Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

အင်တာဗျူး

 

NLD ပါတီ စည်းရုံးရေးမှူးတဦးနှင့် ဆက်သွယ်မေးမြန်းချက်

ရိုးမ ၃။ အောက်တိုဘာ ၂၈၊ ၂၀၀၇

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အဖမ်းအဆီးတွေရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့ ပြောနေတဲ့ တပြိုင်နက်တည်းမှာ အဖမ်းအဆီးတွေ ရက်ဆက်လုပ်နေပြီး တွေ့ဆုံဆွေးနွေးရေး လုပ်ပေးဖို့ပြောထားတဲ့ UNSC က ချမှတ်လိုက်တဲ့ကိစ္စက ထိရောက်မှုရှိလား။

အဲဒါပြောလို့မရသေးဘူး၊ အခုလောလောဆယ်မှာ မထိရောက်တဲ့သဘောမျိုး ရှိနေ တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တဖက်ကလည်း ဒီဟာကိုပြောပြီး တဖက်က လည်း အတင်း ဖိဖမ်းနေတယ်လေ။ ဒီအပေါ်မှာ လူတွေကတော့ သံသယတော့ ရှိနေတယ်လေ။ 

ဖမ်းတယ်ဆီးတယ်ဆိုတဲ့အချက်ကို UNSC က မသိတာလားခင်ဗျ။

            UNSC ကလည်း မကြာမကြာ မီဒီယာသတင်းတွေမှာ ပါနေတာပဲ၊ ဒါတွေက ကမ္ဘာကြီး တခုလုံး သိနေတာပဲ။ မသိဘူးဆိုတာတော့ မရှိဘူး။ သူ့အနေနဲ့ ဒီဟာပေါ်မှာ ဘယ်လောက် ထိထိရောက်ရောက် ကိုင်တွယ်နိုင်သလဲဆိုတာပေါ်မှာ မူတည်တာပေါ့။ 

အန်ကယ်တို့အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒီနေ့အရေးယူဆောင်ရွက်ချက်နဲ့ Statement အပေါ် နားလည်သလောက် NLD ပါတီဝင် တယောက်အနေနဲ့ ဒါဟာ ထိရောက်မှု ရှိတယ်၊ မရှိဘူးဆိုတာကို ရှင်းပြပေးပါ။

            လောလောဆယ် အခြေအနေအရ ပြောရမယ်ဆိုရင် ဒီလောက်အခြေနေလောက်နဲ့ ထိရောက်မှုမရှိဘူးလို့ အန်ကယ်က ထင်တယ်လေ။ ဘယ်အချက်တွေကြောင့်လဲဆိုတော့ ခုနက ပြောသလိုပေါ့၊ လုံခြုံရေးကောင်စီက ထုတ်ပြန်ထားတဲ့ ကြေငြာချက်တွေပေါ့နော်၊ အဲဒီအပေါ်မှာ ဖမ်းဆီးချုပ်နှောင်တာမလုပ်ဖို့ ပြောနေတဲ့ကြားကပဲ အခုလက်ရှိ ဖမ်းဆီးနေတာတွေ ဆက်လုပ် နေတယ်လေ။ ဗမာပြည်အနှံ့ပဲလေ။ အဲဒီတော့ သူတို့ဟာက မေတ္တာရပ်ခံချက် အဆင့်လောက်ပဲ ရှိတယ်လေ။ သူတို့အနေနဲ့က ဒါကို ထိထိရောက်ရောက် မလိုက်နာရင်လည်း ရတယ်ဆိုတဲ့ အနေထားမျိုးလည်း ရှိတာကိုး။ ဒါကြောင့် ဒီအပေါ်မှာ သူတို့က လေးလေးနက်နက်မထားတဲ့ သဘော ရှိတာပေါ့။ 

NLD အဖွဲ့ဝင်တွေကို နေရာဒေသအသီးသီးမှာ လိုက်ဖမ်းနေတဲ့အခါကျတော့လေ တွေ့ဆုံ ဆွေးနွေးရေးဆိုတာတွေက ဖြစ်နိုင်ပါ့မလားခင်ဗျ။

            အဲဒါကလည်း ဘယ်လိုပြောရမလဲဆိုတော့ လက်ရှိအနေအထားမျိုးမှာတော့ ထွက်လာ နိုင်စရာအကြောင်းတော့ မမြင်ဘူးလို့ အန်ကယ်ကတော့ ထင်တယ်။ ဘယ်အချက်ပေါ်မှာလဲ ဆိုတော့ အခု မြန်မာအစိုးရက လက်ရှိချမှတ်ထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးလေ။် 

