|
မြန်မာ့အရေးနဲ့ ပတ်သက်လို့
ကုလသမဂ္ဂမှာတင်သွင်းတဲ့ အဆိုပြုမူကြမ်းဟာ လုံခြုံရေးကောင်စီ မှာ
ဗီတိုအာဏာသုံး ပယ်ချခံခဲ့ရတာနဲ့ပတ်သက်လို့
ထောက်ခံခဲ့တဲ့နိုင်ငံတွေကြားမှာ ဒီကနေ့ အမြင်က ဘယ်လိုရှိပါသလဲ။
ကျနော်တို့ကို ထောက်ခံခဲ့တဲ့ နိုင်ငံတွေပေါ့ဗျာ၊ အထူးသဖြင့်
ပူးတွဲပြီးတော့ တင်သွင်းခဲ့တဲ့ အမေ ရိကန်နဲ့ ဗြိတိန်ရှိမယ်။ တခြား
ထောက်ခံခဲ့တဲ့ ဘယ်လ်ဂျီယံတို့၊ အီတလီတို့၊ ဂါနာတို့ပေါ့နော်၊
အဲဒီနိုင်ငံတွေ အမြင်ကတော့ ရှင်းတယ်။ ဗမာပြည်အရေးကိစ္စဟာ နိုင်ငံတကာ
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးတဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့
သူတို့အနေနဲ့က ဗြိတိန်သံအမတ်ကြီး၊ ယူအက်စ်သံအမတ်ကြီး ပြောသွားတာက
ဒီကိစ္စကို နောက်တခါ ပြန်ပြီးတော့ တင်နိုင်အောင် ကြိုးစားမယ်လို့
ပြောသွားတယ်။ ဆိုလိုတာက မြန်မာပြည်ကိစ္စဟာ လုံခြုံရေးကောင်စီရဲ့ Agenda
ပေါ်မှာရှိတယ်။ တရားဝင်အစီအစဉ်ထဲကို ရောက်သွားတယ်။ လုပ်ထုံးလုပ်နည်း
သဘောအရ ပြောရမယ်ဆိုလို့ရှိရင် လုံခြုံရေးကောင်စီ Agenda ပေါ်မှာ
ရောက်သွားပြီးတာနဲ့ တပြိုင်နက် လုံခြုံရေးကောင်စီဝင် အများစုရဲ့
မဲနဲ့မဟုတ်ဘဲနဲ့ ဒီ Agenda ကို လုံးဝ ဖျက်လို့မရ ဘူး။ ဆိုတော့
မြန်မာပြည်ကိစ္စမှာဆိုလို့ရှိရင် ကျနော်တို့ ဆန့်ကျင်ခဲ့တဲ့
နိုင်ငံတွေကိုယ်တိုင်ကိုက တရုတ်ပဲဖြစ်ဖြစ်၊ ရုရှားပဲဖြစ်ဖြစ်၊
တောင်အာဖရိကပဲဖြစ်ဖြစ်၊ နောက် ကြားနေတဲ့နိုင်ငံတွေပေါ့ဗျာ၊
အင်ဒိုနီးရှားတို့၊ ကာတာတို့်။ ဒီနိုင်ငံတွေပဲဖြစ်ဖြစ်၊
သူတို့ဆွေးနွေးချက်တွေကို ပြန်ကြည့်မယ် ဆိုလို့ရှိရင်
သူတို့လက်ခံသွားရတာက ဗမာပြည်ကိစ္စရဲ့ အခြေအနေဟာ လူ့အခွင့်အရေး
ထောင့်ကပဲကြည့်ကြည့်၊ လူမှုရေး စီးပွားရေးထောင့်ကပဲကြည့်ကြည့်
တော်တော်လေးကို ယိုယွင်းနေတယ်။ အဲဒီယိုယွင်းမှုတွေဟာ
နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တဲ့
အတွက်ကြောင့်မို့လို့ ဗမာပြည်ကိစ္စကို ကုလသမဂ္ဂက၊ အထူးသဖြင့်
တိတိကျကျပြောရရင် အထွေထွေအတွင်းရေးမှူးချုပ်ရုံးကနေ
ကြားဝင်ဖြေရှင်းပေးဖို့ လိုတယ်။ ဒီအပိုင်းမှာ သူတို့ မငြင်းဘူး။
မြန်မာ့အရေး
ကုလသမဂ္ဂလုံခြုံရေးကောင်စီအာဂျင်ဒါမှာ တရားဝင်ဖြစ်လာမှုအပေါ် တရုတ်နဲ့
ရုရှားရဲ့အခြေအနေက လက်ရှိ ဘယ်အနေအထားမှာပါလဲ။
အရင်တုန်းကဆိုလို့ရှိရင် ကုလသမဂ္ဂက လုပ်ခဲ့တာတွေ အများကြီးရှိတယ်။
ကုလသမဂ္ဂက ကိုဖီအာနန်ကိုယ်တိုင် အဆင်မြင့် level ပေါ့၊ အထူးသဖြင့်
နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်း အဝေးတွေ ခေါ်ပြီးတော့
တိုင်ပင်တာတွေရှိတယ်။ တိုင်ပင်တဲ့နေရာမှာ တရုတ်နိုင်ငံခြားရေး
ဝန်ကြီးကို ဖိတ်မယ်၊ အိန္ဒိယနိုင်ငံခြားရေးဝန်းကြီးဖိတ်မယ်၊ စသဖြင့်
လုပ်ခဲ့တာတွေရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကဆိုလို့ရှိရင်
အစည်းအဝေးမတက်ဘူး။ ရှောင်ပြေးလို့ရတယ်။ အခုတခါကျတော့ Agenda
ပေါ်ရောက်သွားတယ်။ ဆုံးဖြတ်ချက်တွေ ချပြီးတော့ ဆွေးနွေး တယ်။ တရုတ်
အစည်းအဝေးမတက်လို့မရဘူး။ ရှောင်ပြေးလို့မရတော့ဘူး။ သူ့သဘောထားကို
ပြောလာရတယ်။ ပြောလာရတဲ့အခါမှာ ကုလသမဂ္ဂကနေ
ကြားဝင်ဖြေရှင်းသင့်တယ်ဆိုတဲ့ မူပေါ်မှာ လူသိရှင်ကြားရပ်လာရတယ်။
ဗမာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုတယ်။ အဲဒီလိုတဲ့ဟာကို
ကြိုးပမ်းတဲ့အခါမှာ သူတို့အနေနဲ့ထောက်ခံတယ်ဆိုတဲ့ မူကိုပဲ လူသိရှင်ကြား
ရပ်လာရတယ်။ ဒါက အရှုံးထဲကအမြတ်ဆိုပြီး ကျနော်တို့ယူဆလို့ရတဲ့
အချက်လို့ပဲ ပြောရမှာပဲ။ အဲဒီတုန်းက တရုတ်သံအမတ်ကြီးပြောတဲ့အထဲမှာ
နအဖအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်သူလူထုရဲ့
တောင်းဆိုတဲ့အသံတွေကို နားထောင်ဖို့လိုတယ်ဆိုပြီး ပြောလာတယ်။
အဲဒီစကားတွေပေါ်မှာ ကျနော်တို့က ပြန်ပြီးတော့ ခင်ဗျားတို့ပြောတာတော့
ဟုတ်ပြီ၊ အပြောနဲ့အညီ မလုပ်ရသေးဘူး။ ဒီတော့ ကုလသမဂ္ဂကနေပြီးတော့
ကြားဝင်ဖြေရှင်း ဖို့၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
