ ဒါမှမဟုတ် ဘယ်လို
ဆက်တည်ရှိနေပါသလဲ။
စိုး။ ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်က ကမ္ဘာသိကြေညာပြီးတော့
ဆောင်ရွက်ခဲ့တာ ဖြစ် ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို
ရွေးကောက်ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံတော် ပြန်တမ်းမှာ
ထုတ်ပြန်ပြီးတော့ သူတို့ကို ရွေးချယ်ခြင်းခံရတဲ့ ပြည်သူလွှတ်တော်
ကိုယ်းစားလှယ် များအနေနဲ့ နိုင်ငံတော်တံဆိပ်နဲ့ အသိအမှတ်ပြုထားပြီးသား
ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါဟာ မေးခွန်းတခု ဖြစ်နေပါတယ်။
ဘယ်လိုမေးခွန်းလဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုဥပဒေနဲ့
ပယ်ဖျတ်မှာလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ အဲဒါက နောက် ရွေးကောက်ပွဲ
မတိုင်ခင်မှာ လာမဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမတိုင်ခင်မှာ
ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ် သားသား နအဖက ပြောရမှာဖြစ်ပါတယ်။
အဲဒီလိုပဲ ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်ကို နအဖက ဖွဲ့စည်းပေးခဲ့တယ်။
အဲဒီကော်မရှင်ဟာ လွန်ခဲ့တဲ့ လပိုင်းလောက်အချိန်ထိ ၂၀၀၇ နှစ်ကုန်ပိုင်း
လောက် အချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို အဖွဲ့ကနေ
နှုတ်ထွက်အောင် ဖိအားပေးတဲ့ နေရာမှာလည်း ပါဝင်ပတ်သက်တယ်။ သက်ဆိုင်ရာ
ရ၀တတွေက နှုတ်ထွက်ခိုင်း တဲ့ နေရာမှာလည်း ကော်မရှင်ကိုသွားပြီးတော့
နှုတ်ထွက်စာတင်ခိုင်းတယ်။ အဲတော့ ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်ဟာ
ဖျက်သိမ်းပြီးပြီလား၊ ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားသလဲ ဆိုတာကိုလဲ
နအဖက ရှင်းရှင်းလင်းလင်း ဖြေရမှာဖြစ်ပါတယ်။ ဒါတွေကို
ဖြေရှင်းခြင်းမပြုဘဲနဲ့ နအဖ လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ ပြည်သူတွေက
ပြင်းပြင်းထန်ထန် ဒဏ်ခတ်တာကို မကြာခင် ခံရမှာဖြစ်ပါတယ်။
နိုင်ငံတကာကို မကြာခဏဆိုသလို ရောက်နေတာကြောင့် စစ်အစိုးရလုပ်မဲ့
ဆန္ဒခံယူပွဲဆိုတာနဲ့ ရွေးကောက်ပွဲဆိုတာကို
နိုင်ငံတော်တော်များများရဲ့အမြင်က ဘယ်လိုရှိပါသလဲ။
မိုး။
။ မနေ့က (မတ်လ ၁၇ ရက်နေ့) အမေရိကန်ကွန်ကရက်က နအဖရဲ့
ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်ဘူးလို့
ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက် တယ်။ ဥရောပသမဂ္ဂကလည်း
အဲဒီလိုဆောင်ရွက်ဖို့ လိုအပ်လိမ့်မယ်။ သို့သော်လည်း နအဖက နိုင်ငံတကာကို
ဂရုမစိုက်ဘူးဆိုတဲ့သဘော ထပ်တလဲလဲ ပြသနေတယ်။ အဲဒါကလည်း အာဆီယံ၊ တရုတ်နဲ့
