|
နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)နှင့် ဆက်သွယ်မေးမြန်းခြင်း
ရိုးမ ၃။
ဇူလိုင် ၂၁၊ ၂၀၀၇
မြန်မာပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသားများရဲ့ နောက်ဆုံးအခြေအနေနဲ့
ပတ်သက်ပြီး ခြုံငုံရှင်းပြပေး စေချင်ပါတယ်။
ယနေ့
မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ကျနော်တို့ အေအေပီပီက
စုဆောင်းရရှိသမျှ အနည်း ဆုံး (၁၁၉၇)ဦး ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ဒီအရေအတွက်လောက် ရှိနေတာကိုက ကျနော်တို့
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ယေဘုယျ
ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒီ ၂၀၀၇ ခုနှစ်ထဲမှာ ဒီမိုကရေ စီနဲ့
လူ့အခွင့်အရေးလှုပ်ရှားသူပေါင်း (၁၄၂)ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဟိုဘက်နှစ်များနဲ့စာရင် ဖမ်းဆီးတာ တွေ ပိုများလာတယ်လို့ ဆိုရမှာပါ။
ဒါ့အပြင်
စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်အောင်
နည်းမျိုးစုံနဲ့ ဟန့်တားခဲ့ပါတယ်။ ဥပမာ- လူ့အခွင့်အရေးအဖွဲ့တွေကို
ပြည်ဝင်ခွင့်ဗီဇာပိတ်တာတို့၊ အိုင်စီအာစီလို အဖွဲ့မျိုးကို
ကန့်သတ်မှုတွေ၊ အကျဉ်းထောင်အတွင်း သွားရောက်လေ့လာခွင့်၊
ကူညီခွင့်မရအောင် တားဆီးတာတို့ ပြုလုပ်ခဲ့တယ်။ နောက်
နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးကွာတဲ့ ဒေသများကို
ပို့ပစ်တာတို့ အငြိုးအတေးကြီးစွာနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ပါတယ်။
ဆိုတော့
အကျဉ်းသားများရဲ့ အခြေအနေတွေကို တော်ရုံနဲ့ ကမ္ဘာက သိခွင့်မရတာတွေ၊
မိသားစု တွေက ထောင်ဝင်စာသွားတွေ့နိုင်ဖို့ အခက်အခဲတွေ များစွာ
ရင်ဆိုင်နေရပါတယ်။ အဓိက ကျမ္မာ ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရပါတယ်။
အကျဉ်းထောင်တွင်း ဆေးရုံများမှာ ဆရာဝန်မရှိတာတွေ၊ ဆေးမရှိတာတွေ၊ ပြင်ပက
ဆေးဝါးများ သွင်းခွင့်မပေးတာ၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ ဆေး
ကုသခွင့်မရတာတွေနဲ့ ကြုံနေရပါတယ်။ အခုဆိုရင် ကျမ္မာရေးအရ အသက်အန္တရာယ်ကို
ထိခိုက် လာနိုင်တဲ့ နိုင်ငံရေးအကျဉ်းသား (၈၀)ကျော် ရှိနေပါတယ်။
ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်တို့ကို လွတ်ရက်စေ့ပေမယ့် ၁၀(က)
ဆိုတဲ့ အခြေ အမြစ်မရှိတဲ့ ပုဒ်မနဲ့ အကျဉ်းထောင်ထဲမှာ
ဆက်လက်ချုပ်နှောင်ထားတယ်။ သူတို့တွေဟာ ဆရာဝန်ဖြစ်ပေမယ့်