ဘန်ကီမွန်းကနေပြီးတော့ ၀င်ပြီးတော့ ဖြေရှင်းဖို့။ ဖြေရှင်းတဲ့နေရာမှာ
လမ်းပွင့်လာဖို့၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စား
လှယ်ကနေပြီးတော့ အကြံပြုတဲ့အချက်တွေကို လိုက်နာဖို့။ ဒီကိစ္စတွေမှာ
တရုတ်ကနေပြီးတော့ သူတို့ သံတမန်ရေးအရ လုပ်ပေးဖို့ သူတို့မှာ
တာဝန်ရှိလာတယ်။ အဲဒီနေရာမှာ တိုးတက်မှု ရှိသလား၊ အခုဆိုလို့ရှိရင် UN က
စဉ်းစားနေပြီ။ နောက်တခေါက် Envoy လွှတ်မှာ။ တိုးတက်မှု ရှိခဲ့ရင်တော့
ကျနော်တို့ အဖြေရှာလို့ရတယ်ဗျာ။ တိုးတက်မှုမရှိခဲ့ရင် ဒါ တရုတ်ကို
ပြန်ပြောလို့ ရပြီ။ ခင်ဗျားတို့ပြောတယ်၊ ဒါကိုထောက်ခံတယ်၊ ကြိုးစားတယ်၊
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရော။ မဖြစ်ဘူးဆိုလို့ရှိရင်
ဒီတခါတော့ ခင်ဗျားတို့ လုံခြုံရေးကောင်စီမှာ နောက်တကြိမ်
ဗီတိုသုံးဖို့မသင့်တော်ဘူးဆိုတဲ့ ဖိအားတွေ များလာမယ်။
ကျနော်တို့ဘက်ကလည်း တဘက်ကနေပြီးတော့ ဘယ်လိုပြရမလဲဆိုတော့၊
ဝိုင်းကြီးချုပ် ပေါ့နော်။ အခုဆိုလို့ရှိရင် ကျနော်တို့မှာ ထောက်ခံမဲ
(၉)မဲရှိတယ်။ (၉)မဲကနေ (၁၁)မဲဖြစ်မလား။ (၁၂)မဲဖြစ်မလား။ တဖက်က
ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုအနေနဲ့ ဆက်ပြီးတော့ ကြိုးပမ်းရ မယ့်
တာဝန်၊ ကိုယ့်ကို ထောက်ခံမှုတွေများလာအောင်။ တဖက်မှာလည်းပဲ ကျနော်တို့
ဒေသ တွင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံရဲ့သဘောထားတွေ၊ ဒါတွေကိုလည်း
ကျနော်တို့က စုစည်းရ မယ်။ အဲဒီလိုစုစည်းပြီးတော့ တဖြေးဖြေးနဲ့
ဝိုင်းကြီးချုပ်သဘောမျိုးနဲ့ လုပ်လာလို့ရှိရင် တရုတ် အနေနဲ့ တဖြေးဖြေး
ငြင်းပယ်ရာကနေပြီးတော့ ကြားနေဆိုတဲ့ အဆင့်ကို ရွှေ့လာရမယ်။ မရွှေ့ရင် သူ
နိုင်ငံရေးသိက္ခာကျမယ်။
အကယ်၍ပေါ့လေ၊ လုံခြုံရေးကောင်စီမှာ ဒီမူကြမ်းအဆိုဟာ
အနိုင်ရခဲ့မယ်ဆိုရင် ကုလသမဂ္ဂရဲ့ မြန်မာအရေး ဆောင်ရွက်ချက်တွေဟာ
ဘာတွေဖြစ်လာနိုင်ပါသလဲ။
အဲဒီမူကြမ်းကို ကျနော်တို့ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့
ချဉ်းကပ်တဲ့သဘောကတော့ တွေ့ဆုံ ဆွေးနွေးရေးဘောင်ထဲကပဲ ကျနော်တို့
ချဉ်းကပ်နေတာ။ မူကြမ်းထဲ ဗမာပြည်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး
ထောက်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ကိစ္စတွေ ထောက်ပြ တယ်။
ကရင်ဒေသတွေ၊ တိုင်းရင်သားဒေသတွေမှာ ဖြစ်နေတဲ့
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြတယ်။ ဒီဟာတွေအားလုံး
ဒီအခြေအနေတွေရောက်ဖို့ကို ဗမာနိုင်ငံဟာ နိုင်ငံတကာလုံခြုံရေးနဲ့
ငြိမ်းချမ်းရေးကို ထိပါးနိုင်ဘွယ်ရာ ဖြစ်လာတယ်၊
ညှိထားတဲ့အပိုင်းတွေပေါ့။ ကုလသမဂ္ဂက နေပြီးတော့
ကြားဝင်ဖြေရှင်းပေးဖို့ဆိုတဲ့ အပိုင်းတွေပေါ့နော်။
ဒါတွေကိုကြည့်လိုက်လို့ရှိရင် ကျနော်တို့က
တွေ့ဆုံဆွေးနွေးရေးဘောင်ထဲမှာပဲ အားလုံးလက်ခံနိုင်အောင် အမေရိကန်က
နေပြီးတော့ တကယ့်ကို သတိကြီးကြီးထားပြီးတော့ လုပ်တာ။ ဆိုတော့
ကျသွားခဲ့ရင် ကောင်း တာကတော့ ဒါက ဒုတိယ ခြေလှမ်းမြဲသွားမယ်။
ဒုတိယခြေလှမ်းမြဲသွားလို့ရှိရင် အဲဒီအပေါ်မှာ ကျနော်တို့က
တဆင့်ပြီးတဆင့် ထပ်ဆောက်လို့ရတယ်။ မူကြမ်းအရဆိုတော့ ချက်ချင်း မူကြမ်း
ကြီး ကျသွားလို့လည်း လုံခြုံရေးကောင်စီက တပ်ကြီးတွေနဲ့ဝင်ပြီးတော့
တခါတည်း ဗမာပြည် ဒီမိုကရေစီရအောင် တိုက်ပေးမယ်လို့ ဆိုလိုတာမဟုတ်ဘူး။
သို့သော် မူကြမ်းရှိခြင်းအားဖြင့် ဒီဆုံးဖြတ်ချက် ကျသွားလို့ရှိရင်
ဒီဆုံးဖြတ်ချက်ဟာ Binding Nature ရှိတယ်။ Binding ဆိုတဲ့ သဘောက
နအဖအနေနဲ့ မဖြစ်မနေ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ချုပ်နှောင်မှုရှိတယ်။
မလုပ်ခဲ့ရင် လုံခြုံရေးကောင်စီက နောက်တဆင့်တိုးပြီး အရေးယူလို့ရတယ်။
ဒီသဘောတရား ရှိတယ်။ ဒါကြောင့်မို့လို့ ဖြစ်သွားခဲ့ရင် ပိုကောင်းတယ်။
ချက်ချင်းကြီးတော့ အပြောင်းအလဲကြီး ၀ုန်းကနဲ ဖြစ်သွားမှာမဟုတ်ဘူး။