အိန္ဒိယနိုင်ငံတွေရဲ့ သဘောထားတွေကြောင့် ဖြစ်နိုင်တယ်။ အီးယူအဖွဲ့ဝင်
နိုင်ငံတွေကလည်း အမေရိကန်လို မာမာချာချာမရှိလှဘူး။
၂၀၀၇ စက်တင်ဘာ သံဃာနဲ့ ပြည်သူလှုပ်ရှားမှုဟာ ကမ္ဘာက အံ့သြလောက်အောင်
စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ခု ဆန္ဒခံယူပွဲမှာလည်း
စစ်အစိုးရအနေနဲ့ ဘယ်လိုနည်းတွေနဲ့ ဖိနှိပ်မယ်၊ ဘယ်လိုနည်းတွေနဲ့
လိမ်ညာလိမ့်မယ်လို့ မြင်ထားပါသလဲ။
မင်း။ ။ နအဖစစ်အုပ်စုအနေနဲ့ ခုအခါမှာ မြန်မာပြည်ရဲ့
တကယ့်လက်တွေ့ အခြေအနေ တွေအရပဲဖြစ်ဖြစ်၊ နိုင်ငံတကာမျက်နှာစာမှာ
ကြုံနေရတဲ့ တကယ့်လက်တွေ့အခြေအနေတွေ အရပဲဖြစ်ဖြစ် စစ်အစိုးရပုံသဏ္ဍာန်နဲ့
ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့ဘူးဆိုတာ သူတို့ ကိုယ်တိုင်
သဘောပေါက်ထားပုံရတယ်။ အပြောင်းအလဲတခုကို မလုပ်မဖြစ် လုပ်ရတော့မယ် ဆိုတာ
သဘောပေါက်ထားပုံရတယ်။ စစ်အာဏာရှင်စနစ်ပုံပြောင်းနဲ့ သူတို့ရဲ့
အကျိုးစီးပွားကို ကာကွယ်နိုင်စေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာကိုလည်း
လှည့်စားနိုင်စေဆိုတဲ့ အချိုးအကွေ့တခုကို ဖန်တီးနိုင်ဖို့
သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖက်သတ် ဆွဲလိုက်တယ်။
ပြီးတော့ ဒီဖွဲ့စည်းပုံကို အတည်ဖြစ်နိုင်ဖို့ ကြိုးစားနေတယ်။ အဲဒီတော့
လာမယ့် ဆန္ဒခံယူပွဲမှာ သူတို့ရဲ့ ဖွဲ့စည်းပုံ အတည်ဖြစ်ရေးဟာ
သူတို့ရဲ့အသက်လို ဖြစ်နေတယ်။ သူတို့ သူတို့ဆိုတာ စစ်တပ်ကို အသုံးချပြီး
ကိုယ်ကျိုးစီးပွားရှာနေတဲ့ စစ်တပ်ဗိုလ်ချုပ်ထိပ်သီးတစုကို ဆိုလိုတာ။
ဒီအတွက် လည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ညစ်ပြီး အတည်ဖြစ်အောင်
ကြိုးစားမှာကတော့ သေချာတယ်။ မဲထည့်မယ့် လူထုကို နည်းအမျိုးမျိုးနဲ့
ခြိမ်းခြောက်မယ်၊ လှည့်ဖျားမယ်၊ မဲလိမ်မယ်၊ ဒါတွေ လုပ်လာမှာပဲ။
စစ်အစိုးရအနေနဲ့ ၁၉၇၄ အခြေခံဥပဒေတုန်းက ကန့်ကွက်လည်း ထောက်ခံတယ်ဆိုပြီး
အတည် ပြုခဲ့ပါတယ်။ အခုလည်း ရှုံးလည်းနိုင်တယ်လို့ပဲ ပြောမယ်လို့ အများက
ယုံကြည်နေပါတယ်။ အဲ့ဒီတော့ ဆန္ဒခံယူပွဲပြီးသွားလို့ အများက
ကန့်ကွက်ခဲ့ပေမဲ့ နိုင်တယ်လို့ ကြေညာခဲ့ရင် ပြည်သူ တွေအနေနဲ့
ဘာလုပ်သင့်ပါသလဲ။
သံ။ ။ နအဖဟာ ဘယ်လိုမှ
တိုင်းပြည်အုပ်ချုပ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
မရေးဆွဲသင့်ပါဘူး။ အဲလိုရေးဆွဲထားတာကိုလည်း ကျနော်တို့အားလုံးက
ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ နအဖဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေဟာ ကျနော်တို့ ဒီမိုကရေစီ ရေး၊ အမျိုးသားရေး၊
ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး၊ နောက် ကျနော်တို့တွေအားလုံးရဲ့ အခြေခံ
လူ့အခွင့်အရေးတွေအားလုံးအတွက် ဘာအာမခံချက်မှ မရှိတဲ့အတွက် အစဉ်တစိုက်
ဆန့်ကျင် ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီလိုဆန့်ကျင်ခဲ့တဲ့နေရာမှာ နောက်တခုက
ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲတဲ့ နေရာမှာ ဖြစ်ပါတယ်။ ဒီရေးဆွဲတဲ့နေရာမှာ
ကျနော်တို့ယုံကြည်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ရေးဆွဲထားတဲ့
ဥပဒေမဟုတ်ဘူး။ ကျနော်တို့တာဝန်ပေးထားတဲ့ ဥပဒေပညာရှင်တွေလဲ မဟုတ် ဘူး။
ကျနော်တို့အတွက် အာမခံချက်မရှိတဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမဟုတ်တဲ့အတွက် ကျနော်တို့ အားလုံးဟာ
ဆက်လက်ပြီးတော့ ဆန့်ကျင်ရမယ်လို့ ဒီနေရာမှာ တိုက်တွန်းလိုပါတယ်။
စစ်အစိုးရအနေနဲ့ (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) တို့ ကြေညာပြီးတဲ့နောက်မှာ
ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်မယ်၊ ပြည်သူတွေအနေနဲ့
ကန့်ကွက်မဲသွားထည့်ဖို့ တိုက်တွန်းတာတွေရှိပါတယ်။ အဲ့ဒီအပေါ်အမြင်ကို
ရှင်းပြပေးပါ။
စိုး။ ။ ပြည်သူတွေက သူတို့မကြိုက်တဲ့ အခြေခံမူတွေကို
မကြိုက်ကြောင်းကို ပီပီပြင်ပြင် ပြသဖို့ လိုပါတယ်။ စိတ်ကောက်နေတာမျိုး
မဟုတ်ဘဲနဲ့ ဒီဥပဒေဟာ ဘယ်လိုဥပဒေဖြစ်တယ်၊ ပြည်သူတွေရဲ့ဆန္ဒနဲ့
မကိုက်ညီဘူးဆိုတဲ့ဟာကို သိအောင်လုပ်ဖို့ လိုတယ်။ သူတို့ကြေညာတဲ့
မေလဆန္ဒခံယူပွဲမတိုင်ခင်မှာ ပြည်သူတွေက လက်မခံကြောင်းပြရမယ်။ သူတို့က
တကယ်လို့ ပြည်သူတွေကို သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဟာ
ဟောဒါပါပဲလို့ ပြည်သူကို ချပြရင် ပြည်သူတွေက ဒါကို ပြင်းပြင်းထန်ထန်
ဆန့်ကျင်နိုင်ရမယ်။ အဲလိုမှမရဘူး၊ သူတို့ရဲ့ လိမ်လည်လှည့်ဖျားတဲ့
အစီအစဉ်တိုင်း ဆက်သွားမယ်ဆိုရင် ပြည်သူတွေက မဲဆန္ဒပေးရမယ် ဆိုတဲ့နေ့မှာ
မဲရုံကို သွားရမယ်၊ သွားပြီးတဲ့အခါကျတော့ ကန့်ကွက်တဲ့ မဲကို
ပြောင်ပြောင် တင်းတင်းနဲ့ ရဲရဲဝံ့ဝံ့နဲ့ကို ထည့်ရမယ်။ သူတို့ရဲ့ဆန္ဒကို
မအားလို့ဖြစ်စေ၊ မသိလိုက်လို့ဖြစ်စေ အဲလို စိတ်မ၀င်စားလို့မဟုတ်ဘဲနဲ့
ဒီအခြေခံဥပဒေနဲ့ပတ်သက်လို့ စိတ်ဝင်စားတယ်၊ သိလည်း သိတယ် အဲဒါကို
ကြိုက်လဲမကြိုက်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ပြဖို့လိုတယ်လို့
ကျနော်တို့ ယူဆပါတယ်။
မိုး။
။ ကျနော်တို့ပါတီအနေနဲ့ကတော့ မဲပေးခွင့်ရှိတဲ့
ပြည်သူအားလုံး မဲရုံတွေကို သွား စေချင်တယ်။ ကန့်ကွက်မဲ ထည့်စေချင်တယ်။