ကိုယ့်ကိုယ်ကိုယ် ကုသခွင့်မရတာ၊ အာဏာပိုင်များက ဆေးကုသခွင့် မပြု
တာတွေကြောင့် သူတို့ရဲ့ ကျမ္မာရေးဟာ အထူးစိုးရိမ်ရတဲ့အနေအထားမှာ
ရှိနေပါတယ်။
ဦးဝင်းတင်ကိုလည်း ပြန်လွှတ်ပေးမယ်ဆိုတဲ့ နှုတ်ကတိတွေပေးပြီး
အကျဉ်းထောင်ထဲက ထုတ် သွားလိုက်၊ ပြန်ထည့်လိုက်လုပ်တာ (၃)ကြိမ်ရှိပါပြီ။
ဒါဟာ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ အမြင့်ဆုံး ညှဉ်းပန်းနှိပ်စက်တဲ့
လုပ်ဟန်ပါပဲ။ ဦးခင်မောင်ဆွေဟာ လွတ်ရက်စေ့ပေမယ့် အရင် တခါချမှတ်ထားတဲ့
ပြစ်ဒဏ်ကို နောက်ကြောင်းပြန် ခံစားနေတာဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ
နိုင်ငံအခြေအနေက အမျိုးသားရင်ကြားစေ့ဟာ အသက်နဲ့အမျှ အရေးကြီးနေချိန်မှာ
တိုင်းရင်း သားခေါင်းဆောင်တွေကို မတရား အမှုဆင်ဖမ်းဆီးပြီး နှစ်ရာချီတဲ့
ထောင်ဒဏ်တွေ ချမှတ်ရုံမက တယောက်တနေရာစီခွဲပြီး ရွှေ့ပြောင်းခဲ့တယ်။
ပြီးခဲ့တဲ့နှစ်က ဒီအမှုတွဲထဲက ဦးမြင့်သန်း သံတွဲထောင်မှာ
သေဆုံးခဲ့ရတယ်။ ဒါဟာ စစ်အုပ်စုက သူတို့နဲ့ အယူအဆ မတူသူတွေကို
အာဃာတကြီးစွာ ထားရှိတယ်ဆိုတာ ပြသနေတာပါ။
အခု ၂၀၀၇
ခုနှစ်၊ မေဒေးနေ့မှာ ဖမ်းဆီးခံရတဲ့ (၆)ဦးဟာ ရုံးထုတ်တာတွေ၊
အမိန့်ချတာတွေ မရှိဘဲ နေ့စဉ်နဲ့အမျှ ညှဉ်းပန်းနှိပ်စက်ခြင်းကို
ခံနေရတယ်လို့ သိရပါတယ်။ သူ့တို့ရဲ့ မိသားစုက လည်း ဒီအတွက်
အလွန်စိုးရိမ်နေကြောင်းကို မီဒီယာများမှတဆင့် အသိပေးနေတာတွေလည်း
ကြားနေရပါတယ်။ ဒါဟာ လက်ရှိမြန်မာပြည်မှာ အကျဉ်းကျခံနေရတဲ့
နိုင်ငံရေးအကျဉ်းသား တွေရဲ့ အခြေအနေအကျဉ်းပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးလှုပ်ရှားမှုတွေက ပြည်တွင်းပြည်ပမှာ
အတော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တာ တွေ့ရတယ်။ အဲဒီလှုပ်ရှားမှုတွေရဲ့
သက်ရောက်မှုတွေကိုလည်း ပြောပြပေးစေချင်ပါတယ်။
အထက်ကပြောခဲ့သလို ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို
စစ်အုပ်စုက သဲကြီး မဲကြီး ဖမ်းဆီးနေမယ့်လည်း ဒီနောက်ပိုင်းကာလတွေမှာ
လှုပ်ရှားမှုတွေက ပိုမိုပြီး စိပ်စိပ်လာတာ တွေ့ရသလို အရှိန်အဟုန်လည်း
မြင့်မားလာတာ တွေ့ရတယ်။ အဓိကအားဖြင့် ဒေါ်အောင်ဆန်း စုကြည်နဲ့
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ
ပြည်တွင်းမှာရော ပြည်ပမှာပါ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။
ဒါဟာ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်ပါ။
စစ်အုပ်စုရဲ့ အမျိုးသားညီလာခံ အဆုံး သတ်တော့မယ့်ကာလမှာ