ကုလသမဂ္ဂကလည်း တပ်ကြီးနဲ့ ၀င်လာမှာမဟုတ်ဘူး။ သို့သော် ဒီအခြေခံပေါ်မှာ
အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဆောင်ရွက်မှုတွေဟာ ပိုပြီးတော့ သံတမန်ရေးအရ
ဖိအားများလာမယ်။ ဖိအားများလာတဲ့အနေအထားအပေါ်မှာ သူ ပိုပြီး
လုပ်သာကိုင်သာ ပိုပြီးတော့ရှိမယ်ဆိုတဲ့ သဘောရှိတယ်။ ဒါကြောင့်မို့
ကျနော်တို့ပြောနေတာက နိုင်ငံတကာအဆင့်မှာ လုပ်ရတဲ့အလုပ်တွေဟာ
ခြေလှမ်းကို တလှမ်းပြီးတလှမ်းပဲ သွားလို့ ရတယ်။ ချက်ချင်းကြီး
လေးငါးလှမ်းလောက်ကို လှမ်းလို့ရတာမဟုတ်ဘူး။ အမြင်တွေက
အမျိုးမျိုးရှိတယ်၊ အကျိုးစီးပွားတွေက အမျိုးမျိုးရှိတယ်။
တရုတ်နဲ့
ရုရှားက ဘာကြောင့် ဗီတိုအာဏာသုံးပယ်ချခဲ့တာပါလဲ။
အဲ့ဒီအစိုးရနှစ်ရပ်ရဲ့ မြန်မာ ပြည်တွင်းက ဘက်ပေါင်းစုံအကြပ်အတည်းနဲ့
ရင်ဆိုင်နေရတာတွေ၊ ဒေသတွင်း မတည်ငြိမ်မှု တွေကို ဖြစ်ပေါ်စေတယ်လို့
အများပြောဆိုနေချက်တွေအပေါ် ဒီနှစ်နိုင်ငံရဲ့ အမြင်နဲ့ သဘော ထားက
ဘယ်လိုရှိနေပါသလဲ။
မြန်မာပြည်ကိစ္စမှာဆိုလို့ရှိရင် ကျနော်တို့ ဆန့်ကျင်ခဲ့တဲ့
နိုင်ငံတွေကိုယ်တိုင်ကိုက တရုတ်ပဲ ဖြစ်ဖြစ်၊ ရုရှားပဲဖြစ်ဖြစ်၊
တောင်အာဖရိကပဲဖြစ်ဖြစ် နောက် ကြားနေတဲ့နိုင်ငံတွေပေါ့ဗျာ၊ အင်ဒို
နီးရှားတို့၊ ကာတာတို့်။ ဒီနိုင်ငံတွေပဲဖြစ်ဖြစ်၊
သူတို့ဆွေးနွေးချက်တွေကို ပြန်ကြည့်မယ်ဆိုလို့ရှိ ရင်
သူတို့လက်ခံသွားရတာက ဗမာပြည်ကိစ္စရဲ့ အခြေအနေဟာ လူ့အခွင့်အရေးထောင့်ကပဲ
ကြည့်ကြည့်၊ လူမှုရေး စီးပွားရေးထောင့်ကပဲကြည့်ကြည့် တော်တော်လေးကို
ယိုယွင်းနေတယ်။ အဲဒီယိုယွင်းမှုတွေဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ
ဖြစ်နိုင်တယ်။ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဗမာပြည်ကိစ္စကို
ကုလသမဂ္ဂက၊ အထူးသဖြင့် တိတိကျကျပြောရရင် အထွေထွေ အတွင်းရေးမှူး
ချုပ်ရုံးကနေ ကြားဝင်ဖြေရှင်းပေးဖို့ လိုတယ်။ ဒီအပိုင်းမှာ သူတို့
မငြင်းဘူး။ သူတို့လက်ခံတာက ဗမာပြည်တွင်းမှာ ပြဿနာတွေရှိတယ်။ ဒါပေမယ့်
ဗမာပြည်မှာရှိတဲ့ ပြဿနာတွေဟာ နိုင်ငံ တကာ ငြိမ်းချမ်းရေးနဲ့
လုံခြုံရေးကို ထိပါးတယ်ဆိုတဲ့အပိုင်းကို လက်မခံဘူး။ ဗမာပြည်တွင်းမှာ
ရှိတဲ့ ပြဿနာတွေတော့ လက်ခံထားတယ်။ ဒါကြောင့်မို့လို့
အပြောင်းအလဲလိုတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးလိုတယ်။ အဲဒါကို
လက်ခံထားတယ်။
တလောကပဲ
အာရှရေးရာ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလီယွန်က
သတင်းစာတစောင်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဘုရှ်အစိုးရအနေနဲ့
မြန်မာ့အရေးမှာ နောက်တလှမ်း ဆုတ်နေသင့်ပြီး ခေါင်းမာတဲ့
စစ်ဗိုလ်ချုပ်ကြီးတွေကို ပြုပြင်ပြောင်းလဲလာစေဖို့ တရုတ်အစိုးရက
ဦးဆောင်သင့်တယ်လို့ ဆိုပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
အမေရိကန်ရဲ့
ဗမာပြည်နိုင်ငံရေးအတွက် ထောက်ခံမှုဟာ မပြောင်းသွားဘူး။ ဒါပေမယ့် အမေရိ
ကန်သဘောထား မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် သဘောထားက
ဗမာပြည်နိုင်ငံရေးပြဿနာ တွေကို ဖြေရှင်းဖို့ဆိုလို့ရှိရင် တရုတ်နိုင်ငံ
အနေနဲ့ တက်တက်ကြွကြွ ၀င်ပြီးတော့၊ သူ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို
ထောက်ခံတယ်လို့ပြောတယ်။ ဒီ အဖြေရှာရေးမှာ သူက တက်တက် ကြွကြွ
ဝင်ပြီးတော့ လုပ်သင့်တယ်။ ဘာကြောင့်လဲဆိုရင် သူက အိမ်နီးချင်းဖြစ်တယ်။
အင်အား ကြီးနိုင်ငံတခုလည်း ဖြစ်တယ်။ တရုတ်အနေနဲ့
ဗမာပြည်အတွင်းမှာရှိတဲ့ အကျိုးစီးပွားလောက် ကို သူ မကြည့်သင့်ဘူး။
လက်ရှိ ရှိနေတဲ့ နအဖနဲ့ပတ်သက်တဲ့ စီးပွားရေးအရ အကျိုးစီးပွားပဲ ဖြစ်စေ၊
တခြား နိုင်ငံတကာ တကမ္ဘာလုံးဆိုင်ရာ ပါဝါအားပြိုင်မှု အမြင်သဘောအရဖြစ်စေ
အဲဒါနဲ့ပဲ ချဉ်းကပ်မယ်။ ဘာလို့လဲဆိုတော့ ဗမာပြည်မှာ
အပြောင်းအလဲဖြစ်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းတဲ့
အပြောင်းအလဲရှိမယ်ဆိုရင် အကျိုးစီးပွားတွေ၊ နယ်စပ်ကုန်သွယ်ရေးရှိမယ်၊