ထိခိုက်မှုအနည်းဆုံးနဲ့ ပြည်သူပါဝင်မှု အများဆုံး ဖြစ်နိုင်တဲ့၊ ပြီးတော့
တတိုင်းပြည်လုံး အသံတိတ် ဆန္ဒပြလို့ရတဲ့နည်းဟာ ဒီနည်းပဲဖြစ်တယ်။
ပြည်သူတွေက နအဖရဲ့ ဖွဲ့စည်းပုံကို အသည်းထဲ အူထဲက ပြတ်ပြတ်သားသား
ဆန့်ကျင်မယ် ဆိုတာ ကျနော်တို့ ယုံတယ်။ ပြည်သူကို ယုံယုံကြည်ကြည်နဲ့
မဲရုံကိုသွားပြီး ကန့်ကွက်ဆန္ဒမဲတွေ ထည့်ကြဖို့ ကျနော်တို့
ဆော်သြကြရလိမ့်မယ်။ အချိန်သိပ်မရှိတော့ဘူး။
မင်း။ ။ (၁/၂၀၀၈) က သူတို့ ဖွဲ့စည်းပုံဆိုတာကို
လူထုဆန္ဒခံယူပွဲလုပ်ဖို့ ကြေညာတာ။ (၂/၂၀၀၈) က အဲဒီဖွဲ့စည်းပုံအတိုင်း
နောက်ထပ် ရွေးကောက်ပွဲတခုကို သွားမယ်လို့ ကြေညာ တာ။ ပြောရရင်
ဒီကြေညာချက်တွေက လူထုကို နားလှည့်ပြီး ပါးရိုက်ဖို့လုပ်တာပဲ။
သူ့ဖွဲ့စည်းပုံကို လူထုက ထောက်ခံလား၊ မထောက်ခံဘူးလား မသိသေးဘဲ
အတည်ဖြစ်တော့မယ်လို့ အပိုင် တွက်ပြီး ရွေးကောက်ပွဲလုပ်မယ်လို့ (၂/၂၀၀၈)
ကို ကြေညာတာပဲ၊ လူထုကိုေ၀၀ါးရှုပ်ထွေး အောင် လုပ်ထားတဲ့
ကြေညာချက်တွေပဲဖြစ်တယ်။
ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တချို့က
ဆန္ဒခံယူပွဲကို သပိတ် မှောက်ပြီး မဲသွားမထည့်ဖို့ ပြောကြတယ်။ တချို့က
ကန့်ကွက်မဲသွားထည့်ဖို့ ပြောကြတယ်။ အခြေခံကတော့ နအဖဖွဲ့စည်းပုံကို
လုံးဝလက်မခံဘူးဆိုတဲ့ အခြေခံပါပဲ၊ ကျနော့်စဉ်းစားမှုက တော့
သူတို့ရဲ့ဖွဲ့စည်းပုံကို လက်မခံဘူးဆိုရင် ဘယ်လို လက်မခံကြောင်းပြမလဲ၊
မဲသွားမထည့် ဘဲ လက်မခံကြောင်းပြမယ်ဆိုရင် မဲရေတွက်တဲ့အခါ ကန့်ကွက်မဲ
နည်းသွားမယ်၊ နအဖအကြိုက် ဖြစ်သွားလိမ့်မယ်။ အဲဒီတော့
ရှင်းရှင်းလင်းလင်း ကန့်ကွက်မဲသွားထည့်ဖို့ လိုတယ်။ အဲဒါကိုမှ
မဲလိမ်မယ်။ ထောက်ခံမဲရအောင် ခြိမ်းခြောက်တာတွေ လုပ်မယ်။
ညစ်ပတ်မယ်ဆိုရင် ဒီဆန္ဒခံယူ ပွဲဟာ လူထုပါဝင်နိုင်တဲ့
နိုင်ငံရေးအခွင့်အရေးပဲ(နအဖစစ်အုပ်စုဟာ လူထုကို ဘယ်တုန်းကမှ
နိုင်ငံရေးနဲ့ပတ်သက်ပြီး ပါဝင်ခွင့်မပေးခဲ့ဘူး။ သူတို့ညီလာခံကိုပဲ
ကြည့်၊ သူတို့စိတ်ကြိုက် ခေါင်းခေါက်ရွေးထားတဲ့သူတွေနဲ့ လုပ်ခဲ့တာ၊
သူတို့ဖွဲ့စည်းပုံကိုလည်း သူ့စိတ်ကြိုက်လူတွေနဲ့ ဆွဲထားတာ။
အတည်ပြုဖို့ကိုလည်း ဘောလုံးကွင်းထဲ မတက်မနေရ အမိန့်ပေးပြီး လုပ်ချင်တာ။
ဒါပေမယ့် ဒီလိုလုပ်လို့မဖြစ်လို့ ဆန္ဒခံယူပွဲအဖြစ်နဲ့ လူထုကို
နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ခွင့် ပေးလိုက်ရတာပဲ။ ပေးချင်လို့တော့
မဟုတ်ဘူး)။ ဒီအတွက် အားလုံးနဲ့ဆိုင်တဲ့ လူထုတရပ်လုံးနဲ့ ဆိုင်တဲ့
အခွင့်အရေးဖြစ်လို့ နအဖက ညစ်ပတ်လာမယ်ဆိုရင် နိုင်ငံရေးတိုက်ပွဲအဖြစ်