(၉၀)ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိထားတဲ့ အနိုင်ရပါတီ
မပါဘဲ၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေမပါဘဲ ပြုလုပ်တဲ့
အမျိုးသား ညီလာခံကို ဆန့်ကျင်ဆန္ဒပြလိုက်တာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက်
တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီရေးဖြစ်စဉ်တွေမှာ ဒီလူတွေပါဝင်ဖို့က
အဓိကလိုအပ်နေတယ်ဆိုတာ ပြသလိုက်တာပါပဲ။
ဒီလှုပ်ရှားမှုက တိုင်းပြည်ရဲ့ ယနေ့ကာလ လိုအပ်ချက်ကို မီးမောင်းထိုးပြတဲ့
လှုပ်ရှားမှုလို့ဆိုရင် မမှားနိုင်ပါဘူး။ ဒါကြောင့်
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး
လှုပ်ရှားမှုတွေ ကျယ်ပြန့်လာလေလေ စစ်အုပ်စုက ထိတ်လန့်လေလေ ဖြစ်လာမှာပါ။
အကျိုး ဆက်က ပြည်သူတွေကြား နိုင်ငံရေးနိုးကြားမှု ပိုမိုမြင့်မားလာမယ်။
နိုင်ငံတကာရဲ့ဖိအားတွေ ပိုများလာမယ်။ ဒါဟာ
တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို တွန်းပို့မယ့် လှုပ်ရှားမှုတခုလို့
ယူဆရမှာပါ။ ‘ပြည်တင်းရင် မင်းမခံနိုင်’ဆိုတာ ရှိပါတယ်။ လူထုရဲ့
ခွန်အားဟာ အင်မတန် ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပါ။
အေအေပီပီအခန်းကဏ္ဍအနေနဲ့ရော အကျဉ်းသားများလွတ်မြောက်ရေးနဲ့ပတ်သက်ပြီး
ထူးခြား တဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာ ရှိ၊ မရှိ
ပြောပြစေချင်ပါတယ်။
အေအေပီပီဟာ အသင်းစတင်ဖွဲ့စည်းစဉ်ကတည်းက
နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်း ထောင်များအခြေအနေကို မျက်ခြေမပြတ်
စောင့်ကြည့်လေ့လာခဲ့ပြီး ထူးခြားတဲ့ အခြေအနေတွေ ကို
နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနဲ့ လူထုအခြေပြု
လူ့အဖွဲ့အစည်းများ ကို ပေးပို့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုများ ကိုလည်း
အစဉ်တစိုက်လုပ်ဆောင်ခဲ့ပါတယ်။ အခါအခွင့်သင့်သလို
နိုင်ငံရေးအကျဉ်းသားများ၊ အကျဉ်းထောင်များနဲ့ သက်ဆိုင်တဲ့
အစီရင်ခံစာများလည်း ထုတ်ပြန်ခဲ့ပါတယ်။ အေအေပီပီရုံး တည်ရှိရာနေရာမှာ
နိုင်ငံရေးအကျဉ်သားများနဲ့ အကျဉ်းထောင်များရဲ့ အခြေအနေကို ထင်ဟပ်
စေနိုင်တဲ့ ပြခန်းလေးတခုကိုလည်း ပြသထားပါတယ်။ ထို့အတူ
နိုင်ငံတကာအ၀ိုင်းမှ အလွယ် တကူ လေ့လာနိုင်အောင် အင်တာနက်စာမျက်နှာတခု(www.aappb.org)လည်း
ဖွင့်လှစ်ထား ပါတယ်။
နိုင်ငံတကာမိသားစုများက မြန်မာနိုင်ငံရှိ
မြန်မာ့နိုင်ငံရေးအခြေအနေမှန်များကို သိရှိနိုင်ရန်၊