ဗမာ ပြည်မှာ ဂက်စ်တွေ ရတာတွေရှိမယ်။ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊
ဗမာပြည်ကို ဗဟိုထားပြီးတော့ တရုတ်၊ အရှေ့တောင်အာရှ၊ တောင်အာရှ
အားလုံးဆက်စပ်ပြီးတော့ အဝေးပြေးလမ်းမကြီး ဖောက်ပြီးတော့
စီးပွားရေးဈေးကွက်တွေအရ Economic Integration လို့ ခေါ်တာပေါ့။ ဒီဒေသ
အတွင်းမှာရှိတဲ့ စီးပွားရေးကွန်ယက်တွေ အကုန်လုံးစုပြီးတော့ ဒေသတခုလုံး
တိုးတက်လာတဲ့ ဟာမျိုး လုပ်လို့ရတယ်။ ကျနော်တို့ကလည်း လုပ်ချင်တယ်။ ဒါဟာ
ကျနော်တို့ အကျိုးစီးပွား လည်း ဖြစ်တယ်။ ဒါဟာ တရုတ်ရဲ့
အကျိုးစီးပွားလည်း ဖြစ်တယ်။ ဒါက အာဆီယံရဲ့ အကျိုး စီးပွားလည်း ဖြစ်တယ်။
ဒါကြောင့် မြန်မာပြည်ထဲမှာ နိုင်ငံရေး မငြိမ်ဘူးဆိုလို့ရှိရင် အဲဒါတွေက
လုပ်လို့လည်းမရဘူး။ တရုတ်က မြန်မာပြည်ကရတဲ့အမြတ်ကလည်း အကန့်အသတ်ပဲ။ သူ
အိန္ဒိယတို့၊ ဟိုဘက်က ပါကစ္စတန်တို့၊ ဟိုဘက်က တောင်ဘက်အာရှတို့သွားမယ့်
သူ့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ ဒီ Hi-way ကြီးမရှိရင်
လုပ်လို့မရဘူး။ ဒီ Hi-way ကြီးကို လုပ်ဖို့ဆိုတာကလည်းပဲ နံပါတ် (၁)
နိုင်ငံရေးတည်ငြိမ်မှုလိုတယ်။ နံပါတ် (၂)က ဘီလီယံနဲ့ ချီပြီး တော့
ကုန်မယ့် ပိုက်ဆံတွေ။ ဒီ ဘီလီယံနဲ့ချီပြီးတော့ ကုန်မယ့်ပိုက်ဆံတွေဟာ
World Bank တို့၊ IMF တို့လို ငွေကြေးအဖွဲ့အစည်းတွေကနေပြီးတော့
မချေးဘဲနဲ့ တရုတ်လည်း မတတ်နိုင်ဘူး၊ သူ့တယောက်တည်း။ ချေးဖို့ဆိုတာကလည်း
ဗမာပြည်မှာ တကယ့်ကို Transference ဖြစ်တဲ့၊ Corrupt မဖြစ်တဲ့၊
လာဘ်စားတာတွေမရှိဘူး၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့ အကုန်လုံး
စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘတ်ဂျက်စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု
အဲဒါအပြင်ပေါ့ဗျာ လူ့အခွင့်အရေးပေါ့ဗျာ၊ ဒါမျိုးတွေကို မကျင့်သုံးတဲ့
အစိုးရမျိုးဆို World Bank, IMF ပိုက်ဆံ မပေးနိုင်ဘူး။
မပေးနိုင်တဲ့အခါကျတော့ ကျနော်တို့တိုင်းပြည်လည်း နစ်နာတယ်။ တရုတ်လည်း
သူ့အကျိုးစီးပွား ရသင့်သလောက်မရဘူး။ အာဆီယံလည်း အကျိုးစီးပွား
ရသင့်သလောက် မရဘူး။
ဒီမိုကရေစီအစိုးရ ရှိလာရင် စီးပွားရေးအကျိုးအမြတ်အပေါ်မှာ ပိုပြီးတော့
တရားဥပဒေစိုးမိုးမှု ရှိတဲ့အခါကျတော့ လုံခြုံမှု ပိုပေးနိုင်တယ်။
ဒါကြောင့်မို့ ကျနော်တို့က တရုတ်ကိုပြောနေတာ၊ လုပ်ပါ။ ခင်ဗျားတို့
အကျိုးစီးပွားက ထိခိုက်မှာမဟုတ်ဘူး။ ခင်ဗျားတို့အကျိုးစီးပွား
ပိုရှိမှာ။ ရေတိုကို မကြည့်ပါနဲ့။ ရေရှည်ကိုကြည့်ပါ၊
တရုတ်ကိုယ်တိုင်ကိုက Globalization မှာ သွားပြီး တော့ Global Economy
မှာ သွားပြီးတော့ ဆက်စပ်တယ်။ ဆက်စပ်တော့ တရုတ်ဟာ စီးပွား ရေးမှာ
အများကြီးတက်တယ်။ သူတို့ကို နိုင်ငံတကာက နောက်ဆုံး ဆက်စပ်ရုံတင်မကဘူး။
World Trade Organization တို့ ဘာတို့ကို အသင်းဝင်ပေးလိုက်တယ်။ သူ့ရဲ့
နိုင်ငံတကာ စီးပွားရေးနဲ့ နိုင်ငံတကာ ဈေးကွက်နဲ့ ပေါင်းစပ်မှုဟာ
ပိုပြီးတော့ ကြီးလာတော့ GDP အရမ်း တက်လာတယ်။ ကမ္ဘာပေါ်မှာ One of the
super power ပေါ့ဗျာ၊ ဖြစ်လာတယ်။ စီးပွားရေး အရလည်း သူ power တခု
ဖြစ်လာတယ်။ နိုင်ငံရေးအရလည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ
လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတခုဖြစ်လာတယ်။ ဒါဟာ ဘာလဲ။
သူများနိုင်ငံတွေက သူ့ကို ကူညီတယ်၊ ပူးပေါင်းဆောင်ရွက်တယ်။
အဲဒီသဘောမျိုး super power ဖြစ်လာတဲ့အခါမှာ တရုတ်အနေနဲ့က
နိုင်ငံတကာနဲ့ပေါင်းစပ်ခြင်းကနေ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အင်အားကြီး
နိုင်ငံတခု ဖြစ်လာပြီဆိုလို့ရှိရင် တာဝန်သိတတ်တဲ့
အင်အားကြီးနိုင်ငံလည်း ဖြစ်ဖို့လိုတယ်။ တာဝန်သိတတ်တဲ့ နိုင်ငံတချို့က
ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးဟာ ကိုယ်ကျိုး
စီးပွားတခုတည်းအတွက် မကြည့်ဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကြောင်းကျိုး