တိုက်ပွဲ ဆင်နိုင်ဖို့ အချက်အလက်ကို နအဖစစ်အုပ်စုကိုယ်တိုင်
ဖန်တီးပေးလိုက်တာပဲ ဖြစ်သွားမယ်။ အဲဒီတော့ ပြည်သူလူထုတရပ်လုံးအနေနဲ့
ကိုယ့်ရဲ့အနာဂတ်အတွက် ပထမအဆင့်က မဲရုံသွားပြီး ပြတ်ပြတ်သားသား
သတ္တိရှိရှိ နအဖရဲ့ဖွဲ့စည်းပုံကို ကန့်ကွက်မဲထည့်ဖို့ လိုတယ်။
ဒုတိယအဆင့် သူတို့ရဲ့ဖွဲ့စည်းပုံ အတည်ဖြစ်ကြောင်း ညစ်ပတ်ပြီး
ကြေညာမယ်ဆိုရင် လူထုတရပ်လုံးက နိုင်ငံရေးတိုက်ပွဲအဖြစ် အတည်မဖြစ်အောင်
ဆက်တိုက်ရမှာပဲဖြစ်တယ်။
သံ။
။ ကျနော်တို့မြင်တဲ့အမြင်ကတော့ လူထုမှာ အားရှိတယ်။
လူထုတွေမှာ လုပ်နိုင်တဲ့ အခွင့်အရေးတွေရအောင် ပြည့်ပြည့်၀၀
အသုံးချသင့်တယ်။ ဒီနေရာမှာ မဲရုံကို သွားပြီးတဲ့အခါ ကျတော့
ကျနော်တို့တွေကို ဘာမှအကျိုးမပြုတဲ့၊ ကျနော်တို့မကြိုက်တဲ့၊
အကောင်းဘက်ကို မဖြစ်စေနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြတ်ပြတ်သားသား
မဲပေးခွင့်ရမယ်ဆိုရင် ရဲရဲဝံ့ဝံ့ ကန့်ကွက် ရမယ်။ အကယ်၍
မဲရုံကိုသွားခွင့်လည်း မရှိဘူး၊ ကျနော်တို့ကို အတင်းအဓမ္မ ဖြစ်အောင်
ထောက်ခံခိုင်းတဲ့ ပုံစံမျိုးတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့
ဆန့်ကျင်ဆန္ဒပြမှုတွေကို ပုံစံမျိုးစုံနဲ့ ဖန်တီး သွားရမယ်။
အရေးကြီးတာကတော့ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာကို
သဘောတူညီမှု မရှိဘူး၊ နိုင်ငံရေးပါတီတွေရဲ့ဆန္ဒလဲ မဟုတ်ဘူး၊
ကျနော်တို့ခေါင်းဆောင်တွေက ဆွဲထားတာလဲ မဟုတ်တာကြောင့်
ကျနော်တို့ဆန့်ကျင်တယ်ဆိုတာကို ဆောင်ရွက်ရပါမယ်။ အဲလို ပြည်သူတွေ
ဆောင်ရွက်တဲ့အခါကျတော့ ပေးနေတဲ့ အခွင့်အလမ်းပေါ်မှာ မူတည်ပြီးတော့
ဆန့်ကျင်ဆန္ဒမဲ တွေကို ရဲရဲတင်းတင်း ပေးရမယ်၊ ဒီဖွဲ့စည်းပုံကို
ဆန့်ကျင်သွားဖို့ကိုလည်း ပုံစံမျိုးစုံနဲ့ပြဖို့ လိုအပ် ပါတယ်။
စစ်အစိုးရအနေနဲ့ ဆန္ဒခံယူပွဲပြီးလို့ ရွေးကောက်ပွဲအထိ
သွားနိုင်မယ်ဆိုရင်ကော ဘာလုပ်သင့် တယ်လို့ ထင်ပါသလဲ။
မင်း။ ။ ကျနော် စောစောက ပြောခဲ့သလိုပါပဲ၊ ဆန္ဒခံယူပွဲအဆင့်က
အရေးကြီးပါတယ်။ ဒီအဆင့်မှာ ပြီးပြတ်သွားဖို့ လိုပါတယ်။ နအဖဖွဲ့စည်းပုံ
အတည်မဖြစ်အောင် အားလုံး ၀ိုင်း ကန့်ကွက်မဲထည့်ကြဖို့ ပြောတာပါ။
အတည်ဖြစ်ပါတယ်လို့ သူတို့လိမ်ညာကြေညာခဲ့ရင်လည်း ဆက်ပြီး
ဆန့်ကျင်တိုက်ပွဲဝင်သွားရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နအဖ
တဖက်သတ်ဆွဲထားတဲ့ ဖွဲ့စည်းပုံကြီးဟာ ဘာနဲ့တူနေသလဲဆိုရင် ဘယ်လိုမှ
အိမ်ကောင်းတစ်လုံးမဖြစ်နိုင်တဲ့ အိမ်ပုံစံ တခုလို ဖြစ်နေလို့ပါ။
အဲဒီပုံစံအတိုင်း ဆောက်မယ်ဆိုရင် အိမ်ဖြစ်လာမှာမဟုတ်ဘူး။ ပြိုကျ