နိုင်ငံရေးအကျဉ်းသားများအပေါ် နားလည်စာနာလာစေရန်နဲ့ အကျဉ်းသားများ
လွတ်မြောက်ရေး အတွက် ၎င်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန်
စည်းရုံးဆောင်ရွက်မှုတွေကို အခါအခွင့် သင့်သလို ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတကာမှာရှိတဲ့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေ၊ အကျဉ်းသားဟောင်း
တွေအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံအလိုက် အကျဉ်းသားလွတ်မြောက်ရေးအတွက်
လှုပ်ရှားမှု တွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။
ထူးခြားတဲ့လုပ်ငန်းစဉ်အနေနဲ့ကတော့ မကြာခင် ကာလမှာ မြန်မာနိုင်ငံရှိ
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုတခုကို အေအေပီပီက
ကမကထပြုပြီး ကမ္ဘာ့နေရာ အတော်များများမှာ ပြုလုပ်ဖို့ စီစဉ်နေတာတွေ
ရှိပါတယ်။
လက်ရှိမြန်မာပြည်မှာ နှစ်ရှည်ကျခံနေရတဲ့ အကျဉ်းသားတွေရှိပါတယ်။ ဥပမာ-
ဦးဝင်းတင်တို့၊ ဒေါ်မေ၀င်းမြင့်တို့ အစရှိသဖြင့်ပေါ့။ အဲဒီ
နှစ်ရှည်ကျခံနေရတဲ့ အကျဉ်းသားတွေ လွတ်မြောက် သင့်ပါလျှက်
ဘာဖြစ်လို့မလွတ်သေးတာလဲ။
ကြောက်လို့နေမှာပါ။ စစ်အုပ်စုဟာ သူတို့ရဲ့ အကျိုးစီးပွားကို
ထိခိုက်လာမယ်လို့ယူဆရင် ဘယ်သူ့ကိုမဆို ဖယ်ရှားပစ်ဖို့၊
ဖမ်းဆီးအကျဉ်းချထားဖို့ ၀န်မလေးတဲ့ လူတွေပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးက
အာဏာရှင်တွေဟာ အကျဉ်းထောင်ကို ဖိနှိပ်ရေးကိရိယာအဖြစ် တစိုက်မတ်မတ်
အသုံးပြုနေတာဟာ သီအိုရီတခုလို ဖြစ်နေခဲ့တာပါ။
အကျဉ်းသားတွေရဲ့ မိသားစုတွေအနေနဲ့ကော သူတို့ရဲ့ မိဘဆွေမျိုး၊
ညီအကိုမောင်နှမတွေ ကျခံနေရတဲ့အပေါ် လှုပ်ရှားကြိုးပမ်းမှုတွေ ရှိပါသလား။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေအနေနဲ့ကတော့
သူတို့တတ်စွမ်းသရွေ့တော့ လုပ်နေ ကြတာပါ။ သက်ဆိုင်ရာ ဘာသာအလိုက်
ဆုတောင်းပွဲလုပ်တာမျိုးတွေ၊ မီဒီယာကတဆင့် ပြောဆိုနေတာတွေ၊
အာဏာပိုင်တွေဆီကို စာပို့တာတွေ စသဖြင့် လုပ်နေကြတာရှိပါတယ်။
ဒီထက်ပိုလုပ်နိုင်တဲ့ အခြေအနေမျိုးရှိရင်၊ သိရင် ပိုလုပ်ကြမယ်ဆိုတာ
အကြွင်းမဲ့ ယုံကြည်ပါ တယ်။ အိမ်မလည်တတ်တဲ့ သားတယောက် အချိန်တန်
အိမ်ပြန်မရောက်လို့ မျက်ရည်နဲ့ အဖော် ပြုနေရတဲ့ အမေတွေလည်း
ထောင်သောင်းချီခဲ့ပါပြီ။
ဒါတွေ
အဆုံးသတ်နိုင်ဖို့ ကျနော်တို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့
ခံစားရပါတယ်။ ကျနော်တို့ အားသွန်ခွန်စိုက် လုပ်ကြရပါလိမ့်မယ်။
x x x x x |