သင့်လျော်ဆီလျော်တဲ့ ဖြေရှင်းမှုတွေမှာ ဝိုင်းပြီးတော့
လုပ်ပေးဖို့တာဝန်ရှိတယ်။ ဒါကြောင့်မို့ အဲဒါကို လုပ်ပေးပါဆိုပြီး တော့
ကျနော်တို့ပြောနေတာပါ။
အီးယူဥရောပသမဂ္ဂအနေနဲ့ကရော အမေရိကန်ရဲ့ ခုလိုပြောဆိုချက်တွေအပေါ်မှာ
မြန်မာ့အရေး ကိစ္စနဲ့ ပတ်သက်တဲ့ သဘောထား ပြောင်းလာနိုင်ဖွယ်ရှိပါသလား။
ကျနော်တို့
ဗမာပြည်ကိစ္စကို ဖြေရှင်းမယ်ဆိုရင် နဂိုကတည်းက လုံခြုံရေးကောင်စီ
မတင်ခင်က တည်းက ကျနော်တို့ပြောတယ်။ လုံခြုံရေးကောင်စီမှာ
ဆုံးဖြတ်ချက်ကျသွားပြီထားတော့၊ ဒီဆုံးဖြတ်ချက်ကို
အကောင်အထည်ဖော်တဲ့နေရာမှာ အမေရိကန်နဲ့ အီးယူတို့လို အနောက်နိုင်ငံ
တွေကနေ ကြီးစိုးပြီးတော့ သူတို့လိုချင်တဲ့ ပုံသဏ္ဌာန်နဲ့
သူတို့အကောင်အထည်ဖော်ဖို့ ကျနော်တို့ ဆိုလိုတာမဟုတ်ဘူး။
ဒီဆုံးဖြတ်ချက်ကို ကျပြီဆိုရင် အကောင်အထည်ဖော်ဖို့ ကုလ သမဂ္ဂနဲ့
ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတခု၊ နိုင်ငံတကာ
အလုပ်ဖွဲ့ ပေါ့ဗျာ၊ ကုလသမဂ္ဂရဲ့ Strategy တို့၊ Policy တို့
ညှိနှိုင်းဖို့၊ ဖွဲ့ဖို့လိုတယ်။ အဲဒီမှာ အီးယူရယ်၊ ယူအက်စ်ရယ်
နောက်ပြီးတော့ China ရယ်၊ ASEAN ရယ်၊ ပိုပြီးတော့ ပတ်သက်သင့်တယ်၊
ပိုပြီးတော့ လုပ်သင့်တယ်ဆိုတဲ့ဟာပါ။ နဂိုကတည်းက ကျနော်တို့ရဲ့
သဘောထားပါ။ တရုတ်က တခါတလေ အထင်လွဲတာတွေရှိတယ်။ ကျနော်တို့က
အနောက်နဲ့ပဲ ပေါင်းတယ်၊ ဒီကောင်တွေ က အနောက်ရဲ့လက်ကိုင်တုတ်၊
နောက်လိုက်တွေပေါ့။ ဒီတော့ ဗမာပြည်မှာ အပြောင်းအလဲ ဖြစ်သွားလို့ရှိရင်
တရုတ်အတွက် လုံခြုံရေးအန္တရာယ်ရှိမယ်။ အဲဒါတွေက မဟုတ်ဘူး။ ကျနော်တို့
နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီတွေ အစအဆုံး၊ လွတ်လပ်ရေးခေတ်ကတည်းက
လုပ်ခဲ့တဲ့ နမူနာ အရ ကျနော်တို့ Very Powerful ပဲ။ ဒါပေမယ့် ကျနော်တို့
ဒီမိုကရေစီလှုပ်ရှားမှုမှာ ကျနော်တို့က လူထုကိုယ်စား
စာနာထောက်ထားမှုရှိတဲ့ ဘယ်နိုင်ငံမဆို လက်တွဲတယ်။ တရုတ်လည်း လာပါ။
ဒါကြောင့်မို့လို့ ကျနော်တို့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက
ပြောတဲ့ဟာက ကျနော်တို့နဲ့ Inline ဖြစ်တယ်။ လုပ်ကြပါ၊ ၀ိုင်းပြီးတော့
လုပ်ကြပါဆိုတဲ့ သဘောပေါ့နော်။ ဆိုတော့ အဲဒီ သဘောတရားကို ကျနော်တို့
အီးယူနိုင်ငံတွေနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ ဘာမှကန့်ကွက်စရာ မရှိဘူး။
ကျနော်တို့ပြောနေတာ သူတို့လည်းသိတယ်။ တရုတ်နိုင်ငံ ပါကိုပါရမယ်။
တာဝန်အရ ပါရမယ်။ သြဇာရှိမှုအရ ပါရမယ်။ ဆိုတော့ အဲဒီအပေါ်မှာ
အီးယူဘက်ကတော့ ကန့်ကွက်စရာ၊ ကန့်ကွက်တဲ့သဘောမရှိပါဘူး။ သူတို့ကလည်းပဲ
အဲဒါကို ကြိုးစားနေတာဖြစ်တယ်။
တချို့ပြောနေတာတွေက မြောက်ကိုရီးယားကိစ္စလို တရုတ်ကဦးဆောင်တဲ့
ခြောက်နိုင်ငံ ဆွေးနွေးပွဲပုံစံမျိုး ဖြစ်လာနိုင်ခြေတွေရှိတယ်လို့
ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အသိုင်းအ၀ိုင်းက အဓိက တရုတ်ပေါ့လေ
သူအပါအ၀င် အခြားနိုင်ငံတွေရဲ့ စဉ်းစားချက်တွေ ရှိနေပါသလား။
အဲဒီဟာကို
ကျနော်တို့ဆွေးနွေးတဲ့အထဲမှာ ပါတယ်။ လုံခြုံရေးကောင်စီ ရှိမယ်။ ပြီးရင်
လုံခြုံရေး ကောင်စီနဲ့ ဆက်စပ်ပြီးတော့ ခုနကပြောတဲ့ ဒီ နိုင်ငံပေါင်းစုံ
ဆွေးနွေးပွဲတွေရှိမယ်။ ဒီ နိုင်ငံ ပေါင်းစုံ ဆွေးနွေးပွဲတွေမှာ
အဖြေရှာမှုကို ကျနော်တို့အနေနဲ့ မကန့်ကွက်ဘူး။ ဒါပေမယ့် ဒီအဖြေ ရှာမှုဟာ
ပြီးခဲ့တဲ့ ဘန်ကောက်ပရော့ဆက် (Bangkok Process) လိုပေါ့ဗျာ။ ဘန်ကောက်
ပရော့ဆက်တုန်းကလည်း ဒီရည်ရွယ်ချက်နဲ့ဆိုပြီးတော့ လုပ်ခဲ့တယ်။ ဒါပေမယ့်
ဘန်ကောက် ပရော့ဆက်ရဲ့ သဘောထားဟာ ဘာဖြစ်သွားသလဲဆိုတော့
ဒီပဲယင်းအရေးအခင်းမှာ တက်လာ တဲ့ နိုင်ငံတကာဖိအားကို ကာကွယ်ဖို့အတွက်
နအဖက ဒိုင်းလိုသဘောမျိုး သုံးသွားတာ ကျနော် တို့ တွေ့ရတယ်။
မလုပ်ကြပါနဲ့အုံး၊ လုံခြုံရေးကောင်စီ၊ ကျနော်တို့
ကြိုးစားကြည့်အုံးမယ်။ အဲဒီလို ဒိုင်းလိုသဘောမျိုး သုံးသွားတဲ့ဟာကို
ကူပေးလိုက်တာက တပ်ခ်ဆင်ဖြစ်တယ်။ ကျနော်တို့က ဒါမျိုးတော့