ပျက်စီးမှာ သေချာပေါက်ပါပဲ။ သူတို့ရဲ့ဖွဲ့စည်းပုံအတိုင်း တိုင်းပြည်ကို
ရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားပေါင်းစုံလူထုကြီးအနေနဲ့
လက်ရှိအခြေအနေတွေထက် ပိုပြီး ဆင်းရဲ မွဲတေတဲ့၊ အခွင့်အရေးကင်းမဲ့တဲ့၊
ကြပ်တည်းတဲ့ ဘ၀ဆိုးကြီးကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့် မယ်။ ဒါ့အပြင်
စစ်အာဏာတည်မြဲရေး အခြေခံပေါ်မှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်နေလို့
စစ်ခေါင်းဆောင်တွေအကြား အာဏာလုပွဲ၊ အာဏာသိမ်းပွဲတွေ တခြိမ်းခြိမ်း
ပေါ်ပေါက်လာမှာ ကတော့ မလွဲပါဘူး။ မြေကြီးနဲ့လက်ခတ်ရင်
လွဲကောင်းလွဲသွားနိုင်ပါသေးတယ်၊ စောစောက ပြောတဲ့ အခြေအနေတွေကတော့
လွဲမှာမဟုတ်ဘူး။ တိုင်းပြည်ပြိုကွဲပျက်စီးသွားမယ့် အခြေအနေတွေနဲ့
ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အဲဒီအခြေအနေတွေ မကြုံတွေ့ရဖို့အတွက်
ဒီနေ့ ပြည်သူတရပ်လုံးရဲ့ တပ်ဦးအဖွဲ့အစည်းဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုအသီးသီး၊
တိုင်းရင်းသားအင်အားစုအသီးသီးနဲ့ ပြည်သူလူထုကြီးတရပ် လုံးက
နအဖဖွဲ့စည်းပုံ အတည်မဖြစ်ရေးကို ကြိုးပမ်းသွားရပါလိမ့်မယ်။
ရှုံးလည်းနိုင်တယ်လို့ စစ်အစိုးရက ကြေညာမှာပဲလို့ အများက ယူဆထားတာမို့
အကယ်၍ ဆန္ဒ ခံယူပွဲအပြီး မဲအရေအတွက်စာရင်း ကြေညာရာမှာ
နိုင်တယ်လို့ကြေညာခဲ့ရင် အတိုက်အခံတွေနဲ့ ပြည်သူတွေ ဘာလုပ်သင့်သလဲ။
သံ။
။ ကျနော်တို့ အဲဒီဟာကို ကြိုးစားတဲ့အခါကျတော့ အဓိက ကတော့
တရားဝင်မှုပဲ။ နအဖဟာ တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ အကြမ်းဖက်ပြီးတော့
တရားဝင်အောင် ယူတော့မယ်ဆိုတာ သေချာနေပါပြီ။ ဒီနေရာမှာ ကျနော်တို့က
လူထုအားကသာ အရေးကြီးဆုံး လို့ ဆိုတယ်။ အထက်မှာကလည်း
နိုင်ငံရေးပါတီတွေရဲ့ခေါင်းဆောင်မှုတွေ၊ ပေးဆပ်မှုတွေ၊
ရဲဝံ့ပြတ်သားမှုတွေကလည်း အခရာကျပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်မှာ
ရှိနေတဲ့ နိုင်ငံ ရေးပါတီတွေ ရှိနေတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြု
ကိုယ်စားလှယ်တွေ ရှိမယ်။ အဲဒီ အားလုံးတောင်းဆိုတာက
တွေ့ဆုံဆွေးနွေးရေးဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးက လုံးဝမလာ တော့ဘူး။
နအဖက တလမ်းပဲသွားတော့မယ်ဆိုတော့ ကျနော်တို့မှာ ရွေးချယ်စရာလမ်းက မရှိ
ဘူး။ အဲလိုဆိုတော့ ကျနော်တို့က လူထုကပေးထားတဲ့ တရားဝင်မှုတွေရှိတယ်၊
လူထုက ပေးထားတဲ့ နိုင်ငံရေးဦးဆောင်မှုတွေ ရှိတယ်။ ဒါတွေကို
ညီညီညွတ်ညွတ်နဲ့ ရဲရဲဝံ့ဝံ့ ပိုင်းဖြတ်ပြီး တော့မှ
ဆောင်ရွက်ဖို့ကိုလည်း လိုအပ်ပါတယ်လို့ ကျနော် ဒီနေရာမှာပြောချင်ပါတယ်။