တဖက်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးလို့ ပြောနေကြတဲ့ တပြိုင်နက်ထဲမှာပဲ NLD က ကြေငြာချက်တိုင်း၊ ကြေငြာချက်တိုင်းမှာ သူတို့ လက်ရှိကျင်းပနေတဲ့ အမျိုးသားညီလာခံနဲ့ ပတ်သက်တဲ့ သက်မှတ်ထားတာတွေ ရှိပါတယ်။ တပြိုင်နက်ထဲမှာပဲ လူထု ထောက်ခံပွဲတွေ လုပ်နေတယ်လေ။ အဲဒီအခါကျတော့ လူထုထောက်ခံပွဲတွေက တဖက်၊ လုံခြုံ ရေးကောင်စီနဲ့ လူထုက တောင်းဆိုထားတာကတဖက် ဖြစ်နေတာ ပြေလည်ဖို့က ကျနော်တို့ တိုင်းပြည်မှာ အချိန်ကြာမှာလား၊ ပြေလည်သွားမယ်လို့ ထင်ပါသလား။

            ဒါကိုပြောရမယ်ဆိုရင် သူတို့က လူထုထောက်ခံပွဲဆိုတဲ့ဥစ္စာက နိုင်ငံတကာကို သူ့အနေနဲ့ လုပ်ပြနေတဲ့ အနေအထားပေါ့။ အနှစ်သာရတော့ မရှိဘူးပေါ့။ အတင်းအကြပ် မလာမနေရဆိုတာမျိုးတွေ၊ နောက်ပြီးတော့ ငွေကြေးနဲ့ခေါ်ပြီးတော့ ခိုင်းတာမျိုးတွေ လုပ်တာ ဆိုတော့ လူထုရဲ့ ဆန္ဒအစစ်အမှန်တွေကို အတိအကျ ဖော်ပြတာမဟုတ်ဘဲ အတုအယောင် သဘောပဲ ဖြစ်နေတယ်။ ဒါက ဘာကိုသဘောဆောင်သလဲဆိုတော့ လုံခြုံရေးကောင်စီကနေ ကမ္ဘာကြီးတခုလုံးက လိုလားတောင့်တနေတဲ့ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆွေးနွေးဖို့ဆိုတဲ့ သဘောကို သူတို့က လက်မခံဘဲ မြန်မာနိုင်ငံက ပြည်သူအများစုက ထောက်ခံထားတဲ့ အစိုးရဆိုတဲ့သဘောကို သူတို့ပြောတဲ့ သဘောမျိုးပေါ့။ နှစ်ဦးနှစ်ဖက် ဆွေးနွေးရေးဆိုတာ မလိုဘူးဆိုတဲ့ သဘောမျိုးပေါ့။ 

တွေ့ဆုံဆွေးနွေးရေးလုပ်ပါလို့ ဂမ်ဘာရီက တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အချက် (၄) ချက် ထောက်ပြပြီး ဒါတွေကို ဝန်ချတောင်းပန်မှ ဆွေးနွေးမယ်ဆိုတော့ အန်ကယ်တို့ NLD အနေနဲ့ အဲဒီ (၄) ချက်ကို တောက်လျှောက် လုပ်လာခဲ့ ပါသလားခင်ဗျ။

            NLD ရဲ့ မူလည်းမဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလည်းလေ။ အဲတော့ ဒီဟာက သူတို့ဘက်က ပြောတဲ့သဘောမျိုးလောက်ပဲရှိတယ်။ 

တွေ့ဆုံဆွေးနွေးရေးဆိုတာက အရင်ဖြစ်စဉ်လို ၁၀ နှစ်ကြာ ရေစုန်မျှောသလိုဖြစ်လာရင် NLD ပါတီဝင်တဦးအနေနဲ့ တိုက်ပွဲကို ဘယ်လိုဆက်အရှိန်မြှင့်ရမယ်လို့ ထင်ပါသလဲခင်ဗျ။

            NLD တယောက်အနေနဲ့ကတော့ အဖွဲ့ဝင်တွေ စပြီးတည်ထောင်စဉ်အချိန်ကတည်းက မူရှိတယ်လေ။ ဒီတိုင်းပဲ သွားနေရမှာပဲ။ ကျနော်တို့က အကြမ်းမဖက်တဲ့ ဒီတွေ့ဆုံဆွေးနွေးရေး ချောမွေ့ပြီးတော့ အသွင်ကူးပြောင်းရေးကိုပဲ မူအနေနဲ့ လက်ကိုင်ထားတယ်လေ။ ဒါကြောင့် ဆက်လက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားရမှာပဲလေ။ ကျနော်တို့ခေါင်းဆောင်ကလည်း ပြောထား တယ်လေ။ ဘာပဲဖြစ်ဖြစ် တနေ့နေ့တချိန်ချိန်မှာ ဆွေးနွေးပွဲစားပွဲဝိုင်းကို ရောက်ကိုရောက်လာ မှာပဲ၊ အဲဒီလိုပြောထားတော့ ကျနော်တို့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး ခရီးသွားနေတာပါ။ 