ထပ်မကြုံချင်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့မြင်တာက ဗမာပြည်ကိစ္စကို
ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ UN ဟာ ပါကိုပါရမယ်။ လုံခြုံရေးကောင်စီ
Agenda ပေါ်မှာ ရှိရမယ်။ ဆွေးနွေးရမယ်။ အဲဒီ UN ကို အထောက်အကူပြုတဲ့
နိုင်ငံတကာဆွေးနွေးပွဲမျိုး ဖြစ်ရမယ်။ ဆက်စပ်မှုရှိရမယ်။ UN ရဲ့
ပါဝင်ပတ်သက်မှုကို ဘေးချိတ်ထားတဲ့ ဆွေးနွေးပွဲမျိုးမဖြစ်ရဘူး။
လုပ်တာကို လက်ခံတယ်။ သို့သော် UN နဲ့ ဆက်စပ်ပြီးတော့
လုပ်တယ်ဆိုတဲ့သဘောမျိုးကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် ကျနော်တို့က
အဲဒီလို ဆွေးနွေးပွဲသဘောမျိုးကို တရုတ်က နေပြီးတော့ ကမကထလုပ်ပြီးတော့
လုပ်ချင်တဲ့သဘောမျိုး အရိပ်အယောက်ကိုတော့ ကနေ့ အထိ
တရုတ်ဘက်ကနေပြီးတော့ တိတိကျကျ ကျနော်တို့ မရသေးဘူး။ အီးယူတို့လို
နိုင်ငံတွေ၊ အမေရိကန်တို့လို နိုင်ငံ တွေဟာ ဒါကို စဉ်းစားသင့်တဲ့
အဖြေတခုပေါ့နော်၊ လမ်းသွယ်တခုပေါ့။ ဒါပေမယ့် သူတို့လည်း ကျနော်တို့နဲ့
သဘောထားတူတယ်။ ဒါဟာ UN လုံခြုံရေးကောင်စီကို အထောက်အကူပြုတဲ့
ဆွေးနွေးပွဲမျိုးပဲ ဖြစ်ရမယ်။ နအဖက ဒိုင်းလိုသုံးသွားတဲ့ သဘောမျိုး
မဖြစ်စေရဘူးဆိုတဲ့ သဘောထားမျိုး သူတို့မှာလည်းရှိတယ်။
လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆက်ဆွေးနွေးနိုင်ဖို့နဲ့ တရုတ်နဲ့
ရုရှားရဲ့ ပူးပေါင်းဆောင်ရွက် မှု ရနိုင်အောင် ဘယ်လိုနည်းလမ်းတွေကို
အသုံးပြုနိုင်ပါသလဲ။
နည်းလမ်းက
ကျနော်တို့ ခုနကပြောတဲ့ ၀ိုင်းကြီးချုပ်နည်းလမ်းပေါ့ဗျာ၊
ဝိုင်းကြီးချုပ်နည်းလမ်း ဆိုတာက ဘေးနားကနေ ပတ်ပြီးတော့
လုံခြုံရေးကောင်စီထဲမှာ ကျနော်တို့ကို ထောက်ခံတဲ့ နိုင်ငံတွေ
များလာအောင်လုပ်တာ။ ဒါက တနည်းပေါ့။
နောက်တနည်းကတော့ ဒီနိုင်ငံတွေနဲ့ ကျနော်တို့ ထိစပ်လို့ရတဲ့စည်းက
ထိစပ်မယ်။ ထိစပ်ပြီး တော့ ဗမာပြည်အပြောင်းအလဲမှာ သူတို့ရဲ့
အခန်းကဏ္ဍရှိရမယ်ဆိုတဲ့သဘောကို သိမှတ်ပြုပေး ရမယ်။ ပြီးလို့ရှိရင်
ဗမာပြည်အပြောင်းအလဲရဲ့ အကျိုးစီးပွားဟာ သူတို့အတွက် ပိုပြီးတော့
ကနေ့လက်ရှိရနေတဲ့ အကျိုးစီးပွားထက် ပိုပြီးတော့ ကြီးမားပါလိမ့်မယ်၊
ဆိုတဲ့ဟာကို ကျနော်တို့ သံတမန်ရေးအရ ပြောမှာပေါ့လေ၊ ဒါတွေရှိတယ်။
အဲဒါဟာတွေထက် ပိုအရေးကြီးတာက ဗမာပြည်ဟာ ပြောင်းကိုပြောင်းတော့မယ်
ဆိုတဲ့ အရိပ် လက္ခဏာတွေကို ကျနော်တို့လူထုကိုယ်တိုင် ဖန်တီးလာလိမ့်မယ်။
ကျနော်တို့လူထုကိုယ်တိုင် ကျနော်တို့ဖန်တီးရရင် အထဲထဲမှာတော့ လူထုဟာ
ကြွနေပြီ။ ဒီအစိုးရဟာ ပြောင်းကိုပြောင်းရ တော့မယ်၊
တင်းခံနေလို့မရတော့ဘူးဆိုရင် အဲဒီနိုင်ငံတွေက သူတို့
နောက်ကျမကျန်ခဲ့အောင် လာလိုက်မှာပဲ။ ဒါက ပိုပြီးတော့ အဓိကကျတယ်။ ခုနက
သံတမန်ရေးတို့ ဘာတို့ ကျနော်တို့ လုပ်စရာရှိတာ လုပ်မှာပဲ၊ အပြင်က။
ဒါပေမယ့် ပိုပြီးတော့ အဓိကကျတာက ဗမာပြည်ဟာ ပြောင်းကိုပြောင်းရမယ်ဆိုတဲ့
Sense ပေါ့ဗျာ၊ အသွင်သဏ္ဌာန်၊ အရိပ်လက္ခဏာတွေကို ကျနော်တို့ကိုယ်တိုင်
ကျနော်တို့ ဖန်တီးရမယ်။ ကျနော်တို့ကိုယ်တိုင် ကျနော်တို့လူထုနဲ့တွဲပြီး
ဖမ်းတီးရမယ်။ အဲဒါအရေးကြီးဆုံးပဲ။
အမျိုးသားညွန့်ပေါင်းအစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာ
ဆက်လက် တင်ပြသွားဖို့ ပြင်ဆင်ဆောင်ရွက်နေတာတွေ ရှိပါသလား။
အခုလောလောဆယ်ဆိုလို့ရှိရင် ဒီ လုံခြုံရေးကောင်စီ အခန်းကဏ္ဍကို
အထောက်အကူပြုမယ့် ကိစ္စရပ်တွေပေါ့ဗျာ၊ လုံခြုံရေးကောင်စီ
ဘောင်ပေါ်မှာလည်းရှိတယ်။ လောလောဆယ် မတ်လမှာ ကလေးစစ်သားကိစ္စ
ဆွေးနွေးမယ့်ဟာ ရှိတယ်။ ဒါဟာ ပထမဆုံးအကြိမ် UN လုံခြုံရေးကောင်စီ မှာ
ဗမာပြည်နဲ့ ကလေးစစ်သားကိစ္စကို တရားဝင် ဆွေးနွေးမဲ့ပွဲဖြစ်တယ်။
ဒါမျိုးတွေမှာ ကျနော် တို့က တင်ပေးရမယ့် ကိစ္စတွေပေါ့။ နောက်တခုက
အမျိုးသမီးတွေကို အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာ၊
ဒီကိစ္စတွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားတဲ့အခါမှာ၊