လူထု အနေနဲ့ကလည်း ယနေ့အချိန်ကာလအောက်မှာ မိမိရဲ့ရပိုင်ခွင့်တွေကို
သူတို့ကိုယ်တိုင်ပဲ တိုက်ပွဲ ဝင်မှ ရမယ်ဆိုတာတွေကို သေသေချာချာ
ပိုင်းဖြတ်ထားဖို့လိုပြီလို့ ပြောချင်ပါတယ်။ ဒီနှစ်ခုစလုံး
နိုင်ငံရေးပါတီတွေရော၊ ပြည်သူလူထုတွေရော အမျိုးသားရေးအနေနဲ့
ကျနော်တို့နိုင်ငံမှာ ထမ်းဆောင်ရမဲ့ ကာလကို ရောက်ပြီ။ ဒါဟာ
ကျနော်တို့အားလုံး ကျွန်ဘ၀က လွတ်မြောက်ရေး ဆိုပြီး တိုက်ပွဲဝင်ရမယ်လို့
ကျနော်မြင်ပါတယ်။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာအရေး ဆောင်ရွက်မှုတွေဟာ အဆင့်တွေများလွန်း၊
ကြာလွန်းတာ ကြောင့် အခု မြန်မာ့အရေးမှာကော ကုလသမဂ္ဂရဲ့
ဆုံးဖြတ်ချက်တွေဟာ ထိရောက်မှုရှိပါ သလား၊ ကုလဆုံးဖြတ်ချက်ကို ပြည်သူတွေ
ဘယ်လောက်အားထားလို့ရမလဲ။
မိုး။
။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်မှုတွေဟာ အခြေခံအားဖြင့် ထိရောက်မှုရှိပါတယ်။
သို့သော်လည်း အဆင့်များတယ်၊ အချိန်ကြာတယ်ဆိုတာလည်း တဖက်က ဟုတ်ပါတယ်။
အကယ်၍သာ နအဖ အနေနဲ့ ကမ္ဘာ့ကုသမဂ္ဂနဲ့ နိုင်ငံတကာကို မထီမဲ့မြင်
ဆက်လုပ်နေမယ်ဆိုရင် ဒဏ်ခတ်တာကို မရှုမလှ ခံရလိမ့်မယ်။ ကနေ့ ကမ္ဘာ့လားရာဟာ
လွန်ခဲ့တဲ့ အနှစ် (၃၀/၄၀)က အခြေအနေတွေနဲ့ မတူတော့ဘူးဆိုတာ နအဖ
သတိချပ်ဖို့ ကောင်းပြီ။ ချုပ်ပြီးပြောချင်တာကတော့ အခြေခံအားဖြင့်
ထိရောက်တဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်မှုတွေဟာလည်း သက်ဆိုင်ရာ
နိုင်ငံတွေရဲ့နိုင်ငံတွင်း အခြေအနေတွေကို ထင်ဟပ်ရတာပဲဖြစ်တယ်။
ဆိုလိုချင်တာက ကျနော်တို့ပြည်သူတွေရဲ့ ဆန္ဒဟာ အဓိကဖြစ်တယ်။ ဒါ့ကြောင့်
ကျနော်တို့ပြည်သူတွေအနေနဲ့၊ ကျနော်တို့အနေနဲ့ ကျနော် တို့
လိုချင်တာရအောင် ကျနော်တို့ဘာသာ ကျနော်တို့ အရင်လုပ်ရလိမ့်မယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ပံ့ပိုးမှုက နောက်က လိုက်လာပါလိမ့်မယ်။
ဆန္ဒခံယူပွဲမလုပ်ခင် ခုလိုအချိန်မှာ ပြည်သူတွေကို ဒီပွဲနဲ့ပတ်သက်ပြီး
ဘာတွေလုပ်သင့်တယ်လို့ ပြောချင်ပါသလဲ။
စိုး။ ။ အဲဒါကတော့ ပြည်သူတွေ လိုလားတောင့်တမှုမရှိတဲ့၊
ပြည်သူတွေမကြိုက်တဲ့ ပြည်သူ တွေကို တသက်လုံးဖိနှိပ်ထားမဲ့
နအဖရဲ့ဥပဒေကို ကိုယ်စိတ်နှလုံးသုံးပါးစလုံးနဲ့ ဆန့်ကျင် ကန့်ကွက်ဖို့
လိုတယ်။ စိတ်ထဲကလည်း လက်မခံဘူး။ နှုတ်ကလဲ လက်မခံကြောင်းကို ရဲရဲတင်းတင်း
ပြောရမယ်။ ကိုယ်တိုင်လဲ မဲရုံကိုသွားပြီးတော့ ကန့်ကွက်မဲကို
ရဲရဲတင်းတင်း ထည့်ဘို့ တိုက်တွန်းချင်ပါတယ်။
မိုး။
။ နယ်ပယ်အသီးသီးမှာ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေ၊ ရပ်မိရပ်ဖတွေ