သိပ်မကြာခင် အချိန်ကာလမှာ သံဃာတော်တွေ တတိုင်းပြည်လုံးမှာ သတ်ဖြတ်၊ ရိုက်နှက်ခံရတဲ့ ကိစ္စက တတိုင်းပြည်လုံးဖြစ်ကြတော့ NLD မူကို ပြောင်းလဲဖို့ ရှိသလားခင်ဗျ။

            ဒါလည်း ပြောင်းလဲစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကမ္ဘာကြီးမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ကြတယ်ပေါ့နော်။ ဒီစီးကြောင်း ကြီးက အဲဒီလိုရှိတဲ့သဘောပေါ့။ တနေ့နေ့တချိန်ချိန်မှာ ဒီအာဏာရှင်ဆိုတာ သူ့အတွက် နေရာမရှိဘူး။ ပြည်သူလုထုရဲ့ဆန္ဒကို မလေးစားဘူးဆိုလို့ရှိရင် ဒီအာဏာရှင်ဟာ ပြုတ်ကို ပြုတ်ဆင်းမှာပဲ။ အန်ကယ်တို့ကတော့ ဒီလို ယုံကြည်ချက်နဲ့ ဆက်လက် ခရီးသွားနေကြတာ ပဲလေ။ 

သူတို့ဘက်က အကြမ်းဖက်တဲ့နည်းတွေ ဆက်သုံးနေမယ်ဆိုရင်ကောခင်ဗျ။ 

            အကြမ်းဖက်တဲ့နည်းတွေ ရေရှည်မှာတော့ သုံးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခုလက်ရှိ လုံခြုံရေးကောင်စီက လုံးဝ လိုက်နာရမယ်မဟုတ်သော်လည်း သူ့သဘောဆန္ဒကို ထုတ်ဖေါ်ပြောကြားသွားပြီးပြီလေ။ ဒီဟာတွေကို မလိုက်နာရင် ဒီထက်ပြင်းတဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ဆက်လုပ်လာရမှာပဲလေ။ သူတို့က တောင်းဆိုထားတာတွေကို မလုပ်ပေး ဘဲနဲ့ ဆက်ပြီးတော့ ဂရုမစိုက်ဘဲနေရင်တော့ အရေးယူဆောင်ရွက်မှုတွေကတော့ ထပ်ပြီးတော့ တိုးတိုးလာမယ်လို့တော့ ထင်တယ်။ 

ပြည်သူတွေနဲ့ NLD အပါအ၀င်၊ နိုင်ငံရေးလှုပ်ရှားသူတွေအားလုံးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတာလား၊ ဒါမှမဟုတ် တခုခုကိုလုပ်ဖို့ စောင့်နေတာလား ခင်ဗျ။

            အဲဒါကျတော့ ကျနော် သေသေချာချာ စာရင်းကောက်ထားတာတော့ မရှိဘူးလေ။ သို့သော်လည်းပဲ ဒီကနေ့ လူတိုင်းရဲ့အသဲနှလုံးထဲမှာ ဘာသာတရားကိုတောင် အလေးမထားဘဲ ဒီမတရားမှုကို လုံးဝ မကြိုက်ကြဘူး။ အဲဒါကလည်း အင်အားတခုအနေနဲ့ တနေ့နေ့မှာ ပေါက်ကွဲ လာရင်တော့ ဒါ အောင်မြင်တာပဲပေါ့။ 

NLD ပါတီဝင်တယောက်အနေနဲ့ ဒီ လုံခြုံရေးကော်စီဆုံးဖြတ်ချက်ဟာ တကယ် တိုင်းပြည်ရဲ့ အပြောင်းအလဲဖြစ်တယ်လို့ မြင်ပါသလားခင်ဗျ။

            ဒါကလည်း အချိန်အတိုင်းအတာတခုထိလောက်တော့ ပြောလို့မရပေမဲ့ တနေ့နေ့မှာ ဒီဟာကတော့ ဖြစ်လာလိမ့်မယ်လို့တော့ ထင်ထားတယ်လေ။ 

NLD ပါတီဝင်တယောက်အနေနဲ့ သံဃာတွေနဲ့ ပြည်သူလူထုဆန္ဒပြပွဲကို ဖြိုခွဲပြီးတဲ့နောက်ပိုင်း ဘာဆက်လုပ်သင့်တယ်ဆိုတာကို ပြောချင်ပါသလဲ။

            အဓိကကတော့ ကျနော်တို့ခေါင်းဆောင် ပြောသလိုပဲပေါ့၊ တဦးတယောက်တည်း အကျိုးစီးပွားမဟုတ်ဘဲ  တတိုင်းပြည်လုံးရဲ့ အကျိုးစီးပွားဖြစ်တဲ့အတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ ပါဝင်ကြပါလို့ ကျနော် ပြောချင်ပါတယ်။ 

x x x x x

(အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဆက်သွယ်မေးမြန်းသည်)

 

 
 
 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org