ပြည်တွင်းစစ်ထဲမှာ ကျနော်တို့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ မလုပ်ရ
ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေ လုံခြုံရေးကောင်စီက ကျထားတာတွေရှိတယ်။
အဲဒီကျထားတဲ့ အခြေခံပေါ်မှာ ကျနော်တို့က အမျိုးသမီးထုရဲ့
ပြည်တွင်းစစ်ထဲမှာဖြစ်နေတဲ့ မြေဇာပင်ဘဝ၊ အကြမ်းဖက်ခံရတဲ့ အနေအထားတွေကို
ကျနော်တို့ တင်ပြပေးရမယ်။ ဒါက လမ်းကြောင်းတခု ရှိတယ်ပေါ့။
နောက်
လမ်းကြောင်းတခုက ဘာလဲဆိုတော့ အဲဒီလိုပဲ လုံခြုံရေးကောင်စီကနေပြီးတော့
ပြည်တွင်းစစ်မှာ အရပ်သားတွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရက
ကာကွယ်ပေးရမယ်။ အရပ်သား တွေကို ပစ်မှတ်ထားပြီးတော့ ဖိနှိပ်တာ၊
တိုက်ခိုက်တာ။ နောက် အဲဒါနဲ့အလားတူတဲ့ ဖြတ် လေးဖြတ်လို Strategy
ပေါ့ဗျာ၊ ကျနော်တို့ ဗမာပြည် ပြည်တွင်းစစ်မှာ သုံးနေတဲ့ ဖြတ်လေးဖြတ်
ဆိုတဲ့ Strategy ဟာ ဒါ ရှင်းရှင်းပြောလို့ရှိရင် တိုင်းရင်းသားတွေရဲ့
လှုပ်ရှားမှုကို လျော့ကျ အောင်၊ ကန့်ထားလို့ရအောင် လူထုကို
ပစ်မှတ်ထားပြီး လုပ်တဲ့ဟာပဲ။ လူထုနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့
မထိစပ်နိုင်အောင်၊ လူထုကနေပြီးတော့ တိုင်းရင်းသားအင်အားစုတွေကို
ရိက္ခာမပေးနိုင်အောင်၊ ဒါက ဖိနှိပ်မှုပဲ။ သူတို့က သူတို့အမျိုးသားရေးပဲ။
ဆိုတဲ့အခါကျတော့ သူတို့က သူ့တို့ရဲ့ သက်ဆိုင်ရာ
ဦးဆောင်မှုအဖွဲ့အစည်းတွေကို သူတို့ ကူမှာပေါ့။ အဲဒါကို နအဖ အမြင်အရ ဒါ
လူထုကူနေလို့ ရှင်သန်နေတာ၊ ဒါကြောင့်မို့ ဆန့်ကျင်ဘက် အင်အားစုတွေကို
သူတို့က တိုက်ရိုက်မတိုက်ဘဲနဲ့ လူထုကို ဆေးဝါးတို့၊ ရိက္ခာတို့၊
နောက်ဆုံးဗျာ ဓာတ်ခဲလည်း မသွင်းရဘူး။ ဒီ ဖြတ်လေးဖြတ်ဧရိယာတွေမှာ။
ဓာတ်ခဲတွေ့လည်း နှိပ်စက်တယ်။ မြို့ထဲကနေ ပြီးတော့ ဆန်သယ်လာလည်း
နှိပ်စက်တယ်။ ဆေးသယ်လာလည်း နှိပ်စက်တယ်။ အဲဒီလိုဟာ မျိုးတွေပေါ့နော်။
နောက်ဆုံးဗျ၊ ဒီ ဆေးဝါးတွေ အစားအသောက်တွေ သွင်းလာတာနဲ့မဟုတ်ဘူး။ လူထုက
စိုက်ထားပျိုးထားတဲ့ အပင်တွေဆိုရင်လည်း ဖျက်ဆီးပစ်တယ်။ စပါးတွေ့ရင်
မီးရှို့မယ်၊ နောက် ဆေးရုံတွေ့ရင် မီးရှို့မယ်။ အဲဒီလိုမျိုး လုပ်နေတဲ့
ကိစ္စတွေဟာ လုံခြုံရေးကောင်စီမှာ ချထားတဲ့ နိုင်ငံတကာ တရားဥပဒေနဲ့
မညီဘူး။ ဒါကို ကျနော်တို့ UN အဖွဲ့ဝင်တွေ အနေနဲ့က ဒါကို
မလုပ်ရဘူးဆိုတဲ့ ကိစ္စရှိတယ်။ ကျနော်တို့က ပြည်တွင်းစစ်မှာဖြစ်နေတဲ့၊
ကျနော်တို့ အခုခံစားနေရတဲ့ ပြဿနာတွေကို တင်ပြပြီးတော့
လုံခြုံရေးကောင်စီရဲ့ အရေးယူမှုကိုရအောင် ကျနော်တို့ နောက်လမ်းတသွယ်ကနေ
လုပ်ရမယ်။
နောက်ဆုံးလမ်းသွယ်ကတော့ ခုနကပြောတဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု
ကိစ္စပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ကတော့ ILO ကနေပြီးတော့
လုပ်နေတာတွေရှိတယ်။့  အဲဒီလမ်းသွယ်ကလည်းပဲ ကျနော်တို့ အဓမ္မလုပ်အားပေး
ပပျောက်ရေး။ အဓမ္မလုပ်အားပေးဆိုတာ ကျနော်တို့ လူထုမှာ ကြုံနေရတဲ့
ပြဿနာထဲမှာ တော်တော်ကြီးကြီးမားမား ပြဿနာဖြစ်တယ်။ ဆိုတော့ အဓမ္မ
လုပ်အားပေးပပျောက်ရေးကိစ္စကို ကျနော်တို့ ILO ကနေပြီး
ဆက်လုပ်ဖို့လိုမယ်။ ဒီဟာက လည်းပဲ လုံခြုံရေးကောင်စီနဲ့ တစိတ်တပိုင်း
ဆက်စပ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်။ ဥပမာ- Economical Social Council
ကနေ တဆင့်သွားတာတွေရှိတယ်။ International Court of Justice ကနေပြီးတော့
သွားတာတွေရှိတယ်။ အဲဒီလမ်းသွယ်တွေအားလုံးကို ကျနော်တို့က
အသုံးချပြီးတော့ ကျနော်တို့ လုံခြုံရေးကောင်စီကို ပါဝင်ပတ်သက်မှုတွေ
ဖြစ်လာအောင် ကျနော်တို့ လုပ်ဖို့လိုတယ်။ နောက်လမ်းသွယ်တခုက ဘာလဲဆိုတော့
လုံခြုံရေးကောင်စီ (သို့မဟုတ်) Human Right Council ကနေပြီးတော့
Commission of Enquiry ပေါ့။ ဗမာပြည် မှာ အခု ပြဿနာတွေ
အများကြီးရှိနေတယ်၊ အဓမ္မလုပ်အားပေးမှုတွေရှိတယ်။ ရွာတွေကို
အစုလိုက်အပြုံလိုက် ပြောင်းတာတွေရှိတယ်၊ ရွာတွေကို မီးရှို့တာတွေရှိတယ်၊