စုစည်းပြီး မဲပေးနိုင်တဲ့ပြည်သူအားလုံး မဲရုံကိုသွားပြီး
ကန့်ကွက်မဲပေးကြဖို့ စည်းရုံးနိုင်တဲ့ နည်းနာအားလုံး ကို သုံးပြီး
ကိုယ့်ပြည်သူအချင်းချင်းအကြားမှာ စည်းရုံးမှုတွေ၊ လှုံ့ဆော်မှုတွေ
လုပ်သင့်တယ်။ နောက် ဆန္ဒခံယူပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို
မိမိအသိစိတ်နဲ့မိမိ ဒေသအသီးသီးမှာ စုဖွဲ့သင့်တယ်။ နအဖရဲ့ညစ်ပတ်မှုတွေ၊
ကလိမ်ကကျစ်ကျမှုတွေကို ဖွင့်ချဖော်ထုတ်ဖို့ဖြစ်တယ်။
အနိမ့်ဆုံးအဆင့်အနေနဲ့ကတော့ ဆန္ဒခံယူပွဲနေ့မှာ
မဲပေးနိုင်တဲ့ပြည်သူအားလုံး မဲရုံကိုသွားပြီး ကန့်ကွက်မဲပေးဖို့ကို
ကိုယ့်မိတ်ဆွေတွေအကြားမှာဖြစ်ဖြစ်၊ ကိုယ့်ရပ်ထဲရွာထဲမှာပဲဖြစ်ဖြစ်
မိမိအသိနဲ့မိမိ ပြင်ဆင်စည်းရုံးနေသင့်တယ်။
မင်း။ ။ ကျနော့်အနေနဲ့
တိုင်းရင်းသားပေါင်းစုံ ကျောင်းသားပြည်သူတရပ်လုံးကို ပြောချင် တာက
ကိုယ့်ရဲ့အနာဂတ်မှာ စစ်ထိပ်သီးတစုရဲ့ ထင်တိုင်းကျဲ
လုပ်ချင်သလိုလုပ်မယ့်အောက်မှာ လက်ရှိအခြေအနေထက် ပိုပြီး
ဆင်းရဲမွဲတေနိမ့်ကျ၊ ပိုပြီး ကမ္ဘာ့အလယ်မှာ နိမ့်ကျသိမ်ငယ်တဲ့ ဘဝ
အရောက်ခံမလား၊ စစ်အာဏာရှင်စနစ်အောက်က အမြန်ဆုံးလွတ်မြောက်ပြီး ကမ္ဘာ့
အလယ် တင့်တင့်တယ်တယ်နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအဆင့်အတန်းကို
ရောက်လိုသလား ဆိုတာ ဒီဆန္ဒခံယူပွဲအဆင့်မှာ နအဖစစ်အုပ်စုရဲ့
ဖွဲ့စည်းပုံကို အတည်မဖြစ်အောင် ကန့်ကွက်မဲ ထည့်မလား၊
မထည့်ဘူးလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်ကတော့ ခြိမ်းခြောက်မှု တွေ၊
ညစ်ပတ်မှုတွေမရှိဘူးဆိုရင် ကျနော်တို့ပြည်သူတရပ်လုံးဟာ နအဖရဲ့
ဖွဲ့စည်းပုံကို လုံးဝ ကန့်ကွက်မဲ ပေးကြမယ်ဆိုတာကို အပြည့်အဝ
ယုံကြည်ထားပါတယ်။ ပြည်သူတရပ်လုံးအနေနဲ့ မဲရုံသွားပြီး ပြတ်ပြတ်သားသား
သတ္တိရှိရှိ ကန့်ကွက်မဲ ထည့်ရပါလိမ့်မယ်။
သံ။ ။ အဓိက ကတော့
ဒီနအဖရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာဟာ ကျနော် တို့လိုချင်တဲ့
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားပြဌာန်းခွင့် စတဲ့ အခြေခံ
အခွင့်အရေးတွေ မရှိတဲ့အပြင် ကျနော်တို့အားလုံးကို သူ့ကျွန်ဘ၀ကို
ရောက်အောင်လုပ်မှာ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ရဲရဲဝံ့ဝံ့
ဆန့်ကျင်နိုင်ဖို့ ၀ိုင်းဝန်းတိုက်ပွဲဝင်ကြဖို့အတွက် အလေးအနက်
တိုက်တွန်းလိုပါတယ်။ ဒီတိုက်ပွဲဟာ ကျနော်တို့တနိုင်ငံလုံး၊ အမျိုးသားထု
တခုလုံးရဲ့ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ထမ်းဆောင်ပေးကြပါလို့
တိုက်တွန်းလိုပါတယ်။
x x x x x |