အစားအသောက် တွေ မီးရှို့တာတွေရှိတယ်၊ အုန်းပင်တွေ၊ ကွမ်းသီးပင်တွေကို
တခါတည်း အမြစ်ကနေ ဖြတ်လှဲ ပစ်တာရယ် ဒါတွေရှိတယ်။ အဲဒီ ရှိနေမှုအပေါ်မှာ
လူထုက တကယ်ကို ဒုက္ခရောက်နေတယ်။ စားရမဲ့သောက်ရမဲ့ ဖြစ်နေတယ်။ အဓိက
ခံစားရတာက အမျိုးသမီးနဲ့ ကလေးတွေ။ ဒါတွေကို UN ကနေပြီးတော့
ကော်မရှင်လွှတ်ပြီးတော့ စုံစမ်းလေ့လာတဲ့ အနေအထားမျိုးရောက်အောင်
ကျနော်တို့ လုပ်ရမယ်။ အဲဒါကိုလည်း ကျနော်တို့ နိုင်ငံတကာမှာ
ဒီကနေထုတ်တဲ့ လူ့အခွင့် အရေး အစီရင်ခံစာတွေ ကိုင်ပြီးတော့ ကျနော်တို့
ဒါကို လိုက်လုပ်ရမယ်။ လှုံ့ဆော်ရမယ်။ အဲဒီလိုမျိုး အစီရင်ခံစာတွေ
တက်လာမယ်ဆိုလို့ရှိရင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့
ဗမာပြည်ကိစ္စဆိုင်ရာ စဉ်းစားမှုတွေဟာ၊ ချိန်ခွင်လျှာတွေဟာ အပြောင်းအလဲတွေ
ဖြစ်သွားမယ် လို့ ကျနော်တို့ ယုံကြည်တယ်။
ကုလသမဂ္ဂနဲ့ပတ်သက်လို့ မြန်မာအရေးအတွက်
နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူတွေ၊ အလွှာအသီးသီးကနေ
အခွင့်အရေးတောင်းဆိုနေသူတွေကို ဒီနေရာကနေ ဘာတွေ ပြောချင်ပါသလဲ။
ကျနော်တို့အနေနဲ့ ပြောချင်တာက အပြင်မှာရှိတဲ့ ကျနော်တို့
ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ကတော့ ခုနက ကျနော်ရှင်းပြခဲ့တဲ့
လမ်းသွယ်တွေအားလုံးကို ကြည့်ပြီးတော့ တာဝန်အသီးသီး ယူသွားမယ်ပေါ့ဗျာ။
ကျနော်တို့ နိုင်ငံတကာမှာ၊ သံတမန်ရေးမှာ တာဝန်ရှိတဲ့လူတွေကလည်း
သံတမန်ရေးအရ ကိုယ့်ရဲ့မိတ်ဆွေတွေများလာအောင်၊ ထောက်ခံမှုတွေများလာအောင်၊
လုံခြုံ ရေးကောင်စီအတွင်း ချိန်ခွင်လျှာတွေပြောင်းလဲလာအောင် ကျနော်တို့
ကြိုးစားမယ်။ ဒီမှာရှိတဲ့၊ Grassroots မှာရှိတဲ့
လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်းပဲ ဒီ ချိုးဖောက်မှုတွေကို
မှတ်တမ်းလုပ်မယ်။ ခိုင်မာတဲ့ အထောက်အထားတွေကို ကျနော်တို့ ပြမယ်။
ဒါတွေကို ကျနော်တို့ ဆက်လုပ်ကြမှာပါ။ လူထုကို ကျနော်တို့ လုံးဝ
ကတိပြုတယ်။ ကျနော်တို့ ဒီ လုံခြုံရေးကောင်စီ ကိစ္စကို ကျနော်တို့
ဆက်ပြီးတော့ တွန်းသွားမယ်။
ဒါပေမယ့် ကျနော်တို့ရဲ့ဘဝနဲ့ ကျနော်တို့ရဲ့
ကံကြမ္မာတွေကို လုံခြုံရေးကောင်စီတခုတည်း တော့ ကျနော်တို့
ပုံအပ်ထားလို့မဖြစ်ဘူး။ နိုင်ငံတကာရဲ့
ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆိုတာဟာ နိုင်ငံတကာမှာဖြစ်နေတဲ့
နိုင်ငံရေးအခင်းအကျင်းတွေ၊ နိုင်ငံတခုချင်းရဲ့ အကျိုးစီးပွားတွေ၊
အယူအဆတွေ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ပထမတဆင့်အနေနဲ့က တိုးတက်မှုက
နှေးတယ်၊ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီးတော့။ ဒုတိယတဆင့်က
ပါဝင်ပတ်သက်မှုက အကန့်အသတ်ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့
နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ နအဖ အနေနဲ့ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု၊
သံတမန်ရေးဖိအားတွေအပေါ်မှာ လူထုကို လုပ်ချင်တိုင်း မလုပ်အောင်
စောင့်ကြည့်ပေးတဲ့ သဘောပဲရှိတယ်။ သို့မဟုတ် အတွင်းမှာ လူထုအနေနဲ့
ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုက်ပွဲဝင်တဲ့ နေရာမှာ တင်းကြပ်တဲ့
အနေအထားတွေက နေပြီးတော့ လှုပ်သာရှားသာတဲ့ ပတ်ဝန်းကျင်ကြီးတခုဖြစ်လာအောင်
ဖန်တီးပေးရုံလောက်ပဲ တတ်နိုင်မယ်။ သေချာတာကတော့ အဲဒီရလာတဲ့
လှုပ်သာရှားသာ အခွင့်အရေးတွေ၊ အနေအထားတွေ၊ အဲဒီရလာတဲ့၊ တည်ဆောက်ထားတဲ့
နိုင်ငံတကာ အာရုံစူးစိုက်မှုတွေကို အခြေခံပြီးတော့ လူထုက
ကိုယ့်အခွင့်အရေးတွေကို ကိုယ်တိုက်မှ ရနိုင်ပါမယ်။ အဲဒါဟာ
ကျနော်တို့တွေရဲ့ ကိုယ့်အခွင့်အရေး ကိုယ်ခံစားနိုင်လာအောင်၊
လူ့ဂုဏ်သိက္ခာနဲ့အညီ နေနိုင် အောင် ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးရမှာပဲ၊
ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူရမှာပဲ။ အဲဒါဟာ အဓိကကျတယ်လို့ပဲ
ကျနော် နိဂုံးချုပ်ပြောပြချင်ပါတယ်။ |